မေလ (၉)ရက်နေ့ သည် ဒုတိယကမ္ဘာစစ်ကြီး (ရုရှားတို့က မဟာမျိုးချစ် စစ်ပွဲဟုခေါ်ကြသည်။)တွင် နာဇီတို့ကို အောင်မြင်သောနေ့ဖြစ်သည်။ နှစ်စဉ် ရှုရှားတို့သည် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားများကို ခမ်းနားစွာ ကျင်းပလေ့ရှိသည်။
ရုရှားတို့သည် နှစ်စဉ် Victory Day Parade များတွင် လက်နက်အသစ်များကို ထုတ်ဖော်ပြသလေ့ရှိသောကြောင့် ကမ္ဘာက စောင့်ကြည့်ရသော ပွဲဟုဆိုလျှင်မှားမည် မဟုတ်ပေ။
စစ်အေးတိုက်ပွဲ ပြင်းထန်စဉ် အချိန်ကာလများကဆိုလျှင် ထိုစဉ်က အမှန်တကယ်မရှိသော လက်နက်များကို အတုလုပ် ထည့်သွင်းပြသကာ ပြိုင်ဘက်နိုင်ငံများကို လှည့်စားခဲ့ဘူးသည်။
လွန်ခဲ့သော ၅နှစ်နှင့် ၆နှစ်က ယခုလို မေ (၉)ရက် နံနက်ဆိုလျှင် ကျွန်တော်တို့ အစောကြီး အိပ်ရာက ထပြီး မြို့လယ်က ရင်ပြင်နီ (Red Square)ကို သွားကြသည်။ စစ်ရေးပြ အခမ်းအနားက နံနက် (၁၀)နာရီမှ စတင်မည်ဖြစ်သော်လည်း မိုးမလင်းမီ ဝေလီဝေလင်း အချိန်တွင်ပင် ရင်ပြင်နီသို့ ဦးတိုက်ရာ ရိပ်သာလမ်းမကြီး ဝဲ/ယာတွင် ကြက်ပျံမကျ စည်းကားနေလေ့ရှိသည်။
နံနက်စောစောပင် လမ်းမကြီးပေါ်တွင် နေရာယူထားပြီး ဖြစ်သော တင့်၊ သံချပ်ကာ၊ အမြောက် စသည့် ယာဉ်ယန္တရားများနှင့် ယှဉ်တွဲ ဓာတ်ပုံရိုက်ကြသည်။ စစ်ရေးပြပွဲစတင်သည်နှင့် တပ်များ ချီတက်ဝင်ရောက်သွားကြခြင်းကို စောင့်ကြည့်ကြသကဲ့သို့ ပြန်ထွက်အလာကိုလည်း စောင့်မျှော်ကြသည်။ ပြန်ထွက်လာသည်နှင့် ကားများပေါ်မှ စစ်သည်များကို လမ်းဘေး ဝဲ/ယာမှာ ပြည်သူများက ပျော်ရွှင်စွာ အော်ဟစ် ကြိုဆို ဂုဏ်ပြုကြသည်မှာ သူ့တို့နိုင်ငံသားမဟုတ်သော ကျွန်တော်တို့လို ပညာတော်သင်များအတွက်ပင် ကြက်သီးထစရာ။ ထိုနို်င်ငံတွင် တပ်မတော်သားဖြစ်ရသည်မှာ မေ (၉) တစ်ရက်တည်းနှင့်ပင် တန်နေပြီဟု အချင်းချင်း ပြောမိကြသည်။
စစ်ရေးပြအခမ်းအနားပြီးသည်နှင့် ကျွန်တော်တို့ဆက်သွားသည်က Victory Park။ ထိုနေရာကို ဒုတိယ ကမ္ဘာစစ်ပြန်ကြီးများက ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လာကြသည်။ ထိုအဖိုး၊ အဘွားအိုများကို လူငယ်တို့က ပန်းစည်းများပေးပြီး ဂုဏ်ပြုကြသည်။ ဓာတ်ပုံတွေတွဲရိုက်ကြသည်။ ပန်းခြံကြီးအတွင်းတွင်လည်း ရုရှားတပ်မတော်က စစ်မြေသုံး ရွက်ဖျင်တဲများထိုးကာ တပ်ပုံစံ အစားအစာများကို လာသူများအား အခမဲ့ ကျွေးမွေးပါသည်။
Cultural Park တွင်လည်း ထိုပုံစံမျိုးပြုလုပ်ပါသည်။
ယခုနှစ် မေလ (၉)ရက်နေ့ Victory Day Parade သည် (၁၀)စုနှစ် တစ်ခုအတွင်း အကြီးကျယ်ဆုံးဖြစ်လာပါမည်။ ပါဝင်မည့် လက်နက်စနစ်အများစုသည်လည်း အသစ်များ ဖြစ်ပါသည်။
1. T -14 Armata Tank
2. BMP T 15 Armata IFV
3. BMP - Kurganez 25 IFV
4. BTR - Kurganez 25 APC
5. BTR - MDM (Rakushka)
6. BMD - 4M
7. BTR - Boomerang (wheeled armored personnel carrier)
8. Kornet - D (Anti-tank Guided Missile)
9. Typhoon - K (Mine-Resistant Ambush Protected (MRAP) armored vehicle)
10. Typhoon - U (Mine-Resistant Ambush Protected (MRAP) armored vehicle)
11. Coalition – SV Self-propelled artillery
(ပညာတော်သင်ဘဝ ကြုံခဲ့ဘူးသော Victory Day အား အမှတ်တရ ရေးဖွဲ့ပါသည်။)
ဒေါက်တာ နိုင်ဆွေဦး
(9th May, 2015)
(9th May, 2015)