Image may be NSFW.
Clik here to view.
Clik here to view.

(အပိုင်း-၁)
(၁)
၁၉၅၆ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့သည် တပ်မတော်(လေ)တွင် သမိုင်းမှတ်တိုင် တွင်ရစ်မည့် လေကြောင်းပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့သည့် နေ့ရက်ပင်ဖြစ်သည်။ ဇူလိုင်လ၏ နေ့ရက်များသည် တိမ်မဲညိုများနှင့် ပြည့်နေတတ်သော်လည်း ထိုနေ့နံနက်တွင်တော့ ကောင်းကင်ပြာကြီးကို တစ်ပြန့်တစ်ပြော မမြင်ရသော်လည်း နေရောင်တို့ကမူ တိမ်သားတိမ်လိတ်များကြားမှ ဖြာကျလျက်ရှိပါသည်။
"အော်စတာ "လေယာဉ်ငယ်သည် စက်မဲ့လေယာဉ်(ဂလိုက်ဒါ)ကို ကြိုးဖြင့် ချိတ်ဆွဲလျက် မှော်ဘီ လေယာဉ်ကွင်းမှ ပျံတက်သွားသည်။ စက်မဲ့လေယာဉ်သည် မှော်ဘီလေယာဉ်ကွင်း၏ ကောင်းကင်ယံဝယ် တစ်ပတ်ပြီးတစ်ပတ် ရစ်ဝဲ၍ "အော်စတာ"လေယာဉ်၏နောက်တွင် တကောက်ကောက်လိုက်ပါပျံသန်းလျက် ရှိပါသည်။
အမြင့်ပေ ၁၂၀၀ သို့ရောက်သောအခါ စက်မဲ့လေယာဉ်ကို ဆွဲယူလာသောကြိုးကို အော်စတာလေယာဉ်မှ ဖြုတ်ချလိုက်သည်။ ထိုစက်မဲ့လေယာဉ်သည် အော်စတာလေယာဉ်မှ ကြိုးဖြတ်ချလိုက်သည်နှင့် မှော်ဘီ လေယာဉ်ကွင်း အထက်ဝယ် လှပစွာ ပျံသန်းအစွမ်းပြနေတော့သည်။ ထိုသို့ပျံသန်းပြီးနောက် လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်လာသည်။ တပ်မတော်(လေ)မှ စစ်သည်များက လေယာဉ်ကို ကူညီထိန်းသိမ်းပေးသည်။
စက်မဲ့လေယာဉ်ကို အစွမ်းပြပျံသန်းပြီး လေယာဉ်ပေါ်မှ ပြုံးရွှင်စွာ ဆင်းလာသူကား တက္ကသိုလ်မလှသန်း (ခေါ်)မြန်မာ့တပ်မတော်(လေ)မှ ဗိုလ် လှသန်း(လေ ၁၁၅၇)ပင်ဖြစ်တော့သည်။
Image may be NSFW.
Clik here to view.
Clik here to view.

(၂)
၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသမီးအရာရှိများ၏ အခန်းကဏ္ဍသည် စိတ်ဝင်စားဖွယ်ရာအဖြစ် ထွက်ပေါ်လာခဲ့ပါသည်။
မကြာမီက တရုတ်နိုင်ငံ၌ပြုလုပ်သော လေကြောင်းအလှသရုပ်ပြပျံသန်းပွဲတွင် အမျိုးသမီးလေသူရဲများက ပါဝင် ပျံသန်းသရုပ်ပြခဲ့သည်ဆိုသည့် သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ကျွန်တော်တို့ နိုင်ငံသမိုင်းတွင်လည်း အမျိုးသမီးလေသူရဲများရှိခဲ့သလားဟူသော သိချင်စိတ်ပြင်းပျလာသည်နှင့် စာအုပ်အဟောင်းများရှာဖွေပြီး ဖတ်ရှု ခဲ့မိသည်။
စိတ်ဝင်စားဖွယ်ရာ အမျိုးသမီးလေသူရဲများနှင့် စစ်သမီး(ရဲမေ)များ၏ အကြောင်းကို အနည်းငယ်သိလာ ရခဲ့ပါသည်။ ထိုစိတ်ဝင်စားဖွယ်အချက်များကို အများသူငါအား ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ထို့ပြင် မြန်မာတပ်မတော်(လေ)၏ သမိုင်းတစ်ခေတ်ကို ပြန်လည်မီးမောင်းထိုးပြလိုခြင်းကြောင့်လည်း ဖြစ်ပါသည်။
(၃)
စစ်ဦးစီးချုပ်များက တပ်မတော် ကြည်း၊ ရေ၊ လေ၌ အမျိုးသမီး အရာရှိများ စတင်ခေါ်ယူရန်စီစဉ်ခဲ့စဉ်က ကြည်းတပ်ဖွဲ့စည်းပုံမှာ အလွန်ကျယ်ပြန့်သဖြင့် အမျိုးသမီးများအတွက် သီးသန့်စစ်စည်းကမ်းရေးဆွဲရာတွင် ကြန့်ကြာနေသည်။ ရေတစ်ဝက်၊ ကုန်းတစ်ဝက်အခြေခံသည့် ရေတပ်ကျပြန်တော့လည်း လုပ်ငန်းသဘောအရ အမျိုးသမီးများအတွက် အချိန်ယူစဉ်းစားနေရသည်။ လေတပ်ကမူ ဖွဲ့စည်းပုံအရ လက်နိုင်ခြေနိုင်ဖွဲ့စည်းပုံမျိုး လည်းဖြစ်၊ လုပ်ငန်းသဘောအရလည်း အမျိုးသမီးများနှင့်သင့်လျော်သော လုပ်ငန်းအများအပြားရှိသဖြင့် တပန်းသာနေသည်။
ထိုခေတ်ကာလအချိန်က နိုင်ငံတကာတွင်လည်း အမျိုးသမီးစစ်သမီးများ၊ အမျိုးသမီးလေသူရဲများ ရှိနှင့် နေပြီဖြစ်သည်။ Royal Air Force တွင် ( Harrier Je XZ 147 ) နောက်ဆုံးပေါ် ဂျက်လေယာဉ်ကို ကိတ်ဆောင်းတား ( Kate Sounder) ဆိုသူ အမျိုးသမီးက မောင်းနှင်နေပြီဖြစ်သည်။ ကူဝိတ်စစ်ပွဲ ( Desert War) တွင်လည်း အမေရိကန်လေတပ်၌ အမေရိကမလေးတွေက ( Transport Aircraft ) များကို မောင်းနှင်၍ တစ်တပ်တစ်အား အမျိုးသားစစ်သည်များကို အကူအညီပေးခဲ့သည်။ အစ္စရေးလေတပ်တွင်လည်း ဂျူးမလေး များက လေယာဉ်မောင်းခြင်း၊ စက်ပြင်ခြင်းတို့ကို အမျိုးသားများနည်းတူ ဆောင်ရွက်နေကြပြီဖြစ်သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်လေအတွက် အမျိုးသမီးများခေါ်ယူရန် ပြင်ဆင်ကြသည်။ စည်းကမ်းဥပဒေ နှင့် အုပ်ချုပ်ရေးဆိုင်ရာတို့၌ အလွန်ပါးနပ်လိမ္မာပြီး အတွေ့အကြုံရင့်ကျက်သူ (ယခင်အခေါ် Wing Commander) ယခုအခေါ် ဒုတိယဗိုလ်မှူးကြီး ပီအေးချိုက လေတပ်ဦးစီးချုပ် ( Air Commodore ) ယခုအခေါ် ဗိုလ်မှူးချုပ် တီကလစ်နှင့် တိုင်ပင်ကာ အမျိုးသားလေတပ်အရာရှိများအတွက် စစ်စည်းကမ်းဥပဒေတွင်ပါရှိသမျှ (He) ဆိုသည့် စကားများကို (She)ဖြင့် အစားထိုးပြောင်းလဲခဲ့ကြသည်။
ထို့နောက် အမျိုးသမီးအရာရှိများ စတင်ခေါ်ယူခွင့်အမိန့် တောင်းခံခဲ့ရာ ၁၉၅၃ ခုနှစ် သြဂုတ်လ(၄)ရက်နေ့ ၌ကျင်းပပြုလုပ်သော ကာကွယ်ရေးဌာနကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး အမှတ် ၁၀၂ မှ အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် ၁၉၅၄ ခုနှစ် သတင်းစာများမှာ ကြော်ငြာခေါ်ယူခဲ့တော့သည်။ ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့တွင် လျှောက်ထားသူ ဘွဲ့ရ(၆၀)အနက် မလှသန်း၊ မညိုညို၊ မယဉ်ယဉ်မွန်နှင့် မခင်လှဝင်းတို့ကို ပထမဆုံး(၄)ဦးအဖြစ် စီစစ်ရွေးချယ်ခန့်ထားခဲ့သည်။
၁၉၅၇ ခုနှစ်တွင် မသန်းမြင့်၊ မတင်တင်မြင့်နှင့် မသန်းသန်းမြင့်တို့သည် ဒုတိယအသုတ် အမျိုးသမီးအရာရှိများ ဖြစ်လာကြပြီး ၁၉၅၈ ခုနှစ် တတိယအသုတ်တွင် မနွဲ့နွဲ့သိန်းနှင့် မရီရီဟန်၊ ၁၉၅၉ ခုနှစ် စတုတ္ထအသုတ်(နောက်ဆုံးခေါ်ယူခြင်း)တွင် မခင်ခင်ကြီးနှင့် မခိုင်မြင့်တို့ အမျိုးသမီးအရာရှိများဖြစ်လာကြပြီး လေတပ်အမျိုးသမီးအရာရှိ ၁၁ ဦးရှိလာခဲ့ပါသည်။
Image may be NSFW.
Clik here to view.![Maung Paing's photo.]()
Clik here to view.

(၄)
ပထမဆုံး အမျိုးသမီးလေတပ်အရာရှိ ၄ ဦးဖြစ်သည့် လေ ၁၁၅၇ ဗိုလ် လှသန်း၊ လေ ၁၁၅၈ ဗိုလ်ခင်လှဝင်း၊ လေ ၁၁၅၉ ဗိုလ် ညိုညိုနှင့် လေ ၁၁၆၀ ဗိုလ် ယဉ်ယဉ်တို့ကို မြန်မာနိုင်ငံတွင် အခြေခံစစ်ပညာ အနည်းငသာ် သင်ကြားစေပြီးနောက် အင်္ဂလန်ပြည်ရှိ ဘုရင့်လေတပ်မတော် လေတပ်အမျိုးသမီးသင်တန်းကျောင်း (ဟော်ကင်)၌ ဆက်လက်သင်တန်းတက်ရန် စေလွှတ်ခဲ့ပါသည်။
အင်္ဂလန်တွင် ရှစ်လခန့်သင်တန်းတက်ရောက် အောင်မြင်ပြီးသောအခါ အမျိုးသမီးအရာရှိများသည် အစ္စရေးလ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ၍ အစ္စရေးလေတပ်မတော် အမျိုးသမီးတပ်ဖွဲ့၏ ဖွဲ့စည်းပုံများကို လေ့လာ ခဲ့ကြပါသည်။
ထိုအချိန်က ဗိုလ်လှသန်းကို ထွန်းနေ့စဉ်သတင်းစာမှ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် "အစ္စရေးနိုင်ငံဟာဆိုရင် ကျွန်မတို့နိုင်ငံလိုပဲ၊ ဗြိတိန်နိုင်ငံလို လေတပ်၊ ရေတပ်၊ ကုန်းတပ်ရယ်လို့ တစ်သီးတစ်ခြား မရှိကြဘူး၊ လေတပ်၊ ရေတပ်၊ ကုန်းတပ်အားလုံးဟာ တစ်စုတစ်စည်းတည်း ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ နိုင်ငံရေး ၀ါဒ အမျိုးမျိုးကွဲပြားနေတဲ့ အဖွဲ့ပေါင်းစုံက ကိုယ်စားလှယ်တွေစုံညီ ပါဝင်တဲ့ လေတပ်မတော်ဆိုင်ရာ ကော်မတီ တစ်ရပ်ရှိတယ်၊ ဒီကော်မတီကဆိုရင် နိုင်ငံရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း ဘယ်လိုပင်ကွဲပြား နေကြပေမဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ လေတပ်မတော် လုပ်ငန်းတိုးတက်မှုကို တစ်စိတ်တည်း၊ တစ်ဝမ်းတည်း စိတ်တူကိုယ်တူ ဆောင်ရွက်နေကြတာကို တွေ့ခဲ့ရတယ်။ ကျမအနေနဲ့ သိပ်သဘောကျမိတယ်။ အခုလို ကျမတို့တတွေ တပ်မတော်ထဲ ၀င်ရောက် အမှုထမ်းတာဟာလဲ ကျရောက်လာတဲ့ နိုင်ငံ့တာဝန်ကို ယောက်ျားများနဲ့တန်းတူ မထမ်းဆောင်နိုင်လင့်ကစား ကိုယ်နိုင်တဲ့ဖက်က တတ်နိုင်သလောက် ပါဝင်ထမ်းဆောင် နိုင်ရေးကို အဓိကအားဖြင့် ရည်ရွယ်ပါတယ် "ဟု မှတ်သားဖွယ်ရာ ဖြေကြားခဲ့သည်။
အစ္စရေးနိုင်ငံတွင် ပညာသင်ကြားနေစဉ် ဗိုလ်လှသန်းတို့ (၄)ဦးအား အစ္စရေးနိုင်ငံ၏ ဗိုလ်ချုပ်ကြီး မိုရှေဒါယန်းက " Fighter Pilot မှာ အမျိုးသမီးက သိပ်တော်တယ်၊ မွေးပါ မိန်းမဥာဏ်ကြောင့် ရန်သူက အဲဒီ အမျိုးသမီး Fighter Pilot ရဲ့ လှည့်ကွက်ကို ဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်ဘူး၊ ဒါပေမယ့် လေယာဉ်ပစ်ချခံရလို့ ရန်သူ့နယ်မြေထဲ ထိုးကျသွားရင်တော့ဖြင့် အမျိုးသမီးလေသူရဲအတွက် အလွန်အန္တရာယ်များတယ်၊ တစ်ဖက်ရန်သူ ကလည်း ဒီဘက်က တပ်သားတွေ စိတ်ဓာတ်ကျအောင်၊ အမျိုးသမီးလေသူရဲကို ဓားစာခံထားပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်တတ်ကြတယ်။ ကြုံလဲကြုံဖူးခဲ့တယ်။ ဒါကြောင့် အမျိုးသမီးလေသူရဲတွေကို တိုက်လေယာဉ်တွေပေါ် မတင်တော့ဘဲ Transport Plane သယ်ယူပို့ဆောင်ရေးလေယာဉ်တွေမှာသာ သုံးတော့တယ်။ သိပ်သုံးလို့ကောင်းတယ် "ဟုမိန့်ကြားခဲ့သည်ကို ဗိုလ်လှသန်းမှ ပြန်လည်ပြောပြခဲ့ပါသည်။
၁၉၅၆ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့တွင် ဂလိုက်ဒါလေယာဉ်ကို အမြင့်ပေ ၁၂၀၀ ကျော်မှ နေ၍ စီးနင်း ပျံသန်းပြခဲ့သည့် ဗိုလ်လှသန်းကို ထိုစဉ်ကာလ သတင်းခေါင်းကြီးပိုင်းများတွင် တခမ်းတနားဖော်ပြခဲ့ကြသည်။
၁၉၅၆ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သော တပ်မတော်(လေ)၏ (၉)နှစ်မြောက် အထိမ်း အမှတ်နှင့် တပ်မတော်လေတပ်ပြပွဲကို မိတ္ထီလာလေ့ကျင့်ရေးလေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲနေ့နှင့် နောက်တစ်နေ့ဖြစ်သော (၁၆)ရက်နေ့တို့တွင် ဗိုလ်လှသန်းမှ စက်မဲ့လေယာဉ်(ဂလိုက်ဒါ)ဖြင့် ပျံသန်းပြသခဲ့ပါသည်။
------------
မောင်ပိုင်
၁၅-၃-၂၀၁၅ (ဒုတိယပိုင်းဆက်ပါဦးမည်ခင်ဗျား..)