Quantcast
Viewing all articles
Browse latest Browse all 1811

"မှင်စာလေးရဲ့ မနက်ဖြန် "



(@)
. . . မနက်ဖြန် ဆယ်တန်းအောင်စာရင်းထွက်မည်။ စိတ်လှုပ်ရှား၍ ဇော်ဇော် အိပ်မပျော်ပေ။ ဆရာဝန်ဖြစ်ရန်အတွက် ဂုဏ်ထူးများများလိုချင်မိသည်။ ဆရာဝန်လုပ်ရန် သူဆုံးဖြတ်ပြီးပြီ။ အမှတ်မီရန်သာလိုသည်။ တစ်နှစ်လုံးလည်း စာကြိုးစားခဲ့၏။ နဂိုအခံက ညဏ်ကောင်းသူဖြစ်၍ သူစာကျက်သောအခါ အမေကလည်း ဝမ်းသာပြီး မျှော်လင့်သည်။

. . . လ သာနေသဖြင့် ဝရံတာတစ်ခုလုံး လင်းချင်းနေ၏။ အကြောင်းမရှိပဲ မတ်တပ်ရပ်ကာ အောက်ခြံဝင်းထဲ ငုံကြည့်မိပြန်သည်။ သူငယ်ချင်းတွေ လာရန်စောသေးသည်။ လက်ဘက်ရည်ဆိုင်လိုက်သွားရ ကောင်းမလားတွေးပြီး လမ်းထိပ်ဘက်မျှော်ကြည့်မိ ၊ လမ်းထိပ်ဘက်တွင် မှောင်နေသည်။ မနှစ်က သူကိုးတန်း ၊ ထိုလမ်းထိပ်မှာ ခွေးကိုက်ခံခဲ့ရတာ ပြန်သတိရမိသည်။

($)
. . . မှောင်နေသော လမ်းထိပ်ကိုဖြတ်ပြီး အီကြာကွေးနှစ်ချောင်းကိုင်ကာ ဇော်ဇော်အိမ်ပြန်လာသည်။ လသာသာတွင် မုန့်ထုပ်ကိုလွှဲလျက် သီချင်းတစ်ပုဒ်ကောက်ဆိုမိစဉ် "ဂီး ဂီး "အသံပြုကာ ခွေးနက်ကြီးတစ်ကောင် လမ်းဘေးမှရုတ်တရက် ထွက်လိုက်လာသည်။ ဇော်ဇော်လန့်ပြီး ထွက်အပြေး ၊ ခွေးက ဝေါင်းခနဲ ဟောင်ကာ ခုန်ကိုက်သည်။ ဇော်ဇော်၏ ညာဘက်ခြေသလုံး သေးသေးလေး ခွေးပါးစပ်ထဲပါသွားသည်။ 'အား'ခနဲ အော်လျက်က ဇော်ဇော်လဲကျ၏။ ခွေးကခြေထောက်ကိုလွှတ်ပြီး မျက်နှာဘက်သို့ ထပ်ကိုက်ရန်ပြင်သည်။ ဇော်ဇော် လက်ထဲမှ အီကြာကွေးနှင့် ခွေးကိုရိုက်သည်။ ခွေးက တချက်နောက်ဆုတ်သွားပြီး တဂီးဂီး မာန်ဖီနေဆဲ ၊ အီကြာကွေးကိုလွှတ်ချပြီး လမ်းဘေးမှအုတ်နီခဲဆီ ဇော်ဇော်လက်လှမ်းသည်။ ခြေထောက်ကရုတ်တရက် မထနိုင်။ ဖင်ရွှေ့ပြီး အုတ်ခဲကိုဆွဲ၏။ ခွေးကရှေ့တိုးလာပြီ။ အားကုန်လွှဲကာ အုတ်ခဲနှင့်ပစ်သည်။ အုတ်နီခဲက ခွေးရှေ့ ဘုတ်ခနဲကျ၏။ လမ်းကြားထဲမှ ခွေးနှစ်ကောင် ထပ်ထွက်လာတာ မြင်ရသည်။ ခွေးနက်ကြီးက မာန်ဖီပြီးရှေ့ဆက်တိုးလာသည်။ ဇော်ဇော်လက်သီးဆုပ်ကာအားယူကျုံးထရင်း ခွေးမျက်လုံးကို စိုက်ကြည့်နေမိသည်။

"ဟဲ့ခွေး .. ဟဲ့ခွေး .. တောက် " . . အော်သံနှင့်အတူ ကာလသားကိုစိန်မောင် ရောက်လာပြီး ခွေးများကို ခဲနှင့်ထုတော့သည်။ "မင်းကလည်း .. အော်လိုက်ရောပေါ့ကွာ .. ငါတို့ဟိုနားလေးမှာရှိသားပဲ .. ပြစမ်း ၊ .. ဟ ၊ များတယ်ဟ " . . . ကိုစိန်မောင်ကဆွဲထူသည်။ မတ်တပ်ရပ်နိုင်သောအခါ အီကြာကွေးထုပ်ကိုက်ချီပြီး ထွက်ပြေးသွားသော ခွေးနက်ကြီးဘက်သို့ အေးစက်မှုန်မှိုင်းသောမျက်လုံးများနှင့်ဇော်ဇော်စိုက်ကြည့်လျက်နေသည်။

(#)
. . . "ဓာတ်မီး မှယူမသွားတာ ၊ ပြီးတော့ ထွက်ပြေးတာကိုး ၊ ခွေးလိုက်ရင် ထွက်မပြေးရဘူးလို့ မင်းကို ပြောထားတယ်မဟုတ်လား ၊ မင်းအမေ မနက်ကျရင် ဆေးရုံခေါ်သွားလိုက် "

. . . ဆေးရုံတွင် တစ်နေ့တစ်လုံးနှုံးနှင့် ချက်ပတ်ပတ်လည်ကို ခွေးရူးကာကွယ်ဆေး ၁၄လုံး ထိုးရသည်။ တော်တော်နာသည်။ အချို့နေ့များတွင် သူနာပြုဆရာမများက ထိုးပေးသည်။ တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို ဆရာဝန်ကြီးရှိသည့်အခါ ဆရာဝန်ကြီးက ထိုးပေးသည်။ ဆရာမများထိုးလျှင်နာသောဆေးသည် ဆရာဝန်ကြီးထိုးလျှင် မနာပေ။ အံ့ဩစရာတော့ကောင်းသည်။ သည့်ပြင် ဆရာဝန်ကြီးက သဘောကောင်းသည်။
"ကံနိမ့်နေရင်ခွေးကိုက်ခံရတတ်တယ်ကွ " 
"ထွက်ပြေးလို့ ကိုက်တာမဟုတ်ဘူးလား "
"ဆရာငယ်ငယ်ကတော့ လက်ဘက်ရည်ဆိုင်ထဲထိုင်နေတာကို လူအများကြီးကြားထဲ ခွေးကကိုယ့်ကို ရွေးကိုက်သွားတယ်ကွ ၊.. ကံနိမ့်လို့ပေါ့ ဟုတ်ဘူးလား ၊.. ဘုရားရှိခိုးကွ " 
"ဆရာထိုးရင် သိပ်မနာဘူးဗျ ၊.. ဘာလို့လဲ " 
"ဆရာက ငါ့တူကလေး မနာပါစေနဲ့ ၊ ဥုံဖွ လို့ စိတ်ထဲကအရင်ရွတ်လိုက်လို့ကွ .. ဟီးဟီး " . . . ဆရာဝန်ကြီးက ရယ်ရင်းသူ့ခေါင်းကလေးကို ပွတ်ပေးသည်။ ဆရာဝန်ကြီးကို ဇော်ဇော် ခင်မင်မိ၏။ ဆရာဝန်ကြီးက ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းနှင့် ၊ သူလို့ လူကောင်ညှက်စိကလေး မဟုတ်ပေ။

. . . အသက်တူ ၊ အတန်းဖော်ချင်းက 'မှင်စာလေး'ဟု နောက်ပြောင်အခေါ်ခံရတာ ဇော်ဇော်အလွန်စိတ်ပျက်သည်။

(&)
. . . ခွေးနက်ကြီးနှင့် ဇော်ဇော်ပြန်တွေ့သည်။ တွေ့အောင်လိုက်ရှာသောကြောင့်လည်းဖြစ်သည်။ ခွေးနက်ကြီးက သူ့ကိုမှတ်မိပုံရသည်။ ဂဲ ခနဲအော်ပြီး လမ်းကြားထဲ ပြေးဝင်သွား၏။

. . . နောက်တစ်ခေါက်တွေ့သောအခါ ဇော်ဇော်က အို့အို့ ဟု ခေါ်ပြီး ဝယ်လာသော အီကြာကွေးကို တပိုင်းဖြတ်ကာ ပစ်ကျွေးလိုက်သည်။ ခွေးကြီးက မစားပဲ စူးစမ်းသောမျက်လုံးများနှင့်ကြည့်ကာ ထွက်သွား၏။

. . . နောက်တစ်ကြိမ်တွေ့သောအခါ "ငနက်ကြီး လာလာလာ အို့အို့အို့"ဖြစ်လာသည်။ ခွေးကြီးကလည်း အီကြာကွေးစားသည်။

. . . ရက်ပိုင်းကြာသောအခါ ဇော်ဇော်ကျောင်းပြန်လျှင် ခွေးကြီးက လမ်းကြားထိပ်မှ အမြီးကလေးရမ်းကာ စောင့်နေတတ်တော့သည်။ ဇော်ဇော့်တွင်လည်း အီကြာကွေးတစ်ပိုင်း ပါလာမြဲပင်။

. . . နောင်အခါ အိမ်ပေါ်ထပ်ဝရံတာမှ လှမ်းခေါ်လျှင်ပင် ခွေးကြီးက ခြံထဲဝင်လာတတ်သည်။ ဇော်ဇော်က အီကြာကွေးကို ဝရံတာမှ ပစ်ချပေးသည်။

. . . နောက်ဆုံးနေ့တွင် ဝရန်တာလက်တန်းပေါ် ကျောက်တုံးကြီး နှစ်လုံးတင်ထားပြီး ဇော်ဇော် ခွေးကိုခေါ်သည်။ ကျောက်တုံးကြီး သယ်မထားရသဖြင့် ဇော်ဇော် ဟောဟဲတိုက်နေ၏။ ပိုကြီးသော ပထမကျောက်တုံးကို အရင်နေ့များကတည်းက တရွေ့ရွေ့သယ်တင်ထားရခြင်းဖြစ်သည်။ 'ငနက်ကြီးရေ လာလာ'ခေါ်သည်နှင့် ခွေးကြီးရောက်လာသည်။ အီကြာကွေးကို ယခင်လို တစ်ပိုင်းမဟုတ်ပဲ တစ်ချောင်းလုံး ချပေးလိုက်သည်။ ပစ်ချဖန်များသဖြင့် လိုချင်သာနေရာကို ကျအောင် ဇော်ဇော်ပစ်နိုင်နေပြီ။ ခွေးကြီး အီကြာကွေးစားနေစဉ် ကျောက်တုံးကြီးကိုတွန်းချလိုက်သည်။ လေ့ကျင့်ထားသည့်အတိုင်း ခွေးပေါ်သို့ အတိအကျ ပြုတ်ကျ၏။ အိန် ခနဲ အသံတစ်ချက်သာထွက်သည်။ ဒုတိယကျောက်တုံးကို ခွေးခေါင်းပေါ်သို့ ချိန်ကာ ထပ်တွန်းချလိုက်သည်။

. . . ဟောဟဲသံကြားမှ ဇော်ဇော်သည် အသက်ပြင်းပြင်းရှူရင်းက သွေးအိုင်ကြီးထဲမှ အီကြာကွေးအပိုင်းကို အေးစက်မှုန်မှိုင်းသောမျက်လုံးများနှင့် ငေးလျက်နေသည်။

(¥) 
. . . လမ်းထိပ်ကင်းတဲမှ သံချောင်းသံ နှစ်ချက်ကြားသောအခါ ဇော်ဇော် သမ်းမိသည်။ ဝရန်တာတစ်လျှောက် လရောင်နှင့်လင်းနေသဖြင့် ရုတ်တရက်သီချင်း ညည်းမိစဉ် ညငှက်တစ်ကောင်က ဂီးကနဲ အော်သွားသဖြင့် ဆက်မဆိုမိတော့ပေ။ မနက်ဆိုလျှင် ဆယ်တန်းအောင်စာရင်း သိရတော့မည်။ ဂုဏ်ထူးများများပါလျှင် အမှတ်ကောင်းရန်သေချာသဖြင့် ဆုတောင်းနေမိသည်။ အမှတ်ကောင်းလျှင် သူဆေးကျောင်းတက်ခွင့်ရမည်။ မုချ ဆရာဝန်ဖြစ်လိမ့်မည်။

. . . ကိုးတန်းနှစ်က ဆေးထိုးပေးခဲ့ဘူးသော ဆရာဝန်ကြီးကို သတိရရင်း လမင်းကြီးကို ဇော်ဇော်ထိုင်ငေးနေသည်။

ယက္ခ။ 
၇.၆.၁၅။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>