စိတ်ကူးယဉ်ဆန်တဲ့ ဖြစ်ရပ်မှန် နှင့် အငိုက်(၃) ငိုက်
(၂၃)
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို ဖေဖော်ဝါရီလ ကတိုင်တိတိုက်ပွဲမှာ ရေငတ်ခဲ့တဲ့ ပူပူနွေးနွေးသင်ခန်းစာ ကို မမေ့သေးတဲ့ ကျွန်တော်တို့ စစ်ကြောင်းက စစ်သည်အားလုံးဟာ ဘယ်သူမှ ညွှန်ကြားစရာ မလိုဘဲ ပလပ်စတစ် ရေဗူးတွေ ၀ါးဆစ်ဗူးတွေနဲ့ ရေကိုသယ်နိင်သလောက် သယ်ဖို့ ပြင်ကြပါတယ်။ ရဲဘော်တစ်ဦးချင်း ကျောပိုး အိပ်ကိုယ်စီမှာ ၀ါးဆစ်ဗူး (၂) ဗူး စီ ရေအပြည့် ထည့်ကြပါ တယ်။ ကူးဆိပ်ရွာကနေ တနေကုန် ခရီးတလျှောက် ချောင်းတွေမှာ ရေလုံးဝမရှိဘဲ ဆင်စွယ် စခန်း အနီးရောက် မှ ရေရနိုင်မှာဖြစ်ပါတယ်။
ရန်သူကလည်း ရေရှိတဲ့ နေ ရာမရောက်ခင် ကြို ပိတ်ဆို့ ထားမှာ သေချာနေပါတယ်။ သင်္ကြန်အကြိုနေ့မနက် ဝေလီဝေလင်းမှာ ဆင်စွယ်စခန်း စအတိုက်ခံရတာနဲ့ စခန်းနဲ့ အ နီး ဆုံး ရှိ နေတဲ့ ခမရ(၈) စစ်ကြောင်း(၂) ဟာစခန်းရဲ့ တောင်ဘက်ခြမ်း ကတိုင်တိရွာဘက်ကနေ စစ်ကူ ချီတက်ခဲ့တဲ့ ဆင်စွယ်စခန်းမရောက်ခင် (၃) မိုင်လောက် အလိုမှာ အသင့်စောင့်ကြိုနေတဲ့  ရန်သူနဲ့ စတင်တိုက်ပွဲဖြစ်နေပြီလို့ သိရပါတယ်။ ကျွန်တော်တို့ စစ်ကြောင်းကတော့ ဆင်စွယ်စခန်းရဲ့ မြောက်ဘက်ကူးဆိပ်ကနေ ချီတက်ရမှာဖြစ်လို့ အမြန်ဆုံးနှုံးနဲ့ ချီတက်ရင်တောင် တစ်ရက်ခွဲလောက် သွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ကို ရန်သူစောင့်ကြိုတိုက်ခိုက်မယ့် နေရာဟာ ဆင်စွယ်စခန်းရဲ့  မြောက်ဘက် ခွေးသေချောင်း မရောက်ခင် နေရာဖြစ်မယ်လို့ ခန့် မှန်းထားကြပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပြီးကူးဆိပ်က ထွက်လို့ မကြာခင် မှာဘဲ မမျော်လင့်ထားတဲ့နေရာမှာ အသင့်စောင့် ကြို နေတဲ့ ရန်သူနဲ့ စ တွေ့ ပါတော့တယ်။ တိုက်မယ့်စခန်းရဲ့ ပတ်လည်စစ်ကူစစ်ကြောင်းတွေကို အသင့် စောင့်တိုက်လေ့ရှိတဲ့ ရန်သူဟာ ဒီတခါတော့ စခန်းနဲ့ အဝေးကြီးကနေ လာပိတ်ဆို့ ထားပြန်ပါ တယ်။ ကျွန်းတော ကြီးတွေ ထဲမှာ ဖြစ်ပြီး အောက်ခြေ၀ါးရုံတွေ လည်းရှိနေလို့ မြင်ကွင်းကတော့ သိပ်မကောင်းပါဘူး။
ရှေ့ ပြေးတပ်ခွဲ တပ်စု နဲ့ စတင်ပစ်ခတ်မှုဖြစ်တာနဲ့ တပြိုင်တည်း စစ်ကြောင်းဝန်ထမ်းထိန်းတာဝန်ယူ လိုက်လာတဲ့  ကျွန်တော်တို့ တပ်စုဟာ ၀န်ထမ်းတွေတရုန်းရုန်းနဲ့ စုပြုံနေတာကို နီးစပ်ရာ အကာအကွယ် တွေမှာ အမြန်ဖြန့်ခွဲ နေရာပေးပြီး စစ်သည်ဝန်ထမ်းအားလုံး ရရာပေါက်ပြား ဓါးပုဂံပြားတွေနဲ့ ၀ပ်ကျင်းတွေကိုယ်စီ တူးကြပါ တယ်။ ရှေ့ကတပ်ခွဲတပ်စုတွေဟာ လက်နက်ငယ်လောက်ပဲ စိုးရိမ်စရာရှိပြီး အလယ်စစ်ကြောင်းနဲ့  ၀န်ထမ်းအဖွဲ့ တွေကတော့ရန်သူ့ လက်နက်ကြီးဒဏ်ခံရတဲ့ အဓိကပစ်မှတ်တွေ ဖြစ်တယ်ဆိုတာ သိထားကြလို့ စစ်ကြောင်းရုံးဝန်ထမ်းတွေ နဲ့ လုံခြုံရေး တပ်စုဟာ ဘယ်သူ့ အမိန့်မှ မစောင့်ဘဲ ရရာပစ္စည်းနဲ့ အမြန်ဆုံး မှောက်ကျင်းတစ်ခု စီရအောင် တူးကြပါတယ်။
မကြာခင်မှာဘဲ ရန်သူ့ (၈၂) မီလီမီတာ စိန်ပြောင်းဗုံးသီးတွေ ရှေ့ကြိုကျနောက်ကျော် ကျနေရာကနေ တဖြည်းဖြည်းနဲ့ အလယ်စစ်ကြောင်းနေရာကို စုပြုံကျ လာပါတော့တယ်။ ကံကောင်းတာကတော့ အားလုံးနီးပါး မှောက်ကျင်းရအောင် တူးပြီးချိန် လောက်ဖြစ်ပါတယ်။ (၈၂) မမ ဗုံးသီးတွေ လေထဲတိုးဖြတ်လာတဲ့ တရှဲရှဲအသံ ခေါင်းပေါ်ကမကျော်မချင်း မှောက်ကျင်းတွေမှာ ပြားပြားဝပ်ကြရပါတယ်။ ခေါင်းပေါ်က ကျော်သွားသံကြားလို့ လွတ်ပြီထင်တုံး နောက်ထပ် တရှဲရှဲအသံတွေ ဖြတ်လာပြန်ပြီး အနားရောက်မှ အသံပျောက် သွားရင်တော့ သေချာပေါက် အနီးအနားမှာ ကျပြီး ပေါက်ကွဲပါတော့တယ်။ လက်နက်ကြီး ဗုံးသီးပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု များစေသလို ပေါက်ကွဲသံတွေကလည်း လူကိုပိုပြီးထိတ်လန့်စေပါတယ်။
စံနစ်တကျ ပစ်ခတ်နေတဲ့ရန်သူ့ လက်နက်ကြီး (၈၂) မမဗုံးသီတွေဟာ ဗုံးသီးကျတဲ့ နေရာ တ၀ိုက် ဆယ်ပေပတ်လည်အချင်းလောက် မြေအပြောင်မွရှင်းသွားပြီး ဘေးပတ်လည်ကို ဗုံးသီးစတွေ ဖြာထွက်စေတာ ဖြစ်ပါတယ်။ ဒီ (၈၂) မမ ဗုံးသီးပေါက်ကွဲမှုဟာ ကျတဲ့နေရာမှာ ကျင်းအဖြစ်ဝင်သွားပြီး ပေါ်ထောင်ပြန့်ကွဲတာမဟုတ်ဘဲ ဆယ်ပေပတ်လည်လောက် မြေမှုံ့မှုံ့ကြေပြီး အပေါ်ယံဘေး တိုက်ရှပ်ဖြာထွက် ပေါက်ကွဲတာဖြစ်လို့ မှောက်ကျင်းလောက်မှ မရှိရင်တော့ လွတ်လမ်းမရှိသလောက်ပါပဲ။ ဆယ်မိနစ်လောက် ကို တစ်ကမ္ဘာလောက် ကြာတယ်ထင်ရအောင် (၈၂) မမ ဗုံးသီးတွေစုပြုံ ပစ်တာခံရပြီး ဗုံးသီး ကျတာကျဲ သွားချိန် လိုက်ကြည့် တဲ့အခါ၊ မှောက်ကျင်းတစ်ကျင်းထဲ နှစ်ယောက်ထပ်ပြီး ၀ပ်နေတဲ့ ၀န်ထမ်း နှစ်ယောက်မှာ တိုက်ပွဲ အတွေ့ အကြုံရှိလို့ အပေါ်က ထပ်ဝပ်ပေးထားတဲ့  ၀န်ထမ်းက ဘာမှ ထိခိုက် ဒဏ် ရာရတာမရှိဘဲ ကြောက်လို့  အောက်မှာ ပြားပြား ၀ပ်နေတဲ့ ၀န်ထမ်းရဲ့ ခြေသလုံးကို ဗုံးသီးစ အကြီးအကျယ် ဖြတ်ဝင်သွားတာ ထူးထူး ဆန်းဆန်း တွေ့ရပါတော့တယ်။ တကယ့်အဖြစ်မှန်တွေဟာ တခါတလေစိတ်ကူးယဉ် ၀တ္ထုထက် ဆန်းကျယ်တယ်ဆိုတာ တယ်မှန်ပါလားလို့ တွေးမိရင်း ကျွန်တော်တို့ မှောက်ကျင်း အနီးမှာ ကပ်ကျ နေတဲ့ (၈၂) မမ ဗုံးသီးဖြူဖြူကြီး တစ်လုံး မကွဲဘဲ ရှိနေတာလည်း မယုံနိင် လောက်အောင် အံ့သြရလို့ မမေ့နိင်တဲ့ အမှတ်တရ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတော့တယ်။ ။
(၂၄)
စစ်ခံတစ်ရာ စစ်လာတစ်ထောင်၊ တိုက်စစ်မှာ အင်အား ခံစစ်မှာမြေအနေအထား ဆိုတဲ့ ဆိုရိုးတွေ အတိုင်း ခံစစ်ဆင်သူအတွက် မြေအနေအထားကို စိတ်ကြိုက်ရွေး ချယ်ပြီး စိတ်ဓါတ်ကြံ ကြံ့ ခိုင်ခိုင်နဲ့ မိမိထက် အင်အားဆယ်ဆသာလွန်တဲ့ တိုက်စစ်ဆင်လာတဲ့သူကို ချေမှုန်းနိင်ပါတယ်။ စစ်ကူလိုက်တဲ့ စစ်ကြောင်းကို ပိတ်ဆို့ တားဆီးတဲ့ ကေအင်ယူဟာ မြေအနေအထား စိတ်ကြိုက်ရွေးချယ် ခံစစ်ဆင်တာဖြစ်လို့ သူ့ထက် အင်အား (လူ၊လက်နက်) အင်အားအသာစီးနဲ့  တိုက် စစ် ဆင်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့ စစ်ကူ စစ်ကြောင်းဟာ ရန်သူထက် အင်အားသာလွန်မှု မရှိပါဘူး။ (အဲဒီကာလက လက်နက်အင်အားမှာ ကေအင်ယူက ပိုသာတယ်လို့ ပြောရမှာပါ။ ကေအင်ယူက 40mm ဗုံးသီးစိတ်ကြိုက် သုံးနိုင်ပြီး တစ်ချက်ပစ် လောလောင်ချာ 57mm တိုက်ရိုက် ပစ်လက်နက်ကြီး တွေသုံးနေချိန်မှာ ကျွန်တော်တို့ မှာ အနီးကပ် တိုက်ရိုက်အဖြောင့်ပစ် လက်နက်ကြီးမရှိပါ။ ဆက်သွယ်ရေးစက်က အစ ကေအင်ယူက အိုင်ကွန်စကားပြောစက်လေးတွေ ကိုင်နေချိန်မှာ ကျွန်တော်တို့ မကိုင်နိင်သေးပါဘူး။)
အခု ပိတ်ဆို့ ရေးအဖွဲ့ ဟာ အဝေးကြီး လာပိတ်ဆို့ ထားတာဖြစ်တဲ့ အတွက် စခန်းပတ်လည် ဘယ်လိုမှ ပိတ်ထားနိင်မှာ မဟုတ်ဘဲ တစ်ကြောင်းထိုး ရင်ဘောင်တန်း စစ်နံပါးပါး နဲ့ ဒုမရှိဘဲပိတ်ဆို့  ထားတာဖြစ်လို့  အစွန်ဆုံး စစ်နံတစ်ဘက်ဘက်ကို ၀င်ဆောင့်ဖို့ ကြိုး စားရ မှာဖြစ်ပါတယ်။ ကေအင်ယူရဲ့  အလေ့အထဟာ လှုပ်ရှား စစ်ကြောင်းကို စောင့်တိုက်ရင် ဒုမရှိဘဲ စစ်မျက်နှာအရှည်ကြီး ရင်ဘောင်တန်းတစ်ကြောင်းထိုး မိုင်ချီပိတ်ဆို့ ထားတတ်လို့  ရှေ့ တည့်တည့်က ဖောက်ဖို့အလွန်ခက်ပါတယ်။ ဘယ်ဘက်ခြမ်းက ယွန်းစလင်းချောင်း နဲ့ ကေအင်ယူစိုးမိုး နယ်မြေဖြစ်လို့  ညာဘက်အစွန်ကို ပတ်ဖို့ စစ်ကြောင်းမှုးရဲ့  အမိန့် အတိုင်း ညာဘက် တောင်ကြောတွေကို ပတ်ပြီး တစ်ညလုံးချီတက်ရပါ တော့တယ်။
ညအမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့  အရပ်မျက်နှာ ထိန်းရခက်တဲ့အပြင် တောတိုးသွားရလို့ ရှေ့ပြေး တပ်စု အတွက် ခရီးမတွင်သလို အလယ်က ၀န်ထမ်းတွေ ဒဏ်ရာရသူတွေနဲ့ ကလည်း မီးမထွန်းဖို့  လူကွဲမ ကျန်ဖို့  အိပ်ပျော်မကျန်ဖို့ တာဝန်ရှိသူအဆင့်ဆင့် စိတ်မောရပါတယ်။ အထမ်းသမားဝန်ထမ်းကနေ စစ်ကြောင်းမှုးအထိ အားလုံး သောကကိုယ်စီနဲ့ ပါ။ စစ်ကြောင်းမှုးကတော့ တာဝန်အကြီးဆုံးနဲ့  စိတ်အပင်ပန်းဆုံးပါ။ ဆင်စွယ်စခန်း ကို အမြန်ဆုံးမပူး ပေါင်းနိင်သ၍ အထက်ဌာနအဆင့်ဆင့်က စာတို ကြေးနန်း RT နည်းမျိုးစုံနဲ့  ဖိအားပေးတာ ခံရသလို မြေပြင်မှာလည်း အောင်မြင်အောင်လုပ်ဖို့  နည်းလမ်းတွေ စဉ်းစားရပါတယ်။ သူ့ ဆုံးဖြတ်ချက် မှား တာနဲ့ အားလုံး ဒုက္ခရောက်သွားနိင်ပါတယ်။
စစ်ကြောင်းမှုးဆုံးဖြတ်ချက် ကောင်းပေမယ့် တပ်ခွဲမှုးတပ်စုမှုးတွေ လက်တွေ့ မလုပ် နိင်ရင်လည်း မအောင်မြင်သလို တကယ်လုပ်ကြရတဲ့ စစ်သည်အဆင့်ဆင့်ကလည်း အရေးကြီးပြန်ပါတယ်။ တကယ်တော့ တိုက်ပွဲဖြစ်တော့မယ်ဆိုတာနဲ့ မဖြစ်ခင် အုပ်ချုပ်မှုပြသနာတွေ ပင်ပန်းဆင်းရဲမှုတွေက အရင်ရှေ့ ပြေး ရောက်လာတာပါဘဲ။ အထက်အောက်အဆင့်ဆင့် အပြန်အလှန် ယုံကြည်မှုကို ကြိုတင်တည်ဆောက် ထားနိင်မှ နိင်အောင် တိုက်နိင်မှာဖြစ်ပါတယ်။
တစ်ညလုံး အမှောင်ထဲမှာ တရွေ့ ရွေ့ ချီတက်နေတဲ့  ကျွန်တော်တို့ စစ်ကြောင်းဟာ မနက် အလင်းရောင် လာချိန်မှာ ညာဘက်ကို တော်တော်ခရီးပေါက်ခဲ့ပြီဖြစ်လို့ ဆင်စွယ်စခန်းဘက် ထိုးဆင်းဖို့  စစ်ကြောင်းးမှုး တပ်ခွဲမှုးတွေ မြေပုံချပြီး ခေါင်းချင်းဆိုင် လမ်းကြောင်းရွေးကြပါတယ်။ စစ်ကူစစ် ကြောင်းရဲ့ သဘာဝအတိုင်း ထမင်းချက်ချိန် အိပ်ချိန်မပေးနိင်လို့  လူကြီးတွေ ခေါင်းချင်းဆိုင် နေချိန် မှာ ရောက်ရာနေရာမှာ ပါလာတဲ့ ထမင်းခြောက် ၀ါးပြီးရေနဲ့ မျောချလို့  ရသမျှအချိန်လေးအတွင်း မှေး ကြရပါတယ်။
စစ်ကြောင်းမှုး တပ်ခွဲမှုး တွေကတော့ စားဖို့ မှေးဖို့  မစဉ်းစားနိင်ဘဲ တပ်ခွဲတပ်စုလိုက် ဒီနေ့ လုပ်မယ့် အစီအစဉ်တာဝန်တွေ ခွဲဝေပြီးတာနဲ့  ဆက်ချီတက်ကြရပါတယ်။ အရပ်သားရဲ့ အလုပ်ဟာ တိုက်ပွဲနဲ့ ဝေးရာကို ပြေးရမှာဖြစ်ပြီး စစ်သားရဲ့ အလုပ်ဟာ တိုက်ပွဲရှိရာကိုပြေးဖို့ ဆိုတဲ့ စစ်ကြောင်းမှုး ရဲ့ သြ၀ါဒအတိုင်း ကျွန်တော်တို့ တပ်စုဟာ စစ်ကြောင်းရဲ့  ရှေ့ ပြေးတပ်စု အလှည့်ကျတာဝန်နဲ့ ဆင်စွယ်စခန်းဘက်က တိုက် ပွဲ သံကြားရာဆီ ဦးတည်ပြီး စစ်ကြောင်းကို ဦးဆောင်ချီတက်ခဲ့ပါတော့တယ်။ ။
(၂၅)
ကမမောင်း၊ ကတိုင်တိ၊ ဆင်စွယ်၊ ကူးဆိပ်၊ ဖာပွန် မြေအနေအထားဟာ အကြမ်းဖျင်း ကမမောင်းဘက်မှာ မြေပြန့် များပြီး မြောက်ဘက်ကို တဖြေးဖြေး တောင်ကုန်းတောင်တန်း ထူလာတာဖြစ်လို့  ကတိုင်တိ ဆင်စွယ်ဘက်မှာ တောင်ကုန်းငယ်တွေ များပါတယ်။ ကျွန်တော်တို့ စစ်ကြောင်းက မြောက်ဘက်က ဆင်းလာတာဖြစ်လို့  ဆင်စွယ်ဘက်နီးလေ တောင်ကုန်းငယ်လေးတွေ ပိုကျော်ဖြတ်ရလေ ဖြစ်ပါတယ်။ ချီစစ်မှာ လျင်မြန်မှုလိုရင် လုံခြုံမှုထိခိုက်ရပြီး လုံခြုံမှု ဦးစားပေးရင်တော့ လျင်မြန်မှု နှေးကွေးမှာဖြစ်ပါတယ်။ စစ်ကူစစ်ကြောင်းရဲ့ သဘာဝကတော့ လျင်မြန်မှုအရေးကြီးတဲ့အတွက် လုံခြုံမှု အားနည်းတတ်ပါတယ်။ စစ်ကူ လိုအပ်တဲ့ နေရာကို အချိန်မီရောက်ဖို့ အရေးကြီးလို့  မသင်္ကာ ဖွယ်နေရာတိုင်းကို မရှင်းနိင်တော့ဘဲ အပူတပြင်း ချီတက်ရတာဖြစ်ပါတယ်။ အလေးအပင်တွေနဲ့ ဒဏ်ရာရသူတွေကို တပ်စုတစ်စုနဲ့ နောက်မှာဖြေးဖြေး လိုက်ဖို့ ထားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး အလျင်အမြန်ချီတက်ကြလို့ ညနေ စောင်း လောက်မှာ တော်တော် ခရီးပေါက်ခဲ့ပြီဖြစ်ပါတယ်။
အသေးစိတ်ရှင်းဖို့ အချိန်မပေးနိင်တာကြောင့် ရှေ့ပြေးတပ်စုအတွက် အန္တရာယ်ကြီးပါတယ်။ နေရာတိုင်းလိုလို စောင့်ကြိုတိုက်နိင်တဲ့ မြေအနေအထားတွေများလို့ တစ်ယောက်နှစ်ယောက်တည်း တပ်စိတ်တစ်စိတ်တည်း ကျွံဝင်မသွားဖို့ အထူးဂရုစိုက်ရပါတယ်။ ရှေ့ပစ်အား များများရနိင်ဖို့  မြေအခြေအနေပေးသလောက် တပ်ဖြန့်နိင်သလောက်ဖြန့်ပြီး အလစ်အငိုက်ကျွံမိရင် ချက်ခြင်းဆွဲထုတ်နိင်ဖို့ အချိန်တိုင်း နေရာတိုင်း ခေါင်းပူအောင် စဉ်းစား နေရပါတယ်။ တစ်ခါတလေ အမြတ်ရဖို့ မလွယ်တဲ့ ခံစစ်စခန်းကို တိုက်ယောင်ပြပြီး ခြေကုတ်မရှိဘဲ ချီတက်လာတဲ့ စစ်ကူစစ် ကြောင်းကို အပိုင်စောင့်ချေမှုန်းတတ်တဲ့ ကေအင်ယူရဲ့ အလေ့အထကြောင့် တစ်ချက်မှ သတိပေါ့ဆလို့  မရပါဘူး။ အထူးသဖြင့် ရှေ့ ပြေးတပ်စိတ် တစ်စိတ်လုံး ကျွံဝင်ပြီး ပြန်ဆွဲထုတ်မရတော့တဲ့ သင်ခန်းစာတွေ ရှိနေပါတယ်။
အထက်ဌာနကြီးတွေ လိုလားချက်ကတော့ ခံစစ်စခန်းမကျရေးဟာ အဓိကဖြစ်လို့  စစ်ကူရှေ့ ပြေးတပ်စိတ် တပ်စုရဲ့  အန္တရယ်ထက် စခန်းကို အမြန်ပူးပေါင်းနိင်ဖို့ သာအရေးကြီးပါတယ်။
ငယ်ငယ်တုံးက ကြည့်ဖူးတဲ့ စစ်ရုပ်ရှင်ကားတွေမှာတော့ စခန်းကျခါနီး စစ်ကူတွေ ချီတက်လာရင် လက်ခုပ်လက်ဝါးတီးပြီး ပျော်ခဲ့ရပေမယ့် လက်တွေ့ စစ်မြေပြင်မှာတော့ ရန်သူက စစ်ကူစစ်ကြောင်းကို အပိုင်ပိတ်ဆို့ ထားမှာဖြစ်လို့  အတိုက်ခံရတဲ့ မိမိခံစစ်စခန်းကို ရောက်ဖို့ အလွန်ခက်ပါတယ်။ ရှေ့ပြေးတပ်စု တပ်စိတ်ပွိုင့်ပြေးတယ်လို့  အလွယ်တကူ ခေါ်ကြပေမယ့် ပြေးလွှားတာထက် မျက်စိရှင်ရှင်နားလျင်လျင်နဲ့  လက်ဦးမှုရအောင် ပင်မစစ်ကြောင်း အလစ်အငိုက်မခံရအောင် နှေးသင့်တဲ့ နေရာနှေး မြန်သင့်တဲ့နေရာမြန် ရပ်ပြီးအခြေအနေစောင့်ကြည့်တဲ့အခါကြည့်နဲ့  တပ်စုတစ်စုလုံး အာရုံအပြည့်နှစ်ပြီး ရှင်းလင်းချီတက်ရတာ ဖြစ်ပါတယ်။
ဆင်စွယ်စခန်း တိုက်ပွဲလက်နက်ကြီးသံတွေနဲ့  ပိုနီးလာလို့  စခန်းတောင်ဘက် (၃) မိုင်လောက်မှာ တိုက်ပွဲဖြစ်နေတဲ့ ခမရ (၈) စစ်ကြောင်း (၂) ဘက်က တိုက်ပွဲသံတွေပါ ကြားနေရပြီဖြစ်ပါတယ်။ ညနေနေ၀င်ခါနီး အချိန်ရောက်လာလို့ တနေကုန်ပင်ပန်းခဲ့ရတာနဲ့အမျှ ခြေကုန်လက်ပန်း ကျနေကြပြီ ဖြစ်ပါတယ်။ အချိန်အငိုက် လူအငိုက်ရထားပြီဖြစ်တဲ့ ကေအင်ယူပိတ်ဆို့ရေးအဖွဲ့ တွေနဲ့ တွေ့သင့်တဲ့နေရာ အကွာအဝေးတောင် ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့် ထိတွေ့မှုမဖြစ်သေးလို့ စိတ်တထင့်ထင့်နဲ့ ဆက်ချီတက်ခဲ့ရင်း အောက်ခြေသိပ်မရှင်းတဲ့ မြေပြန့် ကုန်းယောင်ယောင်လေးကို ဖြတ်အဆင်း ပေါင်လယ်လောက်နက်ပြီး ကန့်လန့်ဖြတ် ရှိနေတဲ့ ချောင်းခြောက်ကနေ တပ်စုတစ်စုလုံးဖြန့် တက်တက်ချင်းမှာဘဲ ပထ၀ီအငိုက်ပါရယူပြီး မထင်မှတ်တဲ့ ကုန်းကြောနိမ့်ကလေးမှာ အသင့်စောင့်နေတဲ့ ရန်သူနဲ့ရုတ်တရက် ဘွားကနဲတိုးမိလို့  ဘယ်သူက စပစ်မှန်းမသိနိင်ဘဲ နှစ်ဘက်စလုံး အနီးကပ်အပြန် အလှန်ပစ်ကြပါတော့တယ်။ ။