Image may be NSFW.
Clik here to view.
Clik here to view.

အကို ကိုကိုမောင် ( ရေ ၁၂၄၅ ဗိုလ် ကိုကိုမောင် ) ၉/၆/၈၀ နေ့က ရွှေဂွန်း အောက်ဘက် တကောင်းဘိုး အနီး မြစ်တွင်းတိုက်ရေယာဉ် ၃၀၇ တွင် ကျဆုံးခဲ့သည်မှာ ၃၅ နှစ် ရှိခဲ့ပါပြီ။
ကြာပြီဆိုတော့ မေ့ခဲ့ကြပါပြီ။
ကျနော်ကတော့ သူရဲ့ အချစ်ဆုံး ညီငယ် တဦးဖြစ်ခဲ့လို့ မမေ့နိုင်သေးပါ။
ကြာပြီဆိုတော့ မေ့ခဲ့ကြပါပြီ။
ကျနော်ကတော့ သူရဲ့ အချစ်ဆုံး ညီငယ် တဦးဖြစ်ခဲ့လို့ မမေ့နိုင်သေးပါ။
အကို ကိုကိုမောင် ၁၅၀၀ အား ကျနော် စတွေ့ဘူးသည်မှာ ၁၉၇၂ ခုနှစ် လူငယ်ရေကြောင်း သင်တန်း ပထမနှစ် အထက ၁ မင်္ဂလာတောင်ညွန့်မှာ တက်စဉ် ဖြစ်ပါသည်။သူတို့ senior တန်းများ လက်နက် စစ်ရေးပြသင်ခန်းစာ လေ့ကျင့်ရန် သစ်သား ရိုင်ဖယ်ကိုင်လာစဉ် အစအနောက်သန်သော ပထမနှစ် ချာတိတ်ကလေး ကျနော်မှ ဒိုင်း ဒိုင်း ဒိုင်း ဟုအော်ပြီး စလိုက်ပါသည်။ အကိုမှ အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်ပြီး ပြုံးပြပါသည်။ စိတ်ဆိုးခြင်း ရန်တွေ့ခြင်း မပြုလုပ်ခဲ့ပါ။(နောင် ကျနော်ပြန်ပြောပြသောအခါ သူမမှတ်မိပါ။)
စစ်တက္ကသိုလ်ရောက်သောအခါ ကိုကိုမောင် နှစ်ဦးတွေ့ရပါသည်။ ၁၅၀၀ နှင့် ၁၅၀၁ ဖြစ်ပါသည်။ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ၁၅၀၁ ကိုကိုမောင်မှာ တည်တည်ခန့်ခန့် အားထည့်ကြိုးစား စည်းကမ်းလိုက်နာပါသည်။ ကျနော့်ဘရားသားကြီး ၁၅၀၀ မှာ ဘယ်လိုသက်သာအောင်နေရမလဲ၊ ဖရီးရိုက်ဖို့ပဲ ချောင်းနေပါသည်။ သူတို့အပတ်စဉ်က ပေစိဟုခေါ်ပါသည်။
သဘောအလွန်ကောင်းပြီ သူ့ဖာသာသူ ပျော်ပျော် နေတတ်ပါသည်။ junior များကို အပစ်ပေးတာလည်းမတွေ့ဘူးပါ။ သူသည် မကြိုးစားသော်လည်း ကိုယ်ပိုင် စွမ်းရည်တွေရှိပါသည်။သူသည် သူ့ကိုယ်သူသက်သာ အောင်နေပြီး လိုသည့်အချိန်ကျမှ စွမ်းရည်ထုတ် သုံးတတ်ပါသည်။ စစ်တုရင် ထိုးရာတွင် နမခ အဆင့်ရှိသည်။ ၁၅၀၀ မီတာတွင် နမခ လက်ရွေးစင် ဖြစ်ပါသည်။ လက်ဝှေ့မှာလည်း နမခ အဆင့် လက်ရွေးစင်ဖြစ်ပါသည်။ bright ဖြစ်ပါသည်။pick up လည်းမြန်ပါသည်။
ကျနော်တို့ စစ်တက္ကသိုလ် တက်ရောက်စဉ် လက်ဝှေ့ပွဲစဉ်များတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အေးကိုမှ အထူးချီးကျူးး ဂုဏ်ပြု ရည်ညွှန်း မှတ်ကျောက်တင်သော ပွဲစဉ်မှာ အကိုနဲ့ ကိုစံပြည့် (၂၀)တို့ ပွဲ ဖြစ်ပါသည်။ အကိုမှာ လက်တန်ရှည်ပြီး လက်သီးထိုးလုံး ထိုးကွက် ပညာသားပါပါသည်။ ကိုစံပြည့်မှာ လက်ဝှေ့ပညာ အကိုကို မမှီသော်လည်း သန်မာမှု ခွန်အား သတ္တိ အရဲစိတ် အပြည့်ရှိပါသည်။ ကိုစံပြည့် မျက်နှာတွင် သွေးချင်းချင်းနီနေသော်လည်း အရှုံးပေး ဇွဲလျှော့ခြင်းမရှိပဲ အသားကုန် လိုက်ပြီး ဖိထိုးပါသည်။ အကို လက်သီးများမှာ အမှတ်များရပြီး ကိုစံပြည့် မျက်နှာကို ထိသ်ေလည်း ကိုစံပြည့်၏ right တလုံးမိသွားပါကလည်း ပွဲသိမ်းမှာ ဖြစ်ပါသည်။ပွဲပြီးသောအခါ အကိုမှ 'စံပြည့်က ကျောက်တုံးထိုးရသလိုပဲ၊ ငါ စံပြည့်နှစ်ကိုယ် မြင်နေရတယ်'ဟုပြောပါသည်။
Image may be NSFW.
Clik here to view.
Clik here to view.

သူတို့ တတိယနှစ် အောင်စာရင်းထွက်သောအခါ သူစာမေးပွဲ ကျပါသည်။ ကျနော်တို့ စာသင်နှစ် မပြီးသေးသဖြင့် ရေတပ်တွင် တွဲဘက်ပါသည်။ တပ်စု ၇ ကုန်းပေါ်မှာ အိတ်ကလေးလွယ်ရင်း ငါတော့ ပြန်မလာတော့ဘူး။သင်္ဘော လိုက်တော့မယ်ဟု ပြောနေသည်ကို ကျနော် မြင်ယောင်မိပါသည်။ ကျနော်တို့က ရေတပ်ရွေးချယ်ခံထားရသဖြင့် သူ၏ ရေတပ်အတွေ့အကြုံများကို အားကျစွာ နားထောင်ရပါသည်။ သူ့ကို cadet ပေမယ့် Officer တယောက်လိုထားကြောင်း၊ သုတေသီ သင်္ဘော ၊ ကိုကိုးကျွန်း အတွေ့အကြုံများ အားကျစရာတွေပေါ့။ အပြာတွေ ကြားထဲတွင် အစိမ်းရောင် ယူနီဖောင်း ဗိုလ်လောင်းဒေါက်အဖြူနဲ့ အူကြောင်ကြောင် နိုင်လှပါသည်။ နောင် ရေတပ်ထဲရောက်သောအခါ ငါ မင်းတို့ကို ရွှီးတာကွ၊ ငါ crow's nest ပေါ်မှာ တက်ပြီး lookout duty ယူရတာ။ ကြောက်စရာ အမြင့်ကြီးကွ၊ လှိုင်းနဲ့ဆို အသဲတယားယား ဟုပြောပါသည်။
သူသည် Washington DC မှာ ကြီးပြင်းသဖြင့် ကျနော်တို့အတွက် dictionary စာအုပ်ကြီးလည်း ဖြစ်ပါသည်။ အင်္ဂလိပ် ရုပ်ရှင် ကြည့်လျှင် သူ့ကိုမေးရသည်။အတန်းထဲတွင် စာမလိုက်သော်လည်း ကျနော်၏ ကျူရှင်ခန်းတွင်မူ အတော်အားထည့်ပါသည်။
သူက အသားမဲသော်လည်း အဖြူရောင်ကို ကြိုက်သဖြင့် လိုင်းချုပ်ခါးပတ် အဖြူ အမြဲ ပတ်ထားရပါသည်။ angle shoe မဝတ်ရဘူးဆိုလျှင် turn out ကို ပုံမှန် shoe ဖြင့်စစ်ပြီးမှ angle shoe ပြန်လဲပြီး outpass ထွက်ပါသည်။ နဲနဲလေးဖောက်လိုက်ရမှ စားဝင်ပါသည်။ l shade စတိုခန်းမှာ "ငါ့သားများ စစ်ထဲဝင်ရင်လေ......"စာတန်းမှာ သူ့ရဲ့ မူရင်းလက်ရေး ရင်တွင်းဖြစ် စကားပါ။
လက္ခဏာ ကြည့်တတ်ပြီး ကောင်းကောင်း ရွှီးတတ်ပါသည်။ ကောင်မလေးတွေလက် အလကားကိုင်ရသည်ဟု စပ်ဖြီးဖြီးပြောပါသည်။ သူနှင့်နောက်တယောက်၏ အပွပြိုင်ပွဲမှာ စာတင်ရန်မဝံ့သော်လည်း ဂန္တဝင် မြောက် debate တခုဖြစ်ခဲ့ပါသည်။ အကိုဟာ ပွ သော်လည်း မပဲ့ခဲ့ပါ။
Image may be NSFW.
Clik here to view.
Clik here to view.

ကျောင်းဆင်းသောအခါ ရေတပ် အတူရောက်ကြပြီး ကျနော် ဝင်းထိန် နှင့် အကိုမှာ တတွဲတွဲ ဖြစ်ပါသည်။ ပို၍လည်း ချစ်ခင် သံယောဇဉ်တွယ်မိကြပါသည်။ ရုပ်ရှင်လည်း ဝါသနာပါပြီး ဝင်းဖေရဲ့ ပန်းစကား ကြည့်ကြသောအခါ မူရင်း charlie ကိုမှီးကြောင်း ပြောပြသည်ကို အမှတ်ရမိပါသည်။ ရလခ ဆိပ်ကြီးမှာ တက်ရောက်သောကာလ များ၊ sea training ကာလများကတော့ မမေ့နိုင်စရာများဖြစ်ပါသည်။
ကျနော်နှင့်ဝင်းထိန်ကို romantic သမားတွေ ဆိုပြီး အမြဲ လှောင်ပြောင်လေ့ရှိပါသည်။ ငါက လက်တွေ့သမား စိတ်ကူးမယဉ်ဘူး အိမ်ထောင် တော်တော်နဲ့ မပြုဘူးဟု ကြွားဝါပြောလေ့ ရှိပါသည်။ သူ၏ အာဂအတွေ့အကြုံ များပြောသောအခါ ကျနော်တို့ ညီငယ်များ မေးထောက်လျက် ပါးစပ်အဟောင်းသား နားထောင်ရပါသည်။ သို့ရာတွင် မိန်းကလေးတဦးကို သူယူမည်ဟု တနေ့ ပြောသောအခါ ကျနော်တို့တတွေ အံ့အားသင့်ကြရပါသည်။
ကျောင်းဆင်းသောအခါ ကျနော်တို့က ဗျူဟာစစ်ရေယာဉ်စု၊ သူက အမှတ် ၃၆ စစ်ရေယာဉ်စု မော်လမြိုင် တွင် တာဝန်ကျပါသည်။ ၁၉၈၀ မေလ မှာ သူရန်ကုန်သို့ T Duty ဖြင့်လာရင်း ကျနော်တို့ဆုံကြပါသည်။ လဟာပြင်ဈေးမှာ အသားကင် အခေါက်ကင် ဝက်သားလိပ် ငရုတ်ရည် နဲ့ ထမင်း သူကျွေးပါသည်။ ပြီးတော့ သမတရုံမှာ dastin hoffman ရဲ့ marathon man ကြည့်ကြပါသည်။ ရုပ်ရှင်ပြီးတော့ ကန်တော်လေးဘက် စကားတပြောပြော လမ်းလျှောက်ပြန်ကြပါသည်။ သူက ကန်တော်လေး မှာနေပြီး ကျနော်က ကျောက်မြောင်းမှာနေပါသည်။ ကျနော့်ကို သိမ်ဖြူလမ်း စာတိုက်မှတ်တိုင်ရှေ့ လိုက်ပို့ပါသည်။ ဘတ်စကား နောက်ခြေနင်းခုံမှာ ကျနော်က တက်ရင်း လက်ပြနှုတ်ဆက်သောအခါ သူက "အချစ်ကလေး သွားတော့"ဟု လှမ်းအော်လိုက်ပါသည်။(သူက ကျနော့်ကို အချစ်ကလေးဟုခေါ်တတ်ပါသည်။) အဲဒီပုံရိပ်ကို ကျနော် ယနေ့ထိ မှတ်မိနေဆဲဖြစ်ပြီး သူ့ကို ကျနော် နောက်ဆုံး တွေ့လိုက်ရခြင်းလည်း ဖြစ်ပါသည်။
အမှန်က ကျနော့်ကိုသွားတော့ဟု ပြောခဲ့သော်လည်း သူက ကျနော်တို့ကို ခွဲခွာပြီး မနုတ်ဆက်ပဲ ထွက်သွားခဲ့ခြင်း ဖြစ်ပါသည်။
သူရဲကြောက်တတ်ပြီး သူ့ကိုခြောက်လျှင် ငါ့မှာ heart ရှိတယ် ဟု မျက်နှာငယ်လေးနှင့် ပြောတတ်သော အကိုမှာ သူကျဆုံးသွားချိန်မှာလည်း ရန်သူ့ကျည်ဆံမှာ ကြံဖန်၍ အပေါက်ကြားမှဝင်လာပြီး ကျည်ထောက်သွားပြီး
ရဲဘော်တဦး၏ နားရွက်ကို ရှပ်ပြီးမှ သူ၏ လက်ဝဲ ရင် ဘတ်ကို အားပျော့ပျော့လာထိမှန်ခြင်း ဖြစ်ကြောင်း ဆို့နင့်စွာ ကြားသိရပါသည်။
ပိန်ပိန်ပါးပါး မျက်ခုံးထူထူ ရီဝေဝေ မျက်လုံး အပြုံးမျက်နှာ
လက်ပြင်ခါးကုန်းကုန်း အသားမဲဖျော့ အသံရှတတ နဲ့ အကိုအား အမှတ်ရဆဲပါ။
ကိုမောင် ရေ.... လွမ်းနေဆဲပါ။
(ကိုကိုမောင်ဓာတ်ပုံအား ပေးပို့သော ကိုဝင်းထိန်အား ကျေးဇူးတင်ပါသည်။ ကိုဝင်းထိန်အမ မခင်ဝင်းအေး မင်္ဂလာပွဲမှာ ဖြစ်ပါသည်။)