U 23 ဘောလုံးပြိုင်ပွဲကြီးလည်း ပြီးဆုံးခဲ့ပါပြီ...။ မြန်မာအသင်း ငွေတံဆိပ်ဖြင့်သာ ကျေနပ်လိုက်ရသည်။ မကျေနပ်နိုင်သူတွေလည်းရှိသည်။ တကယ်တော့ မြန်မာအသင်း ငွေတံဆိပ်ထက် ပိုတာတွေ အများကြီး ရလိုက်သည်။ အဲဒါကို မြင်တတ်ဖို့လိုသည်။ ဒေသတွင်းနိုင်ငံတွေရဲ့ ယဉ်ကျေးပျူငှာပုံတွေ၊ နိုင်ငံကြီးသားပီသမှုတွေကို လှစ်ဟ မြင်ရသလို၊ မိမိနိုင်ငံပရိသတ်ရဲ့ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ နိုင်ငံကြီးသားပီသမှု၊ စည်းကမ်းရှိမှုတွေကိုလည်း ဂုဏ်ယူစွာ အံ့ချီးဘနန်းပြသ နိုင်ခဲ့သည်ဆိုလျှင်လည်း မှားအံ့မထင်။ သတိထားမိတာက ထိုင်းလူမျိုးတွေနဲ့ သူတို့ရဲ့ အပြုအမူတွေကို...။
လွန်ခဲ့သည် ၂၇ ကြိမ်မြောက် နေပြည်တော်ဆီးဂိမ်းမှာ ထိုင်းအသင်းအားပေးသူ ထိုင်းလူမျိုးလူကြီးတစ်ယောက် မြန်မာအလံရော ထိုင်းအလံပါ ခေါင်းမှာ ထိုးပြီး ကွင်းအတွင်းမှာ ကနေသည်ကို မြင်ရတော့ စိတ်ထဲမှာ သဘောကျမိသည်။ မိမိဖက်ကလည်း သဘောထားကြီးမှု၊ အပြန်အလှန်လေးစားမှုတို့ကို ပြသသည့် ပရိသတ်မျိုးရှိနေမလား ရှာနေမိသည်။ သေသေချာချာတော့ မတွေ့မိ။ ၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းတွင်လည်း ထိုင်းတွေက မြန်မာအလံရော ထိုင်းအလံပါ ယူလာပြီး FRIEND ဆိုတဲ့ စာသားကိုပါ ယူလာသည်။
ပိုအံ့သြစရာကောင်းသည်က မြန်မာပရိသတ်ကို မိမိပရိသတ်ထက် ဦးစွာ ဂါရဝပြုကြခြင်းဖြစ်သည်။ ၂၁ ရာစု ထိုင်းလူမျိုးတို့သည် လူရည်လည်လာကြပါပြီကော။ စီးပွားရေးအင်မတန်အောင်မြင်သည်။ Tourism လုပ်ငန်း အင်မတန်အောင်မြင်သည်။ စီးပွားရေးသမားတွေ ဖြစ်လာတဲ့ ထိုင်းလူမျိုးများသည် ဘယ်လူမျိုးကို ဘယ်လို ပေါင်းသင်းရမည်ဆိုတာ သင်ယူလာကြသည်။ မိမိတို့ကတော့ အသိခေါက်ခက်အဝင်နက်လို့ ကောင်းနေတုန်း။ "ထိုင်းနိုင်ငံမှာ မြန်မာစာသင်ကြသတဲ့"ဆိုတဲ့ သတင်းမျိုးကို ဂုဏ်ယူနေကြသည်။ မိမိနိုင်ငံကို လေးစားလွန်း၍ ကြည်ညိုလွန်း၍မဟုတ်..ဟိုဖက်က မိမိဖက်ကို စီးပွားရေးမျက်နှာစာတစ်ခုဖွင့်လိုက်တာဆိုတာ မရိပ်မိကြသေး..။
မိမိဘာသာစကားတတ်ကျွမ်းမှ စီးပွားရေးလုပ်နိုင်မည်။ အင်္ဂလိပ်စာ မပေါက်ရောက်သော ဒေသအထိ စီးပွားရေးချဲ့ထွင်နိုင်မည်ကို မြင်ကြဟန်တူသည်။ စီးပွားရေးသမားပီပီ အောက်ကလည်း ဝင်သင့်လျှင် ဝင်ရမည်။ အမျိုးသားရေးအကျိုးစီးပွားသည် အမျိုးဂုဏ်၊ ဇာတိဂုဏ် ဆိုသော အရာနှင့် မည်သည်က အရေးကြီးပါသနည်း။ မြန်မာပြည်မှာလည်း အင်္ဂလိပ်စာသင်ကြသည်။ ထိုအရာက ထိုင်းမှာ မြန်မာစာသင်သည်နှင့်မတူ။ ဟိုက မြန်မာစာသင်ပြီး မြန်မာပြည်မှာ အလုပ်သမားလာလုပ်မည်မဟုတ်၊ အလုပ်ရှင်လာလုပ်မည့်သဘောဆိုတာမျိုးကို သဘောပေါက်သင့်သည်။ ရင်းနှီးပွင့်လင်းမှုကို ပြသရင်းတစ်ဘက်နိုင်ငံသားတို့ အသည်းနှလုံးကို ရိုကျိုးစွာမြှူဆွယ်ခြင်းသည် လုပ်ကောင်းသောအပြုအမူဖြစ်သည်။ အတုယူသင့်လျှင် အတုယူရမည်။ ထိုသို့အတုယူခြင်းကရော အမျိုးဂုဏ်၊ ဇာတိဂုဏ်နိမ့်ကျစေသည်ဟု ထင်နိုင်မည်လား။(ကျနော်တော့ မထင်ပါ)။ အိုမန်နဲ့ပွဲက သံပြိုင်ညီညာဆဲရေးခဲ့ကြသည်မျိုး၊ ဝဏ္ဏသိဒ္ဓိကွင်းကထိုင်ခုံတွေ ရိုက်ချိုးခဲ့ကြသည်မျိုးကရော အမျိုးဂုဏ် ဇာတိဂုဏ်နိမ့်ကျသည်မဟုတ်ပါလား။ နိုင်ငံ့ဂုဏ်သိက္ခာကျစေသည်မဟုတ်ပါလား..။ ဇာတိဂုဏ်၊ ဇာတိမာန်ဆိုသည်က အခြားနိုင်ငံသားကို မကြည်မလင်ဆက်ဆံတာမျိုးတွေ၊ တရားသောယှဉ်ပြိုင်မှုမျိုးဖြစ်သည့် အားကစားပွဲလိုမျိုးမှာ စော်ကားမော်ကား ပုတ်ခတ်အားပေးတာမျိုးကို ဆိုလိုတာမဟုတ်သည်ကတော့ ရှင်းလင်းစွာသိနိုင်ပါသည်။ သို့ရာတွင် စင်ကာပူ ဆီးဂိမ်းကတော့ မြန်မာပရိသတ်ရဲ့ လူကြီးလူကောင်းပီသမှု၊ စည်းကမ်းရှိမှု၊ တာဝန်ယူမှု၊ မျိုးချစ်စိတ်ပြင်းထန်မှု တို့ကို ဖော်ပြနိုင်ခဲ့သည်ဟု မြင်မိပါသည်။
ကျနော်တို့ ငယ်ငယ်ကတည်းက သမိုင်းစာအုပ်တွေမှာ ယိုးဒယားကို အပြတ်အသတ် ဘယ်နှကြိမ်ဘယ်နှခါ နိုင်ခဲ့ကြောင်း သင်ခဲ့ရသည်။ ယိုးဒယားသမိုင်း စာအုပ်တွေထုတ်ပြီးသင်သည်။ ဝါးရင်းတုတ်နှင့်ပင် တက်သိမ်းခဲ့ကြောင်း နှုတ်ပြောစကားတွေကြားဖူးသည်။ ထိုအထိ ပြဿနာမရှိ။ ပြဿနာက ယနေ့ ၂၀၁၅ ခုနှစ် အထိကို တစ်ချိန်က ဝါးရင်းတုတ်နဲ့ နိုင်ခဲ့တာကို သာယာနေကြတာ ဖြစ်သည်။ ယနေ့ခေတ်သည်ဝါးရင်းတုတ်ခေတ် မဟုတ်တော့။ ၂၀၀၁ တုန်းက ပါချီးစခန်း၊ အိုတောင်ကုန်း တိုက်ပွဲတွေနောက်ပိုင်း ထိုင်းတွေက စစ်ကို ရှောင်လွှဲလာကြပါပြီ..။ Diplomacy သဘောတရားတွေကို မှီလို့ စီးပွားရေးဖက်ကို ပိုအားသန်လာကြသည်။ ထုတ်ကုန်များရဲ့ အရည်အသွေးတွေ မြင့်လာသည်။ မိန်းမလျာတွေများသည်၊ ပြည့်တန်ဆာလုပ်ငန်းတွေ ပေါများသည်။ ထိုသည်က တစ်ကဏ္ဍ...။
အခြားဖက်မှာလည်း ထိုင်းတွေရဲ့ လူမှုဆက်ဆံရေး အညွှန်းကိန်းတွေတက်လာတာကိုတော့ သတိပြုရမည်ဖြစ်သည်။
ရှေးရာဇဝင်များကိုကျေနပ်မနေသင့်တော့ပါ..။ ဂျပန်တွေ ဒုတိယကမ္ဘာစစ်က နှိပ်စက်ခဲ့ပုံတွေကို အရှက်ရ တောင်းပန်ကြရသည်။ အမေရိကန်ဒေသခံတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တာတွေ ရက်စက်နှိပ်ကွပ်ခဲ့တာတွေကို ဖုံးဖိနေကြရသည်။ ထို့အတွက် ကျွန်တော်တို့ကလည်း တစ်ချိန်က မိမိတို့ ရာဇဝင်မှ ကိစ္စများကို အရသာခံပြောဆို မနေသင့်တော့ပါ...။ ကျွန်တော်တို့ မြန်မာတွေ လူရည်လည်သင့်ပါပြီ..။
အမှန်တကယ်ပင်လည်း တောင်ငူခေတ်က ဝါးရင်းတုတ်၊ ကုန်းဘောင်ခေတ်ဦးက ဝါးရင်းတုတ်ကို ၂၀၁၅ အထိ သယ်မလာသင့်တော့ပါ။ ရာဇဝင်ထဲက မြန်မာတွေကို ဖင်တုန်အောင်ကြောက်သည့်ထိုင်းတွေက ခုချိန်မှာ မြန်မာပြည်ကို ဈေးကြီးထုတ်ကုန်တွေ တင်သွင်းနေပါပြီ။ တစ်ချိန်က ခရုသင်းစွဲနေတဲ့ Abnormal ဆင်ဖြူတစ်ကောင်မပေးတဲ့ ကိစ္စလောက်နဲ့ တစ်နိုင်ငံလုံးသိမ်းပိုက်ခဲ့တဲ့ လူမျိုးတွေဟာ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ရပ်တည်နေရပါပြီ...။
တစ်ချိန်ကကိုယ့်ကိုယ် ဘဏ္ဍာဆက်နိုင်ငံပေမယ့် အခုအချိန်မှာ နိုင်ငံရပ်ခြားသွားရင်တောင် ထိုင်းလေဆိပ်မှာ Transit လုပ်နေရပါပြီ။ မြန်မာဘုရင့် အင်္ဂါဇာတ်ပုံစံကို ကိုးကွယ်ရသည် ဆိုသည့်လူမျိုးတွေက အာရှကျားတစ်ကောင် ဖြစ်လာပါပြီ။ ခုအချိန်ထိ ရာဇဝင်ကို တမ်းတပြီး ရွှေခေတ်ကို စိတ်ကူးပြန်ယဉ်နေမယ့်အစား ကိုယ့်ဘဝနဲ့ ကိုယ့်အခြေအနေကို သဘောပေါက်ပြီး ရာဇဝင်ထဲမှာ ဝါးရင်းတုတ်ကို ထားခဲ့သင့်ပါပြီခင်ဗျာ...။
~MT~
Hein Lin Htun