
မောင်ကရန်ကုန်မှာသင်တန်းတက်နေတယ်။ မေကသားလေးနဲ့တပ်မှာကျန်ခဲ့တယ်။ နေ့ခင်းဘက်ကြီးဝင်တိုက်တာလေ။ မောင်ရယ်။ မေ့ကိုကလေးငယ်လို့တဲ့။ အရန်စစ်သည်အင်းအားထဲမထည့်ဘူး။ ဝုန်းဒိုင်းကျဲဆူညံသံတွေနဲ့ သားလေးကလဲ ငိုလိုက်တာ... သူကြောက်နေမှာပေါ့။ ရင်းမှူးကြီးဒဏ်ရာရတဲ့ကြားက ကြံ့ကြံ့ခံပြီးတိုက်နေတယ်တဲ့။
မေအခြေခံစစ်သင်တန်းတက်ရတုန်းက သေနတ်ပစ်ရတာ အရမ်းခက်တာ။ သေနတ်ကိုပခုံးပေါ်တင်။ ခြေကန်ထောက်။ လက်ညှိုးလေးကွေးလိုက်တာနဲ့ မောင်းကအုံးခနဲပခုံးကိုပစ်ဆောင့်တာ။ ရုန်းရင် ပစ်မှတ်လွဲမှာစိုးလို့ လက်နဲ့ထိန်းရတာလေ။ မေ့မှာ ပခုံးရော လက်ရော ရင်ရောနာရတာ။
အဲ့ဒီတုန်းကသင်တန်းတက်ပြီးတုန်းကတွေးမိတယ်။ လိုအပ်တဲ့အချိန်မှာ ငါအရံစစ်လုပ်မယ်။ ငါသည်စစ်သားမယား ရဲမေကောင်းဖြစ်ရမယ်... အခုအခွင့်ကြုံလာပြီ။ ညှာတာတတ်တဲ့ ရင်းမှူးကတော်က ကလေးကြောင့်မထည့်ပေမယ့် မေမနေနိုင်တော့ဘူး။ ဘေးလိုင်းခန်းက typhoidဖြစ်နေတဲ့အမဆီ ကလေးသွားပေးတော့ မေလေးဘယ်သွားမလို့လဲတဲ့။ တိုက်ပွဲဝင်မလို့လို့ပြောတော့ အမက မျက်ရည်တွေဝဲပြီး ကလေးကိုယူတယ်။ သူဗိုက်နာနေလို့ မချီနိုင်လို့ မေဘဲသူ့ဘေးကိုချပေးတာလေ။ သားလေးက မေ့လက်နဲ့ခွာတာနဲ့ ဝါးခနဲထအော်တာ။ မေလှည့်မကြည့်တော့ဘူး။ မေ့သားလေးထက် မေတို့တပ်ရင်းက အရေးကြီးတယ်လေ။ ရဲရဲတိုက် ရဲရဲတက် ရဲရဲခြေမှုန်း ငါမသေ ငါ့စခန်းမကျစေရ...
မေoperation uniformကို ကျကျနနဝတ်ပြီး ရင်းမှူးကတော်ဆီသွားတယ်။ မမ ကျွန်မကို တိုက်ပွဲဝင်ခွင့်ပြုပါ.. ရင်းမှူးကတော်က ကျွန်မကိုကြည့်တယ်။ ဒေါ်ခင်မေသက် ကလေးရောတဲ့။ ဒေါ်သော်တာ့ဆီအပ်ထားပါတယ်လို့ဖြေတော့ သူဘာမှမပြောတော့ဘူး။ မေ့ကိုလုပ်သင့်တာတွေလုပ်ပေးပြီး လက်နက်ထုတ်ပေးတယ်။
သေနတ်ကျည်ဆံတွေက ခေါင်းပေါ်ကနေ ဝှီးခနဲဝှီးခနဲဖြတ်သွားနေတာလေ။ ကတုတ်ကျင်းထဲဝင် သေနတ်ကိုတင်ပြီး မေပစ်ရတာ။ သူတို့တွေက အများကြီး။ မေတို့ထက် အင်အား၅ဆသာတယ်။ ဖွေးခနဲဖွေးခနဲ တက်တက်လာနေတာ။ ရဲဘော်တွေကလဲ ဆဲဆိုသံတွေ မွှန်နေအောင်အော်ပြီး ပစ်နေခတ်နေကြတာ။ ဗုံးတွေလဲ သုံးရတယ်။ မေပစ်တာလဲ ဘယ်နယောက်ထိမှန်းမသိ ဘယ်နယောက်ကျမှန်းမသိ။
ရုတ်တရက်... ပခုံးမှာပူခနဲဖြစ်သွားတယ်။ ငါထိပြီ... ဟင့်အင်း.. ငါ့ကြောင့်သူများတွေ စိတ်မပူစေရဘူး။ ရန်သူဒီလောက်များတာ။ ငါ့ဆီအာရုံကျနေရင် သူတို့အလုပ်ရှုပ်ကုန်မယ်။ ခင်မေသက် တောင့်ထားစမ်း... သူပစ်ကိုယ်ပစ်နဲ့လေ။ ညာဘက်ပခုံးထိတာ။ မေကညာသန်။ ပခုံးကိုမောင်းကန်ရင် မခံနိုင်တော့လို့ ဘယ်ဘက်ပြောင်းကိုင်ပြီး ပစ်ရတာ။ မေ့ဘေးက တပ်ကြပ်ကြီးက 'ဟာ ရဲမေခင်မေသက် ထိထားတယ်'တဲ့။ သူ့ကိုလှည့်ကြည့်ပြီး ဆရာကြီး တိုးတိုး ကျွန်မခံနိုင်သေးတယ်။ ရတယ်... သူလဲဆက်ပစ် မေလဲပစ်။
သွေးတွေထွက်တာ ပိုများလာတယ်။ မေခေါင်းထဲရိတ်ရိတ်ရိတ်ရိတ်နဲ့ မူးလာတယ်။ မဖြစ်ဘူး။ ငါဒီတိုင်းနေလို့မဖြစ်ဘူး။ မေကတုတ်ကျင်းပေါ်တက်လိုက်တယ်။ နောက်ကယောက်ျားတစ်ယောက် အော်သံကြားလိုက်တယ်။ ရဲမေ သေချင်လို့လား... မကြားချင်ယောင်ဆောင်ပြီး ရန်သူတွေကို တစ်ချက်ပြီးတစ်ချက်ပစ်တာ။ ဒိုင်းဒိုင်းဒိုင်းဒိုင်းနဲ့ နားတွေလဲမကြားတော့ဘူး။ မေ့ပေါင်ကိုထပ်ထိတယ်။ ဒူးကွေးကျသွားတော့ ရင်ဘတ်ထပ်ထိတယ်။ မခံနိုင်တော့ဘူး။ မတောင့်နိုင်တော့ဘူး။ လဲကျသွားတော့ ဘယ်သူကဆွဲမှန်းမသိ ဆွဲချလို့ မေကတုတ်ကျင်းထဲပြန်ရောက်လာတယ်။

မေ့ကိုအထမ်းနဲ့လာသယ်တယ်။ မေ့အနာတွေ သွေးထွက်နေတာတွေကို လက်နဲ့ပိတ် ဆေးတွေထည့်နေတာလား ဘာလား မေမသိတော့ဘူး။ ဗိုလ်ကြီး ဒေါ်သော်တာကို ခေါ်ပေးပါ... ဆေးဗိုလ်ကြီးလဲ မျက်ရည်တွေဝဲနေတယ်။ ညီမလေး တောင့်ထား။ မျိုးမင်းပြန်လာရင် ညီမလေးတို့ခရီးထွက်မှာဆို တောင့်ထား... ကျွန်မသိပါတယ် ခေါ်ပေးပါ...
မသော်တာရောက်လာတော့ သားလေးမပါဘူး။ တော်သေးတာပေါ့။ မေမေ့ကိုသားမမြင်တော့ မငိုရတော့ဘူးပေါ့။ အမ... သားကိုသေချာကြည့်ပေးပါ... ကျွန်မယောက်ျားလက်ထဲ သေချာအပ်ပေးပါ... ညီမခင်မေသက် ဘာမှမဖြစ်ဘူးလေ... မပြောပါနဲ့တော့အမရယ်... ဗိုလ်ကြီး သားလေးမနေ့က ဗိုက်အောင့်နေတာ ဒီနေ့ဆက်ကြည့်ပေးပါနော်... သားဖေကလေ ရင်ဘတ်ထဲကအောင့်အောင့်နေတယ်တဲ့ သူပြန်လာရင် ဆေးစစ်ပေးပါနော်... ကျွန်မသားလေး...
မေဆက်မပြောနိုင်တော့... မျက်လုံးတွေမမှိတ်ဘဲ ဘာမှမမြင်ရတော့... စကားလုံးတွေကိုလဲ လျှာပေါ်တင်မရတော့...
(ကျဆုံးရဲမေများအတွက် မျက်ရည်နှင့်ရင်း၍)
(ကျဆုံးရဲမေများအတွက် မျက်ရည်နှင့်ရင်း၍)
Credit .. Honey Tay Za
Photo Credit .. မူရင်းပိုင်ရှင်