အဲဒီကာလ တပ်မ စစ်ဆင်ရေးတပ်ထုံးစံအတိုင်း ပုံမှန်ရှေ့ တန်း၅လ၆လထွက် ၁လ ၁လခွဲနား ပြီး ရှေ့ တန်းပြန်ထွက် သံသရာ လည်နေချိန်ဖြစ်လို့ စစ်ဆင်ရေးကိစ္စ ကိုအသားကျနေပြီးသား တပ်ဖြစ် ပေမယ့် ရန်ကုန်စစ်ဆင်ရေးကတော့ ခါတိုင်းစစ် ဆင်ရေးနဲ့ မတူလို့ တော်တော် ဦးနှောက်စားရပါတယ်။ အပြင်မှာက ဆန္ဒပြသူပြ ခေါင်းဖြတ်သူဖြတ် အစိုးရက ဘာမှအစိုးမရတော့တဲ့ ကာလဖြစ်ပါတယ်။ နေ့ စဉ်ပုံမှန် အထက်ဌာနသွား ၊တပ်ခွဲတွေ ရိက္ခာ လိုက်ပို့ ရတဲ့ဒုက္ခ တော်တော်ကြီးပါတယ်။ ရဲဘော် အများစုက ရန်ကုန်မရောက်ဖူးကြသူတွေဖြစ်ပြီး ကိုယ့်ကို ရန်ပြုလာရင်တော့ သည်းခံအောင်ထိန်းဖို့ ခက်ပါတယ်။
(တကယ်အလေ့အကျင့် ရပြီးသားကတော့ ရန်သူကိုကိုယ်ကလက်ဦးမှုယူပြီး တိုက်နေကျတပ်ဖြစ်ပါတယ်)
ညဖက်ဆို တပ်ရင်းမှုးကိုယ်တိုင် ရဲဘော်တွေကို ဆွေးနွေးပါတယ်။ အခုကိစ္စဟာ ခါတိုင်း စစ်ဆင်ရေးတွေနဲ့ မတူကြောင်း အထက်က အမိန့် မရရင် မိမိကိုရန်လာပြုရင်လည်း သည်းခံဖို့ လိုကြောင်း၊ ကားပေါ်မှာ သေနတ်တွေ ကိုင်ထားစဉ်မှာလည်း အပြင်ကိုချိန်တာ၊ သေနတ်ပြောင်းလှည့်ထားတာ မလုပ်ဖို့ ကအစ အသေးစိတ်မှာပါတယ်။ အဓိကကတော့ အပြင် ထွက်သွားလာနေတဲ့ တပ်စုနဲ့ု လူထု ပြသနာဖြစ်ပြီး ပစ်ခတ်မှုဖြစ်မှာ အစိုးရိမ်ဆုံးဖြစ်ပါတယ်။ တကယ် အပြင်မှာ ဦးဆာင်ရသူ အရာရှိ အတွက်တော့ ပြသနာ ဖြစ်လို့ ပစ်ရင်လည်းခုံရုံး မပစ်ရင်လည်း အရင်ဆုံးအသေခံရမယ့် အဖြစ်မျိုးပါဘဲ။
စစ်တပ်ထုံးစံအတိုင်း “ ဘာမေးစရာရှိလဲ “ ဆိုတဲ့ မေးခွန်းနဲ့ အမိန့် နိဂုံး ချုပ် ရမှာ ဖြစ်ပေမယ့် ပြည်လမ်း မြန်မာ့ အသံမှာရှိတဲ့ ကွပ်ကဲမှု တပ်မဌာနချုပ် စစ်ဆင်ရေး ဦးစီးအရာရှိတွေကတော့ “‘ဘာမေးစရာရှိလဲ” ဆိုတဲ့ စကားကိုဘယ်တော့မှ မပြော ပါ ဘူး။ ဂျင်ဂလိနဲ့  ပစ်ရင် ဘာလုပ်ရမလဲ၊ ဒါးနဲ့ ဝင်ခုတ်ရင် ဘာပြန် လုပ်ရမလဲ ၊တပ်စုတစ် စုလုံးကို ၀ိုင်းဖမ်းရင် ကော ပြန်ပစ်လို့ ရသလား၊ အဖမ်းခံရမှာလား၊ ဆိုတဲ့ မေးခွန်းတွေ ကို ဖြေရမှာ ခက်နေကြပုံရပါတယ်။ နေ့  စဉ် ပုံသေ ညွှန်ကြားချက်ကတော့ လမ်းမှာ ဘာပြသနာမှ မတက်ပါစေနဲ့ ။ သူတို့ အမိန့် မရဘဲ လုံးဝမပစ်ရဆိုတာပါဘဲ။ ဦးစီးတာဝန် နဲ့  မကိုက်ညီတဲ့ “ လုံလောက်သော အစောင့်အရှောက်ဖြင့်တို့ လိမ်မ္မာပါးနပ်စွာဖြင့်တို့ ” ဆိုတဲ့စကားတွေနဲ့ပြသနာမဖြစ်အောင်ကြည့်လုပ်ဖို့ပဲ ညွှန်ကြားနေ ပါတော့ တယ်။
လမ်းမှာကြုံတွေ့ နေကျကတော့ ကားပေါ်က ရဲဘော်တွေ မြင်တာနဲ့ ဝိုင်းအော် ဟစ် ကောင်းချီးပေးတဲ့အဖွဲ့ ၊ ဆဲဆိုတဲ့ အဖွဲ့ နဲ့ မျိုးစုံပါဘဲ။ ဒီအထိဘာမှမဖြစ်ပေမယ့် ခဲတွေ ပစ္စည်းအတိုအစ တွေနဲ့ ကိုယ်ထိလက်ရောက် ပစ်ခတ်လာတဲ့ အခါမျိုးမှာ ရဲဘော်တွေကို တော်တော် ထိန်းရ ခက်ပါတယ်။ တချို့ လမ်းတွေမှာ သေနတ်တွေ ကားပေါ်ထားခဲ့ပြီးမှ လူပဲဝင်ခွင့်ပြုမယ်ဆိုပြီး လက်နက် မပါကြောင်း အစစ်ဆေးခံပြီးမှ ၀င်ရတာမျိုးလည်း ကြုံရပါတယ်။
တစ်ရပ်ကွက်ကို အစိုးရတစ်ခုမဟုတ်ဘဲ လမ်းတစ်လမ်းကိုအစိုးရတစ်ခု လုပ်နေကြချိန်ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ရန်ကုန်နဲ့ နီးစပ်တဲ့ တပ်တွေက နေသားကျ ကောင်းကျနိင်ပေမယ့် တောထဲမှာ တကယ်စစ်တိုက်နေတဲ့ တပ်တွေအတွက်တော့ တော်တော်ထိန်းရခက်ပါတယ်။
တစ်နေ့  ပြည်လမ်း မြန်မာ့အသံ တပ်မ ကွပ်ကဲမှု ဌာနချုပ်ကိုသတင်းပို့ ပြီး တပ်စုရှိရာ အောက်ကိုပြန်ဆင်းအလာမှာ ကျောင်းဝတ်စုံအဖြူအစိမ်းနဲ့ ဆရာမတွေက ဦးဆောင်ပြီး ကျောင်းသူတွေပြည်လမ်း ပေါ်မှာ တန်းစီရပ်လို့ ရဲဘော်တွေရှိရာဘက်ကို မျက်နှာမူပြီး ဆန္ဒပြ အော်ဟစ် နေရာက နေ …
“ပစ်ရဲရင်ပစ်လေ၊ပစ်ရဲရင်ပစ်လေ”
လို့ သံပြိုင် အော်နေပြီး(ကန်တော့ပါရဲ့ )သူတို့ရဲ့ခါး တွေကိုကော့ပြနေပါတယ်။ ကျောင်းတုံးက သင်ပေးခဲ့တဲ့ သင်ခန်းစာတွေမှာ ဒါတွေမသင်ခဲ့ရတော့ ရုတ်ချည်းတိုက်စစ် လေ့ကျင့်ခန်းမှာ တပ်စုမှုးဘာလုပ်မလဲဆိုပြီး ခေါင်းကိုတုတ်နဲ့ တဒေါက်ဒေါက် ခေါက်တတ်တဲ့ဗိုလ်သင်တန်းကျောင်းနည်းပြ အရာရှိကို သတိရမိပြီး ဘယ်လိုမှ မထင်ထားတဲ့ မြင်ကွင်း ကို ကြောင်ကြည့်နေမိပါတယ်။ ။