၂၀၁၅ သည် မြန်မာ့နိုင်ငံရေးအတွက် အလှည့်အပြောင်းဖြစ်မည့်နှစ် …. သို့သော် ယင်းအလှည့်အပြောင်းမှာ အကောင်းလား အဆိုးလား အားလုံးက စိတ်ဝင်စားကြသည့်နှစ်လည်းဖြစ်ပေသည်။
၂၀၁၄ ခုနှစ်ကို ခြုံကြည့်မည်ဆိုလျှင် ဒီမိုကရေစီခရီးလမ်းကို စတင်လျှောက်လှမ်းကာစ နိုင်ငံတစ်ခုအနေနှင့် ကြုံတွေ့ရလေ့ရှိသော ပုစ္ဆာများနှင့် ပြည့်နှက်နေသော နှစ်တစ်နှစ်အဖြစ် ရှုမြင်ရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအနာဂတ်ကို တမျိုးတဖုံပြောင်းလဲပေးနိုင်သည့် ပုစ္ဆာများစွာအနက်မှ ၂၀၁၅ ခုနှစ်အတွင်း အဖြေထုတ်ရမည့် နိုင်ငံရေးပုစ္ဆာအကြောင်းကို ဆွေးနွေးတင်ပြလိုပါသည်။
ယခုလက်ရှိနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးအင်အားစုများအကြား၊ နိုင်ငံရေးအကျိုးရှင်များအကြား၊ နိုင်ငံရေးအင်စတီကျူးရှင်းများအကြား တင်းမာနေသောကြောင့် ကောင်းမွန်သော အပြောင်းအလဲကို မြင်တွေ့ချင်ကြသည့် ပြည်သူများမှာ စိုးရိမ်ကြောင့်ကြလျှက်ရှိသည်။ အစိုးရိမ်လွန်ပြီးလျှင် ၂၀၁၅ - နိုင်ငံရေးပုစ္ဆာမှာ အဖြေမရှိတော့ဟုပင် ထင်မှတ်ကာ စိတ်ပျက်အားလျော့နေကြသည်။ ထိုအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၅ နှစ်သစ်ကူးအချိန်တွင် ပြောကြားသော မိန့်ခွန်း၊ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံသဘင်တွင် ပြောကြားသော မိန့်ခွန်းတို့တွင် ပါဝင်သော အချက်အလက်များအရ ၂၀၁၅ နိုင်ငံရေးပုစ္ဆာမှာ အဖြေမရှိခြင်း မဟုတ်တော့ပါ။
အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်ဘက် - အရပ်ဘက်ဆက်ဆံရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အဖြေရှာနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ နို်င်ငံရေးခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းအဖြေရှာကြရမည်ဟု ယေဘုယျအားဖြင့် သိနားလည်ထားကြသည်။ ထို့ကြောင့်ပင် ၂၀၁၄ နှစ်ကုန်ပိုင်းတွင် အပွင့်ဆိုင်များ အပြိုင်အဆိုင် တင်သွင်းကြခြင်းဖြင့် ယင်းယေဘုယျအခြေအနေကို ပုံသွင်းရန် ကြိုးပမ်းကြသည်။ သို့သော်လည်း အဖြေကား ရေရေရာရာ မရရှိဘဲ ဖြစ်နေသည်။ မြန်မာ့နိုင်ငံရေးပုစ္ဆာကို အဖြေရှာကြရန်အတွင် နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြရမည်ဆိုသည်မှာ ၎င်းတို့အကြား နိုင်ငံရေးပဋိဥာဉ်တစ်ရပ် သဘောတူညီမှုရစေချင်သည့်အတွက် တွေ့ဆုံဆွေးနွေးစေလိုခြင်း ဖြစ်သည်။ အပွင့်ဆိုင်များ တင်ကား တင်ကြ၏။ တွေ့ကားတွေ့ကြ၏။ သေချာရေရာသော နိုင်ငံရေးပဋိဥာဉ် မရရှိနိုင်ပါက နိုင်ငံရေးပုစ္ဆာ အဖြေရှိမည် မဟုတ်ပေ။ ယင်းနိုင်ငံရေးပဋိဥာဉ် ရရှိရန် နိုင်ငံရေးအင်အားစုအသီးသီးက မတူညီသော လမ်းကြောင်းများနှင့် မည်သို့ပင် တင်ပြနေကြစေ … လက်တွေ့ဖြစ်နိုင်ခြေလမ်းကြောင်း နှစ်ခုသာရှိသည်။
ပထမတစ်ခုမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ပြီး ထွက်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ အဓိကကျသည့် အင်အားစုများအကြား ဖြစ်ပေါ်လာမည့် နိုင်ငံရေး ပဋိဥာဉ်ဖြစ်ပြီး ဒုတိယလမ်းကြောင်းမှာ အပွင့်ဆိုင်များထဲမှ တစ်စုံတရာအလွတ်သဘော ဆွေးနွေးမှု ဖြစ်တည်လာပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေးပဋိဥာဉ်ဖြစ်သည်။
![]()
ပထမလမ်းကြောင်း
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ၂၀၁၄ တစ်နှစ်ပတ်လုံး UPWC နှင့် NCCT တို့ အပြင်းအထန် ကြိုးပမ်းလာကြသည်မှာ ၂၀၁၄ နှစ်ကုန်ပိုင်းတွင်မှ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေရသည်။ နိုင်ငံရေးပဋိဥာဉ်ရရှိဖို့ ပထမလမ်းကြောင်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်မှ ဖြစ်နိုင်မည့်လမ်းကြောင်းဖြစ်သည်။ ၂၀၁၄ နှစ်ဆုံးပိုင်း ပြန်လည်တင်းမာလာသော အခြေအနေများကို ကြည့်လျှင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ဖြစ်နိုင်ရန် အင်မတန်ခဲယဉ်းနေပြီဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ ယခုအစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မဖြစ်စေချင်သော အင်အားစုများကလည်း အပျက်ဘက်သို့ ဦးတည်သည့် လမ်းပေါ် တင်ပေးနေသကဲ့သို့ တပ်မတော်အသိုင်းအဝိုင်းကလည်း ပိုမိုတင်းမာလာသော သဘောထားကို ပေါ်ပေါ်ထင်ထင် ပြသနေကြသည်ကို တွေ့ရသည်။ သို့သော်လည်း ၂၀၁၅ အဝင်တွင် ငြိမ်းချမ်းရေးရောင်နီသစ်များ ပြန်လည် လန်းဆတ်လာခဲ့သည်။
“၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ ပေါ်ပေါက်လာမယ့် ပင်မနိုင်ငံရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ် များကို ပေါင်းစပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုပေါင်းစပ်နိုင်တဲ့နေ့ဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးတကြီး လိုအပ်လျက်ရှိတဲ့ ဘုံ ရည်မှန်းချက်ဖြစ်တဲ့ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် တည်ဆောက် ခြင်းဖြင့် မြန်မာနိုင်ငံသစ်ကို ထူထောင်နိုင်မယ့်နေ့ပဲ ဖြစ်ပါတယ်” ဟု ၂၀၁၅ အဝင် ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိသမ္မတတစ်ဦးအနေဖြင့် ၎င်းဖော်ဆောင်ချင်သော မြန်မာနိုင်ငံတော်သစ်၏ ပုံရိပ်ကို ပိုမိုပြတ်သားစွာ ပြောကြားလိုက်ခြင်းဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးဖြစ်စဉ် အဓွန့်ရှည် တည်တံ့စေရန်အတွက် အဓိကကျသော ပြဿနာဖြစ်သည့် ဖက်ဒရယ်စနစ်ကို တရားဝင်ဖြစ်အောင် မိန့်ခွန်းထဲတွင် ထပ်လောင်းပြောကြားခဲ့ရုံမက ငြိမ်းချမ်းရေးကိုအခြေခံသည့် နိုင်ငံရေးပဋိဥာဉ်တစ်ရပ်ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားလိုက်သောကြောင့် ဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ လစဉ်ရေဒီယိုမိန့်ခွန်းများတိုင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ဖြစ်ထွန်းတိုးတက်မှုများ၊ ကြန့်ကြာနေသည်ဆိုလျှင်လည်း မည်သည့်အကြောင်းကြောင့် ကြန့်ကြာနေသည်များကို အထူးအလေးထား ပြောကြားလေ့ ရှိသည်။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်သည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ နိုင်ငံရေးပဋိဥာဉ်တစ်ရပ်ကို နောက်မလှည့်စတမ်း အရယူမည်ဟု သမ္မတက တရားဝင် ကြွေးကြော်ထားသည်။ ခက်ခဲနေသည်မှာ ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ရန် ဖြစ်သည်။ ယင်းခက်ခဲမှုကို ကျော်လွှားရန် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံသဘင် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတတို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုအပြီးတွင် လာမည့် ဖေဖော်ဝါရီ ၁၂ ရက်၊ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်များရော၊ အစိုးရတာဝန်ရှိသူများကပါ ထုတ်ဖော် ပြောကြားလာသည်။ ဤအခြေအနေများမှာ နိုင်ငံရေးပဋိဥာဉ် အရယူရန် ပထမလမ်းကြောင်း၏ ကောင်းသောအလားအလာများဖြစ်သည်။ ၂၀၁၅ သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ သဘောထားပြည့်ဝ ပျော့ပြောင်းမှု ရှိသူများနှင့် အစိုးရဘက်မှ သဘောထား ရိုးသားသူများ လက်တွဲ၍ ပြည်တွင်းစစ်နွံထဲမှ မြန်မာနိုင်ငံကို ဆွဲထုတ်နိုင်ရန် အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ပါသည်။ သို့ဆိုလျှင် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမထွက်စရာ အကြောင်းမရှိပါ။ အဖြေထွက်နိုင်အောင်လည်း ပိုမိုကြိုးပမ်းကြရန် လိုအပ်ပါသည်။
![]()
ဒုတိယလမ်းကြောင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တင်ပြသော လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကဲ့သို့ ညှိနှိုင်းမှုများမှ တဆင့် နိုင်ငံရေးပဋိဥာဉ်တစ်ရပ် ရရှိအောင် ဆောင်ရွက်နိုင်သည်။ ယခုလက်ရှိအခြေအနေတွင် နိုင်ငံရေးအင်အားစုများအကြား အားပြိုင်မှုမှာ ဂိုဏ်းဂဏဆန်နေသည်ဟု ယူဆစရာရှိသည်။ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က တစ်ဂိုဏ်း၊ လွှတ်တော်နာယကနှင့် လူထုခေါင်းဆောင်က တစ်ဂိုဏ်းလို ဖြစ်နေသည်။ နှစ်ဘက်လူများကလည်း အပွင့်ဆိုင်များ အပြန်အလှန် တင်ကြသည်။ နှစ်ဘက်စလုံးက တင်ပြကြသည့် အပွင့်ဆိုင်များမှာ အားလုံးကောင်းသည်ချည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ခေါင်းဆောင်ဖြစ်စေ … မြန်မာနိုင်ငံ၏ ကောင်းကျိုးကို သယ်ပိုးရန် လိုလားကြသော ခေါင်းဆောင်များဖြစ်လျှင် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေထွက်နိုင်ရန် တွေ့ဆုံ ဆွေးနွေးသင့်သည်သာ ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရာတွင်လည်း လေးပွင့်မှ၊ ခြောက်ပွင့်မှ၊ ဆယ့်နှစ်ပွင့်မှ၊ ဆယ့်လေးပွင့်မှ မဟုတ်ဘဲ အကြောင်းအရာပေါ် မူတည်၍ အပွင့်များ ကွဲသွားနိုင်သည်။
ဤနေရာတွင် ကိုယ်ကျိုးစီးပွား၊ ပါတီအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားအလိုက် အခြေအနေများ ကွာခြားသွားမည်ဖြစ်သည်။ ကြားရသောအချို့ သတင်းများအရ လွှတ်တော်၏ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD က တင်သည့် ပြင်ဆင်ချက်များ၌ ဝိဝါဒကွဲစရာရှိသော အရေးကြီးအချက်များကို ဖြည်းဖြည်းချင်းဆောင်ရွက်ရန် ထည့်သွင်းဖော်ပြသည်များ ရှိသည်ဟု ဆိုသည်။ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးအကြိမ် တွေ့ဆုံအပြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရာတွင် လွယ်သည့်အချက်များကို စတင်ပြင်ဆင်ရမည်ဖြစ်ပြီး ခက်ခဲသည့်အပိုင်းများကို တဖြည်းဖြည်းချင်း ပြင်ဆင်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုဖူးသည်။ ခေါင်းဆောင်များ၏ စိတ်သဏ္ဌာန်တွင် တိုင်းပြည်အကျိုးစီးပွားကို လိုလားသည့် သဘောများကို တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း အခါခပ်သိမ်းတော့ သဘောထား ပျော့ပြောင်းနေကြသည်မဟုတ်ပေ။ နိုင်ငံရေးအခြေအနေများ တင်းမာလာသည့်အခြေအနေတွင် ပြောစကားများလည်း တင်းမာလာသလို ရန်ငါအစွဲများလည်း ကြီးမားလာသည်ကို တောက်လျှောက်တွေ့နေရသည်။
၂၀၁၅ သည် မြန်မာ့နိုင်ငံရေးကို အလှည့်အပြောင်းဖြစ်စေမည့် နှစ်ဟု ဆိုခဲ့ပြီးဖြစ်သလို ယင်းအလှည့်အပြောင်းတွင် အရေးအကြီးသည့် ခေါင်းဆောင်များအနက် အရေးအကြီးဆုံးဖြစ်သည့် ခေါင်းဆောင်နှစ်ဦးမှာ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်ဟု ဆိုချင်သည်။ အပွင့်ဆိုင်တွေ ဘယ်လောက်များများ အဓိကနှစ်ဦးမှာ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ၂၀၁၁ မတ်လ အစိုးရသစ်တာဝန်ယူပြီး နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၎င်းတို့နှစ်ဦး အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင် ယှဉ်လျှက် ဓာတ်ပုံများ ထွက်ပေါ်လာချိန်က တစ်တိုင်းတပြည်လုံး ပျော်ရွှင်ဝမ်းသာကြသည့် မျှော်လင့်ချက်မျိုး ၂၀၁၅ တွင် ထပ်မံဖြစ်ပေါ်လာဦးမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမထွက်စရာ အကြောင်း မရှိပါ။ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ခဲ့စဉ် တလျှောက်လုံးကို ပြန်ကြည့်လျှင် သမ္မတဦးသိန်းစိန်ရော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြသည်ကို သူ့ဘက် ကိုယ့်ဘက် အမြင်များကို ဖလှယ်ကြည့်လျှင် တွေ့နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ရှေ့ဆက်လျှောက်ရမည့်ခရီးတွင် ၎င်းတို့နှစ်ဦးမှာ မရှိမဖြစ် အရေးအကြီးဆုံးများဖြစ်သည်။ ၎င်းတို့နှစ်ဦး ၁၄ ပွင့်ဆိုင်အပါအဝင် ၆ ကြိမ် တွေ့ဆုံကြသည်။ ၎င်းတို့အကြား ဆက်သွယ်မှုမှာ အစိမ်းသက်သက် ဆန့်ကျင်ဘက် မဟုတ်ပေ။ နောက်ဆုံး ၁၄ ပွင့်ဆိုင် တွေ့ဆုံပွဲတွင်လည်း အဖြေမထွက်ခဲ့ဟု ဆိုစေကာမူ နှစ်ဘက်စလုံး၏ ဘုံသဘောထားများကို ပြည်သူများ မြင်တွေ့ခွင့်ရခဲ့သည်။ အမှန်တော့ ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ လိမ္မာပါးနပ်သော တိုင်းပြည်အကျိုးလိုလားသော ခေါင်းဆောင်များဖြစ်သည်။ နိုင်ငံရေးမိုးသက်မုန်တိုင်းများအကြား အမြင်မတူညီသည်များ ရှိသော်လည်း ၎င်းတို့နှစ်ဦးလုံး ပုံဖော်ချင်သော မြန်မာနိုင်ငံတော်သစ်မှာ တစ်ခုတည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မည်သည့်ခေါင်းဆောင်ကမှ မြန်မာနိုင်ငံကို အာဏာရှင်နိုင်ငံအဖြစ် ပြန်လည်ပုံဖော်လိုခြင်းမရှိဟု ယုံကြည်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးပုစ္ဆာ၏ နောက်ဆုံးအလှည့်အပြောင်းနှစ် ၂၀၁၅ တွင် အဖြေရအောင် ညှိနှိုင်းနိုင်ကြလိမ့်မည်။ ၎င်းတို့၏ ဘုံသဘောထားများအရ အပွင့်ဆိုင်များ တရားဝင်တွေ့ဆုံရန် ငြင်းခုန်နေမှုများ ၂၀၁၅ တွင် အဆုံးသတ်ကာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများဖြင့် နိုင်ငံရေးပဋိဥာဉ် ရယူမည်ဆိုလျှင်လည်း မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမထွက်နိုင်စရာ အကြောင်းမရှိပါပေ။
နိဂုံးကောက်ချက်
၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ နိုင်ငံတကာအလယ် တင့်တင့်တယ်တယ် အောင်အောင်မြင်မြင် ပြီးဆုံးစေရန်အတွက် မြန်မာ့နိုင်ငံရေးအင်အားစုများအကြား ဘုံသဘောတူညီမှု တစ်စုံတရာ အရယူထားနိုင်ဖို့ အရေးကြီးသည်။ ထိုသို့အရယူနိုင်ရန် နည်းလမ်းနှစ်သွယ်ရှိသည်။ နည်းလမ်းနှစ်သွယ်တွင် အရေးကြီးသော နိုင်ငံ့ခေါင်းဆောင်မှာ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဖြစ်သည်။ ဦးသိန်းစိန်အပေါ် ဝေဖန်မှုများစွာ ရှိနေသော်လည်း ပြည်သူများအကြား အမှားအနည်းဆုံး ခေါင်းဆောင်တစ်ဦးနေရာကို သူယူထားနိုင်သည်။ ထို့ပြင် တကွဲတပြားစီ ဖြစ်နေသော၊ ဂိုဏ်ဂဏစွဲများရှိနေသော နိုင်ငံရေးအင်အားစုများအားလုံးကို တူတာတွေ တွဲလုပ်၊ မတူညီသည့် တစ်ဖက်နှင့် တစ်ဖက် ဖယ်ထုတ်သည့် နည်းလမ်းများကို စွန့်ပယ်ပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်လာရန် လုပ်ဆောင်နိုင်သော တရားဝင် ခေါင်းဆောင်လည်း ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ၏ နိုင်ငံရေးပုစ္ဆာအဖြေသည် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများထဲတွင် ရှိနေသည်။ ယင်းအဖြေကို အကောင်အထည်ဖော်နိုင်လျှင် ၂၀၁၅ သည် မြန်မာပြည်သူလူထုတို့အတွက် နွေဦးတဖန် ပြန်ဖြစ်လာပေမည်။
Tha Khin