Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဗိုလ်လေးဘဝ အမှတ်တရများ (၁၂)

$
0
0




ခွာစစ် နှင့် နေရစ်တော့ရဲဘော်

(၂၈)

တဖြေးဖြေး မှောင်မိုက်လာတဲ့ ညနဲ့အတူ တိုက်ပွဲဆူညံသံတွေလည်း လျော့နည်းလာပါ တယ်။ အမှောင်ထဲမှာ တစ်ချက်တစ်ချက် ထပစ်တဲ့ သေနတ်သံတွေကလွဲလို့ တိတ်ဆိတ်နေပါတယ်။ ရန်သူလုပ်နိင်တဲ့ နည်းလမ်းတွေထဲမှာ မနက်အလင်းရောင်လာစအချိန်မှာ ကျွန်တော်တို့တပ်စုကို ချေမှုန်းရေး လုပ်ဖို့ များနိုင်ပါတယ်။  တပ်ခွဲမှုးနဲ့ စစ်ကြောင်းမှုးဟာ ကျွံဝင်နေတဲ့ ကျွန်တော်တို့ တပ်စု ထွက်ပေါက်ရအောင် ဒီညမှာတခုခု တော့လုပ်ပေးမယ်လို့ ယုံကြည်ထားပါတယ်။


ဒီလိုအင်အားကြီးမားတဲ့ နှစ်ဘက် တိုက်ပွဲဖြစ်ရင်  “ကျည်ရောက်လူရောက်”  ဆိုတာ နားထောင် ကောင်းရုံ စကားလုံး သက်သက် ဖြစ်ပြီး လက်နက်ကြီး ပစ်ကူ နဲ့ ရန်သူ့ နေရာကို မှုန့်  မှုန့် ကြေအောင် ချေမှုန်းပြီးမှ တပ် တွေ က ၀င်တိုက်ရ တာ ဖြစ်လို့ ရှေ့ တိုးနိင်ဖို့ တော်တော် ခက် ပါတယ်။ လူလက်နက်ခဲယမ်း သာ လွန်မှု မရှိဘဲ တန်းတူ ယှဉ်တိုက်ရင် စိတ်ကြိုက် မြေနေရာရွေး ပြီး အသင့်စောင့် တဲ့သူထက် တက်တိုက်ရသူဘက်ကပိုခက်ပါတယ်။ရှေ့ ကျွံနေတဲ့ကျွန်တော်တို့  နေရာကို ကျော်လွန်
ပြီး ကျည် ရောက် အောင် ပစ်ကူပေးနိင်ပေမယ့် လူရောက်လာဖို့ တော့မ လွယ် ပါ ဘူး။

ည(၈)နာရီလောက်မှာ ကော့ကရိတ်လှိုင်းဘွဲ့ ဘက်က နေ့ ညမနားတမ်းစစ်ကူချီ တက် လာတဲ့ ခမရ(၆)တပ်ရင်းတစ်ရင်းလုံး ဟာကမမောင်းကတိုင်တိလမ်း ကြောင်းကတဆင့် ဆင်စွယ် စ ခန်းရဲ့  တောင်ဘက် (ခမရ၈စစ်ကြောင်း၂ရဲ့ ဘယ်ဘက်)မှာအသင့်စောင့်နေ တဲ့ ကေအင်ယူနဲ့ တိုက်ပွဲစဖြစ်ပြီး ခနတာ တိတ်ဆိတ် နေတဲ့စစ်မြေပြင်မှာလက်နက်ကြီး ငယ်သံတွေ ဆူဆူညံညံ ထွက်ပေါ်လာ ပါတယ်။ တဆက်တည်း လိုဘဲ ကျွန်တော်တို့ ရဲ့  အ နောက်ဘက်ညာဘက်ကတပ်ခွဲကလည်းစတင်တိုက်ခိုက်ပါတယ်။ဆက်တိုက်လို
ဘယ်ဘက်တပ်ခွဲနဲ့ စစ်ကြောင်းလက်နက်ကြီးပစ်ကူသံတွေထွက်ပေါ်လာလို့ ယွန်းစလင်းချောင်းရဲ့ အနောက်ခြမ်း ဆင်စွယ်စခန်း ပတ်လည် တစ်လျောက်လုံး မှာ နှစ်ဘက် အပြန်အလှန်ပစ်ခတ်သံ ပေါက်ကွဲသံတွေနဲ့ ဆူညံပွက်လောရိုက် နေပါတယ်။ ဒီအချိန်ဟာ ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။ မှောင်မိုက်တဲ့ ညတိုက်ပွဲဖြစ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်နေကြပေမယ့် ရှေ့ကျွံနေတဲ့ ကျွန်တော်တို့နေရာအထိ ဘယ်ညာတပ်ခွဲတွေ ရောက်လာဖို့ မဖြစ်နိုင်သလို မနက်အာရုဏ် အလင်းရောင် လာချိန်မှာ ရှေ့ကျွံဝင်နေတဲ့ တပ်စုဟာ အပြတ်ချေမှုန်းခံရဖို့ သေချာသလောက် ရှိနေပါတယ်။ ခွာစစ်ဆင်
မယ်ဆိုရင်တော့ ဒီအချိန်ထက်ကောင်းတာ မရှိတော့သလို နောက်ထပ်ဒီလို အခွင့်ကောင်းမရနိုင်တော့ဘူးလို့  သုံးသပ်ပြီး ဒီနေရာက ခွာစစ်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခွာစစ်လမ်းကြောင်းကို ကျွန်တော်တို့ ရဲ့ညာဘက် (အနောက်ဘက်အရပ်မျက်နှာ) ချောင်းချောက်အတိုင်း သွားပြီး မြောက်ဘက် အရပ်မျက်နှာအတိုင်း စစ်ကြောင်းရုံးနေရာကို ပူးပေါင်းဖို့ ရွေးချယ်ထားပါတယ်။ ညအမှောင်ထုရဲ့ လှည့်စားမှုကြောင့် အရပ်မျက်နှာ ထိန်းသိမ်းရခက်ပြီး လမ်းကြောင်းမှားတတ်လွန်းလို့  ရန်သူ့ နေရာထဲ မှားဝင်မသွားဖို့ နဲ့ ညာဘက်က တပ်ခွဲရဲ့ ပစ်ခတ်မှု အောက်မရောက်ဖို့ တပ်ချင်း မှားအပစ်မခံရဖို့ အရေးကြီးပါတယ်။ လရောင်မရှိတဲ့အပြင် ကြယ် ရောင်မထွက်တဲ့ ညအမှောင်ထဲမှာ ကယ်တင်ရှင်အဖြစ် ကျွန်တော့်လက်ထဲမှာရှိတဲ့ သံလိုက်အိမ်မြှောင် တစ်လုံးကိုအားကိုးဆုတ်ခွာရ တော့မှာ ဖြစ်ပါတယ်။ ခွာစစ်ဥပဒေသတွေအရ အခြေအနေကြည့်အဖွဲ့ကို အရင်လွှတ်ပြီး နောက်ဆုံးအဖွဲ့ နဲ့ မှ တာဝန်အရှိဆုံးခေါင်းဆောင်က လိုက်ရမှာ ဖြစ်ပေမယ့် လုံးဝမှောင်မိုက်နေတဲ့ ညအမှောင်ထဲမှာ လမ်းကျွမ်းကျင်သူမပါဘဲ ကောင်းကင်အရပ်မျက်နှာ ကြည့်လို့မရဘဲ သံလိုက်အိမ်မြှောင် တစ်ခုထဲ အသုံးပြု သွားရမှာဖြစ်လို့ ကိုယ်တိုင်ဦးစီးသွားဖို့နဲ့ တပ်စုတပ်ကြပ်ကြီးဟာ စိတ်ချရသူဖြစ်လို့  နောက်ချန်အဖွဲ့ မှာ ထားခဲ့ဖို့ ဆုံးဖြတ်ပြီးနှစ်ဖွဲ့ ခွဲလိုက်ပါတယ်။

တပ်စုတပ်ကြပ်ကြီးနဲ့  နောက်ချန်အဖွဲ့ ရန်သူကိုလှည့်စား အပြင်းအထန်ပစ်ခတ်နေချိန်မှာ ကျွန်တော်က ရှေ့ ပြေးအဖွဲ့နဲ့ ဒဏ်ရာရလူနာတွေကို ဦးဆောင်ပြီး ချောင်းချောက် အကွေ့ အကောက်အတိုင်း သံလိုက်အိမ်မြှောင်နဲ့  အနောက်ဘက် အရပ်မျက်နှာကို ထိန်းပြီး တစ်လှမ်းချင်းခွာစစ်ကို စတင်ခဲ့ပါတယ်။ တစ်လှမ်းချင်းလို့ ဆိုရတာကတော့ အရပ်မျက်နှာ မမှားအောင် ထိန်းရတာထက် မမြင်မစမ်း အမှောင်ထဲမှာ ခေါင်းကိုလက်နက်ငယ်ထိမှန်ခံရပြီး သတိလစ်နေတဲ့ ရဲဘော်လေးကို ထမ်းခေါ်ရသူတွေနဲ့  ဒဏ်ရာပြင်းထန်သူတွေ မလိုက်နိင်မှုကြောင့် တကယ့်ကို တစ်လှမ်းချင်းသာ လှမ်းနေရလို့ ပါဘဲ။ ။


(၂၉)

ချောင်းချောက်အတိုင်း ကိုက်နှစ်ရာလောက်ခရီးကို နှစ်နာရီနီးပါး သွားပြီးတဲ့နေက် အပေါ်တက်ပြီး မြောက်ဘက်ချိုး သွားရတော့မယ့်နေရာမှာ တပ်စုကို အနားပေးရင်း နောက်ကလိုက်လာမယ့် တပ်စုတပ်ကြပ်ကြီးနဲ့ အဖွဲ့ ကို စောင့်ပါတယ်။ ဆင်စွယ်စခန်း ပတ်လည်တလျောက်လုံး အပြင်းအထန် တိုက်ခိုက်နေတဲ့ တိုက်ပွဲသံတွေလည်း တဖြေးဖြေး ငြိမ်သက်သွားပြန်ပါတယ်။ မကြာခင် မှာဘဲ တပ်စုတပ်ကြပ်ကြီးအဖွဲ့  ရောက်လာလို့  အားလုံး လူစုံအောင်စစ်ဆေး ချောင်းချောက်ပေါ်တက် သံလိုက်အိမ်မြှောင်ညွှန်ပြတဲ့ မြောက်ဘက်တည့်တည့်အတိုင်း မကွေ့ မကောက် တွေ့သမျှ တောင်ကုန်း၊  တောင်ကြား၊ ချိုင့် ၀ှမ်း၊ ချောက်ကမ္ဘား၊ မြေပြန့် နဲ့ တောအုပ်တွေ အတိုင်းဖြတ် ကျော်ပါတယ်။ ခုနှစ်စင်ကြယ်၊ ဓူဝံကြယ်မြင်ရရင်တော့ မြောက်ဘက် အရပ်မျက်နှာကိုထိန်းပြီး ကွေ့ ကောက် သွားနိင်ပေမယ့် ဒီညဟာ ဘာ ကြယ်မှမတွေ့ရတဲ့ည ဖြစ်လို့  သံလိုက်အိမ်မြှောင် တစ်ခုထဲအားကိုး နေရတဲ့အတွက် လမ်းကြောင်းသာရာ       မရွေးနိင်ဘဲ မြောက်ဘက်ညွှန်ပြရာ အဖြောင့်အတိုင်းသာ တရွေ့ ရွေ့ တိုးလာခဲ့ပါတယ်။

အလွန်နှေးတဲ့နှုံးနဲ့သွားလိုက် နားလိုက်ဖြစ်လို့  အစိုးရိမ်ရဆုံးကတော့ ရဲဘော်အိပ် ပျော်ကျန်ခဲ့မယ့် ကိစ္စ ဖြစ်ပါတယ်။ နှစ်ရက်နှစ်ညတိတိ မအိပ်မနားပင်ပန်းခဲ့ကြရလို့  ခနနားလိုကတာ နဲ့ အိပ်ပျော်သွားတတ်တဲ့ ရဲဘော်တွေကို မကျန်ခဲ့အောင် စစ်ဆေးရတဲ့ အလုပ်က ပိုပင်ပန်းပါတယ်။ ဘယ်လောက် အသက်အန္တရယ် ရှိနေပါစေ ၊ တကယ်အိပ်ရေးပျက်တာ များလာရင် ခဏနားတာနဲ့ အိပ်ပျော်သွားတတ်တဲ့ ရဲဘော်တွေရှိတတ်လို့ တာဝန်ရှိတဲ့ တပ်စိတ်မှုး တပ်စုတပ်ကြပ်ကြီးတွေဟာ တာဝန်ဆိုတဲ့ စိတ်ဖိစီးမှုနဲ့ အတူ အိပ်မငိုက်နိင်ဘဲ အမြဲလူစစ် နေရပါတယ်။ အသက်မီဖို့  အမြန်ဆေးကုသခံရမယ့် သူတွေ ရှိနေပေမယ့်လည်း ဒဏ်ရာ ပြင်းထန်သူတွေ လမ်းမလျှောက်နိင်သူတွေကို တွဲလို့ရသူတွဲ ၊ တွဲလို့မရသူထမ်း၊ သူတို့ ရဲ့ကျောပိုးအိတ် ၊ သေနတ်တွေကို ကျန်သူတွေကမျှထမ်းနဲ့  အားလုံးအထမ်းကိုယ်စီနဲ့ ဖြစ်လို့ ဘယ်လိုမှခရီး မတွင်ပါဘူး။ နေ့လည်နေ့ခင်း အချိန်သာ မန်ပုံမှန် တပ်စု တစ်နာရီလောက် သွားရမယ့်ခရီးကို မယုံနိင်လောက်အောင် တစ်ညလုံး သွားနေရတာဖြစ်ပါတယ်။ ဦးတည်ရာလမ်းလွဲမှာစိုးလို့ လမ်းသာရာအတိုင်းမဟုတ်ဘဲ မြောက်ဘက်အတည့်အတိုင်း ချောက်ကမ္ဘားအတက်လည်း ဖက်တက်အဆင်းလည်းလှိမ့်ဆင်းလို့ ဒဏ်ရာပြင်းထန်သူတွေအဖို့ အခြေအနေပိုဆိုး လာပါတော့တယ်။

ည ၁၂ နာရီကျော် အချိန်မှာတော့ ဦးခေါင်းမှာ လက်နက်ငယ်ကျည်ထိမှန်ခံရလို့  သတိလစ်နေတဲ့ ရဲဘော်လေးရဲ့ ခက်ခက်ခဲခဲ အသက်ရူနေရတဲ့ “ဂရူး ဂရူး”  မြည်နေတဲ့ အသက်ရူသံ ပျောက်သွား ပါတော့တယ်။ ခက်ခက်ခဲခဲ သယ်ယူထမ်းလာခဲ့ရပြီး ခရီးတ၀က်ရောက်မှ အသက်ဆုံးပါးသွားတာ ကြေကွဲစရာ ကောင်းလှပါတယ်။ ”ဂရူးဂရူး” နဲ့ ခက်ခက်ခဲခဲ အသက်ရှူနေသံ ကြားနေရတုံးက စိတ်မချမ်းသာဖြစ်ခဲ့ရတာထက် အသက်ရှူသံပျောက်သွားမှ ပိုစိတ်ထိခိုက်ရပါတော့တယ်။ တစ်ဘက်နဲ့တစ်ဘက် စိတ်ကူးပေါက်သလို တစ်ချက်တစ်ချက် ပစ်နေကြတဲ့ သေနတ်သံတွေ ကြားရချက်အရ ကျွန်တော်တို့ရောက်နေတဲ့ နေရာဟာ ညာဘက်က တပ်ခွဲရဲ့နောက်ကို မရောက်သေးပေမယ့် ဘေးတိုက်လောက် ရောက်နေပြီဖြစ်လို့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဆုတ်လမ်းအတိုင်း မှန်ခဲ့ရင်တော့ ရန်သူနဲ့ရင်ဆိုင်တိုးမိဖို့ အခြေအနေ တော်တော်နည်းသွားပြီ ဖြစ်ပါတယ်။

ဒဏ်ရာပြင်းထန်သူတွေ အချိန်မီဆေးကုခံယူနိုင်ရေးအတွက် စစ်ကြောင်းရုံးကို အမြန်ရောက်ဖို့ လိုနေပါတယ်။ ဒီလောက် ခက်ခက်ခဲခဲ သယ်ခဲ့ရပြီးမှ ကျဆုံးသွားရတဲ့ ရဲဘော်ကို စစ်ကြောင်းရုံးအရောက် သယ်ပြီး ကောင်းကောင်းမွန်မွန် သဂြိုလ်ချင်ပေမယ့် ဒဏ်ရာပြင်းထန်မှုနဲ့ ပင်ပန်းဆင်းရဲမှုတွေကြောင့် လမ်းမလျှောက်နိင်သူတွေ ၊ ကိုယ့်ကိုကိုယ် အနိင်နိင် လျှောက်နေရသူတွေ တိုးလာနေတဲ့ သူတွေနဲ့ အသက်မီအောင် အချိန်မီရောက်ဖို့ လိုနေတဲ့ သွေးထွက်လွန် ဒဏ်ရာရစစ်သည် လူနာနှစ်ဦးအတွက် ဦးစားပေး စဉ်းစားရတဲ့အတွက် မှောင်မှောင်မဲမဲထဲ မြေအနက်တစ်တောင်လောက် ရအောင်တူးပြီး ထားရစ်ခဲ့ရ ပါတော့တယ်။  နေရစ်တော့ရဲဘော် ။




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...