ဓါးသမား ကို ကြောက်ရတဲ့ သေနတ်သမား နှင့် ကွင်းတွေ့ ရင်ရှောင်ဆိုသော်လည်း
(၁၇)
ဘာကြောင့်မှန်း သေသေချာချာမသိရဘဲ ကော့ကရိတ်မြ၀တီဘက်ကို အပြင်းအထန် ချီတက်နေတဲ့ ကျွန်တော်တို့စစ်ကြောင်းဟာ ကော့ကရိတ်အရောက်မှာ ရှေ့မဆက်ရတော့ဘဲ နောက်ကြောင်းပြန် လှည့်ဖို့အမိန့်ရတဲ့အတွက် လာလမ်းအတိုင်း ပြန်လှည့်ရပါတော့တယ်။ နယ်စပ်ကေအင်ယူစခန်းတွေကို တိုက်ဖို့ အထက်ဌာနကြီးက ခွင့်မပြုလို့ မူလစစ်ဆင်ရေး တာဝန်နေရာတွေအတိုင်း ပြန်ဝင်ရမယ်လို့လည်း ပြောကြပါတယ်။
ရှေ့တန်းတပ်မဌာနချုပ်ရှိရာ ဘားအံမှာ တစ်ညအိပ်ပြီး ရွှေဂွန်းအထိ သင်္ဘောနဲ့ပို့ပေးပါတယ်။ ဘားအံကနေ ဖြည့်တင်းပေးလိုက်တဲ့ အထမ်းသမားတွေ လက်နက်ခဲယမ်းတွေကြောင့် စစ်ဆင်ရေးကာလ (၅) လကျော်ပြီဖြစ်လို့ နောက်တန်းပြန် နားဖိုစိတ်ကူးယဉ်နေတဲ့ ရဲဘော်တွေရဲ့ အိပ်မက်လဲ ပျက်သွားခဲ့ပါတယ်။ ရွှေဂွန်းကနေ သံလွင်အနောက်ကူးပြီး သံလွင်မြစ်ဘေးအတိုင်း ကမမောင်းကို ချီတက်ရပါတယ်။ ကမမောင်းဂွင်ဟာ ရွာဆက်မဝေး၊ တောတောင်မထူ၊ အစားအသောက်ပေါလို့ ကျွန်တော်တို့ရဲဘော်တွေ ပျော်တဲ့နယ်မြေပါ။ ဒါပေမယ့် ကျွန်တော်တို့ စစ်ကြောင်းဟာ ကမမောင်း ကတိုင်တိဆင်စွယ်ကတဆင့် ဖာပွန်ဂွင်ကို ပြန်ဝင်ရမှာဖြစ်ပါတယ်။ ဖာပွန်နယ်မြေရဲ့  အစားအသောက်ရှားပါးမှုကို သိထားလို့ စစ်ကြောင်းမှုးဟာ စစ်ကြောင်းတစ်ကြောင်းလုံးအတွက် အစားအသောက် အဆင်ပြေအောင် ငွေအင်အား၊ သယ်နိုင်တဲ့အင်အား တတ်နိင်သလောက် ဘားအံကနေ ၀ယ်ယူလာခဲ့ပါတယ်။
ကမမောင်းကို ညဘက်ရောက်ပြီး ချက်ပြုတ်စားသောက်နေတုံးမှာဘဲ ဘားအံကပါလာတဲ့ အငှားလိုက် အထမ်းသမားတွေ အုပ်စုလိုက်ထွက်ပြေးလို့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတော့တယ်။ အငှားလိုက် အထမ်းသမားဆိုတာ အလှည့်ကျသူတွေဆီက ငွေယူပြီး အစားထိုးလိုက်လာသူတွေပါ။ ဒီလူ တွေဟာ အတွေ့ အကြုံရင့်ကျက်ပြီး၊ ရဲဘော်တွေ တကယ်မပစ်ဘူးဆိုတာ သိထားလို့ ပြေးရဲသူတွေပါ။ (အထမ်းသမား ထွက်ပြေးတာ ပစ်သတ်မိလို့ ထောင်ကျသွားရတဲ့ စစ်သည်ဖြစ်စဉ်အမှန် မတင်ပြလို့ အရေးယူခံရတဲ့ အရာရှိတွေ အများကြီးရှိခဲ့ပါတယ်)
အထမ်းသမားထွက်ပြေးတာ ပစ်လို့ထိမှန်ခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူခံရလို့ ထိအောင်မပစ်ရဲဘူးဆိုတာ သိထားတဲ့ ၀ါရင့်အငှားလိုက် အထမ်းသမားတွေဟာ ဒီလိုလုပ်နေကြပါ။ ခါတိုင်း မိမိစစ်ဆင်ရေးနယ်မြေထဲမှာဆို အဆင်ပြေသလို ကြည့်လုပ်သွားလို့ ရပေမယ့် အခုလို အလေးအပင်တွေနဲ့ အထမ်းသမားမပါဘဲ ၄/၅ ရက် ကိုယ့်စစ်ဆင်ရေးနယ်မြေထဲအရောက် သွားဖို့က တကယ့်ပြသနာပါ။ ”အထမ်းသမားရဲ့  အလုပ်ကပြေးဖို့  ရဲဘော်ရဲ့ အလုပ်က မပြေးအောင်ထိန်းဖို့ ” လို့ မကြာခန သြ၀ါဒပေးတဲ့ စစ်ကြောင်းမှုးလဲ စိတ်ညစ်ရ ပါတော့တယ်။ နောက်ဆုံးတော့ ညတွင်းချင်း အနီးဝန်းကျင်ရွာတွေက နွားလှည်းရနိင်သလောက် ရှာဖို့ အမိန့်ထုတ်ပါတော့တယ်။ ကျွန်တော့်တပ်စုလည်း ညတွင်းချင်းပြင်ဆင်ပြီး ကမမောင်းအနီး က ၀ါခေါ်ကျေးရွာ ကိုချီတက်ရပါတော့တယ်။
ရွာကိုအလစ်အငိုက်ဝင်ပေမယ့် စစ်ဒဏ်ခံအတွေ့အကြုံ ရင့်ကျက်ပြီးသားရွာဖြစ်လို့ စစ်ကြောင်းဝင်တာသိသိချင်း အိမ်အောက်မှာ ချည်ထားတဲ့ နွားတွေကိုကြိုးဖြေပြီး အတင်းမောင်းထုတ်ပါတော့တယ်။ တပ်စိတ်လိုက် ဖြန့်ခွဲပြီး နွားလှည်းစုဆောင်းရေးကို လိုက်စစ်နေချိန်မှာ တနေရာမှာတော့ မျက်လုံးပြူးစရာ မြင်ကွင်းကို တွေ့ရ ပါတော့တယ်။ ညဘက်လရောင်မှိန်မှိန်အောက်မှာ မြင်ရတဲ့မြင်ကွင်းကတော့ အိမ်ရှေ့ဝရန်တာ ကွပ်ပျစ်ပေါ်မှာ အသက် (၁၀) နှစ်ကျော်လောက် ကလေးမလေးဟာ ဓါးမတစ်ချောင်းကိုကိုင်ရပ်နေပြီး ခြံစီးရိုးထိပ်မှာတော့ ရဲဘော်ကသေနတ်နဲ့ ချိန်ထားတဲ့မြင်ကွင်းပါ။ ကလေးမလေးကလည်း ကြောက်ကန်ကန်နေပုံရပြီး ရဲဘော်ဟာလည်း အလွန်စိတ်တိုနေပုံရပါတယ်။
သူရောက်တာနဲ့ အိမ်အောက်ကနွားတွေ မောင်းထုတ်ကြောင်း၊ သူ့ကိုလဲ ကျောက်ခဲနဲ့ပေါက်လို့ ခေါင်းမှာ သွေးထွက်နေကြောင်း ရှင်းပြပါတယ်။ ဓါးနဲခုတ်ဖို့ပြင်နေလို့ ပစ်ချင်စိတ်ကို မထိန်းနိင်လောက်အောင် ဖြစ်နေကြောင်းပြောပါတယ်။ ကလေးမလေးကလဲ ကြောက်ကြောက်နဲ့ မထူးဇာတ် ခင်းနေပုံရပါတယ်။ ရဲဘော်ကလည်း စိတ်မထိန်းနိင်ဖြစ်နေတော့ အကြီးအကျယ် ပြသနာတက်နိင်ပါတယ်။
ကလေးမလေးကို ဓါးအောက်ချဖို့ ချော့မော့ပြော ရဲဘော်ကိုလည်း သေနတ်မချိန်ထားဖို့ပြောပြီး ဖြန်ဖြေရပါတယ်။
ကလေးမလေးကို ဓါးအောက်ချဖို့ ချော့မော့ပြော ရဲဘော်ကိုလည်း သေနတ်မချိန်ထားဖို့ပြောပြီး ဖြန်ဖြေရပါတယ်။
“တစ်ယောက်သွားသေလူ၊ နှစ်ယောက်သွားရှင်လူ၊ သုံးယောက်ပေါင်းလောင်းကျော်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရဲဘော်တစ်ယောက်တည်း ဘယ်တော့မှ လွှတ်မထားရ ဆိုတဲ့မူကို မလိုက်နာတဲ့ တပ်စိတ်မှုးကိုပဲ ဖိဆူရပါတော့တယ်။ အဲဒီပြသနာ ပြီးသွားပေမယ့် နောက်ပိုင်းမှာတော့ ဓါးသမားကို သေနတ်သမားက ကြောက်ရတယ်ဆိုတဲ့ စကားဟာ တပ်စုတပ်ခွဲကိုကျော်လို့  စစ်ကြောင်းတစ်ခုလုံး ပြောစမှတ် ဖြစ်ခဲ့ပါတော့တယ်။ ဘာဘဲဖြစ်ဖြစ် နှစ်ဘက်ဒေါသအလျောက် ပြသနာအကြီးအကျယ် တက်တော့မယ့် အန္တရယ်ကနေ ကံကောင်းလို့ ရှောင်ထွက်နိင်ခဲ့တဲ့ ဓါးသမားကို သေနတ်သမားက ကြောက်ရတဲ့ အဖြစ်အပျက်လေးကတော့ ဗိုလ်လေးဘ၀ ကအမှတ်တရ တစ်ခုပါ။ ။
(၁၈)
အငှားလိုက်ဝန်ထမ်းတွေ ရဲ့ ကောင်းမှုကြောင့် တစ်ညလုံးအိပ်ရေးပျက်ခဲ့ရတဲ့ ကျွန်တော့်တို့ တပ်စုဟာ မနက်(၆)နာရီမှာတော့ စစ်ကြောင်းရဲ့ ရှေ့ပြေးတပ်စုတာဝန်ထမ်းဆောင်ဖို့  အသင့်ဖြစ်နေပါပြီ။ မနေ့က ရွှေဂွန်း ကမမောင်း တနေကုန်ချီတက်ပြီး ညဘက်နွားလှည်းရှာလို့ ခနသာမှေးခဲ့ရပေမယ့် တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ ရဲဘော်တွေကိုမြင်ရလို့ ရှေ့ပြေးတပ်စု တာဝန်ထမ်းဆောင်ဖို့စိတ် အေးရပါတယ်။ တပ်စုမှုးရဲ့ အဓိကအလုပ်တစ်ခုကလဲ မိုးလင်းတာနဲ့ ကိုယ့်ရဲဘော်တွေမျက်နှာ အရင်ကြည့်ရတာဖြစ်ပါတယ်။ ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမူတည်ပြီး ထမ်းဆောင်ရမယ့်တာဝန်ကို အောင်မြင်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားရပါတယ်။
တကယ်တော့ ကမမောင်းဂွင်ဟာ ကျွန်တော်တို့ တပ်တွေစိုးမိုးနယ်မြေဖြစ်လို့ ရန်သူ အင်အားကြီးမရှိပါဘူး။ အင်အားကြီးဝင်လာရင်လဲ သတင်းရပါတယ်။ ဒီဂွင်မှာ အနှောင့်အယုက်ပေးမှာကတော့ နယ်ခံ ပြောက်ကျားတွေ ဖြစ်ပါတယ်။ ဒီအိုလို့ ခေါ်တဲ့နယ်ခံတွေဟာ ရွာမှာ ယာတဲမှာ ရွာသားလိုနေပြီး စစ်ကြောင်းချီတက်စဉ်မှာ အမြဲ အနှောင့်အယှက်ပေးပါတယ်။ ချောင်းပစ်နှောင့်ယှက်လောက်ပဲလို့  အထင်သေးရင်တော့ ရှေ့ပြေးတပ်စုက အသက်ပေးရမှာဖြစ်ပါတယ်။ တကယ်တန်း စာရင်းပြုစုကြည့်ရင် ရန်သူ့ အင်အားကြီး တိုက်ပွဲကြီးတွေမှာ ကျဆုံးတာထက် တတိတိနဲ့ ဒီအိုနယ်ခံတွေ ကြောင့် ကျဆုံးတာ ပိုများမယ်ထင်ပါတယ်။ အခြေအနေ ဖန်တီးနိင်ခွင့်ကလဲ ဒီအိုတွေဖက်က အစစအရာရာသာပါတယ်။ ရွာသားအ၀တ်အစားနဲ့ ၀ှက်ထားတဲ့ လက်နက်ခဲယမ်းယူလာပြီး မြေအနေအထားအသာစီး နေရာကနေပစ်ခတ် သေနတ်ဖွက် ထွက်သွားရုံပါဘဲ။ သူတို့ တစ်ယောက်နှစ်ယောက် နှောင့်ယှက်လိုက်တာနဲ့ စစ်ကြောင်းတစ်ခုလုံး အနည်းဆုံး ရည်မှန်းချက်ရောက်ဖို့ အချိန်တော့ အနှောင့်အ ယှက်ဖြစ်ရပါတယ်။
ဒီအန္တရယ်ကိုကာကွယ်ဖို့  ရှေ့ပြေးတပ်စု အရည်အချင်းမှာ အများကြီးမူတည်ပါတယ်။ ရှေ့ပြေးတပ်စုဟာ အပင်ပန်းခံရှင်းလင်းနိုင်ဖို့ အိပ်ရေးဝ အားအင်ပြည့် လန်းဆန်းနေဖို့လိုပါတယ်။ လျင်မြန်ပေါ့ပါးမှုလည်း အရေးကြီးပါတယ်။ ဒီလိုအပ်ချက်တွေနဲ့ တစ်ချက်မှ မကိုက်ညီဘဲ ဒီနေ့ ချီတက်ရမယ့် ကမမောင်း ကတိုင်တိ ခရီးရှည်ကြီးကို ကျွန်တော်တို့  ရှေ့ပြေးတပ်စု ဦးဆောင်ချီတက်ခဲ့ ပါတယ်။ မြေပြန့် ကွင်းပြင် ချုံစပ် ကြံခင်းတွေများတဲ့ နယ်မြေဖြစ်လို့ နောက်က ပင်မတပ်ကြီးနဲ့ လှည်းတွေခရီးတွင်ပေမယ့် ရှေ့ပြေးတပ်စုကတော့ တစ်စုလုံးဖြန့် ချီတက်ရှင်းရတာများလို့ ပိုပင်ပန်းပါတယ်။ ဒီနယ်ခံအဖွဲတွေဟာ ပင်ကိုယ်တိုက်ခိုက်တာ ၀ါသနာပါလို့လား အထက်က ဖိအားပေးညွှန်ကြားထားလို့လား မသိပေမယ့် ဒီလိုဘုရားပွဲလှည့်သလို လေးလံတဲ့ စစ်ကြောင်းကြီးကို လွတ်လွတ်ကျွတ်ကျွတ် ဖြတ်သွားခွင့်ပြုရိုးထုံးစံမရှိလို့ ရှေ့ပြေးတပ်စုဟာ ချီတက်ရာ လမ်းကြောင်းရဲ့ ဘေးဘယ်ညာ လက်နက်ငယ်တစ်ကမ်း တမ်းတိုင်းကို လိုက်ရှင်းနေရပါတယ်။ ကျောင်းသင်ခန်းစာအရ ရှေ့ပြေးတပ်စု သိပ်ပင်ပန်းရင် နောက်တစ်စု လဲလှယ်ပေးရမှာဖြစ်ပေမယ့် ရှေ့တန်းမှာလက်တွေ့  အစဉ်အလာဖြစ်နေတာကတော့ ကံဆိုးကံကောင်း ကိုယ့်တပ်စုအလှည့် ကိုယ်တစ်နေကုန်သွားစံနစ်ကို ကျင့်သုံးနေကြပြီး ဒီစနစ်ကို တပ်စုတပ်ခွဲတိုင်းကလည်း နှစ်သက်လက်ခံ နေကြပါတယ်။
တစ်နေကုန်ချီတက်ခဲ့တဲ့ ကျွန်တော်တို့ စစ်ကြောင်း ဟာ ညနေစောင်းမှာ ကတိုင်တိရောက်ခါနီး ရွာလေးတစ်ရွာကို လှမ်းမြင်ရပါတော့တယ်။ ကျွန်တော်တို့ နဲ့ ရွာကြားမှာ ကျယ်ပြန့် တဲ့ကွင်းပြင်ကြီး ရှိနေပါတယ်။ “ကွင်းတွေ့ ရင်ရှောင်၊ တောင်တွေ့ ရင်ရှင်း” ဆိုပေမယ့် ဒီကွင်းကျယ်ကြိးကို ပတ်ရှောင်နေရင်တော့ ဒီည ရည်မှန်းချက် ရောက်နိင်တော့မှာမဟုတ်ပါ။ အုန်းပင်တွေ ညှို့  ဆိုင်းနေတဲ့ ရွာလေးဟာ ထူးထူးခြားခြား ငြိမ်သက်နေပါတယ်။ ပုံမှန်လှုပ်ရှားသွားလာတာ၊ ပုံမှန်မောင်းထောင်းသံ၊ အော်ဟစ်သီချင်းဆိုသံ၊ ကလေးငိုသံ စတဲ့ရွာတစ်ရွာရဲ့ အချိန်မှန်လုပ်ဆောင်မှုတွေ မတွေ့ ရဘဲ ရွာရဲ့ သဘာဝအနေအထားကို ဆန့် ကျင်ပြီး ငြိမ်သက်နေပြီဆိုရင် အန္တရယ်ရှိနေပြီဆိုတဲ့ လက္ခဏာဆိုတာ အတွေ့အကြုံတွေအရ သိနေကြပါတယ်။ ရှေ့ကိုတက်လာတဲ့ တပ်ခွဲမှုးဟာ မှန်ပြောင်းနဲ့ အသေးစိတ်ကြည့်ပြီး ဘ၀င်မကျဖြစ်နေပုံ ရပါတယ်။ ကတိုင်တိကို စစ်ကြောင်းကြီး တစ်ခုလုံးအချိန်မီ ရောက်ဖို့ နဲ့ ကွင်းကျယ်ကြီးကို ပတ်ရှောင်ဖို့ ၊ ကွင်းကိုဖြတ်ဖို့ ဆုံးဖြတ်ရ ခက်နေပုံရပါတယ်။ ရွာရဲ့အခြေအနေကလည်း ရန်သူအသင့်စောင့်နေပြီ ဆိုတဲ့အနေအထားကို ပြနေပါတယ်။
လုံခြုံမှုထက် လျင်မြန်မှုကို ဦးစားပေးရတော့မှာဖြစ်လို့ တပ်ခွဲမှုးဟာ ရှေ့ပြေးတပ်စု တစ်စုလုံး ကွင်းကိုဖြတ်ဖို့  ဆုံးဖြတ်လိုက်ပါတယ်။ ရန်သူစောင့်နေတာ သေချာသလောက်ဖြစ်ပြီး ရှေ့မှာဘာအကာ အကွယ်မှ မရှိတဲ့ ကွင်းပြင်ထဲဖြတ်ရမှာ နောက်ကျောမလုံတာ မဟုတ်ဘဲ ရင်ဘတ် မလုံသလို ခံစားမိပေမယ့် အထက်အရာရှိ အထင်သေးမှာစိုးစိတ် ၊လက်အောက်စစ်သည်တွေနောက်တွန့် နေမှာ စိုးစိတ်၊ စိတ်နှစ်စိတ်နဲ့ ”ဟန်ကိုယ့်ဖို့ ” ဆိုတဲ့ စကားအတိုင်း အိနြေ္ဒမပျက် ကွင်းပြင်ဖြတ်ဖို့ အစီအစဉ်ကို တပ်စိတ်မှုးတွေနဲ့  ညှိနှိုင်းဆွေးနွေးပြင်ဆင်ရ ပါတော့တယ်။
ဒီဆုံးဖြတ်ချက်ဟာ တပ်ခွဲမှုးတစ်ဦးရဲ့ စစ်မြေပြင်မှာ အမြန်စစ်ရေးသုံးသပ် အမြန်ဆုံးဖြတ်ချက်တွေချဖို့  အရည်အချင်းနဲ့ အသုံးပြုမယ့် စစ်နည်းဗျူဟာ အရေးကြီးပုံကို အမြဲ သတိရနေ စေတဲ့ ဗိုလ်လေးဘ၀က အမှတ်တရ တစ်ခုပါဘဲ။ ။