Quantcast
Viewing all articles
Browse latest Browse all 1811

ဗိုလ်လေးဘဝ အမှတ်တရများ (၁၁)



ရှေ့ပြေးတပ်စု ကျွံ ၀င်ခြင်း နှင့် သံသယစိတ်ဝင်မိခြင်း

(၂၆)

ဝေါကနဲထွက်လာတဲ့ ဘီအေ ၆၄ စက်ကလေး ကျည်အတွဲလိုက်ဆွဲသံနှင့် တပြိုင်တည်း အားလုံးမြေမှာ မှောက်ဝပ်ချိန် တစ်စက္ကန့်လောက်ရလိုက်လို့ တပ်စုတစ်စုလုံး ကံကောင်းခဲ့ရပါတယ်။ ဘယ်ဘက်အစွန် တပ်စိတ်ဒုတပ်စိတ်မှုးက စတွေ့ ပြီးသူရဲ့  စက်ကလေး အတွဲလိုက်ဆွဲသံနဲ့အတူ တိုက်ပွဲစလိုက်နိင်တဲ့ တစ်စက္ကန့်လောက်လက်ဦးမှုကတပ်စုရဲ့ အသက်များစွာကို ကယ်တင် နိင်ခဲ့တယ်လို့ ဆိုရ မှာပါ။


သဲနဲ့ ဆုပ်ပက်လိုက်သလို ရန်သူ့လက်နက်ငယ်သံ တဖောင်းဖောင်းအသံတွေရဲ့ ရှေ့က တဖောက်ဖောက် ကျည်ဆံအသံတွေ အရင်ဆုံး ခေါင်းပေါ်က ကျော်သွားကြပါတယ်။ အလယ်တပ်စိတ်နဲ့ ညာဘက်တပ်စိတ်ဟာ ချောင်းချောက်အတက်အစမှာပဲ ရှိသေးလို့ ချောင်းချောက်ထဲ ပြန်လှိမ့်ဆင်းနေရာယူပြီး ရှေ့ကျွံနေတဲ့ ဘယ်ဘက်က တပ်စိတ်ကို ချောင်းချောက်ထဲ ပြန်ဆင်းနိင်အောင် အတင်းဖိပစ်ပေး နေရပါတယ်။ သတ္တိကောင်း
တဲ့ ကေအင်ယူဟာ အင်အားကြီးမားစွာနဲ့ နေရာယူ အပိုင်စောင့်ပြီဆိုရင် အနီးကပ်ဆုံးနေရာအထိ အကပ်ခံပြီး၊ မိုက်ရူးရဲဆန်တယ်လို့ ဆိုရလောက်အောင် ရဲရဲရင့်ရင့်နေရာမယူဘဲ အတင်းကျွံဝင် ပစ်တက်တက်တတ်တဲ့ တပ်စိတ်တပ်စုလိုက်ကို အပိုင်ချေမှုန်းလေ့ရှိတာကြောင့် ရန်သူစောင့်တိုက်ပြီဆိုတာနဲ့ ရှေ့ ပြေးတပ်စုဟာ ရောက်တဲ့နေရာမှာ နေရာယူပစ်ခတ်ပြီး အနီးဆုံး ကျည်ကွယ် မျက်ကွယ်ရှာ သင့်တော်တဲ့ မြေအနေ အထားမှာ ကျင်း တူးခံစစ်ယူတဲ့ စံနစ်နဲ့ ရန်သူဆင်ထားတဲ့ ထောင်ချောက်ထဲ မ၀င်မိအောင်ရှောင်ဖို့ တပ်စုမှုး တပ်စိတ်မှုးတွေ အမြဲသတိထားရပါတယ်။

ကေအင်ယူဟာ သူဆင်ထားတဲ့ အကွက်အတိုင်း ရှေ့ပြေးတပ်စုကို နောက်က စစ်ကြောင်းနဲ့ အဆက်ပြတ်စေဖို့ ရှေ့ပြေးတပ်စုရဲ့ နောက် ချောင်းချောက်နဲ့ မြေပြန့်  ကုန်းယောင်ယောင်ကြားကို တိုက်ရိုက်အဖြောင့်ပစ် လက်နက်ကြီးငယ်မျိုးစုံနဲ့ အဆက်မပြတ်စုပြုံ ပစ်ခတ်ကြလို့ နောက်ကလိုက်တဲ့ စစ်ကြောင်းဟာ အကာအကွယ်ရှိတဲ့ နောက်ကတောင်ကြောအထိ အတင်းပြန်ဆုတ်ရပါတယ်။ တောင်ကျောနောက်မှာ နေရာယူပြီးမှ လက်နက်ကြီးပစ်ကူ စပစ်ပေးနိင်ပါတော့တယ်။ တပ်ခွဲရုံးနဲ့  တပ်စုနှစ်စုဟာ စစ်ကြောင်း လက်နက်ကြီး ပစ်ကူနဲ့ ချောင်းချောက်မှာ ရှိနေတဲ့ ကျွန်တော်တို့ ရှေ့ ပြေးတပ်စုရဲ့  အနောက်ဘယ်ဘက်ကနေ ထိုးဖောက် နေရာယူတိုက်ခိုက်ပါတယ်။ နောက်တပ်ခွဲ တစ်ခွဲကတော့ ရှေ့ ပြေးတပ်စုရဲ့  နောက်ညာဘက်တောင် ကြောအတိုင်း ပတ်ပြီး ထိုးဖောက်ပါတယ်။

တိုက်ပွဲကို စပစ်နိုင်ခဲ့ပြီး ရှေ့ကိုကျွံနေတဲ့ ဘယ်ဘက်က ရှေပြေးတပ်စိတ်ဟာ ဒဏ်ရာရစစ်သည် (၃) ဦးနဲ့ အတူ ခက်ခက်ခဲခဲ ချောင်းချောက်ထဲကို ပြန်ဆုတ်လာနိင်ခဲ့ပါတယ်။ တပ်စုတစ်စုလုံး ချောင်းချောက်ထဲမှာ နေရာယူနိင်ပြီဖြစ်လို့  လောလောဆယ် စိတ်အေးရပြီး ရှေ့ ဆက်လုပ်မယ့် အစီအစဉ် စဉ်းစားရ ပါတော့တယ်။ ကျွန်တော်တို့ နေရာဟာရန်သူနဲ့ အလွန်နီးနေပေမယ့် ဆက်သွယ်ရေးမြောင်းလို သဘာဝ ချောင်းချောက်အကာ အကွယ်နေရာကောင်း ရထားပါတယ်။ နောက်မှာရှိတဲ့ တပ်ခွဲတွေသာ ဘယ်ညာ ကနေရှေ့ ကိုတက်လာ နိင်ရင် ဒီနေရာကနေဘဲ ခြေကုပ်ယူ တိုက်ခိုက်ရပါမယ်။ နောက်က မတက်လာနိင်ရင်တော့ကြာရှည် နေလို့ မသင့်ဘဲ နောက်ပြန်ဆုတ် ပူးပေါင်းဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားကတော့ ကန့် လန့်ဖြတ်ရင် ဘောင်တန်းစစ်မျက်နှာ အရှည်ကြီးခံစစ်ယူထားတဲ့ ကေအင်ယူစစ်ကြောင်း မျက်နှာစာတလျှောက် လက်နက်ကြီးငယ် အပြန်အလှန် ပစ်ခတ်သံတွေနဲ့  ဆူညံနေပါတယ်။

ခါတိုင်း ခေါင်းပေါ်အဝေးကြီးကနေ ကျော်သွားရင် တရွှီရွှီနဲ့  အသံကြားရတဲ့ လက်နက်ငယ်သံ တွေဟာ အခုအချိန်မှာတော့ “ ရွှီ ရွှီ “ နဲ့ မမြည်တော့ဘဲ “ဖောက် ဖောက်“နဲ့  အနီးကပ် ဖြတ်သွားနေကြပါတယ်။ ကျွန်တော်တို့ ရဲ့ နောက်ဘယ်ဘက်တက်လာတဲ့ တပ်စုဟာ ရှေ့ မတိုးနိင်ဘဲ နေရာယူ ပစ်ခတ်နေပြီ ဖြစ်ပြီး ညာဘက်ကတော့ အသံတွေပျောက်သွားပါတယ်။ မကြာခင် မှောင်တော့မှာ ဖြစ်လို့  ဘယ်ညာ နှစ်ဘက်က တက်လာမယ့် တပ်ခွဲတွေရဲ့ အခြေအနေပေါ်မူတည်ပြီး ကျွန်တော် တို့  ရှေ့ ပြေးတပ်စု ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်ပြန်ဆုတ်ဖို့  ဆိုတာ ခွာစစ် တစ်ခုလိုဖြစ်ပြီး ဒဏ်ရာရသူတွေ နဲ့  ခက်ခက်ခဲခဲ လုပ်ရမှာ ဖြစ်သလိုဒီနေရာ ရောက်အောင် ပြန်တက်ပြီး ရန်သူကို ဖိအားပေးနိင်ဖို့ မလွယ်လို့  နောက်ကတက်လာမယ့် တပ်စုတွေနဲ့အတူ ရင်ဘောင်တန်း ထိုးဖောက်တိုက်ဖို့ ကိုပို မျှော်လင့်ထားပါတယ်။

ပုံမှန် နယ်မြေရှင်းလင်းချီတက်ဆိုရင် နောက်ကတောင်ကြောပေါ်ကနေ တပ်ခွဲ စစ်ကြောင်း လက်နက်ကြီး ပစ်ကူအသင့် ထောက်ထားပြီးမှ ရှေ့ပြေးတပ်စုတက်ရှင်းမှာ ဖြစ်လို့ ဒီလိုဖြစ်စရာ မရှိပါဘူး။ စစ်ကူအမြန်ရောက်ရှိရေး လျင်မြန်မှုဦးစားပေးခဲ့ လို့  တိုက်ပွဲဖြစ်ဖြစ်ခြင်း ဟန်ချက်ညီညီ မလှုပ်ရှားနိင်တော့ဘဲ ရှေ့ပြေးတပ်စုတစ်စုတည်း  ရှေ့ မှာကျွံကျန်ခဲ့ရတဲ့ အနေအထားပါ။ ။

(၂၇)

ဦးခေါင်းကိုလက်နက်ငယ်ထိမှန်ထားတဲ့ ရဲဘော်ဟာ သတိလစ်နေပြီး အသက်ရှူသံ “ဂရူး ဂရူး” မြည်နေတယ်။ ကျန်တဲ့ဒဏ်ရာရသူတွေထဲမှာ အချိန်ကြာတာနဲ့အမျှ သွေးထွက် လွန်ပြီး အသက်အန္တရယ်စိုးရိမ်ရသူ နှစ်ဦးရှိနေတယ်။ ကျွန်တော်တို့တပ်စုရုံးမှာ ဆေးတပ်သားနဲ့ဆေးမပါဘူး။ ကိုယ်စီပါတဲ့ ဆေးပတ္တီးတွေနဲ့ ပဲ စည်းနှောင်ပေးထားရတယ်။ သူတို့ ကို စစ်ကြောင်း ဆေးမှုးဆီ အမြန်ဆုံး ပို့ ဖို့လိုနေတယ်။

ကျွန်တော်တို့ ရဲ့  နောက်ဘက် ဘယ်ဘက်ခြမ်းက တိုက်နေတဲ့ တပ်ခွဲရုံးနှစ်စုဟာ ရှေ့ မတိုးနိင်ပေမယ့် ရန်သူ ပတ်တိုက်မှာကို ထိန်းပေးနိင်တဲ့ အနေအထားမှာ ရှိတယ်။ ညာဘက်ခြမ်းတပ်ခွဲက ရှေ့ မတိုးနိုင်တဲ့အပြင် နောက်မှာကျန်ခဲ့သလို ဖြစ်နေတော့ ညာဖက်မှာဟင်းလင်းပွင့် နေလို့ ရန်သူဝိုင်းပတ်တိုက်လာနိင်တယ်။ ရှေတည့်တည့်ကုန်းကြောက ဆင်းလာမယ့် အလုပ်ကတော့ ရန်သူဘက်ကလည်း အကျအဆုံးများ မယ့်ကိစ္စဖြစ်လို့ မရွေး ချယ် လောက်ဘူး။ အခုလောလောဆယ် လိုအပ်နေတာကတော့ ညာဘက်ခြမ်းက ၀င်တိုက်ပေးမယ့် တပ်ခွဲမြန်မြန်ရောက်လာဖို့ပဲ။ ကျွန်တော်တို့ ရှိနေတဲ့ ချောင်းချောက်ကလေးဟာ ကယ်တင်ရှင်ဖြစ်နေပေမယ့် လက်ပစ်ဗုံးဖြစ်ဖြစ် အခြားဗုံးသီးတစ်လုံးဖြစ်ဖြစ် ချောင်းချောက်ထဲ တိုက်ရိုက် ကျလာခဲ့ရင် ကယ်နိင်မယ့်အခြေအနေ မရှိဘူး။

တိုက်ပွဲစဖြစ်ကတည်းက ကျည်အားနဲ့ ဖိပစ်နေခဲ့ရလို့ ကျည်ဆံချွေတာပြီး လိုအပ်မှပစ်ဖို့ ထိန်းနေရပြီ။ မကြာခင် မိုးချုပ်ပြီးဒီညဟာ သင်္ကြန်အကျနေ့ ည လဆန်းနှစ်ရက်နေည့  ဖြစ်လို့  လုံးဝမှောင်မဲသွားတော့မယ်။ မိုးလင်းတဲ့အထိ ညာဘက်က တိုက်ပေးမယ့်အဖွဲ့  ပေါ်လာနိင်ပါ့မလား။ ဒဏ်ရာရသူတွေကို အားပေး၊ ကျည်မဖြုန်းအောင် ပစ်ခတ်မှုထိန်း၊ အလစ်အငိုက် ရန်သူပတ်အတိုက်မခံရရေး ညာဘက်ခြမ်း တပ်စိတ်ကိုသတိပေး၊  ရဲဘော်တွေ စိတ်ဓါတ်တက်ကြွအောင်အားပေးနဲ့  ဟန်မပျက် တည်တည်ငြိမ်ငြိမ် လုပ်နေရပေမယ့် ဗိုလ်တန်းကျောင်းက ရုတ်ခြည်းတိုက်စစ်မှာ အဖြေတစ်ခုမပေးမချင်း နည်းပြအရာရှိက၊
ခေါင်းကိုဒုတ် နဲ့ တဒေါက်ဒေါက် ခေါက်ပြီး  ” တပ်စုမှုး ဘာ ဆက်လုပ် မလဲ” လို့ အမေးခံနေရသလိုမျိုး ဘာဆက်လုပ်ရမလဲ ဆိုတာ ကျွန်တော့်ခေါင်းတစ်ခုလုံးပူ ထူနေအောင် စဉ်းစားနေရပါတယ်။

တပ်စုရဲဘော် အားလုံးကတော့ ကရင်ပြည်နယ် တိုက်ပွဲ အတွေ့အကြုံရှိသူတွေ ဖြစ်လို့ ကိုယ့်တာဝန်ကို ကျေအောင် လုပ်နေကြပါတယ်။ တပ်စုမှုး အမိန့် ပေးတဲ့အတိုင်း လိုက်လုပ်ဖို့ ဘဲ ခေါင်းထဲရှိလို့  လူပင်ပန်းပေမယ့် ဦးနှောက်မပူရဘဲ လှုပ်ရှားနေကြပါတယ်။ တပ်စုတပ်ကြပ်ကြီးကလည်း ကယားလူမျိုးပီပီ စကားနဲနဲ သွေးအေးအေးနဲ့ ရဲရဲရင့်ရင့်လုပ်တတ်သူဖြစ်လို့  ဘာမှသိပ်မပြောဘဲ တိုက်ပွဲရှေ့မျက်နှာစာကိုသာ အာရုံစိုက်နေပါတယ်။ ရာသီမသိပန်းနဲ့ ညှိဆိုသလို ဘာလုပ်ရမှန်းမသိရင် ကျောင်းကစာတွေ ပြန်ကြည့် ဆိုတဲ့အတိုင်း ကျောင်းကသင်ပေးလိုက်တဲ့  သင်ခန်းစာတွေ ပြန်စဉ်း စား ကြည့်ပါတယ်။ ကျောင်းက သင်ခန်းစာတွေဟာ ပုံတူကူးချဖို့ မဟုတ်သလို လုံးဝပစ်ပယ်လို့လည်း မရပါဘူး။ တကယ့် အရေးအကြောင်း ဖြစ်လာပြီ ဆိုရင်တော့ စစ်အခြေခံ သဘောတရားတွေ နဲ့ ယှဉ်ထိုး စဉ်းစားရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ချီတက်လာတဲ့ ချီစစ်မှာကျယ်ပြန့် စွာကင်းထောက်ခြင်းဆိုတဲ့ ချီစစ်ဥပဒေသကို မလိုက်နာ နိင်ခဲ့တာ ၊ တိုက်စစ်မှာ အင်အားကို တစ်စုတစ်စည်းတည်း အသုံးပြုခြင်း ဆိုတဲ့အချက်ကို မလုပ်နိင်ခဲ့တာ ဆိုတဲ့အချက်တစ်ချက်စီနဲ့တင် အခုလက်ရှိကြုံတွေ့ စေရတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အခုလက်ရှိနေရာမှာပဲ ဆက်ပြီးခံစစ်ယူထားမလား၊ တပ်စုတစ်စုလုံးရှေ့က ရန်သူဆီ အတင်းဝင်ပစ်ပြီး သေရင်မြေကြီးရှင်ရင်ရွှေထီးလုပ်မလား၊ ခက်ခက်ခဲခဲနောက်ပြန်ဆုတ်မလား၊ ခံစစ်လား၊ တိုက်စစ်လား၊ ခွာစစ်လား၊ ဘယ်ကဏ္ဍကိုလုပ်မှာလဲ၊ ဘယ်ဥပဒေသတွေ ကျင့်သုံးရမှာလဲဆိုတာ တပ်စုမှုးတစ်ယောက်အနေနဲ့ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

စစ်ဆင်ရေးကာလ (၇) လကျော် အခုအချိန်အထိ ဆက်တိုက်အတူ လက် တွဲပြီး အခက်အခဲပေါင်းစုံ အတူကျော်ဖြတ်ခဲ့ကြသူတွေဖြစ်လို့ တပ်စုတစ်စုလုံးက သူတို့တပ်စုမှုးကို ယုံကြည်မှုအပြည့်နဲ့ သူတို့တာဝန်ကျေအောင် လုပ်နေတာကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာတော့ သူတို့ ယုံကြည်တဲ့အတိုင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပေးနိင်ပါ့မလားလို့ ပထမဆုံးအကြိမ် သံသယအတွေးတွေ ၀င်လာမိပါတယ်။ ။




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>