Quantcast
Viewing all articles
Browse latest Browse all 1811

လွှတ်တော်က စစ်တပ်ကို ဘယ်လိုထိန်းချုပ်လို့ရသလဲ

Image may be NSFW.
Clik here to view.
Naing Swe Oo's photo.

အမေရိကန်ပြည်ထောင်စု‬ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ အကြောင်းသိကောင်းစရာ
အမေရိကန် ပြည်ထောင်စုတွင် ဥပဒေပြုလွှတ်တော်တော်များအား 
(က) Senate (အထက်လွှတ်တော်) (မြန်မာနိုင်ငံ၏ အမျိုးသားလွှတ်တော်နှင့် တူညီသည်) နှင့် 
(ခ) House of Representatives (အောက်လွှတ်တော်) (မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်နှင့် တူညီသည်) တို့ဖြင့်ဖွဲ့စည်းထားပြီး အဆိုပါ လွှတ်တော်နှစ်ရပ်ပေါင်းအား Congress လွှတ်တော် (မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်နှင့် တူ့ညီသည်) ဟုခေါ်ဝေါ်ပါသည်။


လွှတ်တော် အသီးသီးတွင် ကော်မတီများစွာဖြင့်ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ များပြားလှစွာသော ကော်မတီများမှ အထက်လွှတ်တော် (Senate)၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ အကြောင်းအား ဗဟုသုတ အလို့ဌာ ရေးသားပါမည်။ အောက်လွှတ်တော် (House of Representatives)တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတစ်ခု သီးခြားဖွဲ့စည်းထားပါသည်။

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ (United States Senate Committee on Armed Services)

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီသည် နိုင်ငံ၏ စစ်ဘက်ရေးရာကိစ္စရပ်များဖြစ်သော ကာကွယ်ရေးဝန်ကြီှးဌာန (Department of Defense)၊ စစ်ဘက် သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး (Military Research and Development)၊ နယူးကလီးယားစွမ်းအင် (Nuclear Energy) (အမျိုးသားလုံခြုံရေးနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်)၊ စစ်မှုထမ်းများ၏ အကျိုးစီးပွား၊ စစ်မှုထမ်းရွေးချယ်မှု စနစ် (Selective Service System)နှင့် ကာကွယ်ရေးပေါ်လစီနှင့် နှီးနွယ်သော ကိစ္စရပ်များအား ဥပဒေရေးရာအရ ထိန်းကျောင်းပေးရန် (Legislative oversight) အာဏာရှိသော ကော်မတီတစ်ရပ်ဖြစ်ပါသည်။

အမေရိကန် အနေဖြင့် ဒုတိယကမ္ဘာစစ်အား အောင်နိုင်ပြီးနောက် ၁၉၄၆ခုနှစ်တွင် ပြဌာန်းခဲ့သော Legislative Reorganization Act of 1946 အရ အဆိုပါ ကော်မတီအား ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ကော်မတီအား အထက်လွှတ်တော် စစ်ဘက်ရေးရာကော်မတီ (Committee on Military Affairs) (၁၈၁၆ တွင်ဖွဲ့စည်း)နှင့် ရေတပ်ရေးရာကော်မတီ (Committee on Naval Affairs) (၁၈၁၆ တွင်ဖွဲ့စည်း) တို့အား ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကော်မတီသည် အထက်လွှတ်တော်ရှိ အင်အား အကောင်းဆုံး ကော်မတီများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး စစ်အေးတိုက်ပွဲ (Cold War) ကာလအတွင်းက အမျိုးသားလုံခြုံရေး အက်ဥပဒေ (National Security Act of 1947) ကဲ့သို့သော ကျယ်ပြန့်ပြီး အရေးပါသည့် ဥပဒေများကို အထက်လွှတ်တော်သို့ တင်သွင်းပြဌာန်းနိုင်ခဲ့ပါသည်။

လက်ရှိ ကော်မတီ ဥက္ကဌမှာ မီရှီဂန်ပြည်နယ်မှ ဒီမိုကရက်တစ် ပါတီ အမတ် Carl Levin ဖြစ်ပြီး (၂၀၀၇) ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်နေပါသည်။

ကော်မတီ၏ စီရင်ပိုင်ခွင့် (Jurisdiction)

အထက်လွှတ်တော် စည်းမျည်းကော်မတီ (Senate Rules Committee)၏ ပြဌာန်းချက်အရ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီသို့ အောက်ဖော်ပြပါ နယ်ပယ်များနှင့် သက်ဆိုင်သော တင်သွင်းလာသည့် ဥပဒေကြမ်းများ၊ အသနားခံ စာလွှာများ၊ မှတ်တမ်းများအား လွှဲပြောင်းပေးရသည်-

(၁) လက်နက်စနစ် တီထွင်ထုတ်လုပ်မှုများ သို့မဟုတ် စစ်ဆင်ရေးများနှင့် တစိတ်တပိုင်းနှီးနွယ်နေသော သို့မဟုတ် အဓိကလုပ်ဆောင်နေသော လေကြောင်းနှင့် အာကာသဆိုင်ရာ အစီအစဉ်များ

(၂) ဘုံကာကွယ်ရေးစနစ် (Common defense)

(၃) ကာကွယ်ရေးဝန်ကြီးဌာန (Department of Defense)၊ ကြည်းတပ်ဝန်ကြီှးှဌာန (Department of Army)၊ ရေတပ်ဝန်ကြီှးှဌာန (Department of Navy)၊ လေတပ်ဝန်ကြီှးှဌာန (Department of Air Force)များနှင့် အထွေထွေအားဖြင့် သက်ဆိုင်သော အချက်အလက်များ
(စကားချပ်၊ ကြည်း၊ရေ၊လေ ဝန်ကြီးဌာန သုံးခုသည် ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိပါသည်။ ပြုစုသူ)

(၄) ပနားမားတူးမြောင်း ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းများလုပ်ဆောင်ခြင်း (အုပ်ချုပ်ရေး၊ ပြုပြင်ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေး၊ တူးမြောင်းနယ်မြေ အစိုးရ (Canal Zone Government) အပါအဝင်)

(၅) စစ်ဘက် သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး (Military Research and Development)၊

(၆) နယူးကလီးယား စွမ်းအင်ဆိုင်ရာ အမျိုးသားလုံခြုံရေး အခန်းကဏ္ဍများ (National security aspects of nuclear energy)

(၇) ရေတပ်သုံး အရန်လောင်စာဆီများ (အလာစကာပြည်နယ်မပါ) (Naval petroleum reserves)

(၈) စစ်သည် အဆင့်အတန်းအားလုံး၏ လစာ၊ အဆင့်တိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်းနှင့် အခြားသော ရပိုင်ခွင့်များ၊ အထူးအခွင့် အရေးများ၊ (အရပ်သား ဝန်ထမ်းများနှင့် မှီခိုသူများ၏ နိုင်ငံခြား ပညာတော်သင် ကိစ္စများ အပါအဝင်)

(၉) စစ်မှုထမ်းရွေးချယ်မှု စနစ် (Selective Service System) 

(စကားချပ်၊ ၄င်းသည် လွတ်လပ်သော အေဂျင်စီတစ်ခုပြီး စစ်မှုမထမ်းမနေရ စနစ်အတွက် လိုအပ်သော သတင်းအချက်အလက်များကို ထိန်းသိမ်းထားရှိပါသည်။ အမေရိကန်နိုင်ငံသားများသာမက အခြားမှ ဝင်ရောက်လာသူ နိုင်ငံသားမဟုတ်သူများပါ အသက် (၁၈)နှစ်ပြည့်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း အဆိုပါ အေဂျင်စီသို့ သတင်းပို့ရန်လိုအပ်ကြောင်း ဥပဒေပြဌာန်းထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးဖြစ်ပါသည်။ ပြုစုသူ)
(၁၀) ဘုံကာကွယ်ရေးစနစ်အတွက် လိုအပ်သော မဟာဗျူဟာနှင့် အရေးကြီးသော အရာဝတ္ထုများ (Strategic and critical materials necessary for common defense)


ဆပ်ကော်မတီများ (Subcommittees)
ကော်မတီ၏ အောက်တွင် ဆပ်ကော်မတီ (၆)ခုကို ထပ်မံ၍ ဖွဲ့စည်းထားပါသည်။

(၁) ကြည်းလေ ပူးပေါင်း စစ်ဆင်ရေးဆိုင်ရာ ဆပ်ကော်မတီ (Airland)
(စကားချပ်၊ အမေရိကန်၏ Military Doctrine မှာ ကြည်းလေ ပူးပေါင်းစစ်ဆင်ရေး (Airland battle doctrine) ဖြစ်သည့် အတွက် အဆိုပါ ဆပ်ကော်မတီအား ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ပြုစုသူ)

(၂) ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုနှင့် ၄င်းတို့၏ စွမ်းဆောင်နိုင်မှုများဆိုင်ရာ ဆပ်ကော်မတီ (Emerging Threats and Capabilities)

(၃) စစ်သည်ရေးရာ ဆပ်ကော်မတီ (Personnel)

(၄) တိုက်ပွဲဝင် အသင့်ဖြစ်မှုနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဆပ်ကော်မတီ (Readiness and Management Support)

(၅) ရေကြောင်း စွမ်းအားဆိုင်ရာ ဆပ်ကော်မတီ (Seapower)

(၆) မဟာဗျူဟာ တပ်ဖွဲ့များဆိုင်ရာ ဆပ်ကော်မတီ (Strategic Forces)

.................................... 

(၁) ကြည်းလေ ပူးပေါင်း စစ်ဆင်ရေးဆိုင်ရာ ဆပ်ကော်မတီ (Airland)

ကြည်းလေ ပူးပေါင်း စစ်ဆင်ရေးဆိုင်ရာ ဆပ်ကော်မတီသည် ကြည်းတပ်ဆိုင်ရာ အစီအစဉ်များ (အထူးစစ်ဆင်ရေး တပ်ဖွဲ့များဆိုင်ရာကိစ္စများတွင်မူ အချို့သာ)၊ လေတပ်ဆိုင်ရာ အစီအစဉ်များ (မဟာဗျူဟာ တပ်ဖွဲ့များ၊ မဟာဗျူဟာမြောက် လေကြောင်း သယ်ယူပို့ဆောင်ရေး၊ အထူးစစ်ဆင်ရေး အစီအစဉ်များ များနှင့် ပတ်သက်သော ကိစ္စများတွင် အချို့သာ)၊ ရေတပ်နှင့် ကမ်းတက် တပ်ဖွဲ့များ၏ နည်းဗျူဟာ လေကြောင်း စစ်ဆင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ကြီးကြပ်ရန် တာဝန်ရှိပါသည်။ အထူးကိစ္စရပ်အနေဖြင့် အမျိုသား အစောင့် တပ်ဖွဲ့နှင့် အရန်တပ်ဖွဲ့တို့၏ ချပ်ဝတ် တန်ဆာပလာများနှင့် ပတ်သက်ပြီးလည်း တာဝန်ရှိပါသည်။ ထို့ပြင် ကြည်းတပ်နှင့် လေတပ်တို့၏ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ပစ္စည်း ဝယ်ယူခြင်းများ၊ ရေတပ်နှင့် ကမ်းတက် တပ်ဖွဲ့များ၏ နည်းဗျူဟာ လေကြောင်း စစ်ဆင်ရေး အစီအစဉ်များနှင့် ပတ်သက်သော သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ပစ္စည်း ဝယ်ယူခြင်းများအတွက် ဘတ်ဂျက် ခွဲဝေခြင်းအား ကြီးကြပ်ခြင်းနှင့် ကြားနာခြင်းတို့ကို လုပ်ဆောင်ပါသည်။

(၂) ပေါ်ထွန်းလာနိုင်သော ခြိမ်းခြောက်မှုနှင့် ၄င်းတို့၏ စွမ်းဆောင်နိုင်မှုများဆိုင်ရာ ဆပ်ကော်မတီ (Emerging Threats and Capabilities)

ပေါ်ထွန်းလာနိုင်သော ခြိမ်းခြောက်မှုများအား တန်ပြန်ရန် ပေါ်လစီချမှတ်ခြင်းနှင့် အစီအစဉ်များ ရေးဆွဲခြင်း (အဖျက်စွမ်းအားကြီး လက်နက်များ ပြန့်ပွားခြင်း၊ အကြမ်းဖက် ဝါဒ၊ တရားမဝင် ဆေးဝါးများ၊ အမိမြေ ကာကွယ်ရေး၊ နည်းပညာ အခြေခံ အစီအစဉ်များ၊ အထူးစစ်ဆင်ရေး အစီအစဉ်များ၊ စစ်ဆင်ရေးဆိုင်ရာ အယူအဆများတို့နှင့် သက်ဆိုင်)အား ကြီးကြပ်ရပါသည်။ အထူးကိစ္စရပ်အနေဖြင့် နိုင်ငံခြား တိုင်းပြည်များ၏ လက်နက် ရောင်းဝယ်မှုများ၊ နည်းပညာ တင်ပို့မှု ပေါ်လစီများ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနတို့၏ လက်နက်နှင့် အရာ ဝတ္ထု မပြန့်ပွားရေး အစီအစဉ်များ၊ သမားရိုးကျမဟုတ်သော စစ်ဆင်ရေးများဖြစ်သည့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် တည်ဆောက်ရေး၊ ပြင်းထန်မှုနည်းသော ပဋိပက္ခများ (Low intensity conflict)၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ဆိုင်ရာ စစ်ဆင်ရေးများနှင့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ကြီးကြပ်ရန်လည်း တာဝန်ရှိပါသည်။

ဘတ်ဂျက် ခွဲဝေခြင်းအား ကြီးကြပ်ခြင်းနှင့် ကြားနာခြင်းတို့တွင် နည်းပညာ အခြေခံသော သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စမ်းသပ်ခြင်းနှင့် အကဲဖြတ်ခြင်း၊ အထူး စစ်ဆင်ရေးများအား အထောက်အကူပြုနိုင်မည့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဝယ်ယူခြင်းဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ အစီအစဉ်များ၊ ပြင်းထန်မှုနည်းသော ပဋိပက္ခနှင့် သက်ဆိုင်သည့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးများ၊ သတင်းစစ်ဆင်ရေးများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဓာတုနှင့် ပိုးမွှား စစ်ဆင်မှု ကာကွယ်ရေး၊ ဓာတုဗေဒ ပစ္စည်းများအား စစ်ရေး အသုံးပြုနိုင်သည့် အဆင့်မှ လျှော့ချခြင်း၊ လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေး အစီအစဉ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနတို့၏ လက်နက်နှင့် အရာ ဝတ္ထု မပြန့်ပွားရေး အစီအစဉ်များ စသည်တို့ ပါဝင်ပါသည်။

ထို့အပြင် လက်ထောက် ကာကွယ်ရေး ဝန်ကြီး (အမိမြေ ကာကွယ်ရေး)၊ လက်ထောက် ကာကွယ်ရေး ဝန်ကြီး (အထူးစစ်ဆင်ရေးနှင့် ပြင်းထန်မှုနည်းသော ပဋိပက္ခများ)၊ လက်ထောက် ကာကွယ်ရေး ဝန်ကြီး (သုတေသနနှင့် အင်ဂျင်နီယာ) စသော ရုံးများအားလည်း ကြီးကြပ်ရပါသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန - အဆင့်မြင့် သုတေသန စီမံကိန်းများ အေဂျင်စီ၊ ခြိမ်းခြောက်မှု လျော့ချရေး အေဂျင်စီနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီတို့အားလည်း စောင့်ကြည့်ရပါသည်။

(၃) စစ်သည်ရေးရာ ဆပ်ကော်မတီ (Personnel)

စစ်သည်နှင့် ကာကွယ်ရေးဝန်ကြီးဌာန အရပ်သား ဝန်ထမ်းများဆိုင်ရာ ပေါ်လစီများ၊ စစ်သည် အင်အား၊ စစ်သည်များ အတွက် လျော်ကြေးနှင့် ခံစားခွင့်များ၊ စစ်ဘက် ကျန်းမာရေး စောင့်ရှောက်မှု၊ ရာထူးခန့်ထားရေး အတွက် အမည်စာရင်းတင်သွင်းခြင်း တို့နှင့် ပတ်သက်၍ စောင့်ကြပ် ကြည့်ရှုရန် တာဝန်ရှိပါသည်။ အထူးကိစ္စရပ်အနေဖြင့် စစ်ဘက် အသက်မွေး ဝမ်းကျောင်းမှုပညာရပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် မိသားစု အကူအညီပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အစီအစဉ်များ၊ စစ်သုံ့ပန်းနှင့် ပျောက်ဆုံး စစ်သည်ဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော် အငြိမ်းစားများ ပြန်လည်နေရာချထားရေး အစီအစဉ်၊ စိတ်ဓာတ်မြှင့်တင်ရေး၊ လူမှုဖူလုံရေးနှင့် အပန်းဖြေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တပ်တွင်း စားသောက်ဆိုင်များနှင့် ငွေလဲလှယ် နှုန်းထားများ တို့အား ကြီးကြပ်ရပါသည်။

ဘတ်ဂျက် ခွဲဝေခြင်းတွင် စစ်သည်အင်အား၊ အငြိမ်းစားလစာ၊ ကာကွယ်ရေး ဝန်ကြီးဌာန - ကျန်းမာရေး အစီအစဉ်၊ Department of Defence Medicare-Eligible Retiree Health Care Fund (အငြိမ်းစားများ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ)၊ စစ်ဘက်-အရပ်ဘက် အစီအစဉ်များနှင့် ပညာရေး အစီအစဉ်များအား လုပ်ဆောင်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စများအား ကြီးကြပ်ခြင်းနှင့် ကြားနာခြင်းတို့ကို လုပ်ဆောင်ပါသည်။

ထို့အပြင် ဒုတိယ ကာကွယ်ရေးဝန်ကြီး (စစ်သည်နှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှု)၊ လက်ထောက် ကာကွယ်ရေး ဝန်ကြီး (အရန်တပ်ဖွဲ့ရေးရာ)၊ လက်ထောက် ကာကွယ်ရေး ဝန်ကြီး(ကျန်းမာရေးရာ)နှင့် စစ်သုံ့ပန်းနှင့် ပျောက်ဆုံးစစ်သည်ဆိုင်ရာရုံးများ အားလည်း ကြီးကြပ်ရပါသည်။ TRICARE Management Activity, Defence Commissary Agency နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ကျန်းမာရေး သိပံ္ပ တက္ကသိုလ်တို့အား စောင့်ကြပ် ကြည့်ရှုရပါသည်။

(၄) တိုက်ပွဲဝင် အသင့်ဖြစ်မှုနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဆပ်ကော်မတီ (Readiness and Management Support)

တိုက်ပွဲဝင် အသင့်ဖြစ်မှုတွင် အပါအဝင်ဖြစ်သော လေ့ကျင့်ရေး၊ ထောက်ပံ့ရေး၊ ပြုပြင်ထိန်သိမ်းရေး၊ စစ်ဘက် တည်ဆောက်ရေး၊ အဆောက်အဦး တည်ဆောက်ရေးနှင့် ပုဂ္ဂ္ဂလိကပိုင်ပြုလုပ်ရေး၊ စာချုပ်ချုပ်ဆိုခြင်းနှင့် သိမ်းဆည်းခြင်း ဆိုင်ရာ ပေါ်လစီများ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း)၊ စစ်အခြေစိုက် စခန်းများ ပြန်လည် နေရာချထားခြင်းနှင့် ပိတ်သိမ်းခြင်းနှင့် ကာကွယ်ရေးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစီအစဉ်များအား ကြီးကြပ်ခြင်းနှင့် ကြားနားခြင်းတို့ကို ဆောင်ရွက်ရသည်။ အထူးကိစ္စရပ်အနေဖြင့် သမားရိုးကျ လက်နက်ခဲယမ်းများ ဝယ်ယူခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းဆိုင်ရာ အခြေခံ အအောက်အအုံ ပေါ်လစီများနှင့် အစီအစဉ်များ၊ အမျိုးသားကာကွယ်ရေးဆိုင်ရာ စုပုံပစ္စည်းများ (National Defence Stockpile)၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ခြင်းနှင့် နည်းပညာဆိုင်ရာ ပေါ်လစီများ၊ အိမ်ရာများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြေယာနှင့် ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက် နည်းပညာ စီမံခန့်ခွဲမှု ပေါ်လစီနှင့် စက်မှုလုပ်ငန်းများ (အခြေစိုက် သိုလှောင်ရုံများ၊ သင်္ဘောကျင်းများ၊ လက်နက်နှင့် ခဲယမ်း စက်ရုံများ ပါဝင်သည်)စသည်တို့အားလည်း ကြီးကြပ်ရန် တာဝန်ရှိသည်။

ဘတ်ဂျက် ခွဲဝေခြင်းတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ သမားရိုးကျ လက်နက်ခဲယမ်းများ ဝယ်ယူခြင်း၊ စစ်ဘက် အဆောက်အဦးများ ဆောက်လုပ်ခြင်းနှင့် မိသားစု အိမ်ရာများ ဆောက်လုပ်ခြင်း၊ စစ်အခြေစိုက် စခန်းများ ပြန်လည် နေရာချထားခြင်းနှင့် ပိတ်သိမ်းခြင်း၊ Working Capital fund၊ အမျိုးသားကာကွယ်ရေးဆိုင်ရာ စုပုံပစ္စည်းများ လွှဲပြောင်းမှုဆိုင်ရာ ရန်ပုံငွေနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းဆိုင်ရာ အထောက်အကူပြု အစီအစဉ်များအား ကြီးကြပ်ခြင်းနှင့် ကြားနာခြင်းတို့ကို လုပ်ဆောင်ပါသည်။

ဒုတိယ ကာကွယ်ရေးဝန်ကြီး (သိမ်းဆည်းရေး၊ ထောက်ပံ့ရေးနှင့် နည်းပညာ)၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ စီမံခန့်ခွဲမှု အရာရှိချုပ်နှင့် သက်ဆိုင်ရာ ဌာနများမှ စီမံခန့်ခွဲမှု အရာရှိချုပ်များ အား ကြီးကြပ်ရပါသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန-ထောက်ပံ့ရေး အေဂျင်စီ၊ ကာကွယ်ရေးဝန်ကြီး-ငွေကြေးနှင့် ငွေစာရင်းလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီး-စုံစမ်းစစ်ဆေးရေးလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီး-စာချုပ်များ စိစစ်ရေး အေဂျင်စီ၊ ကာကွယ်ရေးဝန်ကြီး-စစ်ဆေးရေး အရာရှိချုပ်ရုံး၊ ပူးပေါင်း စစ်ဆင်ရေးဌာနချုပ်၏ ပူးပေါင်း လေ့ကျင့်ရေးနှင့် စစ်ဘက် အယူအဆဆိုင်ရာ လှုပ်ရှားမှုများအားလည်း စောင့်ကြည့်ရန် တာဝန်ရှိပါသည်။

(၅) ရေကြောင်း စွမ်းအားဆိုင်ရာ ဆပ်ကော်မတီ (Seapower)

ရေတပ်နှင့် ကမ်းတက်တပ်ဖွဲ့ဆိုင်ရာ အစီအစဉ်များ၊ မဟာဗျူဟာမြောက် ရေကြောင်းချီ စစ်ဆင်ရေး အစီအစဉ်တို့အား ကြီးကြပ်ခြင်းနှင့် ကြားနားခြင်းတို့ကို ဆောင်ရွက်ရသည်။ အထူးကိစ္စရပ်အနေဖြင့်ုပင်လယ် ရေကြောင်းသွားလာမှုဆိုင်ရာ ကိစ္စများအား ကြီးကြပ်ရန် တာဝန်ရှိသည်။ သယ်ယူပို့ဆောင်ရေး ဌာနချုပ်၊ ရေတပ်နှင့် ကမ်းတက်တပ်ဖွဲ့များ၏ ပစ္စည်းဝယ်ယူမှုနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ကြည်းတပ်နှင့် လေတပ်တို့၏ မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး အစီအစဉ်များနှင့် အမျိုးသား ကာကွယ်ရေး ပင်လယ်ရေကြောင်း ပို့ဆောင်ရေး ရန်ပုံငွေများအား စောင့်ကြည့်ရန်လည်း တာဝန်ရှိပါသည်။

(၆) မဟာဗျူဟာ တပ်ဖွဲ့များဆိုင်ရာ ဆပ်ကော်မတီ (Strategic Forces)

နယူးကလီးယားနှင့် မဟာဗျုဟာတပ်ဖွဲ့များ၊ ထောက်လှမ်းရေး အစီအစဉ်များ၊ အာကာသ အစီအစဉ်များ၊ ဆိုင်ဘာ နည်းပညာ အစီအစဉ်များ၊ စွမ်းအင်ဝန်ကြီးဌာန နယူးကလီးယားနှင့် ပတ်ဝန်းကျင် အစီအစဉ်များ၊ တိုက်ချင်းပစ် ဒုံးပျံကာကွယ်ရေး အစီအစဉ်များအား ကြီးကြပ်ခြင်းနှင့် ကြားနားခြင်းတို့ကို ဆောင်ရွက်ရသည်။

ဘတ်ဂျက် ခွဲဝေခြင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာန နယူးကလီးယားနှင့် မဟာဗျုဟာတပ်ဖွဲ့များ အတွက် ပစ္စည်းဝယ်ယူမှုနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ ဒုံးပျံကာကွယ်ရေး၊ အာကာသဆိုင်ရာ စနစ်များ၊ ဆိုင်ဘာ နည်းပညာ စနစ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ပုံငွေ ထောက်ပံ့ပေးထားသော စွမ်းအင်ဝန်ကြီးဌာန၏ အစီအစဉ်များ၊ ထောက်လှမ်းရေးဆိုင်ရာ လုပ်ဆောင်မှုများတွင် အပါအဝင်ဖြစ်သော အမျိုးသား ထောက်လှမ်းရေး အစီအစဉ်များနှင့် စစ်ဘက် ထောက်လှမ်းရေး အစီအစဉ်များကို ကြီးကြပ်ရန် တာဝန်ရှိသည်။

ဒုတိယ ကာကွယ်ရေးဝန်ကြီုး (ထောက်လှမ်းရေး)၊ နယူးကလီးယား၊ ဓာတုဗေဒနှင့် ပိုးမွှားရန် ကာကွယ်ရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေး ဝန်ကြီး၊ အမျိုးသား နယူးကလီးယား လုံခြုံမှု အုပ်ချုပ်ရေး အဖွဲ့နှင့် လက်ထောက် စွမ်းအင်ဝန်ကြီး (ပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲမှု) အစရှိသော ရုံးများအားလည်း စောင့်ကြည့်ရပါသည်။ ထို့အပြင် မဟာဗျူဟာ တပ်ဖွဲ့ဌာနချုပ်၊ စစ်ဘက်ဌာနများမှ အာကာသဆိုင်ရာ ဌာနချုပ်များ၊ ဒုံးပျံကာကွယ်ရေး အေဂျင်စီ၊ အမျိုးသား လုံခြုံရေး အေးဂျင်စီနှင့် ကာကွယ်ရေးဝန်ကြီးဌာန-နယူးကလီးယား လက်နက်များ လုံခြုံရေး ဘုတ်အဖွဲ့တို့အား စောင့်ကြည့်ရန်လည်း တာဝန်ရှိပါသည်။


မြန်မာနိုင်ငံနှင့် ပတ်သက်၍ သုံးသပ်ခြင်း
--------------------------------------------
အထက်တွင် တင်ပြခဲ့သည့်အတိုင်း အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီနှင့် အောက်ရှိ ဆပ်ကော်မတီများသည် တာဝန်ယူမှု များပြားကြောင်း သိရှိနိုင်ပါသည်။ မြန်မာနိုင်ငံရှိ လွှတ်တော် အသီးသီးတွင် ဖော်ပြပါ ကော်မတီကဲ့သို့ စစ်ဘက်ဆိုင်ရာ ကော်မတီများ ဖွဲ့စည်းထားခြင်းမရှိပါ။ အဆိုပါကော်မတီအား လွှတ်တော် အသီးသီးတွင် ဖွဲ့စည်းရန် စဉ်းစားမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ သုံးသပ်ရန်လိုအပ်ပါသည်။ ဖွဲ့စည်းမည်ဆိုပါက အောက်ပါ အကျိုးများရရှိနိုင်မည်ဟု ထင်မြင်မိပါသည် -

(၁) အမျိုးသားလုံခြုံရေး (National Security)နှင့် ပတ်သက်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း

(၂) တပ်မတော်နှင့် လွှတ်တော်များ ပိုမိုထိတွေ့လာနိုင်မည်ဖြစ်ပြီး အပြန်အလှန် နားလည်မှု ပိုမိုရရှိလာနိုင်ခြင်း

(၃) Standard Army တည်ဆောက်ရေးအတွက် ပိုမို ထိရောက် ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ခြင်း

(၄) လက်ရှိကျင့်သုံးနေသော စစ်မဟာဗျူဟာများ၊ အဂ္ဂမဟာဗျုဟာများ (Grand Strategy and Strategy) နှင့်ပတ်သက်၍ ဆွေးနွေးနိုင်ပြီး သင့်တော်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြင်း၊ သင့်လျော်သော လက်နက် ပစ္စည်း ကိရိယာများ ဝယ်ယူရန် ဘတ်ဂျတ် သတ်မှတ်ပေးရန်တင်ပြနိုင်ခြင်း၊

(၅) တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ပိုမိုကောင်းမွန်သော ထောက်ပံ့မှုများ အတွက် ဆွေးနွေးနိုင်ခြင်း၊ ဥပဒေများ တင်သွင်းနိုင်ခြင်း၊

(၆) တပ်မတော်၏ ပွင့်လင်းမြင်သာမှုကို ထင်ရှားစွာ ချပြနိုင်ခြင်း။

Ref: (1) United States Senate Committee on Armed Services Official Website
(ဝန်ခံချက်။ ဗဟုသုတရရှိနိုင်ရန်နှင့် စဉ်းစားနိုင်စေရန် ဘာသာပြန်ဆို သုံးသပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ အမှားအယွင်းများပါရှိခဲ့ပါက ကျွန်တော်၏ လိုအပ်ချက်သာ ဖြစ်ပါသည်။)


ဒေါက်တာ နိုင်ဆွေဦး



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...