၂၀၁၅ နီးလာလေ တတိယအင်အားစု ဟူသော အသံ ကြားလာရလေ ဖြစ်သည်။အစိုးရ နှင့် အတိုက်အခံ အပြင် အဘယ်ကြောင့် အင်အားတစ်ရပ် ထပ်မံပေါ်ပေါက်လာသည်၊ မည်သည့် အဖွဲ့အစည်းမှ တတိယ အင်အားစု အဖြစ် ရပ်တည်မည် ဆိုသည်က စိတ်ဝင်စားဖွယ်ရာဖြစ်သည်။၁၉၈၈ မှ စတင်ခဲ့သော အစိုးရနှင့် အတိုက်အခံ အားပြိုင်မှုသည် ၂၀၁၀ အလွန်တွင် ငြီးငွေ့ဖွယ် ဇာတ်လမ်းတွဲ အသွင် ဆောင်လာသည်။ ကန့်သတ်ခေတ်လွန် မြန်မာနိုင်ငံတော်အား အရှိန်အဟုန်ဖြင့် တိုးတက်စေလိုသော အင်အားစုများက အစိုးရနှင့် အတိုက်အခံကြားပါဝါဂိမ်းများ၊ အပေးအယူ အတိုးအဆုတ်များကို ခလုတ်ကန်သင်းအဖြစ် မြင်လာပြီ။သူ့ကြောင့် ငါ့ကြောင့် အပြစ်မြင် လက်ညျိုးထိုးနေမှုများကို စိတ်မရှည်တော့။Blame game များ၊ကိုယ်ရည်သွေးမှုများ ထက် လက်တွေ့ အလုပ်ဖြစ်မှုကို တောင့်တလာကြသည်။တစ်ကယ်လုပ်လျှင် တစ်ကယ်ဖြစ်နိုင်မှန်းလည်း သိလာပြီ။
မြန်မာဆိုသည်က ယုံကြည်မှုသာ ဦးဆောင်လျှင် ၀ါးရင်းဒုတ်သာ လိုအပ်လောက်အောင် စိတ်ဓါတ် ပြင်းထန်သော လူမျိုး။ရခိုင် အရေးအခင်းမှ အစပြုသော အမျိုးသားရေး စိတ်အဟုန်က ဆီးဂိမ်းစ် အပြီးတွင် အမြင့်ဆုံးသို့ ရောက်ရှိတည်ငြိမ်ပြီ။ခြေဥပြင်ရေး မပြင်ရေး၊ ရာထူးလုရေး လုံးပန်းမှုများက သူတို့အတွက် နေ့စဉ် ဘ၀ မဟုတ်။မျှော်လင့်သော အနာဂတ်မဟုတ်။ ဖြစ်ချင်သော အခြေအနေနှင့် လက်ငင်းကြုံတွေ့နေရသော အကြပ်အတည်းများက စကြ၀တေးမင်း ကို မျှော်ယုံမျှဖြင့် မပြေလည်မှန်း သိလာပြီ။ကိုယ့်အား ကိုယ်ကိုး ရုန်းကန်လိုပြီ။စစ်အစိုးရထံ အကြွေးတောင်းသလို တောင်းနေယုံဖြင့် နိုင်ငံတော် ဆင်းရဲတွင်းမှ မတက်။ညီညာကုန်း၍ ရုန်းရမည့်အစား ထန်းလျက်နှင့် အချိုကုန်နေကြသူများကို သံသယ ၀င်လာပြီ။ နိုင်ငံရေးအမြင် ရေစီးက အမြဲ ပြောင်းလဲသည်။အဆိုးအမြင်ထက် အကောင်းကိုသာ မြင်ချင်ပြီ။ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း မ၀င်လိုပြီ။အလင်းရောင် ပျပျ ကို မြင်ရုံမျှဖြင့် အားသွန်လျှောက်လိုပြီ။တို့မြန်မာ သာကီမျိုးမို့ မညှိုးဂုဏ်တေဇာ ဟု ကြွေးကြော်ချင်လှပြိ။၁၉၈၈ အရေးတော်ပုံသည် သမိုင်းဖြစ်သည်။စစ်အစိုးရသည်လည်း သမိုင်းမှာ ကျန်ခဲ့လေပြီ။နိမ့်ကျသည် ဆိုဆို အကျင့်ရ၍ ခံနိုင်ရည် ပိုရှိလာသည်။ဆက်လက်၍တော့ မပျော်လို မပျော်သင့်။ငိုသောကလေး နို့ပိုစို့ရသည် ဆိုသည်ကလည်း ငယ်စဉ် မိခင် ရင်ခွင်ထဲမှာသာ မှန်သည်။ငွေလမင်း အား လိုချင်စိတ်ဖြင့် ငိုကြွေးနေယုံဖြင့် မရ။ တောင့်တသော အပြောင်းအလဲ ဟူသည် အစိုးရ အမည်အသစ် တစ်ခုထက် ပိုသည်။ရွှေထီးဆောင်းခဲ့ခြင်း၊အိမ်နိမ့်စံခဲ့ခြင်း ဆိုသည်ထက် မြန်မာဟူ၍ သိမ်ငယ်စွာ မနေလိုတော့။ရာဇ၀င်ကို ချွေးဖြင့်ရေးလျှင် ငံငြိငြိ နေမည် ဟု ဆရာမောင်ထင်က သရော်သည်။သွေးဖြင့်ရေးရလျှင်လည်း ညှီစို့စို့ နံပေလိမ့်မည်။ မည်သူ့ကိုမှ အားကိုးမရမှန်းလည်း ဖွတ်ဖွတ်ကျေမှ သိခဲ့ရပြီ။ကဲ...တွင်းဆုံးမကျခင် ရုန်းကြစို့ရဲ့...။ ထို အတွေးအမြင်က လှုပ်နှိုးလေပြီ။လှုပ်လီလှုပ်လဲ့ အစိုးရ နှင့် အသံသာ မည်သော အတိုက်အခံ နှစ်ဖက်လုံးကို အားမရ။အမျိုးသားရေး အမြင်ဖြင့် ကြည့်သော် ဘောင်ထဲ မ၀င်။အာဏာ ထမ်းပိုးနှစ်ဖက်ကို ဘေးသို့သာ ခြေကန်ရုန်းပုံရ၏။ရှေ့သော် မှန်းသလောက် မရွေ့။ မျက်စေ့ဖွင့်ကြည့်၍ မြင်သည်။ အမြင်ကြောင့် တွေးသည်။ ရဟန်းလည်း မနေသာ။လူငယ် လူရွယ် များကလည်း မရွံ့။ စစ်သားဟောင်းကလည်း တစ်တပ်တစ်အား။၈၈ ကျောင်းသားဟောင်းများထဲမှ လည်း နောက်မကျန်။ပညာရှင်လည်း ပါသည်။လေ့လာအားကောင်းသူများ လည်း ပါသည်။နိုင်ငံရေးမျိုးဆက်များကလည်း အားဖြည့်သည်။ပြည်ခိုင်ဖြိုး NLD ပါတီ ထောက်ခံသူအချို့ကလည်း မြင်ပြီ။တူညီသော စိတ်က တိုင်းပြည်ကို တိုးတက်စေချင်ပြီ။ ရာထူး မဟုတ်။အာဏာမဟုတ်။သန့်ရှင်း-တည်မြဲ ဟူ၍ မခွဲ ။နိုင်ငံတော်ကို သန့်ရှင်းစွာ တည်မြဲစေလိုသူများသာ။အမျိုးသားရေးစိတ် အခြေခံကြောင့် အင်အားကို လျော့တွက်၍ မရ။ပါတီစွဲ ဟူသည်က နိုင်ငံချစ်စိတ်ကို လွှမ်းမိုးနိုင်လောက်အောင် မစွမ်းသာ။လွှမ်းမိုးသည်လည်း မဖြစ်သင့်သော အရာ။တတိယ အင်အားစုကား ဤသို့ အခြေတည်လေသည်။အမျိုးသားရေးစိတ် အခြေခံကြောင့် အင်အားကို လျော့တွက်၍ မရ။ဆန္ဒမဲ ချိန်ခွင်လျှာကို အတိမ်းအစောင်း ဖြစ်စေလာနိုင်သည်။အာဏာလိုသူ ပါတီကိုစိတ်ထင်ရာ မလုပ်နိုင်အောင် ထိန်းညှိပေးလို့ရသည်ဟု ယူဆစရာရှိလာသည်။ သို့သော်.... စိန်ခေါ်မှုများက အပြည့်။တိုင်းပြည်၏ ကံကြမ္မာ က သမိုင်းတစ်လျှောက်အကောင်းဘက် မပါ။
တတိယအင်အားစု ဟု တင်စားသော အဖွဲ့အစည်း၏ အင်အားက မျှော်မှန်းမရ။ဖွဲ့စည်းပုံကျစ်လျစ်မှု နှင့် ယုံကြည်ချက် ခိုင်မာမှုက မှတ်ကျောက် တင် မခံရသေး။ဆန္ဒ များ ရှေ့ဆောင်နေကြ၍သာ။တိကျရေရာသော လမ်းစဉ်ရည်ရွယ်ချက်ဖြင့် ဦးဆောင်မည့်သူ ပေါ်မလာသေး။နိုင်ငံရေး ပရိယာယ် မကြွယ်။လှည့်ကွက်များအား ခံနိုင်ရည် ရှိ မရှိ တွက်ဆလို့ မရ။ လတ်တလောမှာတော့ အစိုးရ အတိုက်အခံ နှစ်ဖက်လုံးက အမြင်ကြည်ဖွယ် မမြင်။နိုင်ငံရေးအာဏာ ဆိုသည်က သားအဖ ချင်းပင် စိတ်ဝမ်းကွဲစေတတ်သော အမျိုး။ပခုံးချင်း ယှဉ်လာမည် ထင်မြင်လျှင် အသက်ကို ဖက်ဖြင့် ထုပ်ထားရတတ်သည်။ဆူးကြားမှာ ရှင်သန်ရမည့် ဘ၀။ အားသာချက်က တိုင်းပြည် တိုးတက်စေချင်သော စိတ် စေတနာ အရင်းခံသည်။စဉ်းစားဉာဏ်ဖြင့် ထိန်းညှိသည်။အသက်အရွယ်စုံ လူတန်းစားစုံ ကြောင့် အတွေ့အကြုံ စုံသည်။ကောင်းသော အပြောင်းအလဲ ကို မြင်လိုသည်။ ကောင်းအောင်လည်း ကြိုးစားလိုကြသည်။အကြောက်တရား အမုန်းတရား ပုဂ္ဂိုလ်စွဲ စသည်တို့ကို ရှေ့တန်း မတင်။ ဤသို့သော သဘောထားသည် အစိုးရနှင့် အတိုက်အခံတို့၏ ရှေ့မတိုး နောက်မဆုတ်သော အချိန်တွင် ပိုမို ပေါ်လွင်လာသည်။အထူးသဖြင့် သမ္မတ အရည်အချင်းနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနှင့် ပတ်သက်သည်။ မိမိအင်အားကိုလည်းသိ ရန်သူ့အင်အားကိုလည်း သိမှ စစ်ပွဲတစ်ခု အောင်နိုင်ရန် သေချာသည်။၅၉(စ) သည် အစိုးရနှင့် အတိုက်အခံကြားက ကိစ္စတစ်ခုမဟုတ်။ပြည်သူလူထုကြား မတွက်ဆဘဲ ထည့်ပေးလိုက်သည့် ပြဿနာ သို့တည်းမှ မဟုတ်လျှင် ပြည်သူကို တိုက်ရိုက် အားစမ်းခြင်း။ပြည်သူ၏ ဆင်ခြင်နိုင်စွမ်းကို တိုင်းတာခြင်းပင် ဖြစ်သည်။ တတိယအင်အားစု ဟု တင်စားသော အဖွဲ့အစည်းသည် မည်သည့်ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်မည် ဆိုသည်က ၂၀၁၅ အတွက် ကြိုတင် အဆုံးအဖြတ်ပင် ဖြစ်သည်။
မြန်မာ ဆိုသည်က သူရဲကောင်းဝါဒ အားကျသည့် အစဉ်အလာ ရှိသည်။အဖွဲ့အစည်းနှင့် လုပ်ဆောင်ရလျှင် ညီညွတ်မှု အားနည်းသည်။တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကျေသည် ဟု ယုံကြည်တတ်ကြသည်။သမိုင်းတွင်လည်း ခေါင်းဆောင်ကောင်း တစ်ဦး ပေါ်ထွက်သည့် သမယမျိုးသာ အောင်လံလွှင့်နိုင်ပေသည်။ထိုခေါင်းဆောင် လွန်သော် ဖရိုဖရဲ ဖြစ်မြဲ နေမြဲသာ။သို့သော် မင်းလောင်းမျှော်သည့် စရိုက်ကို မစွန့်။ခိုင်မာသော Institutions & Society တည်ဆောက်ရန်မလုံးပန်းနိုင်။မကြိုးစားခဲ့။ လက်ရှိ အာဏာရပါတီ နှင့် အတိုက်အခံ ပါတီကြီးပင်လျှင် တစ်ဦးကောင်း အပေါ် မှီခို နေရသလို အခြေအနေ။ သို့သော်... သက်ဆိုင်ရာခေါင်းဆောင်များ အသက် ရ လှပြီ။မှီခိုလွန်းနေ၍ မဖြစ်ပြီ။ မျှော်ကြည့်ပြန်သော် ခေါင်းဆောင်မျိုးဆက် ရှားပါးသည်။အတိုက်အခံ ခေါင်းဆောင်၏ အရည်အချင်းက မွေးရာပါ။နောက် တစ်ယောက် မရနိုင်။နောက် သူ၏ မျိုးဆက် ပြတ်သလောက် ဖြစ်ပြီ။ထည့်တွက်ရန် မရှိနိုင်တော့။ပါတီ အဖွဲ့အစည်းတွင်လည်း မီ မည့်သူမရှိ။ မှီ သည့်သူသာများသည်။ အာဏာရပါတီ ဘက် ကြည့်လျှင်လည်း သမ္မတ သည်ပင် အဂတိ ကင်းရှင်းသည်ဟူသော အမည်ကောင်းကြောင့်သာ။ကျန်သူများ နောက်ကြောင်းရှင်းပါကြောင်းကျမ်းကိုင်ပြလျှင်ပင် ပြည်သူက မယုံ။ယုံကြည်ရမည့် အကြောင်းလည်း မရှိ။ အသို့ဆိုသော် နောက်ခေါင်းဆောင် တစ်ယောက် မျှော် စောင့်ကြမည်လော....။ တိုင်းပြည်က အနာ သည်းလှပြီ။အမှောင့် ပယောဂ ကလည်း အနှောက်အယှက် ပေးသည်။အမြန် ဆေးချက် ထိမှ သက်သာမည်။ဆရာများ သားသေ လည်း ဖြစ်မှာ စိုးရိမ်ရသည်။ဆရာရမ်းကု စမ်းတ၀ါးဝါး ပြုစုလျှင်လည်း ရေတိမ်နစ်မည်။ယခုထက် ပို မဆိုးနိုင် ဟု မြင်သူများကလည်းရှိသည်။တိုင်းပြည်၏ ကံကြမ္မာဟူသည် မျက်စိစုံမှိတ် လက်တည့်စမ်းကောင်းသော အရာ မဟုတ်။အရင်းအနှီးက တိုင်းပြည်ချစ်သည့်စိတ်ဖြင့် ကြည့်လျှင် မတန်တဆ။ အဖွဲ့အစည်းများ ခိုင်မာ အားကောင်းနေခဲ့လျှင် အသွင်ကူးပြောင်းရေးက သည့်ထက် ပို ငြင်သာပေမည်။အတိတ် ကို လက်ညှိုးထိုး ငိုကြွေးနေယုံဖြင့်တော့ မပြီး။လုပ်ငန်းတစ်ခု စတင်ပြုရန် အချိန်ဟူသည် ပစ္စုပ္ပန် လက်ငင်းသာ မဟုတ်တုံလော။နေမင်းကြီး အလင်းရောင် ကို တမ်းတပူဆွေးနေပါက လမင်း အေးရိပ်ကို ခံစားခွင့် လွတ်လေတော့မည်။အမှားများထဲမှ အချို့က နောင်တ ရကြသည်။အချို့က သင်ခန်းစာ ရကြသည်။ခံယူသော စိတ်ပေါ် မူတည်၍ ရလာဒ် ကွာသည်ပင်။
လက်ရှိ နိုင်ငံရေး ပလေယာများက အာဏာရပါတီ၊ အဓိက အတိုက်အခံပါတီ၊ လွှတ်တော် နှင့် တပ်မတော်။ နောက် ပါတီငယ်များ နှင့် တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ။ ဤထဲမှ တပ်မတော်က နောက်သို့ အဆုတ်။ပင်ပန်းပြီ။ ဖွဲ့စည်းပုံ ပြည့်အောင် အနားပေးသင့်ပြီ။မူလတာဝန်ကိုသာ ထမ်းဆောင်စေသင့်ပြီ။သူကလည်း တို့တာဝန်အရေးသုံးပါးကိုသာ မထိလျှင် ဝေးဝေးနေလိုပြီ။နာမည်ပျက် မခံလိုပြီ။ခွာစစ်တွင် အခက်ခဲဆုံးဖြစ်သော အအုပ်အစည်းမပျက် ဆုတ်ခွာရေးက အရေးကြီး၍သာ။ဖရိုဖရဲ ဆိုလျှင် ခွာစစ်က ပြေးစစ် ဖြစ်တတ်သည်။ဥပဒေသ တွေအတိုင်း စနစ်တကျ ရှိဖို့ လိုသည်။လျှော့တွက်၍ မရ။အချိန်မရွေး ထိုးစစ်အပြုအမူ ပြောင်းနိုင်အောင် ပြင်ဆင်သည်။နေရာ ၀င်ယူမည့်သူများ လိမ္မာ ပါးနပ်ဖို့ လိုသည်။ဆန္ဒစောလျှင် ထိပ်တိုက် တွေ့တတ်သည်။ တိုင်းရင်းသား ပါတီနှင့် အဖွဲ့အစည်းများကလည်း မိမိသက်ဆိုင်ရာ ပြည်နယ်တွင် ညီညီညွတ်ညွတ် ဖြင့် ကိုယ့်ပြည်နယ်အကျိုး ကိုယ်တိုင် သည်ပိုးဖို့ ပြင်ဆင်ချိန် ရောက်ပြီ။ကိုယ်မြင်ခဲ့သော ချွတ်ယွင်းချက်များ ပြုပြင်နိုင်အောင် ကြိုးစားကြရတော့မည်။ပြည်ထောင်စု စိတ်ဓာတ် မပျောက်ပျက်ရန်သာ အရေးကြီးသည်။ လွှတ်တော် သည်ကား ပုံရိပ် ပေါ်လွင်အောင် ကြိုးစားဆဲ။အာဏာရ ပါတီက အများစု ဖြစ်သည့်အပြင် စမ်းတ၀ါးဝါးကာလမို့ စွမ်းရည် မပြည့်သေး။တစ်ခါတစ်ရံ ကန့်လန့် ဖြစ်လိုက် ၊ဖနောင့်နင်းလိုက် ၊ကြောင် သန်းရှာလိုက်၊ဆိတ်ဖမ်းလိုက် ထလုပ်တတ်သည်က အရုပ်ဆိုးလှသည်။ အစိုးရ အဖွဲ့ ကလည်း သမ္မတ တစ်ခြား ၀န်ကြီးအဖွဲ့ တစ်ခြား။သမ္မတ မှာ ရွေးစရာလူ ရှားသည်။အာဏာရ ပါတီဝင်အများစု၏ စိတ်ဓာတ်၊ အရည်အချင်း၊ ခံယူချက်၊ ကိုယ်ကျင့်တရား .... ပြည်သူက သိသည်။ပြည်ပ နိုင်ငံများကတော့ သမ္မတ အပေါ် မျှော်လင့် ယုံကြည်မှု ထားပေးကြသည်။ရင်းနှီးမြှုပ်နှံမှုများကြောင့် တည်ငြိမ်မှု ကို လိုလားသည်လည်း ပါသည်။လူတွေ ခဏခဏ ပြောင်းပြီး စကားဆိုနေရသော် အလုပ်မဖြစ်။ ဘုရားပေးသော ခေါင်းဆောင် ရှိသည်ဟု တင်စားကြသည့် အတိုက်အခံ ပါတီတွင်လည်း ပြဿနာ မကင်း။လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက်ရှိသော်လည်း သမ္မတ ရာထူးကန့်သတ်ချက်ကအတားအဆီး ဖြစ်နေသည်။ပစ်ရမှာလည်း အဆီနှင့် ၀င်းဝင်း၊ စားရမှာလည်း သဲတစ်ရှပ်ရှပ် ဆိုသလိုပင်။နိုင်ငံတည်ဆောက်ရေး ခေတ်တွင် တော်လှန်ရေးစိတ်သာ အမြစ်စွဲသည့် နောက်လိုက် အချို့ က အစိုးရအနေဖြင့် နေတတ်သူများဖြစ်မလာနိုင်။ကိုယ့် တိုင်းပြည် တော်လှန်ရေး မရှိလျှင် အခြားတိုင်းပြည် တော်လှန်ရေး ဗော်လံတီယာလိုက်သည့် ချေဂွေဗားရား အားကျသူများ အမြင်ပြောင်းရန် လိုသည်။အတွေ့အကြုံ၊ လွှမ်းခြုံကြည့်နိုင်မှု အမြင်၊ အုပ်ချုပ်မှု စွမ်းရည် ပြည့်ဝအောင် ပြုစုပျိုးထောင်ကြရဦးမည်။ အခြားပါတီများတွင် တစည က ကျားအို။အရင် အခြေခံကြောင့်သာ ပျောက်ကွယ်မသွားခြင်းဖြစ်သည်။NLD မပါ၊ ပြည်ခိုင်ဖြိုး မကြိုက်၍သာ ရွေးချယ်ခံရခြင်းဖြစ်လိမ့်မည်။အုပ်ချုပ်မှု၊ စည်းရုံးရေး တို့တွင် အတွေ့အကြုံ အမြင်ရှိကြသော်လည်း အသက်ထောက်လာပြီ။မျိုးဆက်သစ် အားနည်းပြီ။သို့သော် နိုင်ငံရေးကို သူတို့ နားလည်သည်။ ၈၈ မျိုးဆက်ဟောင်းများက ယခုအချိန်မှာ အခြေခံမတူကြတော့။တော်လှန်ရေးခေတ် ကုန်ပြီဟု ဆိုနိုင်ပြီ။တည်ဆောက်ရေးခေတ်နှင့် အရည်အချင်း အံဝင်သူသာ တင်ကျန်မည်။နိုင်ငံတော် တစ်ခု တာဝန်ယူနိုင်မှုက တော်လှန်ရေးထက် ခက်သည်။ဆည်းပူးလေ့လာ မိမိကိုယ် ကိုယ် ထိန်းသိမ်း တည်ဆောက်မှ နောက်တစ်ဆင့် တက်မည်။ဝန်ကြီးချုပ် ဦးနု၊ ဥိးကျော်ငြိမ်း၊ ဦးဗဆွေ တို့သည် လက်နက်ကိုင် တော်လှန်ရေးသမားများမဟုတ်။နိုင်ငံရေးသမားများသာ။သို့သော် ထိပ်ပိုင်းဦးဆောင်သည့်နေရာကို အကျဉ်းခံကာလ အနည်းအများဖြင့် ဆုံးဖြတ်သည်မဟုတ်။ဝါစဉ် ကြောင့် နေရာရခြင်းသည် ရဟန်းတို့ သံဃာစင်ပေါ်ကအလေ့အထ။အရည်အချင်းကသာ နေရာ ရခြင်း မရခြင်းကို စစ်ထုတ်လိမ့်မည်။ NDF ကတော့ လက်တွေ့ အလုပ်ဖြစ်ရေးမူဝါဒကို အကောင်းဆုံး အသုံးချနိုင်သူများဟု ဆိုနိုင်သည်။အတန်အသင့် အင်အားလည်းရှိသည်။သို့သော် စေတနာ၊ စိတ်ဓာတ်၊ လုပ်ရပ်တို့နှင့် စာလျှင် နည်းသေးသည်။စောင့်ကြည့်ရမည့် အထဲတွင် ပါလာပြီ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အသစ်တည်ထောင်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ များကိုမူ အမျိုးသားရေးအခြေခံ အပြင် အခြားမူဝါဒလမ်းစဉ် နှင့် မဟာဗျူဟာ၊ နည်းဗျူဟာများ၊ အလုပ် လုပ်သည့် အကျိုးဆက်များအား မှတ်ကျောက်တင်ချိန် ပေးရဦးမည်။
တတိယ အင်အားစု ဟူသည်ကား အဖွဲ့အစည်း အကောင်အထည်မရှိသေး။ ရလာဒ် အခြေခံ လက်တွေ့ အလုပ်ဖြစ်ရေး အတွေးအခေါ်ကို အမျိုးသားရေးစိတ်ဖြင့် အခြေခံသည်။အမျိုးသားရေးစိတ်၊ တိုင်းပြည်ချစ်စိတ်ကိုသာ ရှေ့တန်းတင်လိုသော အာသီသ က တွန်းအားဖြစ်သည်။ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အာဃာတ၊ ၀ါဒစွဲ ဘောင်မျာမှ ကင်းလွတ်ရန်သာ လိုအပ်သည်။အစိုးရ တစ်ရပ်၊ အတိုက်အခံ တစ်ရပ်ကို တည့်မတ်ထိန်းသိမ်းပေးနိုင်အောင် သမာသမတ် ရှိရန် ကြိုးစားကြရမည်။အစိုးရ ဖြစ်စေ၊ အတိုက်အခံ ဖြစ်စေ၊ တိုင်းပြည်မျက်နှာကိုသာကြည့်ပြီး ရပ်တည်ထောက်ခံပေးရမည်။စုစည်း ဦးဆောင်နိုင်သူများတော့ လိုအပ်သည်။ နိုင်ငံတော်တာဝန်ဟူသည် မိသားစု တစ်ခုမျှ မဟုတ်၊ ရပ်ကွက် တစ်ခုကိစ္စ မျှသာမဟုတ်၊ လူမှုရေး အသင်းအဖွဲ့ တစ်ခု အခက်အခဲမျှလောက် မက။အချို့သော သဘောတရား မူဝါဒများက ဖတ်လို့ကောင်းသည်။ဗြိတိသျှ လိုရောညှပ်ထားသောကြောင့် လူထူထူမှာ ကိုးကားငြင်းခုန်လို့ ကောင်းသည်။သို့သော် လက်တွေ့ အလုပ်မဖြစ်။အချို့ကျ မှိုင်းမိပြီး အဆိပ်အတောက်ပင် ဖြစ်စေနိုင်သည်။အနည်းဆုံး အစာမကျေ တော့ ဖြစ်တတ်သည်။ အမျိုးသားရေးစိတ် ဆိုသည်မျိုးက သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်တတ်သည်။တက်ကြွနိုးကြားလျက်ရှိသော အမျိုးသားရေးစိတ်ဓာတ်များကို လမ်းကြောင်းမှန်ကန်စွာအားယူနိုင်လျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် ဟူသည် မကြာသောကာလတွင် စာရွက်ပေါ်မှ ရုန်းထလာလိမ့်မည်။ စနစ်ဟူသည် လမ်းစဉ်ဟူသည် ပဒေသာပင် မဟုတ်။မိုးပေါ်က မကျ။မဟာဝေဒဗ္ဗမန္ထာန် လည်း မကယ်နိုင်။ မလုပ်မကိုင် ထိုင်စား အချောင်ဝါး အပျော့နှိုက်ချင်သော သောက်ကျင့်များ လည်း ပြင်ဖို့လိုသည်။ဦးဆောင်မှု တာဝန် မထမ်းဆောင်ဖူးသော၊ ကိုယ်တိုင်ကိုယ်ကျ အခက်အခဲ ကြား တာဝန်မယူဖူးသော သူများကမူ မြင်သမျှ အပြစ်တင်မည်သာ။ ထိုအတွေးအခေါ်များ ပြည်သူလူထုကြား ပြန့်နှံ့အောင်လည်း စည်းရုံးနိုင်ရပေမည်။ကဏ္ဍစုံ၊ နယ်ပယ်စုံ တွင် ပူးပေါင်းဆောင်ရွက်တတ်သော၊ တာဝန်ကိုယ်စီ ယူတတ် ယူနိုင် ယူရဲသော လူမှု အဖွဲ့အစည်းများဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ကြရမည်။အင်စတီကျူးရှင်း ခိုင်မာပြီးသော အဖွဲ့အစည်းများကို ရန်သူ မမွေးဘဲ ကိုယ့်ဖက်ပါအောင် စည်းရုံးပြီး မဟာမိတ် ပြုသင့်က ပြုထားရပေမည်။တိုင်းပြည်အတွက် စေတနာမှန်လျှင် မိတ်ဆွေ မရှားနိုင်။ ခေါင်းဆောင် ဟူသည် တိုင်းပြည်က လိုအပ်သော သမိုင်းအတွက် ရွေးပေးမည်ဖြစ်သည်။။ အဖွဲ့အစည်းများ ခိုင်မာအားကောင်းပါက သံဃာအား ဘုရားမလွန်ဆန်သာ။ စေတနာ မမှန်သော ခေါင်းဆောင်အား သမိုင်းက ကြာရှည် နေရာမပေး။မှန်ကန်သော ခိုင်မာသော အကျိုးထင်သော မူဝါဒ လမ်းစဉ်နောက်သို့ ခေါင်းဆောင် ဆိုသူပါ လိုက်ရမည်သာ။ နိုင်ငံရေး ရေစီးကြောင်းဆိုသည်က ခေတ် နှင့်၊ တိုင်းပြည် လိုအပ်ချက်နှင့် ယှဉ်ကာ ပြောင်းလဲတတ်သည်။ရေစီးကြောင်းကို အရိပ်အကဲ ဖမ်းတတ်သည့်အပြင် ရေဆန် ကျော်ဖြတ်နိုင်သည့် ကံ၊ဉာဏ်၊ ၀ီရိယ နှင့် ပြည့်စုံမှ ခေါင်းဆောင်ကောင်းဖြစ်မည်။ပြောင်းလွယ် ပြင်လွယ် ရှိခြင်းသည် စစ်အောင်ရာသော အကြောင်းတရားများထဲတွင် အပါအ၀င် မဟုတ်ပါလော။ ဆင်ခြင်တုံတရား ပြည့်ဝသော၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေလိုသော ပြည်သူလူထုကြီးအတွက်....... တိုင်းပြည်နှင့် လူမျိုးကို အမှန်ချစ်မြတ်နိုးပြီး ကိုယ်ကျိုးမဖက်သော၊ အရည်အချင်း ပြည့်မီသော၊ အမျိုးသားရေးစိတ်နှင့် စရိုက်လက္ခဏာ အပြည့်အ၀ရှိသော ခေါင်းဆောင်ကောင်းများ ရွေးချယ် မွေးထုတ်ပေးနိုင်ရေး၊ အမှန်တစ်ကယ် ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး အဓွန့်ရှည်ကြာ ရပ်တည်နိုင်ရေး စသည်တို့က သည် တတိယ အင်အားစုအပေါ် တိုင်းပြည်က ထားရှိသော မျှော်လင့်ချက်၊ တိုင်းပြည်က ပေးအပ်သော သမိုင်းပေးတာဝန် အဖြစ် ကျရောက်လာပေပြီ။ ချစ်သော အမိမြန်မာပြည်အတွက် တာဝန်ကျေပွန်ကြပါစို့။ ။အင်ဂျင်နီယာ ဆိုသည့် အမျိုးက ချွတ်ယွင်းချက်ကို ပို မြင်လွယ်သည်။သို့သော် Creative Sense ကြောင့် ပြုပြင်တည်ဆောက်ဖို့ရန် အားသန်သည်။အပြုသဘော မြင်တတ်သူများ ဖြစ်တတ်ကြသည်။အင်ဂျင်နီယာ စိတ်အမြင်သည် Revolutionist ထက် Evolutionist or Reformist နှင့် ပို နီးစပ်သည်။
မည်သည့် ပါတီ အဖွဲ့အစည်းဝင်မှ မဟုတ်သည့်အတွက် နိုင်ငံတော်အပေါ် ချစ်မြတ်နိုးမှုဖြင့်သာ ရေးပါသည်။
Thett Maung