ဂျာမဏီကျည် သံသယ နှင့် ကော့ကရိတ်လမ်းက မိုင်းတစ္ဆေ
(၁၅)
ကမမောင်းရွာကြီးဟာ သံလွင်မြစ်ဘေးမှာတည်ရှိပြီး အစားအသောက်ပေါ၊ ရွာလူထုကလည်း သဘောကောင်း တပ်စခန်းလည်းရှိလို့  ကျွန်တော်တို့ စစ်ကြောင်းနေခဲ့တဲ့ နှစ်ညနဲ့ တစ်နေ့လုံးမှာ အပြည့်အ၀အနားရခဲ့ပါတယ်။ နောက်တစ်နေ့ မှာတော့ တပ်ရင်းတစ်ရင်းလုံး ကမမောင်း ၊ရွှေဂွန်း၊ ထိလုံ၊ ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်လမ်း အတိုင်း ခရီးရှည်ချီတက်ရပါတော့တယ်။ ကမမောင်းကနေ သံလွင်မြစ်ဘေးအတိုင်း ရွှေဂွန်းကိုချီတက်ပြီး ထိလုံရွာကြီးမှာ ကားတွေလာကြိုနေလို့ ရဲဘော်တွေပျော်ရွှင်စွာနဲ့ ကားတွေပေါ်တက်လိုက်ခဲ့ကြပါတယ်။
ရှေ့ တန်းတပ်မရှိရာ ဘားအံမှာ ညအိပ်ကြပြီး နောက်တစ်နေ့ မနက်မှာ ယာဉ်တန်းတွေနဲ့  ကျုံဒိုးကော့ကရိတ် လမ်းအတိုင်း ချီတက်ကြပါတယ်။ ဂျိုင်းမြစ်ကိုဇက်ရေယာဉ်တွေနဲ့ ကူးကြပါတယ်။ ဂျိုင်းမြစ်ကို ဇက်ရေယာဉ်နဲ့ ကားတွေကူးဖို့ စီစဉ်နေစဉ်မှာ ကချင်(၂) တပ်ရင်း (ယခင်အခေါ်)က သူငယ်ချင်းဗိုလ်လေးနဲ့ တွေ့ပါတယ်။ သူတို့က နယ်မြေခံတပ်ရင်းဖြစ်လို့ ဇက်ဆိပ်က စားသောက်ဆိုင်မှာ စကားပြောဖြစ်ကြတယ်။
သူဟာ ပစ္စတိုပစ်ခတ်တာ အလွန်သနာပါသူဖြစ်ပြီး အမြဲလေ့ကျင့်နေလို့ ကျည်ဆံပိုရင် ပေးဖို့  တောင်းပါတယ်။ ကျွန်တော့်မှာ ကျည်အပိုမရှိပေမယ့် ရှားရှားပါးပါး ရရှိထားတဲ့ လုံးဝ(misfire)ကျည်အမဖြစ်တဲ့ ဂျာမဏီနိင်ငံထုတ် ပစ္စတိုကျည်ရှိကြောင်း ကြွားလိုက်မိတော့ အတင်းမရမကတောင်းပါ တော့ တယ်။ ကျွန်တော်တို့နိင်ငံထုတ် (ကပစ) ၉မမ ပစ္စတိုကျည်ဆံဟာ ကျည်အဖြစ်ပြီး မထွက်တာပါလာတတ်လို့ တကယ့်အရေးအကြောင်းကျရင် တော်တော်ဒုက္ခရောက်တတ်ပါတယ်။ ဗိုလ်လောင်းဘ၀တုံးက လေ့လာရေးမှာ ကျည်ဆံထုတ်လုပ်မှုနဲ့ အဆင့်မှီအဆင့်ဆင့်ရွေးချယ်မှုတွေ တွေ့ရပေမယ့် တပ်ရင်းတွေမှာတော့ ပစ္စတိုကျည်အတွေ ပါနေတတ်ပါတယ်။ ပစ္စတိုဆိုတာလည်း အရေးအကြောင်းရှိမှ ထုတ်ပစ်ရတာမျိုးဆိုတော့ တစ်ချက်ပစ်တစ်ချက်ထွက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စိတ်ချရတဲ့ ကျည်ဆံရှာထားကြရပါတယ်။ ကျွန်တော်မှာရှိတဲ့ ကျည်ဆံအကောင်းစား (၃) တောင့် ပေးခဲ့ရပါတယ်။
အဲဒီနောက် မကြာခင်ဘဲ သူငယ်ချင်းဖြစ်သူဟာ ရှေ့တန်းမှာ တပ်စုရဲဘော်နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ရဲဘော်ကို ပစ္စတိုနဲ့ ပစ်သတ်မှုဖြစ်ပြီး ထောင်နှစ်ရှည်ကျသွားကြောင်း သိရလို့ကျွန်တော်ပေးခဲ့တဲ့ ကျည်ဆံတွေနဲ့များ ဖြစ်နေမလားလို့ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျောင်းဆင်းခါစ တပ်စုမှုးပေါက်စတွေဖြစ်တတ်တဲ့ စစ်မြေပြင်အုပ်ချုပ်ရေး အခက်အခဲတွေအတိုင်းကျွန်တော်ကြုံခဲ့သလို သူငယ်ချင်းလဲ ကြုံရတာ ဖြစ်နိင်ပါတယ်။ ကျွန်တော်ကတော့ ကံကောင်းလို့  ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာပါ။
စစ်မြေပြင်မှာ အမိန့်မနာခံရင် ပစ်သတ်လို့ရတယ်လို့ အလွယ်တကူ ပြောနေကြပေမယ့်
လက်တွေ့ကတော့ မလွယ်ပါဘူး။ စစ်စည်းကမ်းဥပဒေတွေဟာ တင်းကျပ်လှပြီး အရပ်ဘက်တရားရုံးတွေလို ရှေ့နေအလျှောက်ကောင်းလို့လည်း လွတ်တဲ့နေရာမျိုးမဟုတ်ပါ။ အဲဒီကာလက တပ်မတော်သားတွေဟာ စစ်စည်းကမ်း၊ ပါတီစည်းကမ်း၊ နယ်ဘက်စည်းကမ်း စည်းကမ်း (၃) ခုစလုံး လိုက်နာရတာပါ။ တစ်ချို့ နယ်ဘက်နဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေကို နယ်ဘက်လွဲပေးလိုက်တဲ့အခါ နယ်ဘက်မှာ အမျိုးမျိုးလှည့်ပြီး အမှုပေါ့သွားတတ်ကြလို့ နယ်ဘက်ကိုမလွဲတော့ဘဲ စစ်တရားရုံးနဲ့ပဲ စစ်ကြတာတွေရှိပါတယ်။ စစ်တရားရုံးမှာတော့ လွတ်တဲ့အမှုမရှိပါ။ အပြစ်မရှိဘူးဆိုရင် စုံစမ်းစစ်ဆေးရေးခုံရုံး၊ သက်သေခံအကျဉ်းချုပ် အဆင့်တွေမှာတင် ပြီးခဲ့မှာဖြစ်လို့ စစ်တရားရုံးအဆင့်မှာတော့ လွတ်စရာလမ်းမရှိတော့ပါဘူး။
လက်တွေ့ကတော့ မလွယ်ပါဘူး။ စစ်စည်းကမ်းဥပဒေတွေဟာ တင်းကျပ်လှပြီး အရပ်ဘက်တရားရုံးတွေလို ရှေ့နေအလျှောက်ကောင်းလို့လည်း လွတ်တဲ့နေရာမျိုးမဟုတ်ပါ။ အဲဒီကာလက တပ်မတော်သားတွေဟာ စစ်စည်းကမ်း၊ ပါတီစည်းကမ်း၊ နယ်ဘက်စည်းကမ်း စည်းကမ်း (၃) ခုစလုံး လိုက်နာရတာပါ။ တစ်ချို့ နယ်ဘက်နဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေကို နယ်ဘက်လွဲပေးလိုက်တဲ့အခါ နယ်ဘက်မှာ အမျိုးမျိုးလှည့်ပြီး အမှုပေါ့သွားတတ်ကြလို့ နယ်ဘက်ကိုမလွဲတော့ဘဲ စစ်တရားရုံးနဲ့ပဲ စစ်ကြတာတွေရှိပါတယ်။ စစ်တရားရုံးမှာတော့ လွတ်တဲ့အမှုမရှိပါ။ အပြစ်မရှိဘူးဆိုရင် စုံစမ်းစစ်ဆေးရေးခုံရုံး၊ သက်သေခံအကျဉ်းချုပ် အဆင့်တွေမှာတင် ပြီးခဲ့မှာဖြစ်လို့ စစ်တရားရုံးအဆင့်မှာတော့ လွတ်စရာလမ်းမရှိတော့ပါဘူး။
အချင်းချင်းပစ်ခတ်မှုကြောင့် ရဲဘော်တစ်ယောက် အသက်ဆုံးရှုံးရသလို စံနစ်တကျ လေ့ကျင့် ပေးထားတဲ့ အရာရှိလည်း ဘ၀ပျက်ခဲ့ရပါတယ်။ ကချင် (၂) တပ်ရင်းက သူငယ်ချင်းရဲ့ဖြစ်စဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဂျာမန် ပစ္စတိုကျည်ပေးခဲ့မိတဲ့အဖြစ်ကတော့ ကျွန်တော့်ရဲ့ ဗိုလ်လေးဘ၀မှာ မမေ့နိင်တဲ့ အမှတ်တရတစ်ခုပါ။ ။
(၁၆)
ဂျိုင်းမြစ်ကိုဖြတ်ပြီးနောက် ကျုံဒိုးကော့ကရိတ်ကားလမ်းအတိုင်း ညတွင်းချင်း ချီတက်လို့ နောက်တစ်နေ့ ယာဉ်တန်းနဲ့ ချီတက်မယ့် စစ်ကြောင်းတွေ လမ်းလုံခြုံရေး အတွက် ကျွန်တော်တို့တပ်စု မှောင်မှောင်မဲမဲထဲ ချီတက်ပြီး ကော့ကရိတ်သွားကားလမ်း ဘေးညာဘက်တောင်ကုန်းမှာ တက်အခြေပြုညအိပ်လိုက်ပြီး မနက်စောစော တပ်ဖြန့်လိုက်ပါတယ်။ တပ်စုရုံးနဲ့တစ်ဖွဲ့ တော့ တောင်ကုန်းပေါ်မှာပဲ ထားလိုက်ပါတယ်။ ခုအချိန်အထိ ကော့ကရိတ်ဘက်ကို အသဲအသန်ချီတက်နေပေမယ့် ဘာအကြောင်းမှန်းလဲမသိပါဘူး။
နယ်စပ်စခန်းတွေကို တိုက်ဖို့လိုလို ပြောကြတယ်။ တိုက်ရင်လဲ တခြားတပ်တွေဘဲ တိုက်နိင်တော့မှာ ဖြစ်ပြီး ကျွန်တော်တို့ တပ်လက်ရှိအင်အား အခြေအနေနဲ့တော့ အထောက်အပံ့ လောက်ဘဲ လုပ်ပေးနိင်မယ့် အခြေအနေရှိပါတယ်။
ကားလမ်းဘေးဘယ်ညာမှာတော့ သစ်ပင်မရှိသလောက် နဲပါးတဲ့ တောင်ကုန်းငယ် မြေပြန့်တွေနဲ့ လမ်းအကွေ့ အကောက်တွေ များပါတယ်။ တစ်ခါမှ မရောက်ဘူးတဲ့နေရာ နဲ့ ဘာမှကြိုတင် လေ့လာချိန် မရတဲ့ အနေအထားကြောင့် ဒီနေရာ မြေအနေအထား ရန်သူ့ အလေ့အထတွေလဲ မသိလို့ ကျွန်တော်တို့ တပ်စုရုံးအဖွဲ့ ဟာ ညအိပ်တဲ့တောင်ကုန်းမှာပဲ လမ်းလုံခြုံရေး ယူထားပါတယ်။ မကြာခင်ဘဲ ကော့ကရိတ်ဘက်က လမ်းလုံခြုံရေးအဖွဲ့တွေ ကားတစ်စီးနဲ့  ရောက်လာပါတယ်။ ကားသံကြားကတည်းက ကျွန်တော်လည်း တောင်ကုန်းပေါ်ကနေ ကားလမ်းပေါ် ဆင်းစောင့်လိုက်ပါတယ်။ ခလရ (၉၇) ဗိုလ်ကြီးတစ်ဦး ကားပေါ်က ဆင်းလာပြီး ရင်းရင်းနှီးနှီး နူက်ဆက်ပါတယ်။
မနေ့ ညက ကျွန်တော့်တပ်စု ဒီတောင်ကုန်းမှာ အိပ်ပြီး အခုတပ်ဖြန့် လုံခြုံရေးယူထားကြောင်း ရှင်းပြတော့ တအံ့တသြနဲ့ မျက်လုံးပြူးကြည့်နေပါတယ်။ ကျွန်တော်လည်း ဘာမှားပါလိမ့်လို့ မလုံမလဲဖြစ်နေတုံး ဗိုလ်ကြီးပြောလိုက်တာ က “ဗိုလ်လေး တောင်ကုန်းပေါ်က မင်းရဲဘော်တွေကို အခုအော်ပြော အခုရှိနေတဲ့နေရာတွေကနေ ဘယ်မှမရွှေ့ပါနဲ့ လို့။ ပြီးရင် မင်းဆင်းလာတဲ့လမ်းအတိုင်း ဘဲတစ်ဦးချင်း ရှေ့ လူခြေရာအတိုင်း ဆင်းလာဖို့ ပြော။ အဲ့ဒီတောင်ကုန်းပေါ်မှာ မိုင်းတွေရှိလို့ငါတို့ နယ်မြေခံတပ်တွေ ဘယ်တော့မှမတက်ဘူး” တဲ့။
ကျွန်တော်လည်း စောစောစီးစီး ချွေးပြန်လာပြီး တောင်ကုန်းပေါ်က ရဲဘော်တွေကို အသဲအသန် အော်ဟစ် ရပါတော့တယ်။ ရဲဘော်တွေလဲ တစ်ဦးချင်းတရွေ့ ရွေ့ နဲ့  အားလုံးကားလမ်းပေါ်ရောက်မှဘဲ သက်ပြင်းချနိင် ပါတော့တယ်။ မနေ့ ညတစ်ညလုံး တပ်စုတစ်စုလုံး တက်အိပ်ခဲ့တဲ့ တောင်ကုန်းမှာ မိုင်းတစ်လုံးမှ မကွဲခဲ့တော့ ရဲဘော်တွေပြောသလို မိုင်းမှာကိုယ်ပိုင်နံပါတ်ပါပြီးသားမို့  သူ့ ကိုယ်ပိုင်နံပါတ် မပါသေးလို့ မကွဲတာလား။ နယ်မြေခံတပ်တွေ အစဉ်အဆက် လွှဲခဲ့ပြီး မြေပြင်မှာ မိုင်းတကယ်မရှိတာလား မသိပေမယ့် အဲ့ဒီနေ့ က စောစောစီးစီး ချွေးပြန်ခဲ့ရတဲ့ မိုင်းတစ္ဆေဖြစ်ရပ်က တော့ဗိုလ်လေးဘ၀က မေ့မရတဲ့ အမှတ်တရတစ်ခုပါ။ ။