Quantcast
Viewing all articles
Browse latest Browse all 1811

ဗိုလ်လေးဘဝ အမှတ်တရများ (၈)






မြေစာပင်ဘ၀ နှင့် လူမျိုးကြီးဝါဒ

(၁၉)

ရန်သူ့ လက်နက်ငယ် အပိုင်ပစ်နိင်တဲ့ အကွာအဝေး မရောက်ခင် ကွင်းပြင်ကျယ်ရဲ့ သုံးပုံတစ်ပုံ လောက်အရောက်မှာ ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း ကျည်ကွယ်ကောင်းကောင်းရနိုင်တဲ့ လယ်ကန်သင်းရိုး ရှည်အတိုင်း တပ်စုတစ်စုလုံး ရင်ဘောင်တန်း မှောက်နေရာယူပြီး ရန်သူနေရာယူထားနိင်မယ့် ချောင်း ချောက် လျှို ချုံတန်း တစ်လျှောက်ကို ဖြန့်ပစ်လိုက်တဲ့ သေနတ်သံတွေနဲ့ တဆက်တည်း ရန်သူ့သေနတ်သံတွေ ထွက်ပေါ်လာပြီး နောက်ဖက်ညာဘက်ခြမ်းက တပ်ခွဲမှုးအသင့်ပြင်ဆင်ထားတဲ့ စက်လတ်နဲ့ နှစ်လက်မ စိန်ပြောင်း(၃)လက် ပစ်ခတ်သံပေါက်ကွဲသံတွေ တစ်ပြိုင်တည်း ဆူညံသွားပါတယ်။


တိုက်ပွဲမှာ ပထမဆုံးပစ်တဲ့ ကျည်ဆံမထိရင် နောက်ကျည်ဆံတွေ လွတ်တယ်ဆိုတဲ့ အဆိုအတိုင်း လက်ဦးမှုရဖို့ အရေးကြီးတဲ့အတွက် ရန်သူအပိုင်စောင့်နေရင် အရင်ဆုံး အပိုင်ချိန်မပစ် နိင်အောင်ရယ် ၊ တကယ်ရှိမရှိနဲ့ ရှိခဲ့ရင် လက်ဦးမှုရအောင် ပစ်ရှာရှာလိုက်တာပါ။ ကျွန်တော်တို့တွေးခဲ့တဲ့အတိုင်း လက်ဦးမှုယူပြီး ရုတ်တရက် စုပြုံပစ်ခတ်ခံရတဲ့ သေနတ်သံတွေကြောင့် ရန်သူဟာ သူစောင့်မျှော်နေတဲ့ အပိုင်သတ်ကွင်းထဲ ရောက်တဲ့အထိ မစောင့်နိုင်တော့ဘဲ ချက်ခြင်းတန်ပြန် ပစ်ခတ်လာပါတော့တယ်။ ရှေ့ပြေးတပ်စု တစ်ယောက်နှစ်ယောက်ကို အပိုင်ပစ်ချဖို့ စောင့်နေတဲ့ရန်သူ့အဖွဲ့ ငယ်ဟာ လက်ဦးမှုယူပစ်ခတ်ခွင့်  မရတော့တဲ့အတွက် ကြိုတင် ရွေး ချယ် ထားတဲ့ဆုတ်လမ်း အတိုင်း ဆုတ်ခွာသွားပါတယ်။ ရန်သူမသိ ၊ မိမိမထိ ဖြစ်စဉ် ဖြစ် ပေမယ့် စစ်ကြောင်းရဲ့ ရည်မှန်းချက် မပျက် အချိန်မီ ဆက် ချီတက်နိင်ခဲ့ပါတယ်။

ကတိုင်တိရွာကြီးကတော့ စစ်ဒဏ်ကြောင့်ပြာကျခဲ့ရာက ပြန်တည်ဆောက်နေကြပါတယ်။ ကြားထဲက မြေစာပင်ရွာသားတွေဟာ “မကူညီရင်နေ မနှောင့်ယှက်ရင်တော်ပါပြီလို”့  ရင်းနှီးလာရင်ပြောကြပါတယ်။ ကေအင်ယူဆီကို လူအင်အား ငွေအင်အားကူညီရသလို တပ်ကိုလဲ အထမ်းသမားကူညီရပါတယ်။ ကတိုင်တိရောက်တိုင်း ရင်းနှီးနေတဲ့ အမိုး (အမေကြီး)  ကိုတပ်နဲ့ ကေအင်ယူဘယ်အဖွဲ့ ကြိုက်လဲ မေးရင် ဘယ်အဖွဲ့ မှမကြိုက်ဘူးဘဲ ဖြေပါတယ်။ ရင်းနှီးလို့ ပြောရဲတာပါ။ ရိုးသားပွင့်လင်းတဲ့ ကရင်တောသူပီပီ ကေအင်ယူအမျိုးတွေကိုလဲ  “မင်းတို့ တော်လှန်ရေး ဘယ်တော့ပြီးမှာလဲ” လို့ မေးတတ်ပြီး ကျွန်တော်တို့ ကိုလဲ “ကေအင်ယူမရှိအောင် ဘယ်တော့လုပ်နိင်မှာလဲ"မေးတတ်ပါတယ်။ အခုလဲ ကေအင်ယူလာတိုက်လို့  ပြာကျကုန်တဲ့ အိမ်တွေပြန်ဆောက်နေတုံး စစ်ကြောင်းဝင်လာလို့ ဝန်ထမ်း (ပေါ်တာ) လိုက်ဖို့ ပြင်ကြရတဲ့အတွက် ဗူးလေးရာဖရုံဆင့်ခံနေရသလိုဖြစ် နေပါတယ်။

အထမ်းသမားမလိုဘဲ ရောက်တဲ့ နေရာကို ရိက္ခာကျည်ဆံ လိုက်ချပေးနိင်တဲ့ စစ်တပ်မျိုးဆိုရင်တော့ အလိုလို စည်းရုံးပြီးသားဖြစ်မှာဘဲလို့ တွေးမိပါတယ်။ စစ်ဘေးဒဏ်ခံ ရွာလူထု သဘောထား အမှန်ကတော့ သူတို့ရဲ့ ဘ၀ရပ်တည်ရေး ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ အဖွဲ့ နှစ်ဖွဲ့ စလုံးကို အလိုမရှိတာ အမှန်ပါပဲ။

ရွာရောက်တိုင်း နောက်ပြောင်နေကြအတိုင်း “အမိုး ချောအို့ ရာ(အမိုးကြက်ရှိလား)” လို့ နူက်ဆက်ရင် ကရင်ဒုံးယိမ်း သီချင်းအလိုက်အတိုင်း “မော်ကျော်လာလဲ တစ်ကောင်ပေး၊ ကော်သူ လေးလာလဲ တစ်ကောင်ပေး ချောတအို့ပါဖိုးခွားရေ (စစ်တပ်လာလဲတစ်ကောင်ပေး ကေအင်ယူလာလဲ တစ်ကောင်ပေးရလို့ ကြက်မရှိတော့ဘူးသားရေ) လို့ နောက်ပြောင်ပြီး ကြက်ပေးနေကြ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ အမိုးဟာ ဒီတစ်ခေါက်တော့ ပြန်လဲမနောက်နိင် ကြက်လဲမပေးနိင်တော့ပါဘူး။ တော်တော်ကို စိတ်ပျက်လက်ပျက် ဖြစ်နေပုံရပါတယ်။ ခါတိုင်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့အမိုးဟာ တိတ်ဆိတ်နေလို့ 
ကျွန်တော်တို့ တပ်စုရုံးအဖွဲ့လဲ အရင်လိုမနောက် ပြောင်နိုင်တော့ဘဲ အားပေးစကားပြောလို့ တတ်နိင်သမျှ နို့ဆီသကြား လက်ဆောင်ပေးပြီး စောစော အိပ်ယာဝင်ခဲ့ပါတော့တယ်။

အိပ်ယာဝင်ခဲ့ပေမယ့် တိုက်ပွဲကာလ (၅) ရက်အတွင်း အသက်လုပုန်းရှောင်ခဲ့ရပြီး တိုက်ပွဲပြီးလို့ အိမ်ပြာကျ နေတဲ့ အဖြစ်နဲ့ ရင်ဆို့ နေရတဲ့အမိုးရဲ့ မျက်နှာသာမြင်ယောင်နေမိတယ်။ ဒီ စိတ်ထိခိုက်စရာ အဖြစ်အပျက် ကတော့ စစ်ဒဏ်ခံမြေစာပင် ရွာလူထုတွေ ဒုက္ခကိုမမေ့နိင်တော့တဲ့ ဗိုလ်လေး ဘ၀ ကအမှတ်တရ တစ်ခုပါဘဲ။

(၂၀)

မုန်တိုင်းပြီးလို့ လေပြေလေညှင်းလာတာလား ၊မုန်တိုင်းလာဖို့ လေငြိမ်တာလား မသိပေမယ့် စစ်ဆင်ရေး စ၀င်ကတည်းက (၅) လကျော်မရပ်မနား လှုပ်ရှားသွားခဲ့ရတဲ့ ကျွန်တော်တို့ စစ်ကြောင်း ဟာ ကတိုင်တိ ကနေ ဖာပွန်ခရီးရှည်ကြီးကိုဆင်စွယ် ကူးဆိပ် လမ်းကြောင်းအတိုင်း နှစ်ရက်ခရီးပြင်း ချီတက်ရောက်ရှိခဲ့ပြီး နောက်မှာတော့တော်တော်လေး သက်သာလာခဲ့ပါတယ်။ ဖာပွန် ကူးဆိပ် နယ် မြေအတွင်းစစ်ကြောင်း အစီအစဉ်အတိုင်း လှုပ်ရှားရလို့ အလေးအပင်တွေနဲ့ ခရီးရှည် ချီိ တက် ရတဲ့ဒုက္ခက ကင်းလွတ်နေပါတယ်။

ဖာပွန်နဲ့ ကူးဆိပ်ကြားဖာပွန်အနီးက ဝေမှုံ ဝေစန်ရှမ်းရွာ လေးနှစ်ရွာမှာ စစ်ကြောင်းအခြေပြုတာများပြီး တပ်ခွဲတပ်စုတွေဖြန့် ခွဲရှင်းလင်းကြလို့ သက်တောင့်သက်သာရှိပါတယ်။ ဝေစန်ရွာက ကားလမ်းနဲ့  ယွန်းစလင်းချောင်းကြားမှာရှိပြီး ဝေမှုံရွာကတော့ ကားလမ်းဘေးမှာရှိပါတယ်။ ရှမ်းစကားပြောတဲ့ ရှမ်းလူမျိုး ရှမ်းရွာလေးတွေဖြစ်ပြီး ကေအင်ယူ ကမကြာ ခန မီးလာ ရှို့ တတ် လို့ အိမ်ကြီးအိမ်ကောင်း တစ်လုံးမှမရှိတဲ့ တဲအိမ်လေးတွေပါ။

ဖာပွန်မြို့ အနီးမှာ ရှမ်းရွာ၊ ကယားရွာတွေ ထူးထူးခြားခြားတွေ့ ရပါတယ်။ ဖာပွန်မှာလေယာဉ် ဆင်းမယ့်နေ့ ဆို လုံခြုံရေးယူရင်း ဖာပွန်နား ကယား၇ွာ (ကရင်နီ) ရွာ လေးကိုအမြဲရောက် ပါတယ်။ ကရင်ပြည်နယ် အတွင်း ကရင်လက်နက်ကိုင်တွေ ကြီးစိုးရာ နယ်မြေဖြစ်လို့  ရှမ်းကယားရွာ လေးတွေ ပိုအားငယ်ကြရ တာတော့ အမှန်ပါ။ အင်္ဂလိပ်ခေတ်ကပြုစုခဲ့တဲ့ စစ်သုံးမြေပုံတွေမှာပါတဲ့ ရွာတွေဖြစ်လို့  အင်္ဂလိပ်ခေတ်မတိုင်မီ ရှေးအစဉ်အဆက်ကတည်းက နေလာကြတာသိသာပါတယ်။ ဗမာတွေက လူမျိုးကြီးလုပ်ပြီး တိုင်းရင်းသား တွေကို အနိင်ကျင့် နေတယ်လို့ အော်နေကြပေမယ့် ကရင်ပြည်နယ်မှာတော့ ကေအင်ယူက ရှမ်းကယားရွာတွေကို ပိုဒုက္ခပေးတာ အမှန်ပါ။ ကျွန်တော်တို့ တပ်ကိုဗမာစစ်တပ်လို့ ခေါ်နေကြ ပေမယ့် တကယ်တော့ လူမျိုးစုံပါပါတယ်။ ကတိုင်တိ တိုက်ပွဲတိုက်ခဲ့တဲ့ ခမရ (၇) တပ်ရင်းမှုး က ဗိုလ်မှုးကြီး အယ်လ်ဇော်ဘွန်း (ကချင်လူမျိုး) ဖြစ်ပြီး ခမရ (၉) ခေတ္တတပ်ရင်းမှုးက ဗိုလ်မှုးစောဘိုးသာ (ကရင်လူမျိုး) ပါ။ ကျွန်တော့်တပ်စုမှာလဲ တပ်စုတပ်ကြပ်ကြိးက ကယားလူမျိုးပါ။

ပြည်နယ်ပြည်မ စိတ်ဝမ်းကွဲမှုတွေဟာ ကိုလိုနီ နယ်ချဲ့ ကြောင့် လို့  အော်နေကြပေမယ့် တကယ်တော့ ကျွန်တော်တို့ အားနည်းချက်တွေ အများကြီး ပါပါတယ်။ တိုက်ရင်းစည်းရုံး စည်းရုံးရင်းတိုက် လို့ ဆောင်ပုဒ်ရှိပေမယ့် တိုက်ပွဲဖြစ်ဖို့ ရန် သူ့  အလောင်းလက်နက်ရဖို့ ကိုသာ အထက်အဆင့် ဆင့်က ဦးစားပေးကြလို့ စည်းရုံးရေး ကျဆင်းရပါတယ်။ အုပ်ချုပ်ထောက်ပံ့မှုညံ့တဲ့ အားနည်းချက်ကလဲ ပို ဆိုးစေပါတယ်။ အမှားအယွင်းတစ်ခု ဖြစ်တာနဲ့ ဗမာစစ်တပ် ဆိုပြီးပိုစိတ်ဝမ်းကွဲ စေပါတော့တယ် ။ ကေအင်ယူ ဟာ ကရင်လူမျိုး အခြေခံဖွဲ့ပြီး ရွာလူထုနဲ့ အမျိုးအနွယ် တဆက်တည်း ဖြစ်လို့ အပြတ်တိုက်ဖို့ မလွယ် သလို အစိုးရတပ်ကိုလဲ ကေအင်ယူက ပြတ်အောင် တိုက်ဖို့ ပိုခက်ပါတယ်။ နှစ်ဘက် နားလည်မှု မရသရွေ့ ဘိုးဘွားစဉ်ဆက် တိုက်ကြရမယ့် အခြေအနေပါပဲ။


တကယ်တော့ လူမျိုးရေးဆိုတာထက် နှစ်ဘက်အထက်လူကြီးတွေ ရဲ့  မာန နဲ့ မယုံကြည်မှု တွေက ပိုနေမယ်ထင်ပါတယ်။ အောက်ခြေမှာတော့ လူမျိုးမတူတဲ့ရွာတွေ ရင်းရင်းနှီးနှီးနေကြတာ တွေ့ ရပါတယ်။ ဖာပွန်မြို့ အနီးကွက်ကွက်လေးမှာ ရှမ်း ကရင် ကယား ရွာတွေ နီးနီးကပ်ကပ် ရှေးနှစ်ပေါင်း များစွာကတည်းက ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် အတူတကွနေထိုင်ခဲ့ပုံနဲ့ ရှမ်းကယားရွာလေးတွေပြန့် ကျဲရောက်ရှိလာပုံကို သမိုင်း ပညာရှင်တွေ စိတ်ဝင်စားစရာ သုတေ သန ပြုသင့်တယ် လို့ တွေးမိပါတယ်။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>