Quantcast
Viewing all articles
Browse latest Browse all 1811

ပြည်သူတဦးရဲ့ အသံ



ဒီရက်ပိုင်း အလွတ်ကြီးတွေ အဆဲခံနေရတော့ သူများတွေ မျက်စိနောက်စရာ ဘာမှသိပ်မရေးတော့ဘူး လို့ နေနေတာ ကိုယ့်ရှေ့ကိုရောက်ရောက်လာတာတွေ များနေတော့လည်း မနေနိုင်ပြန်ဘူး ။


အခု လောက်ကိုင်တိုက်ပွဲမှာ တပ်က ရင်ဆိုင်နေရတဲ့ အကြောင်းတွေ ၊ တိုက်ပွဲသတင်းတွေကို တပ်နဲ့နီးစပ်တဲ့သူတွေက တင်ကြတယ် စာတွေရေးကြတယ် ။လူတိုင်းလက်ထဲ ဖုန်းရှိ အင်တာနက်ရှိနေတဲ့ ခေတ်ဆိုတော့ ဓာတ်ပုံတွေပါတက်လာပါရော ။ဒီတော့ စစ်တပ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဘာတာဝန်တွေကို ထမ်းဆောင်နေတာလဲ တပ်သဘောသဘာဝနဲ့ နှစ်ပေါင်းများစွာ ကင်းကွာပြီး BBC VOA RFA တို့က တပ်မတော် အပေါ် ဟုတ်တာတွေရော မဟုတ်တာတွေရော အပုတ်ချသမျှ သတင်းတွေနဲ့သာ ရင်းနှီးခဲ့တဲ့ ပြည်သူတွေက တိုက်ပွဲဆိုတာဒီလိုပါလား ၊ ရှေ့တန်းထွက်တယ်ဆိုတာဒီလို့ပါလား ၊ စစ်ဗိုလ်နဲ့စစ်သားဆိုတာ မြို့ပေါ်မှာ မြင်နေရတဲ့ မြောက်ကြွကြွ တချို့တွေအပြင် အများစုက ဒီလိုတာဝန်တွေကို ထမ်းဆောင်နေကြပါလား ၊ဒီလိုတွေ စွန့်လွှတ်နေကြပါလား ဆိုပြီး သိလာကြတယ် ။စစ်သားတွေရဲ့ ဘဝမှန်ကို သိလာကြတယ် ။နားလည်လာကြတယ် ။တပ်မတော်ရဲ့ လက်ရှိ လုပ်ရပ်တွေကိုထောက်ခံလာကြတယ် ။ကျဆုံးဒဏ်ရာရစစ်သည်တွေကို ဂရုဏာသက် လေးစားလာကြတယ် ။တိုင်းပြည်ကို ကာကွယ်နေတယ်ဆိုတာကို လက်ခံလာကြတယ် ။ Social mediaပေါ်မှာ profileတွေပြောင်းကြ မြေပြင်မှာ လှူကြတန်းကြ ရှေ့တန်းရောက်စစ်သည်တွေကို စာရေးအားပေးကြ ၊ဒီနေ့ဆို လားရှိုးအထိ အနုပညာရှင်တွေ သွားအားပေးတော့မယ် ။ဇာဂနာတောင် ပါသေး ။ဒီလိုတွေ တပ်နဲ့ပြည်သူ ကြည်ဖြူလာကြတော့ တချိန်လုံး အောက်ခြေစစ်သားတွေကို သနားပါတယ် အာဏာရူး စစ်ဗိုလ်ချုပ်တွေကိုသာ မုန်းတာပါဆိုတဲ့ အကြောင်းပြချက် လှလှလေးနဲ့ တပ်မတော်ကို တပ်မတော်သမိုင်းကို တစ်သက်လုံးအပုတ်ချလာကြတဲ့ လူတွေက မခံစားနိုင်ဖြစ်လာကြပုံပေါ်တယ် ။


ပထမ ဒီလောက်ကိုင်စစ်ပွဲက လုပ်ပွဲကြီးလို့ ပုံဖော်တယ် ။ ကျဆုံးဒဏ်ရာရ စစ်သည်တွေကို သနားပေ ဒီလူတွေဟာ ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးကစားကွက်ထဲမှာ ဘာမှ မသိနားမလည်ရှာဘဲ အဓိပ္ပာယ်မဲ့ အသေခံနေကြတယ် ဆိုပြီး အသေခံကာကွယ်သွားကြတဲ့ စစ်သည်တွေရဲ့ ဂုဏ်ကို သေးသိမ်အောင် လုပ်ဖို့ကြိုးစားကြတယ် ။ မင်းတို့ကသာ အသေခံတိုက်နေတာ နောက်တော့ ဖုန်ကြားရှင်က လူကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက် ပြည်တွင်းမှာ နေရာရနေမှာ ဆိုပြီး တိုက်ပွဲဝင်စစ်သည်တွေရဲ့ စိတ်ဓာတ်ကိုဖျက်ဆီးဖို့ ကြိုးစားကြတယ် ။နောင် လေကြောင်းပစ်ကူတွေ စစ်ကူတပ်မတွေနဲ့ ပယ်ပယ်နယ်နယ် တိုက်ကြ ကာချုပ်နဲ့ သမ္မတက လုံးဝစေ့စပ်ဆွေးနွေးမှု မလုပ်ဘူးဆိုတော့ သူတို့ပြောခဲ့တာ မဟုတ်သလို မျက်နှာပြောင်တိုက် အရှက်မရှိ နောက်တစ်မျိုးအပုတ်ချကြပြန်တယ် ။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသကို တပ်မတော်က အာဏာရူးပြီး သွားတိုက်တဲ့အကြောင်း ၊သူ့ဘာသာငြိမ်းချမ်းနေတဲ့ တိုင်းရင်းသားတွေကို ပစ်သတ်တဲ့အကြောင်း ၊ဖုန်ကြားရှင်ဟာ ဦးခင်ညွန့် မြှောက်စားခဲ့တာ ဖြစ်ကြောင်း ပျော်ပျော်ကြီး ပြောကြပြန်တယ် ။အဲ့တော့ တပ်ကလူတွေက ဗကပ မြောက်ပိုင်းဗျူရို ပြိုကွဲတဲ့အကြောင်း ၊ ဖုန်ကြားရှင်အကြောင်း၊ ပတ်ဆောင်ချိန်အကြောင်း ၊ ကိုးကန့်ဒေသအကြောင်း ၊
2009က ရဲအယောက်သုံးဆယ်ကျော်ကို ပစ်သတ်ပြီး တရုတ်ဖက်ဝင်ပြေးသွားတဲ့ သစ္စာဖောက်အကြောင်း ၊
ခုက တပ်မတော်အပြင် ကိုးကန့်တရားဝင်အစိုးရကိုပါ လာထိပါးတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြန်ရှင်းတော့ ခွေးအတွေ လှည်းနင်းသလို အသံတွေပျောက်ပြီး နောက်တစ်မျိုး ဆက် သိက္ခာချကြပြန်တယ် ။ စစ်သားတွေဟာ စစ်တိုက်ဖို့ စစ်ထဲဝင်တာဖြစ်ကြောင်း ၊စစ်သားတွေကို ပြည်သူက လစာပေးထားတာဖြစ်ကြောင်း ၊
ဒါ့ကြောင့် စစ်သား စစ်တိုက်လို့ သေတာ ပြတ်တာကို ဝမ်းနည်းဖို့မလိုကြောင်း ၊ သူ့အလုပ်သူလုပ်တာဖြစ်ကြောင်း ၊စစ်သားတွေက သူ့အလုပ်သူလုပ်ရင် အသံထွက်ကြောင်း ၊ဒီကိုးကန့် စစ်သားလေး နည်းနည်းကို အင်အား လေးသိန်းရှိတဲ့ တပ်မတော်က နိုင်အောင်မတိုက်နိုင်တာ အလွန်ညံ့ဖျင်းကြောင်း ၊ရဲဘော်တွေဒီလောက်ကျကုန်တာ ဗိုလ်ချုပ်တွေရဲ့ စစ်ဗျူဟာညံ့လို့ဖြစ်ကြောင်း ၊ ကာချုပ်နှုတ်ထွက်သင့်ကြောင်း ၊ဒီအချိန် တပ်မတော်ကိုအားပေးရင် စစ်အာဏာပြန်သိမ်းနိုင်ကြောင်း စုံလို့ စုံလို့ အပုတ်မျိုးစုံချကြတာ ကေသီပန် တစ်ဒါဇင်လောက်သောက်ပြီး ရေးသလား အောက်မေ့ရတယ် ။


ဒီလောက်ကိုင်ကို ရောက်နေတဲ့တပ်မ ဘယ်နှစ်မလဲ သူတို့မသိ ၊အရပ်သားလိုဝတ် ဖိုးဝှီးစီးပြီး လူနေအိမ်ထဲက ချောင်းပစ်တဲ့ ဘာကျင့်ဝတ်မှ မရှိတဲ့သူပုန်ကို တရားဝင်တပ်မတော်အနေနဲ့ ဘယ်လိုကိုင်တွယ်ရလဲ သူတို့မသိ ၊စစ်ဖြစ်နေတဲ့ ဒေသထဲမှာ အရပ်သားတွေ ဝန်ထမ်းတွေ အများကြီးရှိနေတာကြောင့် တပ်မတော်အနေနဲ့ ဘယ်လောက် လုပ်ရကိုင်ရခက်ကြောင်း သူတို့မသိ ၊ဒေသတစ်ခုကို စစ်တိုက်တယ်ဆိုတာ အဲ့ဒေသတစ်ခုတည်း အာရုံထားလို့မရ တခြားနေရာတွေကိုပါ တပြိုင်နက်တည်း ရင်ဆိုင်ထိန်းချုပ် ထားနိုင်ဖို့ စစ်ပြင်ရတယ်ဆိုတာ သူတို့မသိ ၊ စစ်ကြောင်းတစ်ခုဟာ ရန်သူ့ဂွင်ထဲဝင်သွားပြီး မြေပြင်အနေအထားအသာစီး လူအင်အားအသာစီးနဲ့ အလစ်အငိုက် ဝိုင်းပတ်ချေမှုန်းခံရရင် အကျဆုံးများတတ်တာ မြန်မာ့တပ်မတော်မှ မဟုတ်ဘဲ အမေရိကန်တပ်မတော်လည်း ဒီတိုင်းပဲဆိုတာ သူတို့မသိ ၊သူတို့ဝေဖန်တဲ့ စစ်နည်းဗျူဟာကတော့ ကိုယ်လည်း စစ်သားမဟုတ်တော့ မသိ ။ထူးခြားတာက သူတို့က စစ်နည်းဗျူဟာမှားလို့ ကာချုပ်နုတ်ထွက်ပေးဆိုနေချိန်မှာ တပ်မတော်အသိုင်းအဝိုင်းကတော့ တပ်မကြီးတစ်မရဲ့ တပ်ရွှေ့ပြောင်းချိန်တို့ တပ်ရွှေ့လမ်းကြောင်းတို့အကြောင်းကို ဆွေးနွေးနေတာ တွေ့ရတာပဲ ။ နည်းဗျူဟာအမှားလို့တော့ ကိုယ်လည်းမကြားမိ ။ စစ်သားတွေ သူ့အလုပ်သူလုပ်တယ် ဆိုတာကတော့ ငြင်းစရာမရှိ ။လိုအပ်ရင် တိုင်းပြည်ကို အသက်ပေးကာကွယ်မယ်ဆိုပြီး သစ္စာပြု.... ဒီတာဝန်ကို လိုလိုချင်ချင်ယူထားသူတွေအတွက် တာဝန်ကြောင့် စစ်တိုက်တာ တာဝန်ကြောင့် ကျဆုံးတာတွေက စောဒက တက်စရာအကြောင်းမရှိ ။လေးစားစရာကောင်း မကောင်းကတော့ လက်ရှိ အလှူငွေတွေ အားပေးနေတဲ့ ပြည်သူတွေက အဆုံးအဖြတ်ပဲ ။ဘာအလှူခံမဏ္ဍပ်မှမထိုး ဘာရံပုံငွေပွဲမှ မလုပ်ရဘဲ တစ်နိုင်ငံလုံး ဝိုင်းလှူလိုက်ကြတာ သောက်သောက်လဲ ။


ဒီတော့ တချိန်လုံး တပ်မတော်ကို အပုတ်ချ တပ်မတော်ကြောင့် တိုင်းပြည်ကြီးပျက်စီးသွားတာပါဆိုပြီး ပုံဖော်နေကြတဲ့သူတွေရဲ့ ဒေါသက အွန်လိုင်းမှာ တပ်မတော်ဘက်က အကြောင်းတွေကို ရှင်းလင်းရေးသားနေတဲ့ သူတွေဆီ ရောက်လာတော့တယ် ။ သူတို့ဟာစစ်လော်ဘီတွေဖြစ်ကြောင်း ရဲဘော်တွေရဲ့
ဆင်းရဲတဲ့ ဓာတ်ပုံတွေပြ ပြည်သူ့မျက်ရည်ချုကြောင်း စသဖြင့်ကတစ်ဖုံ Personalတိုက်ခိုက်တာတွေက တစ်နည်း မျိုးစုံတိုက်ခိုက်ကြတယ် ။


အဲ့တော့ တပ်မတော်ကို သံယောဇဉ်ရှိသူ တွေက စစ်လော်ဘီအမည်ခံပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ့်အချိန်တွေ အပဲ့ခံပြီး အဆဲခံပြီး ဘာကြောင့် အွန်လိုင်းမှာ စာရေးနေလဲ ဆိုတဲ့ အကြောင်း ကိုယ်သိသလောက် ပြောပြချင်တယ် ။စစ်အာဏာရှင်စနစ်ဟာ မကောင်းကြောင်းလဲလက်ခံတယ် ။ကိုယ်ကျိုးရှာသွားတဲ့ စစ်ဗိုလ်ချုပ်တွေအကြောင်းလဲ လက်ခံတယ် ။တိုင်းပြည်ဆင်းရဲတာ စစ်အုပ်ချုပ်ရေးစနစ်ကြောင့်ဆိုတာလည်း တစ်စိတ်တပိုင်းလက်ခံတယ် ။88ပေါ်လာတာလည်း လူထုရဲ့ မကျေနပ်မှုတွေ ကျပ်တည်းမှုတွေ အုံကြွလာတာဖြစ်ကြောင်းလဲ လက်ခံတယ် ။ 88မှာ စစ်တပ်က ပစ်ကြခတ်ကြကြောင်းလည်း လက်ခံတယ် ။အဲ့ဒီလို လက်ခံသလိုပဲ အဲ့ဒီအချိန် မြို့ပေါ်တွေမှာ မဟုတ်ဘဲ အခြားဒေသတွေမှာ တပ်မတော်က ဘာတာဝန်တွေ ယူထားရသလဲ ဆိုတာ ၊မြို့ပေါ်တွေကို လုံခြုံရေးယူဖို့ ရန်သူတွေနဲ့ ရင်ဆိုင်ထားတဲ့ အင်အားတွေကိုလျော့ မြို့ကိုပို့ရတဲ့ အချိန် အင်အားနည်းနေတဲ့ တပ်စခန်းတွေကို သူပုန်တွေက အချိန်ကိုက် ဝိုင်းတိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေအကြောင်း သိစေချင်တယ် ။အဲ့စခန်းတွေမကျအောင် ခံတိုက်ရင်း အသက်ပေးလိုက်ရတဲ့ စစ်သားတွေအကြောင်း ကျသွားတဲ့ စခန်းတွေ ပြန်တိုက်ရင်း အသက်ပေးလိုက်ရတဲ့ စစ်သားတွေအကြောင်း ၊ မြို့ပေါ်က ဆန္ဓပြပွဲတွေနဲ့ အချိန်ကိုက် တိုက်ကွက်ဖော်လာတဲ့ ဗကပ တွေရဲ့ လူလှိုင်းစစ်ဆင်ရေးတွေအကြောင်း ၊တပ်မတော် တပ်ရင်း တစ်ရင်းကို အင်အားတစ်ထောင်ကျော်နဲ့ ဝိုင်းတိုက်တာကို ကြံ့ကြံ့ခံခဲ့တဲ့ မိုင်းယန်း တိုက်ပွဲတွေအကြောင်း မိုင်းယန်းကျသွားရင် ဘယ်နယ်မြေတွေအထိ အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ အကြောင်း ၊ မဲသဝေါတိုက်ပွဲတွေအကြောင်း နဲ့ အဲ့ဒီအချိန် တပ်မတော်သာ အသေခံပြီး ရန်သူတွေရဲ့ ထိုးစစ်တွေကိုရိုက်မချိုးနိုင်ခဲ့ရင် ဒီအချိန်မြန်မာနိုင်ငံ ဘာဖြစ်နေမလဲ တွေးစေချင်တယ် ၊၊ဒုက္ခသည်တွေကို ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာရေပိုင်နက်ထဲဝင်လာတဲ့ အမေရိကန်သင်္ဘောတွေအကြောင်း နယ်စပ်မျဉ်းနားရောက်လာတဲ့ တရုတ် တိုက်ခိုက်ရေးတပ်မတွေအကြောင်း ဟာသလုပ်မပစ်ဘဲ ၊ ဝါဒဖြန့်တာပါလို့ မရှုံ့ချဘဲ သမိုင်းအမှန်ကို လက်ခံစေချင်တယ် ။ဝင်းမော်ဦးကို အာဏာရှင် တော်လှန်သူအဖြစ် တခမ်းတနား ပုံဖော်ကြပါ ။လက်ခံပါတယ် ။မိုင်းယန်းတိုက်ပွဲတစ်ခုတည်းမှာ အသက်စွန့်သွားတဲ့ အရာရှိစစ်သည် လေးဆယ်ကျော်ကို အသိအမှတ်ပြုရင်ရပြီ ။ 88မြို့ပေါ်မှာ တပ်တွေက ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ကြခတ်ကြကြောင်း နောင်လာနောက်သားတွေကို ပြောပြကြပါ ။ အချန်ကိုက်စစ်ဆင်ရေး လုပ်လာတဲ့ ဗကပ တွေ KNUတွေ အခြားရောင်စုံသူပုန်တွေရဲ့ ထိုးစစ်တွေကို တပ်မတော်က အသေခံရိုက်ချိုးခဲ့တဲ့အကြောင်းလည်း ပြောပြပေးကြပါ ။ ဒါတွေကလည်း 88အရေးတော်ပုံကြီးရဲ့ သမိုင်းအမှန်တွေပဲလေ ။


တိုင်းပြည်ဘယ်လောက်တောင်ဆင်းရဲခဲ့တဲ့ အကြောင်းပြောပါ ။လွတ်လပ်ရေးရကတည်းက ဖြစ်လိုက်တဲ့ပြည်တွင်းစစ်နဲ့ အကွဲကွဲအပြဲပြဲ ပါတီစုံ ဒေမိုကရေစီ မြန်မာ့နိုင်ငံရေးသမိုင်းကိုလည်း ပြောပြပေးပါ ။ဦးသန်းရွှေလက်ထက်မှာ တိုင်းပြည်သယံဇာတတွေ အမြောက်အများ ဆုံးရှုံးခဲ့ကြောင်း ပြောပါ ။တိုင်းပြည်ရဲ့ တစ်ဝက်လောက်က အနက်ရောင်နယ်မြေ အညိုရောင်နယ်မြေဖြစ်နေရာက အဖြူုရောင်နယ်မြေဖြစ်လာကြောင်းလည်းပြောပါ ။ပညာရေး စနစ်ကြီး နိမ့်ကျသွားတဲ့အကြောင်းပြောပါ ။တိုက်ပွဲတွေကြောင့် ဘယ်ဆရာ ဆရာမမှ မသွားရဲတဲ့ စာသင်ကျောင်းမရှိတဲ့ ရွာတွေမှာ စာသင်ကျောင်းတွေပေါ်လာကြောင်းလည်း ပြောပါ ။တရုတ်လွှမ်းမိုးမှုအကြောင်း ပြောပါ ။တစ်ကမ္ဘာလုံးက ဝိုင်းပြီး စီးပွားရေးပိတ်ဆို့ထားချိန်မှာ တရုတ်တစ်နိုင်ငံတည်းနဲ့ စီးပွားရေးဆက်ဆံခဲ့ရကြောင်းလည်းပြောပါ ။ဗိုလ်ချုပ်တွေ အာဏာရူးကြောင်း ကိုယ်ကျိုးရှာကြောင်း ပြောကြပါ ။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးအတွက် အသက်စွန့်သွားတဲ့ တပ်မတော်သားတွေရှိကြောင်းလည်း အသိအမှတ်ပြုပေးကြပါ ။88မှာ တပ်မတော်က အာဏာသိမ်းခဲ့တဲ့အတွက် တိုင်းပြည်ခွေးလုံးလုံးဖြစ်သွားတဲ့အကြောင်းပြောရင် ဒီမိုကရေစီစစ်စစ်အစိုးရ လက်ထက်မှာ ရန်ကုန်အစိုးရ ဘဝကနေ တိုင်းပြည်ရဲ့ မြေပုံ မူလအတိုင်းမပျက်အောင် တပ်မတော်က အသက်ပေါင်းများစွာစတေးပြီး ပြန်ယူပေးခဲ့ကြောင်းလည်း ပြောပြပေးကြပါ ။2007 ရွှေဝါရောင် တော်လှန်ရေးအကြောင်းပြောရင် 2001 နဲ့ 2003တုန်းက ယိုးဒယား မြန်မာ ကန့်သတ်စစ်ပွဲတွေအကြောင်း ပြောပြပေးပါ ။တပ်မတော်ဟာ သူနဲ့မဆိုင်တဲ့ နေရာတွေမှာ ဝင်ရောက်ပတ်သတ်ခဲ့တဲ့အတွက် နာမည်ပျက်ရပေမဲ့ ခေတ်အဆက်ဆက် မူလတာဝန်တွေကို မပျက်မကွက်ထမ်းဆောင်ခဲ့ကြောင်းလည်း အသိအမှတ်ပြုပေးကြပါ ။


သမိုင်းဆိုတာကို စိတ်ခံစားချက်တွေမပါဘဲ အမှန်အတိုင်းလက်ဆင့်ကမ်း နိုင်သူတွေ ပေါများလာရင်ဖြင့် ဘယ်သူမှ အွန်လိုင်းပေါ်မှာ စိတ်ဆင်းရဲခံ ပိုက်ဆံကုန်ခံ အချိန်ကုန်ခံပြီး လော်ဘီလုပ်ကြမယ်မထင်ပါ ။အခုတော့ မြန်မာ့သမိုင်းကို နကန်းတစ်လုံးမှ ခြုံငုံမသိတဲ့လူတွေက စစ်လော်ဘီတွေ မျက်ရည်ချူတယ် ရွံစရာကောင်းတယ် ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် လို့ဆိုနေတာ အတော်ရယ်ချင်စရာကောင်းလှပါတယ် ။တပ်မတော်သမိုင်းကို အမုန်းတရားတွေနဲ့ တစ်ဖက်သတ်ပုံဖော်တော့ သူရဲကောင်း ၊မနေနိုင်တဲ့ လူတွေက ဝင်ရှင်းတော့ အဘဘောမ နာမည်တပ်ခံရပြန်တယ် ။


ကြုံတုန်း စစ်သားတွေဟာ အွန်လိုင်းပေါ်မှာ အဘဘောမလော်ဘီပဲလုပ်တယ် ။သူတို့ တပ်ထဲက မမျှတ မတရားတဲ့ ကိစ္စတွေ ၊လာဘ်ပေးယူမှုအကြောင်းတွေကျ မရေးဘူးလို့ ဆိုကျသူတွေကို ပြောချင်ပါတယ် ။မည်သည့်အဖွဲ့အစည်းမှ ခြောက်ပစ်ကင်း သဲလဲစင်မရှိပါ ။တပ်ထဲမှာလည်း မတရားတာတွေ ဆရာမွေး တပည့်မွေးတွေ အခြား အကြောင်းအရာတွေအမျာကြီး ရှိကြပါလိမ့်မယ် ။လက်ရှိ တပ်ထဲက သူတွေကလည်း သူတို့ personal ခံစားချက်တွေကို တခါတလေ ရေးချင်ရှာပါလိမ့်မယ် ။ဒါပေ တပ်မတော်ဆိုတာ လူတစ်ဦးချင်းဆီထက် အဖွဲ့အစည်းကို တန်ဖိုးထားတတ်အောင် လေ့ကျင့်ထားတဲ့ အဖွဲ့အစည်း ဖြစ်ကြလေတော့ နဂိုကတည်းက တပ်မတော်ဆိုတာနဲ့ နည်းမျိုးစုံအပုတ်ချနေသူတွေ ပေါများလှတဲ့ အွန်လိုင်းမှာတပ်မတော်သိက္ခာ အကျခံပြီးတော့ သူတို့ Personalကိစ္စတွေကို ရေးတော့မယ်မထင်ပါ ။ တပ်မတော်ဆိုတာကို စေတနာဆိုးနဲ့ အပုတ်ချတာမဟုတ်ဘဲ အပြုသဘော ဝေဖန်ပေးသူတွေ ပေါများလာ တစ်နေ့တော့ တပ်ထဲက လူတွေရဲ့ စိတ်ခံစားချက်တွေ ၊ ဖြစ်ရပ်တွေကို အွန်လိုင်းပေါ်မှာ မြင်ရမယ်လို့ မျှော်လင့်ပါတယ် ။


လောက်ကိုင်ကိစ္စမှာ ပြည်သူတွေရဲ့ တပ်မတော်အပေါ်ထားတဲ့ ထောက်ခံအားပေးမှုကို ကြည့်ပြီး သွေးပျက်နေတဲ့ သူတွေကိုပြောချင်တယ် ။ခင်များတို့ သိထားရမှာက မြန်မာနိုင်ငံမှာ စစ်သား ကျောင်းသား ဘုရားသားတွေဟာ သူ့အလုပ်သူလုပ်နေရင် အလိုလိုကို ပြည်သူက ချစ်ခင်ကြတာ ထုံးစံလို့ ။တပ်က ရှေ့လျှောက် ဒီလိုသာ သူ့အလုပ်သူလုပ်နေလို့ကတော့ ပြည်သူနဲ့ တပ်မတော် တသားတည်းကျဖို့ အချိန်က သိပ်မလိုတော့ဘူးလို့ ။ အခုတောင် ဒီလောက် ယောက်ယက်တွေခတ်နေတာ အဲ့ဒီအချိန်ကြရင်တော့ စိတ်ငြိမ်ဆေး လေးသာဆောင်ပြီး ဆေးမှန်မှန် သောက်ကြပါလို့ ။




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>