(၄)
“မြင်စဖူးကြုံဖူးမှယုံစဖွယ်” ဆိုတဲ့အတိုင်း ဖာပွန်မြို့ဟာ တကယ့်ဘုရားစူးမြို့ပါဘဲ။ အရင် ခေတ်ကောင်းတုံးကတော့ (ယခင် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်ကို ခေတ်ကောင်းလို့ ဒေသခံ အဖိုးကြီးအဖွားကြီးတွေက ဆိုကြပါတယ်) တော်တော် အေးချမ်းသာယာတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ရောက်ချိန်ကတော့ စစ်ရိပ်စစ်ငွေ့တွေနဲ့ မှိုင်းဝေ နေပါတယ်။
ပွင့်လင်းရာသီရောက်တိုင်း တိုက်ကွက်ဖော်လေ့ရှိတဲ့ ကေအန်ယူရဲ့ လှုပ်ရှားမှုသတင်းတွေစုံစမ်း၊ မိုးတွင်းစားသောက်ရေး အုပ်ချုပ်မှုကိစ္စတွေ တစ်နှစ်စာရိက္ခာစုပုံရေးအတွက် လှုပ်ရှား၊မြို့ခံစစ်ပြင်ဆင်နဲ့ ခလရ ၁၉ တပ်ရင်းဌာနချုပ်ရဲ့ စစ်သည်ရဲမေ မိသားစုအားလုံး အလုပ်တွေရှုပ်နေပါတယ်။ တပ်ရင်းဌာနချုပ်ကလဲ တကယ့်ရှေ့ တန်းစခန်းမှာ ကာတဲ့ခြံစည်းရိုးအတိုင်း ၀ါးကျလံတွေနဲ့ တပ်ရင်းပတ်လည်တောင်ကုန်းတွေမှာလဲ ဘန်ကာကင်းစခန်းတွေ အထပ်ထပ်နဲ့ပါ။ မြို့ပေါ်ရပ်ကွက်(၄)ခုရှိပြီး အစွန်ရပ်ကွက်(၄)က စိတ်မချရနေရာအဖြစ် သတ်မှတ်ထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးကလဲ ပွင့်လင်းရာသီမှာသာ ဘီးလင်း၊ နတ်ကြီး၊ ကျောက်တောင်၊ ဖာပွန်ကားလမ်းကို အသုံးပြုရပါတယ်။
မိုးတွင်းကတော့ ကားလမ်းအဆက်အသွယ် လုံးဝမရှိသလို လေယာဉ်ကွင်းရှိပေမယ့် ပုံမှန်ဆင်းသက်ခြင်းမရှိလို့ ယာဉ်တန်းရှိချိန်မှာသာ သွားလာရတဲ့ မိသားစုတွေရဲ့ သာရေးနာရေး ကျန်းမာရေးပညာရေး စီးပွားရေးစတဲ့ အရေးအားလုံး ဆုံးရှုံးလှပါတယ်။ အစားအသောက် အလွန်ရှားပြီး ဖာပွန်ငှက်ဖျားဟာလည်း နာမယ်ကြီးတဲ့ အတိုင်း နေ့မြင်ညပျောက်ဆိုသလို မနက်ပိုင်းလူကောင်းအတိုင်း သွားလာစားသောက်နေရာက နေညနေမှာ အဖျားတက်ပြီး တခါတည်းအသက်ပျောက်တဲ့ အထိဖြစ်ပါတယ်။
မှောင်ခိုခေတ်ကောင်းချိန်ဖြစ်လို့ အခြား (ရတခ) တပ်တွေ အဆင်ပြေနေချိန်မှာ ခလရ ၁၉ နယ်မြေမှာတော့ ဘာမှောင်ခိုလမ်းကြောင်းမှလဲမရှိဘဲ သစ္စာ(၄)ချက်ဆိုတဲ့ စေလိုရာစေ စစ်သားတွေနဲ့အတူ တစ်နွယ်ငင်တစ်စင်ပါ ဒုက္ခခံကြရတဲ့ မိသားစုတွေရဲ့ ဘ၀တွေမြင်နေရတာ စိတ်မကောင်းစရာပါ။
ကျွန်တော်တို့က ရှေ့တန်းစစ်ဆင်ရေးဆိုပြီး (၆) လ (၇) လ လှပ်ရှားပြီးရင် တပ်ရင်းဌာချုပ်ရှိရာ မြိကြီးပြကြီးတွေမှာ (၁) လ (၁) လခွဲ အနားယူနိင်ပေမယ့် ခလရ ၁၉ စစ်သည်မိသားစုများကတော့ ဒီတပ်ရင်းက မပြောင်းမချင်း ဒီလိုဘဲ နေရပါတော့တယ်။ ခလရ ၁၉ မိသားစုဝင်တွေရဲ့ လူမှုရေးဆုံးရှုံးမှုတွေ တွေ့မြင်ခဲ့ရတဲ့ ဖြစ်စဉ်တွေကတော့ ဗိုလ်လေးဘ၀မှာ မေ့မရနိင်တဲ့ အမှတ်တရပါ။ (၁၉၉၅..၉၆အလွန် ကာလများမှာတော့ ဖာပွန်အနီး ရွာမရှိတဲ့နေရာတွေမှာ တောင်မြေပုံညွှန်းနဲ့ ဖွင့်တဲ့တပ်ရင်းတွေ ရှိလာကြောင်းသိရပါတယ်။)
(၅)
ပွင့်လင်းရာသီ ဘီးလင်း-နတ်ကြီး-ကျောက်တောင်-ဖာပွန်ကားလမ်းအတိုင်း ရိက္ခာစုပုံရေးမှာ ကျွန်တော်တို့ စစ်ကြောင်းက ကျောက်တောင်ရွာနဲ့ ဖာပွန်အကြား အပြင်စည်းလုံခြံရေး တာဝန်ယူရပါတယ်။ ကားလမ်းဘေးတစ်လျောက် အနီးကပ်လုံခြုံရေး၊ ယာဉ်တန်းလုံခြံရေးများကို (တပခ) တပ်ရင်းတပ်ဖွဲ့တွေက တာဝန်ယူပြီး ကျောက်တောင်မှာ (တပခ) ဗျုဟာထိုင်ပြီး ကွပ်ကဲပါတယ်။
အရင်လှုပ်ရှားခဲ့တဲ့ လေးကေ၊ကမမောင်းဂွင်တွေမှာ မိုင်းထောင်ဖြစ်စဉ်တွေ မရှိသလောက်နည်းပေမယ့် အခုကျောက်တောင်ဖာပွန်ဂွင်မှာတော့ မိုင်းမျိုးစုံနဲ့ကြံရပါတယ်။ မြေမြှပ်မိုင်းမျိုးစုံ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ပါတယ်။ ဓါတ်ခဲကို အခြေခံပြီး တီထွှင်ကြံဆမှုမျိုးစုံနဲ့ လုပ်ကြပါတယ်။ ကျောက်တောင်ရွာဝန်းကျင်မှာ ဓါတ်ခဲမရောင်းရ၊ ဓါတ်ခဲမသယ်ရ ဓါတ်ခဲလက်ဝယ်တွေရင် အရေးယူမယ်ဆိုတဲ့အထိ ဗျူဟာက ထိန်းချုပ်ထားပါတယ်။ ကေအန်ယူမိုင်းထောင်မှုတွေက မလျော့ပေမယ့် လောလောဆယ် ကျွန်တော်တို့ စစ်ကြောင်းကတော့ ဓါတ်ခဲဝယ်မရလို့ လက်နှိပ်ဓါတ်မီးထွန်းဖို့ တော်တော်ဒုက္ခရောက်ပါတယ်။
ကားလမ်း အပြင်စည်းလုံခြံရေးဆိုပြီး ထိုင်နေရတာမဟုတ်ဘဲ ယာဉ်တန်းနဲ့ကားလမ်းကို မနှောင့်ယှက်နိင်အောင် နေညမနားတန်း လှုပ်ရှားနေရလို့ လက်နှိပ်ဓါတ်မီးက မရှိမဖြစ်သုံးနေရပါတယ်။ တောထူ တောင်မတ်စောက်တွေဖြစ်လို့ ရှင်းလင်းရ အလွန်ခက်တဲ့အပြင် ကျွန်တော်တို့ စစ်ကြောင်းတွေရဲ့ စရိုက်အတိုင်း အမြင့်စည်းစိုမိုးမှုယူပြီး အခြေပြုတာကြောင့် တစ်ချိ့တောင်တွေမှာ အောက်လျောမကျအောင် တောင်စောင်းမှာ ငုတ်ရိုက်တန်းထိုးကာပြီး အိပ်ကြရတဲ့အထိ မတ်စောက်တဲ့တောင်တွေပါ။
ဒီလောက် အပြင်စည်းအတွင်းစည်း အနီးကပ်တွေနဲ့လုပ်ပေမယ့် ယာဉ်တန်းတစ်ခေါက်ကို အနဲဆုံး တစ်နေရာတော့ မရရအောင် မိုင်းထောင်ပစ်ပြေးကတော့ ကြုံရပါတယ်။ တစ်နေ့မှာတော့ ဗျုဟာက ကျောက်တောင်နဲ့ နမ့်ကူခီးကြား ရန်သူမိုင်းထောင်ထားတဲ့ နေရာသတင်းရလို့ BE တပ်ဖွဲနဲ့ နေရာပြမယ့်သူ လွှတ်လိုက်ပြီး ကျွန်တော့်တပ်စုကို လုံခြုံရေးဆင်းယူခိုင်းပါတယ်။ လမ်းမှာနေလည်စာစားပြီး ဆက်ထွက်အလာ BE အဖွဲ့နဲ့တွေ့ပြီး သူတို့နဲ့အတူလာလမ်း အတိုင်းပြန်ပါတယ်။ ကျွန်တော်တို့ထမင်းစားခဲ့တဲ့ နေရာတ၀ိုက်မှာ အသေးစိတ်ရှာကြပြီး ကျွန်တော့်တပ်စုရုံးအဖွဲ့နေခဲ့တဲ့ နေရာက မြေမြှုပ်မိုင်းနှစ်လုံးကို BE တပ်ဖွဲက ဖော်ယူခဲ့တဲ့ဖြစ်စဉ်ဟာ ယာဉ်တန်းအပြင်စည်းလုံခြံရေးယူခဲ့တဲ့ ဗိုလ်လေးဘ၀က မေ့မရနိင်တဲ့ အမှတ်တရတစ်ခုပါ ။
(၆)
ရိက္ခာစုပုံလုံခြံရေး တာဝန်ယူနေချိန်မှာ ကျွန်တော်တို့တပ်ရင်း စစ်ဆင်ရေးထွက်လာတဲ့ ကာလဟာ သုံးလကျော်လို့ လေးလထဲရောက်လာပါပြီ။ တိုက်ပွဲကြီးတစ်ပွဲမှ မတိုက်ရသေးဘဲ ချောင်းပစ်၊ မိုင်းထောင်ပစ်ပြေးဘဲ မကြာခနကြုံရပါတယ်။ စစ်တိုက်ဖို့လောက်ဘဲသိထားတဲ့ ကျွန်တော်ဟာ စစ်တိုက်တာထက် အရေးကြီးတဲ့ အုပ်ချပ်မှုကိစ္စတွေနဲ့ နဖူးတွေ့ဒူးတွေ့ နေစဉ်နဲ့အမျှ ရင်ဆိုင်ဖြေရှင်းနေရမှ ကျောင်းက ဆရာကြီးတွေရဲ့စကားကို ပြန်ကြားနေမိပါတော့တယ်။
အထူးသဖြင့် ဗထူးတပ်ကြပ်သင်ကျောင်းက ဆရာကြီးတွေဟာ တကယ့်စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ခဲ့သူတွေဖြစ်လို့် တိုက်မယ်ခိုက်မယ်ပဲသိတဲ့ ကျွန်တော်တို့ကို စစ်မြေပြင်မှာ တကယ်ကြုံတွေရမယ့် အုပ်ချပ်မှုကိစ္စတွေကို အမြဲပြောခဲ့ပါတယ်။ ကျောင်းသင်ခန်းစာ လေ့ကျင့်ခန်းတွေမှာလည်း စီမံချက်ရေးတာကအစ ဘယ်လိုတိုက်မယ်ဆိုတဲ့ နည်းလမ်းပဲ ဦးစားပေးပြီး အုပ်ချုပ်မှု..ေ၇ဗူးထဲ ရေအပြည့်ပါရမည်.. ရိက္ခာ၃ရက်စာပါရမည်. ဆေးပတ္တီးကိုယ်စီပါရမည်..့ ပုံသေရေးနေကျ၊ နဲ့ ပြီးခဲ့တော့ စံနစ်တကျ မသင်ခဲ့ရတဲ့ အုပ်ချုပ်မှုကိစ္စတွေကို နေ့စဉ်ဖြေရှင်းတဲ့အခါ အမှားအယွင်းတွေ ကြံရပါတော့တယ်။
ရဲဘော်တွေရဲ့စားသောက်ရေး ကျန်းမာရေး၊ မိသားစုအရေးအခြေအနေ တစ်ဦးချင်းစီရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ အကုန်လေ့လာထားမှ အုပ်ချူပ်ကွပ်ကဲလို့ ရပါတယ်။ စစ်စည်းကမ်းအတိုင်း အတိအကျပဲဆိုပြီး စာအုပ်ကြီးအတိုင်း အမိန့်ပေးအုပ်ချပ်လို့ မရပါဘူး။ စစ်မြေပြင်မှာ အားလုံး လူပင်ပန်းစိတ်ပင်ပန်း စိတ်ကြမ်းလူကြမ်းတွေ ဖြစ်လို့ စစ်စည်းကမ်းဥပဒေက နောက်မှလာမှာဖြစ်ပြီး အရင်ဆုံး လက်ထဲမှာရှိတဲ့ သေနတ်တွေနဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။ တပ်စုမှုးဆိုပြီး တာဝန်ပေးလိုက်ပေမယ့် မြေပြင်ခေါင်းဆောင်မှု ရအောင်တော့ ကိုယ်တိုင် တည်ဆောက်ယူမှရပါတယ်။
ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့တဲ့ တပ်စုမှုး အဓိကတာဝန် (၂) ရပ်အပြင် အဓိကတာဝန်လို့ ပြောလို့မရဘဲ အလွန်စိတ်ရှုပ်ရတဲ့ အလုပ်ကတော့ စစ်ကြောင်းတစ်ခုလုံးရဲ့ နောက်ဆုံးက လိုက်ရတဲ့ တပ်စုအလှည့်ကျတဲ့ အချိန်ပါဘဲ။ ရှေ့ပြေးတပ်စု၊ ၀န်ထမ်းထိန်းတပ်စု အလှည့်တွေဟာ စစ်ကြောင်းမှုးကိုယ်တိုင် အလေးထား အသိအမှတ်ပြုခံရပေမယ့် နောက်ဆုံးကလိုက်ရတဲ့ အလှည့်မှာတော့ ဘယ်သူမှ ဦးစားပေးမခံရဘဲ စစ်ကြောင်းတစ်ခုလုံးရဲ့ အုပ်ချုပ်မှုကိစ္စအရှပ်ပုံအားလုံး နောက်ဆုံးကတပ်စုမှုးက အဆင်ပြေအောင် ရှင်းရပါတော့တယ်။ “ခြေထောက်နာနေတဲ့ရဲဘော် ထားခဲ့တယ်။ နောက်ဆုံးတပ်စုက ပါအောင်ခေါ်ခဲ့ ၊ ဖျားနေတဲ့ရဲဘော် နောက်ဆုံးတပ်စုက စောင့်ခေါ်ခဲ့ ၊ မလိုက်နိင်တော့တဲ့ဝန်ထမ်းကို ပါအောင်ခေါ်ခဲ့၊” ဆိုတဲ့ အမိန်ပေါင်းစုံနဲ့ ပင်မစစ်ကြောင်းကြီးကတော့ ရည်မှန်းချက်မပျက် ချီတက်သွားပြီး နောက်ဆုံးပိတ်တပ်စုကတော့ တကယ့်ကို နောက်ဆုံးပိတ် အိတ်နဲလွယ်ရတော့တာပါဘဲ။ ဆူလိုက်ဆဲလိုက် ချော့လိုက်ခြောက်လိုက်နဲ့ ကျောင်းကမသင်ပေးလိုက်တဲ့ နည်းမျိုးစုံနဲ့ ပါအောင်ခေါ်ရပါတော့တယ်။
စစ်ကြောင်းက ရည်မှန်းချက်ရောက် ချက်ပြုတ်စားသောက်နေချိန်မှာ နောက်ပိတ်တပ်စုက ရောက်တာ များပါတယ်။ တခါတလေတော့လည်း ရှေ့ကရှေ့ပြေးတပ်စုက အချိန်ယူရှင်းလို့ စစ်ကြောင်းကြီးက အိပဲ့အိပဲ့နဲ့ လိပ်သွားသွားနေရင် နောက်ပိတ်တပ်စုက အိပ်ပျော်နေတတ်ပါတယ်။ နေ့စဉ်ရက်ဆက် ပင်ပန်းမှတွေကြောင့် ခနနားလည်း ခနအိပ်တတ်ကြပါတယ်။ တစ်နေ့မှာတော့ စစ်ကြောင်းချီတက်မှုမှာ ကျွန်တော့တပ်စုက နောက်ဆုံးပိတ်လိုက်ရတဲ့ အလှည့်ကျပါတယ်။ ရည်မှန်းချက်နေရာ အရောက်မှာ လူစစ်တော့ နောက်ဆုံးတပ်စိတ်က ရဲဘော်တစ်ယောက် လိုနေပါတယ်။ ညကလဲ တော်တော် ညဥ့်နက်နေပါပြီ။ လူပင်ပန်းစိတ်ပင်ပန်းနဲ့ ကျွန်တော်ဟာ ဒေါသတကြီးနဲ့ တပ်စိတ်မှုးရဲ့မျက်နှာကို လက်သီးနဲ့ သုံးလေးချက် ဆက်တိုက် ထိုးပစ်လိုက်ပါတယ်။ နောက်ကိုလန်ဆုတ်သွားတဲ့ တပ်စိတ်မှးကလဲ ချက်ချင်းသူလက်ထဲက ကာဘိုင်သေနတ် မောင်းဆွဲတင်ပါတယ်။ ကျွန်တော်လဲ ခါးကပစ္စတို မောင်းဆွဲအတင်မှာ တပ်စုတပ်ကြပ်ကြီးက ကျွန်တော်တို့နှစ်ယောက် အကြားဝင်ရပ်ပြီး တားလို့ နှစ်ယောက်စလုံး ခြေလွန်လက်လွန် မဖြစ်ရတာပါ။
နောက်ကြောင်းပြန် ရှာဖွေကြတော့ ကိုယ်တော်ချောရဲဘော်လေးဟာ သူ့သေနတ်ကိုဖက်ပြီး လမ်းဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ တွေ့ရပါတယ်။ တကယ်တော့ လမ်းမှာ မကြာခန စစ်ဆေးကြပ်မတ်ဖို့ တာဝန်ရှိရက်နဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပျက်ကွက်ခဲ့ပြီး တပ်စိတ်မှုးအပေါ် ဒေါသမထိန်းနိင်ဘဲ ပေါက်ကွဲခဲ့တာပါ။ ကျွန်တော်ကံကောင်းတာက အဲ့ဒီအချိန်မှာ တပ်စုနဲ့ကျွန်တော်ဟာ တစ်သားတည်း အသားကျဖြစ်နေပြီးလို့ အချင်းချင်းနားလည်မှုရှိပြီးသား ဖြစ်လို့ပါဘဲ။ တပ်စိတ်မှုးကလဲ သူအမှားကို ၀န်ချတောင်းပန်ပြီး ကျွန်တော်ကလဲ သူ့ကိုပြန်တောင်းပန်လို့ ဘာမှပြသနာမရှိခဲ့ပါ။ အရင်လိုဘဲ ရင်းရင်နှီးနှီး ပြန်ဖြစ်ခဲ့ပါတယ်။
ကျွန်တော့်အတွက် အဆိုးထဲကအကောင်းကတော့ နောက်ကို ဒေါသတကြီးဖြစ်ပြီး လက်အောက်စစ်သည်ကို ဘယ်တော့မှ မထိုးကြိတ်တော့တာပါဘဲ။ စိတ်လိုက်မာန်ပါ ဒေါသမထိန်းနိင်မှုကြောင့် သေဖော်သေဖက်ချင်း ပစ်ခတ်မယ့်အထိ ဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ ဗိုလ်လေးဘ၀မှာ မမေ့နိင်တဲ့ အမှတ်တရတစ်ခုပါ။ ။