
တပ်မတော်(လေ)အတွက် အမျိုးသား အရာရှိများအပြင် အမျိုးသမီး ဗိုလ်မများကို ခေါ်ယူပြီး တာဝန်ထမ်းဆောင်စေခဲ့သည့်။ ထို့ပြင် အမျိုးသားစစ်သည်များနည်းတူ လေယာဉ်စက်ပြင်ခြင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အမျိုးသမီးစစ်သမီး(ရဲမေ) များခေါ်ယူရန် ဆောင်ရွက်ခဲ့သည်။
စစ်စည်းကမ်းဥပဒေများရေးဆွဲရာ၌ အမျိုးသမီးဗိုလ်လောင်းများခေါ်ယူခဲ့သည့်နည်းတူပင် (He) ဆိုသည့် စကားလုံးအစား (She)အစားထိုး၍ စစ်သမီးစုဆောင်းရေးကိုစတင်ခဲ့သည်။ (ထိုစဉ်ကာလက ကြည်း၊ ရေ၊ လေကို တပူးတစ်ပေါင်းတည်းမလုပ်သေးချိန်ဖြစ်ပြီး မြန်မာစာ ရုံးသုံးအမိန့် မထွက်သေးမီကာလဖြစ်၍ လေတပ်၌ အင်္ဂလိပ်စာ ဖြင့်သာ သုံးနှုန်းနေသောကြောင့် (He) (She) အသုံးအနှုန်းဖြစ်နေခြင်းဖြစ်ပါသည်)။
၁၉၅၇ ခုနှစ် စက်တင်ဘာလတွင် ပထမအသုတ် ရဲမေ(၅၈)ဦးကို ရွေးချယ်နိုင်ခဲ့ သည်။ လျှောက်လွှာများ ခေါ်ယူရာ၌ အောက်မြန်မာပြည်အနေဖြင့် လျှောက်ထားသူများသည် အမှတ်(၆)ဗိုလ်တထောင် အထကတွင် လည်းကောင်း၊ အထက်မြန်မာပြည်မှ လျှောက်ထားသူများကို မိတ္ထီလာလေတပ်စခန်းတွင်လည်းကောင်း၊ ရေးဖြေ စာမေးပွဲ ဖြေဆိုစေ ခဲ့ပါသည်။ ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတို့ကို ဖြေဆိုစေ ခဲ့သည်။
သတ်မှတ်အရည်အချင်းမှာ (၁၀)တန်းအောင်သူများဖြစ်ရပါသည်။ ရေးဖြေစာမေးပွဲအပြင် လူတွေ့ စစ်ဆေးခြင်း (Interview) ပါပြုလုပ်ရသည်။ အောက်မြန်မာပြည်အတွက် မဟာဝိဇယကုန်းမြေရှိ မှတ်တမ်းရုံး၌ လေတပ်အမျိုးသမီးအရာရှိများဖြစ်သည့် ဗိုလ်ယဉ်ယဉ်၊ ဗိုလ်ညိုညိုတို့က လူတွေ့စစ်ဆေးခဲ့ပြီး အထက်မြန်မာပြည် အတွက် မိတ္တီလာလေတပ်စခန်း၌ ဗိုလ်လှသန်း(အမျိုးသမီးအရာရှိ)နှင့် ဗိုလ်မှူး ခင်မြင့်တို့က စစ်ဆေးခဲ့သည်။
ထို့နောက်ရဲဘော်များနည်းတူ စစ်ဆေးမှုအဆင့်ဆင့်ကို ခံယူရသည်။ အဆင့်ဆင့်အောင်မြင်ပြီးသော လေတပ်စစ်သမီး ၅၈ ဦးကို မှော်ဘီလေတပ်စခန်းရှိ "ယုဇန "အဆောင်တွင် နေထိုင်စေခဲ့သည်။ သင်တန်းမှူး အဖြစ် ဗိုလ်ကြီး စောစိုင်ဟုန်း၊ သင်တန်းမှူး၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဗိုလ်လှသန်း၊ ဗိုလ်ယဉ်ယဉ်တို့က နည်းပြဆရာများဖြစ်သည့် ဒုအရာခံဗိုလ် စန်းလွင်၊ တပ်ကြပ်ကြီး ခင်အုံး၊ တပ်ကြပ် သန်းထွန်းတို့နှင့် အခြေခံ စစ်ပညာများကို ၃ လကြာ သင်ကြားပို့ချပေးခဲ့ကြပါသည်။

(၂)
ဒုတိယအသုတ် ခေါ်ယူရန်အတွက် ဗိုလ်ကြီး တင်ထွန်း(လေသူရဲ)၊ ဗိုလ် အောင်သွင်(စက်မှုလက်မှုအရာရှိ) နှင့် ဗိုလ်လှသန်းတို့မှ မြစ်ဝကျွန်းပေါ်၊ မော်လမြိုင်နှင့် မုဒုံနယ်များသို့ စုဆောင်းရေး ထွက်ခဲ့ကြသည်။ မော်လမြိုင်မှ အပြန် သိမ်ဆိပ်အရောက်တွင် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဗိုလ်လှသန်းတို့ စီးနင်းလာ သောရထားမှာ ရပ်တန့်ထားခဲ့ရသည်။ တိုက်ပွဲမပြီးမချင်း စုဆောင်းရေးအရာရှိများနှင့် စစ်သမီးအသစ်များမှာ ရထားကြမ်းပြင်တွင် ခေါင်းမထောင်ရဲဘဲ ပြားပြားဝပ်နေခဲ့ကြရသည်။
ထိုသို့ နယ်လှည့်စုဆောင်းရာ ၁၉၅၈ ခုနှစ် ဇူလိုင်လတွင် စစ်သမီး(၅၈)ဦး ရရှိခဲ့သည်။ ပထမအသုတ် သင်တန်းဆင်းခဲ့သော မခင်အေး၊ မမြမေ၊ မအေးအေးစန်းတို့က စစ်သည်နည်းပြဆရာများနှင့်အတူ စစ်ပညာ နည်းပြများအဖြစ်၊ ဆောင်ရွက်ခဲ့ကြသည်။
ပထမအသုတ်နှင့် ဒုတိယအသုတ် သင်တန်းဆင်း လေတပ်စစ်သမီးများမှာ ၁၉၅၈ ခုနှစ် လွတ်လပ်ရေး နေ့ ဗိုလ်ရှုသဘင်အခမ်းအနားမှ စတင်၍ နှစ်စဉ် စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
၁၉၅၉ ခုနှစ်တွင် တတိယအသုတ်အဖြစ် စစ်သမီး(၅၀)ဦးထပ်မံ အင်အားတိုးလာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်၌ နောက်ဆုံးအသုတ်ဖြစ်သော စတုတ္ထအသုတ်တွင် စစ်သမီး(၄၉)ဦး ထပ်တိုးလာခဲ့ပါသည်။
ထိုခေတ်ကာလ ရန်ကုန်မြို့လယ်ခေါင်ရှိ ရုပ်ရှင်ရုံတိုင်းတွင် ရုပ်ရှင်မပြခင် နိုင်ငံတော်အလံအား ရုပ်ရှင်ကြည့် မရိတ်သတ်များက အလေးပြုကြပြီးထိုင်ခုံတွင် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် တပ်မတော်(လေ) စစ်တီးဝိုင်း၏ စစ်ချီဘင်ခရာသံစုံကို ကြားရတော့တာပါပဲ။ ပိတ်ကားပေါ်တွင်တော့ ပျိုပျိုရွယ်ရွယ်၊ တက်တက် ကြွကြွရှိလှသည့် စစ်သမီးတို့သည် ကာကီဝတ်စုံကို ၀တ်ဆင်ရင်း ညီညီညာချီတက်လာသည်ကို ရှုမြင်ရပါ ပေသည်။
"တပ်မတော်….တပ်မတော်…အမျိုးသမီး စစ်သည်တော်…
တပ်မတော်….တပ်မတော်……အမျိုးသမီး စစ်သည်တော်..
တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့…အသက်ပေးလို့ဖြင့်
ဒို့ကာကွယ်မနော်…"
ဟူသော စစ်ချီတေးသံသည်လည်း လွှင့်ပျံလို့ နေခဲ့ပါတော့သည်။
(၃)
အခြေခံစစ်ပညာသင်တန်း (၃)လကြာတက်ရောက်ပြီးသည်နောက် ရဲဘော်များနည်းတူ မိမိတို့ အရည်အချင်းအလျောက် စက်မှုလုပ်ငန်း၊ အုပ်ချုပ်ရေးလုပ်ငန်း၊ ပစ္စည်းထိန်းလုပ်ငန်း စသည့်လုပ်ငန်းတာဝန်များ ကိုတက်ရောက်ကြရပါသည်။
လုပ်ငန်းအလိုက် (၃)လ၊ (၆)လကြာ သင်တန်းတက်ပြီး လုပ်ငန်းစစ်စာမေးပွဲဖြေဆိုကြရသည်။ ၄င်းစာမေးပွဲ အောင်မှတ်အလိုက် တပ်သားကျော် (L.A.C) ၊ တပ်သား(ပ) (A.C 1)၊ တပ်သား(ဒု) (A.C 2) စသည် ဖြင့် ရာထူးဆင့်အတန်း ခွဲခြားသတ်မှတ်ပေးခဲ့ပါသည်။
လုပ်ငန်းလုပ်သက်နှစ်နှစ်ကြာပြီးနောက် အဆင့်မြင့်သင်တန်းအသီးသီးကို ထပ်မံတက်ရောက်စေပြီး တဆင့်တက်၍ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ အရာခံဗိုလ် စသည့်အဆင့်ဆင့်ထိ တက်နိုင်ခွင့်ပေးထားခဲ့ပါသည်။
သို့သော် အလွန်အစကောင်း၍ အကောင်အထည်ဖော်လာခဲ့သည့် လေတပ်အမျိုးသမီးစစ်သမီးများ၏ သမိုင်းသည်ကား အလွန်ကြေဘွယ်ဖြင့် နိဂုံးအဆုံးသတ်ခဲ့ရသည်ဟု ဗိုလ်လှသန်းမှ ၁၉၉၄ ခုနှစ်ထုတ် တပ်မတော် (လေ)မဂ္ဂဇင်းတွင် "အမျိုးသမီးအရာရှိ (၁၁)ယောက်ရှိခဲ့ဖူးသော်လည်း ယခုလက်ဆွဲပြစရာ တစ်ယောက်မှ တပ်ထဲတွင်မရှိတော့ပါ။ အပျိုကြီးဘ၀ဖြင့် ရုတ်တရက်ကွယ်လွန်ရှာသူ ဒေါ်ညိုညိုနှင့် ပင်စင်သက်စေ့၍ အနားယူ သွားသူ ဒေါ်ခိုင်မြင့်မှလွဲ၍ ကျန်(၉)ယောက်မှာ အိမ်ထောင်ပြုသူအမျိုးသမီးအရာရှိများ တပ်မှထွက်ရန် အမိန့် နောက်ပိုင်း ပေါ်ထွက်လာ၍ တပ်တွင် ဆက်လက်အမှုထမ်းထွင့်မရဘဲ ထွက်ခဲ့ရပါသည်။ စစ်သမီးများကဏ္ဍမှာ လည်းထိုအတူပါပေ "
"ကုန်သွယ်ရေးဘက်ရောက်သူရောက်၊ အပြင်အရပ်ဘက် ရုံးစသည်များသို့ ရောက်သူရောက်နှင့် ကစဥ့်ကလျားဖြစ်ကြရပြီး တပ်ထဲ၌တက်ရောက်သင်ကြား၍ အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည့် အလုပ်များနှင့် မဆီမဆိုင်၊ ရရာအလုပ်များ၌ ကကြီးရေးကမှ စကြရပါတော့သည်။ သို့နှင့် ၁၉၆၄ ခုနှစ်ကျခါမှ လက်ရှိအမှုထမ်း နေဆဲအိမ်ထောင်သည် အမျိုးသမီးများသည် ဆက်လက်၍ အမှုထမ်းဆောင်ခွင့် ပြုကြောင်း အမိန့်တစ်ရပ် ထွက်လာပါသော်လည်း အခါနှောင်းပြီဖြစ်၍ ရဲမေခေါ်စစ်သည်မီး ၂၁၉ ယောက်အနက် ယခုလက်ရှိ ၂၁ ယောက် လက်ကျန်လေးမှာလည်း အဘွားကြီး၊ အဘွားလေးအရွယ်တွေ ရောက်လာနေကြပြီဖြစ်ပြီး နောက်ထပ်မျိုးဆက်သစ်များလည်း မရှိတော့သည့်အဖြစ်မှာ နိုင်ငံတော်အကျိုးရှုထောင့်ကပဲ ကြည့်သည်ဖြစ်စေ တစ်ဦးချင်းအလုပ်အကိုင်ဘက်ကပဲ ကြည့်သည်ဖြစ်စေ ယူကြုံးမရ၊ တသသ ဖြစ်ရသည့် ဆုံးရှုံးမှုကြီးတစ်ပါပေ "ဟု မချိတင်ကဲ ဖွင့်ဟရေးသားခဲ့ပါသည်။

(၄)
ဗိုလ်လှသန်း(အမျိုးသမီးလေသူရဲ)၏ စိတ်ဆန္ဒများ၊ နိုင်ငံအတွက် ဖြည့်ဆည်းပေးလိုသည့် စေတနာများ သည် မေတ္တာမှန်၍ အတော်အတင့် ပြည့်ဝလေပြီဟု ဆိုချင်ပါသည်။
ယနေ့ တပ်မတော်(လေ)တွင် စစ်သည်အစားခန့် အမျိုးသမီးများသည် လေယာဉ်ပြင်ဆင်ခြင်း အပိုင်းတို့ တွင်လည်းကောင်း၊ လေကြောင်းထိန်းသိမ်းခြင်းအပိုင်းတို့တွင်လည်းကောင်း ဆောင်ရွက်နေကြပြီဖြစ်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာလုပ်ငန်းကိစ္စရပ်များအတွက် တပ်ကြပ်ကြီးစာရေး (အမျိုးသမီး)သင်တန်းအား ဖွင့်လှစ်ပို့ချနေပြီဟု သိရှိရပါသည်။
တပ်မတော်(လေ)အတွက် အမျိုးသမီးအရာရှိများလည်း မြင်တွေ့လာရပါပြီ။ သို့သော် အမျိုးသမီး လေသူရဲနှင့် အမျိုးသမီးစက်မှုလက်မှုအရာရှိတို့၏ အခန့်ကဏ္ဍသည်လည်း မြင်တွေ့လာနိုင်စရာ ရှိသည်ဟု မျှော် လင့်ရပါသည်။
မည်သို့ပင်ဆိုစေ အမျိုးသားများနှင့် တန်းတူ မောင်တစ်ထမ်း မယ်တစ်ထမ်း ဆောင်ရွက်နေကြသည့် အမျိုးသမီးစစ်မှုထမ်းများမှာ တိုင်းပြည်အတွက် အဖိုးတန်လှသည့် ရတနာပန်းပွင့်များပင် ဖြစ်သည်ဟုဆိုချင် ပါသည်။။ ထို့ပြင် မြန်မာအမျိုးသမီးတို့၏ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်သည့် အရည်အချင်း၊ အရည်အသွေးတို့သည်လည်း ချီးကျူးဂုဏ်ယူဖွယ် ကောင်းလှပါပေသည်ဟု ဆိုချင်ပါတော့သည်။
------------
မောင်ပိုင်
၁၇-၃-၂၀၁၅
မှီငြမ်း - "အမျိုးသမီးလေသူရဲ ဗိုလ်လှသန်း"
မျိုးမြင့်(လေ/သု) ၁၉၉၃ ခုနှစ် တပ်မတော်(လေ)မဂ္ဂဇင်း။
"စစ်သမီးတို့အကြောင်း သိကောင်းစရာ"
မလှသန်း(တစ်ခါကဗိုလ်ကြီးမမ) ၁၉၉၄ ခုနှစ် တပ်မတော်(လေ)မဂ္ဂဇင်း။