Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အတူအလုပ်တွဲလုပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေစရာမလိုဘူး

$
0
0

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ဆွေးနွေးပွဲမှ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ဆွေးနွေးပွဲမှ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၂၀၁၅ အဝင် ပထမဆုံးလတွင်ပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဗျူဟာအခင်းအကျင်းများကို ခပ်စိပ်စိပ်တွေ့လာရသည်။ ဇန်နဝါရီလ ၁၀ ရက်က မြစ်ကြီးနား မနောပွဲသို့ ဦးသိန်းစိန် သွားရောက်ကာ ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ရင်းနှီးနွေးထွေးစွာ ဆင်နွှဲခဲ့သည်။ ယင်းမတိုင်မီကလည်း ပုဂံတွင် ကမ္ဘာလှည့်ခရီးသွားများနှင့် စကားစမြည်မေးမြန်းပြောဆိုနေပုံများ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။
သမ္မတ၏ လူထုဆက်ဆံရေး နည်းနာများ ၂၀၁၅ အဝင်တွင် အရှိန်မြှင့်တင်လာသည်။ ထို့နောက် ဇန်နဝါရီ ၁၂ ရက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးပွဲ တစ်ခု ထပ်မံ ပြုလုပ်သည်။ ယင်းဆွေးနွေးပွဲသည် ပထမ ၁၄ ပွင့်ဆိုင်ဟု အများက ဝိဂြိုဟ်ပြုကြသည့် ဆွေးနွေးပွဲတုန်းက ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့နှစ်ဦး၏ ရင်းနှီးနွေးထွေးသော ဓာတ်ပုံများ ဆွေးနွေးပွဲ မစမီကပင် ပျံ့နှံ့လာခဲ့သည်။ သို့သော် ဆွေးနွေးပွဲအပြီး တက်ရောက်ခဲ့ကြသူများ၏ သဘောထားမှတ်ချက်ပေးမှုများကို ပြန်လည်သိရသည့်အခါတွင်မူ ၂၀၁၅ အဝင် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ အားနည်းချက်များကို ထင်ဟပ်လာရသည်။

ဆွေးနွေးပွဲကို မှတ်ချက်ပေးသူများထဲတွင် သိသိသာသာ နှစ်ဖွဲ့ကွဲနေသည်ကို တွေ့ရသည်။ သမ္မတနှင့် နီးစပ်သူများ၊ ပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်သူများအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုပြင်ပြောင်းလဲရေးကို သံသယဖြင့် စောင့်ကြည့်သူများအဖွဲ့ဟူ၍ဖြစ်သည်။ ပြည်တွင်း ပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ မှတ်ချက်ပေးလေ့ရှိသကဲ့သို့ပင် သမ္မတ၊ ကာချုပ်ကတစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်းက တစ်ဖက် ဖြစ်နေသည်ကိုလည်း တွေ့မြင်ရသည်။ သမ္မတဦးသိန်းစိန်က အားလုံးပါဝင်ရေး (All Inclusive) မူကို လက်ကိုင်ထားသည်ဟု အကြောင်းပြကာ အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်များကို လူများများပါဝင်နိုင်အောင် ယခုလို ဆွေးနွေးပွဲကြီးများ ကျင်းပပေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် လေးပွင့်ဆိုင် သို့မဟုတ် ခြောက်ပွင့်ဆိုင် မူကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ တိုင်းရင်းသားပါတီအချို့က သမ္မတ၏ အားလုံးပါဝင်ရေးကို ထောက်ခံပြီး တိုင်းပြည်အနာဂတ်ကို လေးပွင့် သို့မဟုတ် ခြောက်ပွင့်နှင့် မဆုံးဖြတ်သင့်ဟု ယူဆသည်။ တိုင်းရင်းသားပါတီ အချို့ကမူ ယခုကဲ့သို့ အများစုပါဝင်ဆွေးနွေးနေလျှင် ယေဘုယျဆန်နေမည်ဖြစ်ကာ ဘာအဖြေမှ ထွက်နိုင်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဇန်နဝါရီ ၁၂ ဆွေးနွေးပွဲကို အကောင်းမြင်သူများနှင့် အကျိုးမရှိဟု မြင်သူများ ကွဲပြားခြားနားစွာ ရှိနေသည်။

တပြိုင်နက်တည်းမှာပင် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့က သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံရာတွင် သမ္မတကရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ နိုင်ငံရေးဆွေးနွေးပွဲ အမြန်သွားလိုသူအင်အားစုများကရော လာမည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရန် ဆန္ဒရှိကြသည်။ သို့သော် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ခွန်ဥက္ကာတို့ကဲ့သို့သော ခေါင်းဆောင်များကမူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန် မဖြစ်နိုင်သေးဟု ဆိုသည်။ ယင်းတို့မှာ ယခုအစိုးရသက်တမ်းအတွင်း လက်မှတ်ထိုးရန် တွန့်ဆုတ်နေကြသည့် အုပ်စုအတွင်း ပါဝင်နေသည်ကို တွေ့ရသည်။ တစ်ဖွဲ့ချင်းစီအနေဖြင့် အပစ်ရပ်လက်မှတ်ထိုးထားပြီးသူများမှာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် အချိန်ထပ်ဆွဲမနေစေချင်တော့ပေ။ ထို့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်အကောင်အထည်ဖော်လိုသော၊ စစ်ဘေးဒုက္ခသည်များ များပြားလာသည်ကို မမြင်တွေ့လိုတော့သော၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ မြေမြှုပ်မိုင်းများ တိုးပွားလာမှုကို မလိုလားသော တိုင်းရင်းသားပါတီများ၊ အင်အားစုများက အပစ်ရပ်လက်မှတ်ကို ယခုအစိုးရသက်တမ်းတွင် အမြန်ထိုးကာ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး အစပြုချင်နေကြသည်။

ထို့အတူ သမ္မတကြီးမှ အစ၊ ကာချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျိုးရှင်များ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ နိုင်ငံရေးစိတ်ဝင်စားသူ ပြည်သူလူထုအဆုံး စိုးရိမ်ကြောင့်ကြလျှက်ရှိသည်မှာ ၂၀၁၅ အေးအေးဆေးဆေးဖြစ်ရေးပင်။မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ လယ်ရီဂျာကင်က ၂၀၁၅ အေးအေးညောင်းညောင်းဖြစ်ရေးမှာ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမှု ရှိမရှိပေါ်တွင် မူတည်သည်ဟု သုံးသပ်သည်။ ထို့ပြင် ၎င်းက မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ် (၂၀၁၅ ရွေးကောက်ပွဲအလွန်)မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့လို့ မရကြောင်းလည်း ပြောကြားသည်။ (Jan 12, 2015 ထုတ် Messenger ဂျာနယ်ပါ အင်တာဗျူး) ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ် မည်သို့ဖြစ်မည်ဆိုသည်ကို ဆုံးဖြတ်ရာတွင်လည်း လူထုခေါင်းဆောင်အဖြစ် အမေရိကန်အပါအဝင် နိုင်ငံတကာကပါ အသိအမှတ်ပြုထားသော ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့၍ မရသည်ကို နားလည်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌတစ်ဦးအဖြစ်၊ လွှတ်တော်အမတ်တစ်ဦးအဖြစ်သာ အခြားသော ခေါင်းဆောင်များနှင့် တန်းတူထားရှိဆွေးနွေးလိုပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ လူထုက အသိအမှတ်ပြုထားသော လူထုဆန္ဒကို ထင်ဟပ်နိုင်သော လူထုခေါင်းဆောင်တစ်ဦးအဖြစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်တွင် အရေးပါသောနေရာမှ ပါဝင်ဆွေးနွေးလိုသည်။ တခြားသော ခေါင်းဆောင်များနှင့် အုတ်ရောရောကျောက်ရောရော ဆွေးနွေးရသည်ကို ဘဝင်မကျသည်မှာ ထင်ရှားသည်။ ယေဘုယျသဘောဆန်နေသဖြင့် အဖြေထွက်မည်မဟုတ်ဟုလည်း ထုတ်ဖော်ပြောဆိုသည်။ လေးပွင့်ဆိုင် ခြောက်ပွင့်ဆိုင်များကိုသာ ဆုပ်ကိုင်ထားမည်ဟုလည်း ခိုင်မာစွာ ပြောကြားသည်။

အခြေအနေများကို ချိန်ထိုးကြည့်လျှင် ခေါင်းဆောင်နှစ်ဦး၏ အထိုင်များကို ပြတ်သားထင်ရှားစွာ မြင်တွေ့နေရသည်။ သို့သော် ၎င်းတို့နှစ်ဦးလုံးတွင် ဘုံသဘောထားများ မရှိသည်တော့ မဟုတ်ပေ။ သမ္မတဦးသိန်းစိန်ရော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ

၁) ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ အေးအေးချမ်းချမ်းဖြစ်စေလိုကြသည်၊

၂) အခြေခံဥပဒေပြင်ဆင်ရေးကို ပြင်နိုင်သည်များ၊ လွယ်သည်များကို စတင်ပြင်ဆင်ပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ဆောက်လိုကြသည်၊

၃) နှစ်ပေါင်းခြောက်ဆယ်ကျော် အမြစ်တွယ်နေသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကြိုးပမ်းလိုကြသည်၊ (ပူးပေါင်းဆောင်ရွက်မှုတော့ မရှိသေးပေ)

၎) ပြည်သူလူထု လမ်းပေါ်ထွက်ကာ သွေးထွက်သံယိုဖြစ်စေမည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်လိုကြသည်၊

၅) နိုင်ငံတကာတွင် မြန်မာနိုင်ငံပြန်လည်မျက်နှာအောက်ကျ အထီးကျန်ရမည့်အဖြစ်များ မရောက်ရှိလိုကြပေ၊

၆) အာဏာပြန်မသိမ်းရန် အတတ်နိုင်ဆုံး (ကိုယ့်နည်းကိုယ့်ဟန်ဖြင့်) ကြိုးပမ်းဆောင်ရွက်လိုကြသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးလုံး၏ သက်ဆိုင်ရာ အုပ်ချုပ်မှုတာဝန်များတွင်လည်း အားနည်းချက်ကိုယ်စီ ရှိနေကြသည်။ သမ္မတဦးသိန်းစိန်မှာ လက်ရှိနိုင်ငံတော်အုပ်ချုပ်ရေးယန္တရား၏ အခေါင်အချုပ်ဖြစ်ပြီး အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ဝေဖန်ခံနေရသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပွင့်လင်းလာသော အခြေအနေတွင် ၎င်း၏ NLD ပါတီတွင်း စနစ်ကျသော၊ စည်းကမ်းရှိသော၊ ဗျူဟာမြောက်သော၊ ခိုင်မာသော ဖွဲ့စည်းပုံကို မတည်ဆောက်နိုင်သောကြောင့် ဝေဖန်ခံရမှုများ ရှိသည်။ ဦးသိန်းစိန်ကိုယ်တိုင်တွင် ၎င်း၏အစိုးရအဖွဲ့အတွင်း အမာဂိုဏ်းဝင်များကို ထိန်းချုပ်၍ မရနိုင်သလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း ၎င်းပါတီအတွင်း တရားသေသမားများကို ချုပ်ကိုင်နိုင်စွမ်း သိပ်မရှိပေ။

အထက်ကဆိုခဲ့ပြီးသည့်အတိုင်း လက်ရှိမြန်မာ့နိုင်ငံရေးတွင် အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်များအား ချမှတ်နိုင်စွမ်း ချမှတ်နိုင်ခွင့်ရှိသည့် နေရာကို ရယူပိုင်ဆိုင်ထားကြသော ခေါင်းဆောင်နှစ်ဦးလုံးတွင် ဘုံသဘောထားများ၊ ကွဲလွဲသောသဘောထားများ၊ အားနည်းချက်များကိုယ်စီရှိကြသည်။ ကမ္ဘာပေါ်မှ မည်သည့်ခေါင်းဆောင်မှလည်း ပြည့်စုံကောင်းမွန်သည်ဟူ၍ ရှိနိုင်မည် မဟုတ်ပေ။ မြန်မာ့နွေဦးဟု ဝိဂြိုဟ်ပြုကြသော ၂၀၁၁ နှောင်းပိုင်းမှ ၂၀၁၂ တစ်နှစ်လုံး၌ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားကျခဲ့ဖူးကြသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် တရားဝင်ပြန်တက်လာသည့်အခါ နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက မြန်မာ့ခေါင်းဆောင်များ၏ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် အမှတ်ပေးခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံကား နိုင်ငံရေးမိုးသက်မုန်တိုင်းကြားက အပြီးတိုင်ရုန်းထွက်နိုင်ခြင်း မဟုတ်ပေ။ ၂၀၁၃၊ ၂၀၁၄ နှစ်များတွင် အောင်မြင်မှုများရှိသလို ဂိုဏ်းဂဏအကွဲများဖြင့် တရားသေဝါဒပြန်လည်ခေါင်းထောင်လာသည်။ အစွဲကြီးသော မြန်မာ့နိုင်ငံရေး မိုးသက်မုန်တိုင်းက သဘောထားပျော့ပြောင်းသည်ဟု သတ်မှတ်ခံထားရသော ခေါင်းဆောင်များကိုပင် သဘောထား တင်းမာသည့်အခြေအနေသို့ တွန်းပို့လာသည်။

ယခု ၂၀၁၅ ဝင်ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ အရေးအကြီးဆုံး အလှည့်အပြောင်းကို ဖော်ဆောင်ရတော့မည့် နှစ်ကို ရောက်ရှိလာပြီဖြစ်သည်။ ဤနှစ်တွင် ခေါင်းဆောင်များ၏ ဆုံးဖြတ်မှုမှာ အလွန့်အလွန် အရေးကြီးလာသည်။ တစ်ချက်မှ အထိအရှမခံ။ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ခေါင်းဆောင်နှစ်ဦး၏ လက်ထဲတွင် ရှိသည်ဟု ဆိုချင်သည်။ စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဖြစ်သော လီကွမ်ယုစကားနှင့် ပြောရလျှင် “အတူအလုပ်တွဲလုပ်ရန်အတွက် တစ်ယောက်နှင့် တစ်ယောက် ချစ်နေစရာမလို” ပေ။ မြန်မာနိုင်ငံအကျိုးကို ရှေ့ရှုသည့် ခေါင်းဆောင်နှစ်ဦးလုံးသည် မြန်မာ့နိုင်ငံရေးမိုးသက်မုန်တိုင်းထဲတွင် ရှင်သန်နိုင်စေရန် အတူအလုပ်တွဲလုပ်ကြရန် မဖြစ်မနေလိုအပ်ပါသည်။ 

၂၀၁၅ ကိုအေးအေးညောင်းညောင်းဖြတ်သန်းပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ဆောက်ဖို့အတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ဦးသိန်းစိန်သည်လည်း မရှိမဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ချန်ရစ်ထား၍ မရသော အလွန်အရေးကြီးသည့် ခေါင်းဆောင်နှစ်ဦးပင် ဖြစ်သည်။ သူတို့နှစ်ဦး မတူသည့်အမြင်များ ဘေးဖယ်၍ နိုင်ငံအကျိုးအတွက် ဘုံသဘောထားများကို ဖော်ဆောင်ရန် လိုအပ်သည်။ အပွင့်ဆိုင်များ အပြန်အလှန် တင်နေကြရန်မလိုပါ … ဆုပ်ကိုင်ထားကြရန်လည်း မလိုပါ … မြန်မာ့နိုင်ငံရေးအတွက် အဖြေသည် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်ကဲ့သို့ အလုပ်တွဲလုပ်မည်ဆိုသည့်အပေါ်တွင် တည်မှီနေပါသည်။



Tha Khin 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>