အထွေထွေအုပ်ချုပ်ရေး၊ ရဲ၊ တရားရေး၊ ဥပဒေဆိုတဲ့ ဌာနတွေ အလုပ်ပြန်မစနိင်ကြသေးတဲ့ ကြားကာလ မ၀တ၊ ရ၀တ တွေ မရှိသေးဘဲ လုံခြုံရေးတပ်ဖွဲ့က ပြန်ကြားရေးဌာနဖွင့်ပြီး လူထု နဲ့  စတင်ထိတွေ့ ဆက်သွယ် ဆက်ဆံရတာ တော်တော်ကို့ရို့ကားယား နိင်ပါတယ်။
အလေ့အကျင့်များလာရင် အလေ့အထတစ်ခုလို ဖြစ်လာပြီး အလေ့အထကနေ ဒုတိယသဘာဝ ဖြစ်သွားတယ် ဆိုတဲ့ အတိုင်း ရှေ့ တန်းစစ်ဆင်ရေးမှာ သတင်းဟာ အသက်ဖြစ်လို့  သတင်းရရှိရေးကို နည်းမျိုးစုံ မရရအောင် စုံစမ်းရတာ အလေ့အထတစ်ခု ဖြစ်နေသူတွေအတွက် သာကေတခန်းမမှာတော့ စုံစမ်းစရာမလိုတော့အောင် သတင်းတွေ အလျှံပယ် ရောက်လာနေပါတယ်။ အစပိုင်းမှာတော့ သတင်းတစ်ခုရရင် လိုက်လုပ်ကြည့်တတ်တဲ့ အကျင့်အတိုင်း အရေးအခင်းတုံးက ဘယ်သူကဘာလုပ် တယ်လာတိုင်ရင် သွားဖမ်းလိုက် ၊ အရင်ဦးအောင် တိုင်သူက လွတ်နေပြီး အတိုင်ခံရသူ အရင်အဖမ်းခံရတာ ဖြစ်နေ ပါ တယ်။ သာကေတ အထက်တန်းကျောင်း အပေါ်ထပ် ခန်းမကျယ် ကြီးထဲမှာ အကုန်စု ထည့်ထားပါတယ်။
အခုလက်ငင်း ဦးစားပေး လုပ်ငန်းက လုယက်သောင်းကျန်း သတ်ဖြတ်မှုတွေကို နှိပ်ကွပ် ဖို့ နဲ့  ထပ်ဖြစ်မလာအောင် တားဆီးဖို့ သတင်းတွေ လိုချင်တာဖြစ်ပေမယ့် အများဆုံးလုပ်နေရတာက အရေးအခင်း ကာလက ဘယ်သူဘာတွေလုပ်ခဲ့ တယ်ဆိုတဲ့ တိုင်တာတွေ လိုက်ဖမ်းစစ်နေရတာ ဖြစ်ပါတယ်။ အများအားဖြင့် အရင်ဦးအောင်တိုင်ခဲ့ သူတွေဟာ အရေးအခင်းမှာ ကိုယ်တိုင် ပေါက်ကရ လုပ်ခဲ့ သူတွေဖြစ်ပြီး အဖမ်းခံရ သူတွေက လူမှန်တွေဖြစ်နေတာ တွေ့ရပါတယ်။ အရင်ဦးအောင်တိုင်ခဲ့ သူတွေ ရဲ့ သတင်း အများစုက မှားနေပြီး အတိုင်ခံရသူတွေဆီက ရတဲ့သတင်းက မှန်တာ များနေတာ သင်းခန်းစာ ယူစရာပါ။ ဘာဘဲပြောပြော ရိုးရိုးသားသား လက်လုပ်လက်စား အများစုဟာ ကျီးလန့်စာစား ကိုယ့်ခေါင်းကိုယ်စမ်း မင်းမဲ့ တိုင်းပြည် ဖြစ်နေရာကနေ အားကိုးစရာ မဟုတ်ရင်တောင် မြင်မြင်သမျှ ကြောက်နေရတဲ့ ဘ၀ကနေ ကြောက်စရာ တစ်ခုတည်း ရှိလာပြီဖြစ်လို့  ဗရမ်းဗတာ အဖြစ်ကနေ ငြိမ်ဝပ်ပိပြားတဲ့ အဆင့်ကိုတော့ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
မြို့ နယ်ခန်းမမှာ ပြန်ကြားရေးရုံးထိုင်ပြီး တိုင်သမျှ လိုက်ဖမ်းခိုင်းနေတဲ့ တပ်ခွဲမှုး ဟာ တပ်မှာ ထူးထူးခြားခြား ၀ါရင့် တပ်ခွဲမှုးကြီးဖြစ်ပါတယ်။ ငယ်စဉ်က တပ်ရင်းတစ်ရင်းမှာ တပ်ထောက် ဗိုလ်ကြီး တာဝန် ထမ်းဆောင်ချိန် တပ်ထောက်ဗိုလ်ကြီးတိုင်း ပြုလုပ်ရလေ့ ရှိတတ်တဲ့ စစ်ဥပဒေနဲ့ မညီတဲ့ ကိစ္စ အသေးအမွှားတစ်ခု လုပ်မိ ခဲ့တဲ့ အပြစ်ဒဏ်လေးက ဘာမှမကြီးမားပေမယ့် ကံဆိုးချင်တော့ အဲ့ဒီအချိန်က ပါတီက စံပြ အနေနဲ့  ပါတီဝင် အဖြစ်က ထုတ်ပယ်ခံခဲ့ရလို့ တပါတ်စဉ်ထဲ သူငယ်ချင်း တွေ ဗိုလ်မှုးဖြစ်နေချိန်မှာ ပါတီကထုတ်ပယ်ခံရတဲ့ ပြစ်မှုနဲ့ (ပါတီထဲပြန်ဝင်လို့လဲမရ) ရာထူးမတက်နိင် ဖြစ်နေခဲ့ရသူပါ။ (၈၈မတိုင်မီက စစ်သားတွေဟာ ပါတီစည်းကမ်း၊ စစ်စည်းကမ်းနဲ့ နယ်ဘက်စည်းကမ်း သုံးခုစလုံးကို လိုက်နာကြရပါတယ်) အခု ပါတီကြီးပျက်သွားပြီဖြစ်လို ပါတီဝင်အဖြစ်က ထုတ်ပယ်ခံထားရတဲ့ ပြစ်ဒဏ်လည်း အလိုလိုပြီးဆုံးသွားပြီး ရာထူးတက်ဖို့ လမ်းကြောင်းပွင့်လာပြီ ဖြစ်ပါတယ်။ လူတွေ လက်မလည်အောင် လိုက်ဖမ်းနေရလို့  မနားရတော့ တဲ့ တပ်စုမှုးတွေ စုပေါင်းပြီး “ အကိုကြီး ကို ဒုက္ခပေးခဲ့တဲ့ ပါတီကြီး ပြုတ်သွားအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို မပစ်မှားပါနဲ့ ” လို့  ၀ိုင်းဂျီကျ စကားနာထိုး မှ သေချာ စီစစ်ပြီး လိုအပ်သလောက်သာ လိုက် ဖမ်းရပါတော့တယ်။
(တပ်ခွဲမှုးဟာ ၁၉၈၉ မတ်လ ၂၄ ကနေ ၂၆ အထိဖြစ်ခဲ့တဲ့ ကရင်ပြည်နယ် မော်ဖိုးကေစခန်းသိမ်း တိုက်ပွဲမှာ စခန်းရတဲ့ မတ်၂၆ ရက် dateနဲ့ ပဲ fieldpromotionရ လို့ ဗိုလ်မှုးအဆင့် တန်းရခဲ့တဲ့ အပြင် သူရဲကောင်းမှတ်တမ်းဝင် ဘွဲ့ တံဆိပ်ပါ ရခဲ့ပါတယ် ။ သီဟသူရဘွဲ့ရ ကျဆုံးခဲ့ရတဲ့ ဗိုလ်ကြီးသန်းထူးက ၈၈ ကာလ ရန်ကုန် ဒေါပုံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်)