Quantcast
Viewing all articles
Browse latest Browse all 1811

ဗိုလ်လေးဘဝ အမှတ်တရများ (၉)



ကူးဆိပ်ရွာက "လုလု...စက္က"နှင့် အမှတ်တရ သင်္ကြန်ရက်များ

(၂၁)

ဖာပွန်ဒေသ နာမည် ကျော်တာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ ၊တောတောင်ထူထပ်တာ၊ မိုင်းတွေတဂျိုင်းဂျိုင်းကွဲနေတာ၊ တိုက်ပွဲတွေအမြဲတမ်းဖြစ်နေတာ၊ မနက်ပိုင်းအကောင်းပကတိကနေ ညနေငှက်ဖျားအကြီးအကျယ်တက်ပြီး အသက်ပါဆုံးရတာ၊ အစားအသောက်ရှားပါးတာ တွေကြောင့်ထင်ပါတယ်။


ကျွန်တော်တို့ တပ်မ(၄၄)လက်အောက်ခံတပ် တွေအတွက်ကတော့တစ်နေ့ ထမင်းနှစ်နပ် စားရပြီး ည၁၀နာရီထိုးမှာ အိပ်ရတဲ့ နေ့ကိုအကောင်းဆုံး နေ့ တစ်နေ့ လို့ ရဲဘော်တွေ က သတ်မှတ် ထားကြတာ ဖြစ်လို့ အခု နွေရာသီဖာပွန်ဒေသမှာ တာဝန်ထမ်းဆောင်နေ ရတာဟာ စစ်ဆင်ရေးစထွက်လာကတည်းက မိုးတွင်း ဆောင်းတွင်း (၅) လကျော်တလျှောက်လုံး ပင်ပန်းဆင်းရဲခဲ့ တာထက်စာရင် အများကြီး သက်သက်သာသာ ရှိပါတယ်။ စစ်ကြောင်းမှုး ရဲ့ အမြှော်အမြင်ကြီးစွာနဲ့ အစားအသောက်တွေခက်ခက်ခဲခဲ ၀ယ်ယူ သယ်ယူလာတဲ့ ကျေးဇူးကြောင့် အစားအသောက်ရှားပါးမှုကိုလဲ အထိုက်အလျောက်တော့ ဖြေရှင်းနိင်ပါတယ်။ ရှေ့ တန်းစစ်ဆင်ရေးအတွေ့ အကြုံတွေအရလက်တွေ့  ရှေ့တန်းစစ်သည်တွေမှာရှိရမယ့် အရည်အချင်းကတော့ လမ်းများများလျှောက်နိင်ရမယ်၊ သေနတ်ပစ်ကျွမ်းကျင်ရမယ်၊ အနီးကပ်တိုက်ပွဲ ၀င်ရဲရမယ် ဆိုတဲ့ အချက်(၃)ချက်ပါဘဲ။ ဒီအချက် (၃)ချက် ပြည့်စုံရင်ရှေ့တန်းတပ်မစစ်သား တစ်ယောက် အတွက် လုံလောက်ပါပြီ။

လူတွေဟာ ဆင်းရဲတဲ့ ဒဏ် ခံနိင်ပေမယ့် ချမ်းသာတဲ့ ဒဏ်မခံနိင် ဘူးလို့ ပြောကြ တာ တော်တော်လေးတော့ မှန်တယ်ထင်ပါတယ်။ စစ်ဆင်ရေးကာလ ၅လကျော်ဆက် တိုက်ပင်ပန်းဆင်းရဲမှု တွေကို ကျော်ဖြတ်လာခဲ့တဲ့ ကျွန်တော်တို့ စစ်ကြောင်းဟာ ဖာပွန်နယ်မြေအတွင်း သက်တောင့်သက်သာ နေရချိန်မှာတော့ ရဲဘော်တွေ ပြသနာတစ်ခုပြီးတစ်ခု ဖန်တီးတာတွေ ကြုံရပါတော့တယ်။ စစ်သား၊ ကျောင်းသား၊ ထောင်သား အအားမထားရဘူး ဆိုတဲ့စကားလည်း အလကားပေါ်ထွက်လာတာ မဖြစ်နိုင်လို့ မှတ်သားစရာတော့
ကောင်းပါတယ်။

ကူးဆိပ်ရွာကြီးမှာ အခြေပြုနေတဲ့တစ်နေ့  တိုက်ကင်းမထွက်ဘဲ သေနတ်တိုက် အ၀တ်လျှော် အုပ်ချုပ်မှု ကိစ္စတွေလုပ်ဖို့ အနားပေးလိုက်ချိန်မှာ တပ်စုက ရဲဘော်နှစ်ယောက် ပြသနာရှာပါတော့တယ်။ ညနေစောင်းမှာ အရက်မူးလွန်လာကြပြီး တပ်စိတ်မှုးကို ပြသနာရှာလာပါတယ်။ ရိုးရိုးမူးရမ်းရုံမဟုတ်တော့ဘဲ သေနတ်ဆွဲပြီး ပစ်မယ်ခတ်မယ် အခြေအနေအထိ ဖြစ်လာလို့ တပ်စုတပ်ကြပ်ကြီးလည်း ထိန်းလို့မရအောင် ဆူညံသောင်းကျန်းနေတဲ့  ရဲဘော်နှစ်ယောက်ကို သစ်ပင်တစ်ပင်စီမှာ ကြိုးနဲ့ တုပ်ထားလိုက်ပါတယ်။

ဒီရဲဘော်နှစ်ယောက်ဟာ ကျွဲပေါက်တစ်ကောင်လို သန်မာသူတွေဖြစ်ပြီး တိုက်ပွဲတွေမှာ အားကိုး ရသူတွေ ဖြစ်ပါတယ်။ ချော့လည်းမရ ခြောက်လည်းမရ ရွာထဲမှာလည်း ဆူညံ နေတော သူတို့ပါးစပ်တွေကို အ၀တ်ဆို့စည်းရပါတော့တယ်။ အသက်ရှုပိတ်မှာစိုးလို့ ဖြေပေးလိုက်တာနဲ့ အော်ကြပြန်တယ်။ အ၀တ်ဆို့ ဖြည်လိုက် ပြန်ပိတ်လိုက်နဲ့ တစ်ညလုံးတပ်စုတစ်စုလုံး ဒုက္ခရောက်ရ ပါတယ်။ အဲဒီအချိန်က ကျော်ဟိန်း ၊ခင်သီတာ ထွန်းတို့ ရဲ “့တစ်ခါက တစ်ဘ၀ “ ရုပ်ရှင်ကား ခေတ်စား ချိန်ထင်ပါရဲ့ ။ နှစ်ယောက်သား
“လုလု ရေ စက္ကရေ” နဲ့ တစ်ညလုံး နားကိုငြီးနေတော့ တာပါပဲ။ ရွာကိုအားနာလို့  အသံထွက်တာနဲ့ အ၀တ်ဆို့ လိုက်၊ အသက်ရှုကျပ်ပြီးသေမှာစိုးလို့ အ၀တ်ဆို ဖယ်တာနဲ့ အော်လိုက်နဲ့ ဘုရားဟောထဲက  “ဒု သ န သော” အော်သလို အဆုံးထိမအော်နိင်ဘဲ မိုးလင်းမှပဲကိုယ်တော်ချော နှစ်ယောက် သစ်ပင်မှာ မတ်တပ်ရပ် ကြိုးတုပ်လျက် အိပ်ပျော်သွားကြပါတော့တယ်။

မနက်တရားစီရင်တော့လည်း ညကသောင်ကျန်းတာ သူတို့ မဟုတ်သလို မျက်နှာငယ် လေးတွေနဲ့  အထက်ကိုတော့ မတင်ပါနဲ့ ။ တပ်စုက ကြိုက်သလိုအပြစ်ပေးပါလို့ တောင်းပန်ပါတယ်။ ဒါဟာအချိန်မီ မထိန်းသိမ်းနိင်ခဲ့ရင် တကယ့်ပြစ်မှုကြီး တွေဆီဆက်သွားနိုင်မယ့် ခြေလှမ်းပါ။ တပ်စုကို အနားပေးတော့မယ်ဆိုရင် မလိုလားအပ်တဲ့အုပ်ချုပ်မှုပြသနာတွေ ဖြစ်လာတတ်တာ ကြိုတင်စဉ်းစား ပြင်ဆင်ထားရမယ်၊ ပြသနာတွေဖြစ် လာရင်ထိန်းသိမ်းဖို့ ကြိုတင်စီမံထားရမယ် ဆိုတဲ့သင်ခန်းစာ ကောင်းကောင်းကြီး ရလိုက်တဲ့အမှတ်တရ တစ်ခုပါဘဲ။ ။

(၂၂)

တောတွေထူ တောင်တွေမတ်တဲ့ ဖာပွန်နယ်မြေအနှံ့ တိုက်ကင်းထွက်လိုက် ကင်းပုန်းဝပ်လိုက်နဲ့  ရေရှားတဲ့နွေရာသီကို ကျော်ဖြတ်ရင်း သင်္ကြန်နားနီးလာပါတော့တယ်။ စစ်ဆင်ရေးဝင်ခဲ့တာ အချိန်ကာလ (၇) လကျော်ခဲ့ ပေမယ့် ပြန်ဖို့ သတင်းမကြားရသေးလို့ ရဲဘော်တွေကူးဆိပ်မှာ သင်္ကြန်ကျဖို့ အားခဲနေကြပါတယ်။ ကူးဆိပ်ရှမ်းရွာကြီးဟာ သဲကန္တာရထဲက အိုအေစစ်လို ရဲဘော်တွေအတွက်ကတော့ ပျော်စရာနေရာလေးပါ။ အစားအသောက်ရှားပါးဈေးကြီးလှတဲ့ ဖာပွန်နယ်မြေမှာ ရက်ကြာလာတာနဲ့ အမျှ ဟင်းချက်စရာ ရှားပါးလာပါတယ်။ ငွေရှိတိုင်းဝယ်ဖို့  မရှိသလို ရှိပြန်တော့လည်း ဈေးကြီးလွန်းလို့ ဝယ်မစား နိင်တော့  ပိန္နဲသီးဟင်းသာ နေ့ စဉ်နီး ပါးစား ရပါတော့တယ်။ ဝေမှုန်ရှမ်း ရွာကလေးက ရင်းနှီးနေတဲ့ မယ့်ထောက် (အမေကြီး ) ကတော့ ဒီနှစ်ပိန္နဲသီးမှည့် စားရ တော့မှာ မဟုတ်ဘူး လို့ ငြီးရှာပါတယ်။

ရန်သူလှုပ်ရှားမှု သတင်းတွေကလည်း ဟုတ်တာမဟုတ်တာ အသာထား သတင်းရနေရင် သိပ်စိတ်မပူရပါဘူး။ သတင်းပျောက်သွားပြီဆိုရင်တော့ စိုးရိမ်ရပါတယ် ။ မြေပြင်မှာ တကယ်မတိုက်ကြခင် အရင်ဆုံးသတင်းမှားတွေ ပေးပြီးဆက်သွယ်ရေး စက်နဲ့ တိုက်ကြတာပါပဲ။ နှစ်ဘက်စလုံး ကြားဖြတ်ဖမ်းစက်တွေနဲ့  အသံဖမ်းယူကြမှန်း သိတော့ စက်ပေါ်မှာ သတင်းမှားတွေလွှင့်ပြီး လှည့်စားကြပါတယ်။ စစ်ပွဲအောင်နိင်ရေးဟာ လှည့်စားမှုနဲ့ အငိုက်ဖမ်းမှုအပေါ်မူတည်တယ်ဆိုတဲ့ သဘောတရားကို လက်တွေ့ ကျင့်သုံးနိင်အောင် ကြိုးစားကြရပါတယ်။ မြေပြင်သတင်းကတော့ မှန်တာများပေမယ့် သတင်းရတာနည်းပါတယ်။ စက်သွယ်ရေးစက်ပေါ်မှာ သတင်းတွေစုံနေပေမယ့် ခွဲခြားရခက်ပါတယ်။ နှစ်ဘက်အထက်ဌာနချင်း ဆက်သွယ်ရေးသတင်းမှားတွေ ဖြန့်ကြတာများပြီး အောက်ခြေပိုင်းကတော့ မြေပြင်သတင်းမှန်များပါတယ်။ သင်္ကြန်ပွဲအနီးမှာ အထက်ဌာနက ကြားဖြတ်သတင်းအရ ဘားအံဘက်မှာ ရန်သူစုဖွဲ့ နေကြောင်းရန်သူ့ သတင်းချပြလာပါတယ်။

မိုးရာသီမှာ ကရင်ပြည်နယ်ရဲ့  မိုးများတဲ့ရာသီဥတု အရရှိသမျှချောင်းတွေ ကွင်း တွေမှာရေလျှံနေတတ်ပြီး တစ်ချို့ ကွင်းပြင်တွေဆိုလှေနဲ့ သွားရတဲ့ အထိဖြစ် တတ် လို့ စစ်ဆင်ရေး မှာကန့် သတ်ချက်တွေများပြီး စိတ်ကြိုက်မလုပ်နိင်သလောက် မိုးကုန်တာ နဲ့ နှစ်ဘက်စလုံး တိုက်ကွက် ဖော်မှုတွေများပါတယ်။ သံလွင်အနောက်ဖက်ကမ်း နယ်မြေ မှာ ကတိုင်တိ တိုက်ပွဲပြီး က တည်းက တိုက်ပွဲကြီး မတိုက်သေးတဲ့ အတွက် မိုးမကျမီ တိုက်ကွက်ဖော်အုံးမယ်ဆိုတာ မျှော်လင့်ထားကြပါတယ်။ ကေအင်ယူဟာ နယ်စပ်မှောင်ခို အကောက်ဂိတ်ဝင်ငွေများစွာနဲ့ ကျွန်တော်တို့  ထက်လက်နက်ခဲယမ်း သာလွန်သုံးစွဲ နိင်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ကေအင်ယူ ကြီးထွားလာလို့  တပ်မ(၄၄) ဖွင့်ပြီး နှိမ်နှင်းတာလား တပ်မ (၄၄) ဖွင့်လို့  ကေအင်ယူက စစ်ရှိန်မြှင့်တာလား မသိပေမယ့် အဲဒီအချိန်ကာလမှာ နှစ်ဘက်တိုက်ပွဲတွေ များစွာနဲ့ အထိအခိုက်အကျအဆုံးများကြ သလို ပြည်နယ် လူထုလည်း ဒုက္ခ အရောက်ဆုံး အချိန်ကာလဖြစ်ပါတယ်။

အထက်ဌာနကြားဖြတ်စက် သတင်းအရရန်သူစုဖွဲ့ မှုလုပ်နေပြီဖြစ်လို့ သက် ဆိုင်ရာနယ် မြေအလိုက် အရင်ကထက်ပိုပြီး သတင်းစုံစမ်း လှုပ်ရှားကြရပါတော့တယ်။ ရန်သူ့ အလေ့အထအရတိုက်မယ့် နေရာနဲ့ စုဖွဲ့ တဲ့နေရာကို သတင်းမှားပေးရုံမက ယုံကြည်အောင်တကယ်လည်း မြေပြင်မှာ တောင်ဘက်တိုက်မယ်ဆိုရင် မြောက်ဘက်မှာစုဖွဲ့ ပြ၊ မြောက်ဘက်တိုက် မယ်ဆိုရင် တောင်ဘက်မှာစုဖွဲ့ ပြထားပြီး တစ်ဘက်တပ်တွေ စစ်ကူစုအောင်မျှားခေါ် လေ့ရှိပါတယ်။ ပြီးမှသွားလာရလွယ်တဲ့ အခုလိုပွင့်လင်းရာသီမှာ ခရီးရှည်ချီတက်ပြီး စုဖွဲ့ နေရာရဲ့ ဆန့် ကျင်ဘက်ကို တိုက်လေ့ရှိလို့ အခုဘားအံနယ်မြေဘက်မှာစုဖွဲ့ နေတဲ့ သတင်းအရ ဘားအံဘက်မှာ ဖြစ်နိင်ဖို့ ထက်စုဖွဲ့ ရာရဲ့ မြောက်ဘက် ဖာပွန်နယ်မြေအတွင်းမှာ ပိုဖြစ်နိင်မယ်လို့  စစ်ကြောင်းမှုးတပ်ခွဲမှုးတွေက သုံးသပ်ကြလို့  စစ်ကူ လိုက်နိုင်ဖို့ အတွက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ကြ ရပါတယ်။

ဒီလို စစ်ကြောင်းမှုးတပ်ခွဲမှုးတွေရဲ့  သတင်းသုံးသပ်ချက် ရန်သူ့ အလေ့အထတွေကို ကြားရပြီး ဇဝေဇ၀ါ ဖြစ်နေတဲ့ ကျွန်တော့်အတွက် မှတ်မှတ်ရရ ဖြစ်အောင်သူတို့ သုံးသပ်ချက်မှန်ကြောင်း ပြလိုက်တာကတော့ ကေအင်ယူတပ်ဖွဲ့တွေဟာ ၁၉၈၃ ခုနှစ် ဧပြီလ သင်္ကြန် အကြိုနေ့မှာ ဖာပွန်နယ်မြေအတွင်း ကကူးဆိပ်ရွာကြီးနဲ့ ကတိုင်တိရွာအကြားမှာရှိတဲ့  ခလရ (၁၉) စခန်းထိုင် တာဝန်ယူထားတဲ့ ဆင်စွယ်စခန်းကို အင်အား အလုံးအရင်းနဲ့ ဝင်တိုက်ပါတော့တယ်။  လေကြောင်းပစ်ကူ ယူတိုက်ခဲ့ရတဲ့ ဆင်စွယ်စခန်းစစ်ကူ တိုက်ပွဲတွေဟာ  သင်္ကြန် အကြိုနေ ကနေ နှစ်ဆန်းတစ်ရက်နေ့ အထိ ကြာခဲ့လို့  ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရ သင်္ကြန်ရက်တွေ  ဖြစ်ခဲ့ပါတော့တယ်။ ။





U Thaung Aye

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>