Quantcast
Viewing all articles
Browse latest Browse all 1811

မရှိချမ်းသာ ရှိချမ်းသာ



ဒီနေ့ အစိုးရ၀န်ထမ်းအဖြစ် ရရှိတဲ့ နောက်ဆုံးလစာလေးကို သွားထုတ်ဖြစ်ပါတယ်။ မိတ္ထီလာကနေ ဟင်္သာတမြို့၊ ကမ္ဘောဇဘဏ်ကို ပို့ပေးတာကြောင့် သွားရောက်ထုတ်ယူခြင်းပါ။ ကျွန်တော်တို့မြို့မှာ ပုဂ္ဂလိကဘဏ် မရှိတာကြောင့်ပေါ့လေ။

ဟင်္သာတမြို့နဲ့ ကျွန်တော်တို့မြို့က မိုင် ၃၀ ကျော်ဝေးပါတယ်။ ဆိုင်ကယ်လေး တစ်ယောက်ထဲမောင်းပြီး ဟင်္သာတမြို့ကိုသွား၊ ဘဏ်မှာ ငွေထုတ်ပြီး ပြန်ခဲ့ပါတယ်။ ထုတ်ခဲ့တဲ့ငွေက နှစ်သိန်းနှစ်သောင်း။
အသွားတုန်းက ဘယ်မှ မ၀င်ဖြစ်ခဲ့ဘူး။ အပြန်ကျတော့ လမ်းရဲ့ ရွာတစ်ရွာမှာရှိတဲ့ သူငယ်ချင်းတစ်ဦးရဲ့ အိမ်ကို ၀င်ဖြစ်ခဲ့တယ်။ သူနဲ့ ကျွန်တော်က မတွေ့ရတာ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ သူတို့ အိမ်က အရင်ကတည်းက ဈေးရောင်းတဲ့ ဈေးဆိုင်အိမ်။ ခုတော့ စီးပွားရေးအခြေတင့်လို့ ဆိုင်ကြီးကန္နားကြီးဖြစ်နေပြီ။

ဆိုင်ကယ်လေးကို ဆိုင်ရှေ့ရပ်ခဲ့တယ်။ သူငယ်ချင်းနဲ့တွေ့ပြီး စကားပြောနေရင်း မိနစ် ၂၀ လောက်ရှိရော့မယ့် အချိန်မှာ ကျွန်တော့်စိတ်ထဲ ဖြတ်ခနဲ တစ်ခုဝင်လာတယ်။ စိုးရိမ်စိတ်။ ကျွန်တော့် ငွေလေး ပျောက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ပါ။
ထုတ်လာတဲ့ ငွေကို ကျွတ်ကျွတ်အိတ် အထူထဲထည့်ပြီး ယူခဲ့တာပါ။ အပြင်ကကြည့်ရင်တော့ ပိုက်ဆံကို မြင်ရမှာ မဟုတ်ပါဘူး။ သူငယ်ချင်းနဲ့ ခဏတဖြုတ်ပဲ စကားပြောမှာပါလေဆိုပြီး ဆိုင်ကယ်မှာ ချိတ်ထားတဲ့ အိတ်ကို မဖြုတ်ပဲ ထားခဲ့တာ။ အဲဒီအိတ်ထဲမှာ ထုတ်လာခဲ့တဲ့ငွေလေး ထည့်ထားခဲ့တာပါ။
ခုမတော့ စကားပြောရင်း ခဏအကြာမှာ သူတပါး ယူသွားမလားဆိုတဲ့ စိတ်ကလေးဝင်လာမိပြီ။ ဒါနဲ့ပဲ သူငယ်ချင်းနဲ့ စကားပြောတာကို မြန်မြန်လက်စသတ်ရပါတယ်။ ဆက်ပြောနေလဲ စိတ်က အာရုံရောက်မှာ မဟုတ်တော့ဘူးလေ။ သူငယ်ချင်းရဲ့ ဆိုင်ထဲက ပြန်ထွက်လာပြီး ဆိုင်ကယ်ကိုကြည့်တော့ အိတ်ကချိတ်လျက်ရှိတာ မြင်ရမှာ စိုးရိမ်စိတ်လေး တစ်ဝက်လျှော့သွားမိတယ်။

ဆိုင်ကယ်စီရောက်တော့ အိတ်ကိုဖြုတ်ပြီး ကြည့်တယ်။ အထဲက ငွေက နေရာမပျက်။ "ဟူး "ဆိုပြီး လေပူလေး မှုတ်ထုတ်မိလိုက်တယ်။ တော်သေးတာပေါ့။
တကယ်တော့ ငွေ နှစ်သိန်းဆိုတာ ရှိတဲ့သူတွေအတွက် မပြောပ လောက်ပေမဲ့ ကျွန်တော်တို့လို ၀န်ထမ်းတွေ၊ သာမန်လက်လုပ်လက်စားသမားတွေအတွက်တော့ တစ်လလုံး လုပ်သမျှမှ ရတဲ့ ငွေလေးဖြစ်တဲ့အပြင် အဲဒီငွေတွေရဲ့နောက်မှာ အကြောင်းအရာများစွာလည်း ရှိနေသေးတယ်လေ။
ပေးစရာရှိတာ၊ ဆပ်စရာရှိတာ၊ ၀ယ်စရာရှိတာ ပြီးတော့ သာရေး၊ နာရေးစတဲ့ ဟိုးအရေးတွေ ပြေလည်ဖို့ရာကလဲ ဒီငွေလေးအပေါ် များစွာမူတည်နေတာပဲလေ။ ဒီတော့ ဒီငွေလေးပျောက်လို့ မဖြစ်။ မက်မက်မောမော ဖြစ်နေမိတာလည်းအမှန်။

ဆိုင်ကယ်လေး မောင်းလာပြီး အိမ်ရောက်လို့ မိန်းမလက်ထဲ စိတ်ချလက်ချငွေအပ်ပြီးမှ (စိတ်ချလက်ချ မရှိပဲနေပါ့မလား ဘာတဲ့ မိန်းမပေးငွေ ကြက်သောရေ၊ အုန်းသီးရွှေချ ပြန်မရလို့ အဆိုရှိတယ်မဟုတ်လား) ကျွန်တော်နားနားနေနေ ထိုင်လိုက်မိတယ်။
ခုမှ လွတ်လွတ်လပ်လပ် အတွေးနယ်ချဲ့မိတော့တယ်။
ငွေထုတ်ဖို့ သွားတုန်းကတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး။ အိတ်ကပ်ထဲမှာ ငွေလေး ငါးထောင်လောက် ပါတာဆိုတော့ ပူစရာမလို။ ငွေထုတ်ပြီး အပြန်မှာတော့ ငွေရဲ့အလေးချိန်စီးလာသလားတော့ မသိပါ သိပ်မပေါ့ပါးချင်တော့။ ပျောက်မှာကြောက်ရပြီ။
လက်ထဲမရှိခင်က စိတ်လေးချမ်းသာတယ်ပေါ့။ လက်ထဲငွေလေးပိုင်ဆိုင်လာတော့ ရှိခြင်းနဲ့အတူ စိုးရိမ်စိတ်ကလေး ဖြစ်လာရပြီ။

ဝတ္ထုလေးတစ်ပုဒ်အမှတ်ရမိတယ်။ အတိအကျမဟုတ်ပေမယ့်ဆိုလိုရင်းက ဒီလိုပါ။ တံငါသည် လင်မယားနှစ်ဦး။ သူတို့ သက်တမ်းတစ်လျှောက် တံငါးသည် ဘ၀နဲ့ ပျော်မွေ့ပြီး အလုပ်လုပ်လာခဲ့ကြတယ်။ မိုးလင်းတာနဲ့ ပင်လယ်ထဲထွက် ငါးရှာ။ ရတဲ့ငါးတွေရောင်းပြီး တစ်နေ့တာကို ဒီလိုပဲ ကျော်လွန်လာခဲ့တာ။ တစ်နေ့မှာတော့ ရေငုပ်ရင်း အင်မတန်အရည်အသွေးကောင်းမွန်လှတဲ့ ပုလဲတွေ ရခဲ့တယ်။
လင်မယားနှစ်ယောက်က ဘယ်သူမှ မပြောပဲ နောက်နေ့မနက်မှာ မြို့တက်ပြီး သွားရောင်းဖို့ ဆုံးဖြတ် ခဲ့ကြတယ်။ အဲဒီညမှာ သူတို့အိမ်ကို သူခိုးကပ်ခဲ့တယ်။ ပုလဲလုံးတွေတော့ ပါမသွားခဲ့ပါဘူး။ အဲဒီရွာက တံငါသည် လင်မယားနှစ်ယောက် ပုလဲတွေရသွားတယ်ဆိုတာကို သိသွားကြတာပါ။ ဒါကြောင့် တချို့က ၀င်ခိုးခဲ့တာ။
မနက်မြို့တက်ရာ လမ်းမှာလည်း ဓားပြတွေနဲ့တွေ့လို့ ရွာကို အမြန်ပြန်ခဲ့ကြရပါတယ်။ ရွာရောက်တော့ အိမ်က မီးလောင်ထားလို့ ပြာဖြစ်နေပါပြီ။ သူခိုးတွေက ပုလဲဝင်ရှာပြီး မတွေ့တာနဲ့ အိမ်ကို မီးရှို့ခဲ့တာပါ။
လင်မယားနှစ်ယောက်လည်း စိတ်တွေညစ်ပြီး ပင်လယ်ကမ်းတစ်လျှောက် ထွက်လာခဲ့တယ်။ ယောက်ျားဖြစ်သူက "တို့တွေကွာ ဘာမှမရှိတုန်းက အေးအေးလူလူလေး လေညင်းခံပြီး နေလာရတာ။ ခုတော့ ဒီပုလဲလက်ထဲရောက်လာမှ အေးအေးချမ်းချမ်းလည်း မအိပ်နိုင်၊ အေးအေးဆေးဆေးလည်း မနေနိုင် ခုတော့ အိမ်ပါ ပြာဖြစ်သွားခဲ့ရပြီ။ ဒီတော့ ပင်လယ်ထဲက ရတဲ့ ပုလဲ ပင်လယ်ထဲ ပြန်ပို့မယ်ကွာ "ဆိုပြီး ပုလဲတွေကို ပင်လယ်ထဲ ပြန်စွန့်ပစ်ခဲ့ကြပါတော့တယ်တဲ့။

ပစ္စည်းဥစ္စာလက်ထဲမရှိခင်က ဆင်းရဲမှုမရှိလှခဲ့ပါဘူး။ ပိုင်ဆိုင်မှုများလာရင်တော့ ပိုင်ဆိုင်မှုနဲ့အတူ စိုးရိမ်စိတ်တွေက ဒွန်တွဲပါလာတတ်ပါတယ်။ သောကတချို့လည်း ပါလာတတ်ပါတယ်။
ကိုယ် ရှာဖွေလို့ ရရှိတဲ့အရာ ပိုင်ဆိုင်တဲ့အရာလေးတွေက လူ့ပတ်ဝန်းကျင်းအားဖြင့် နိမ့်ကျကောင်းနိမ့်ကျနေမယ်၊ ဆင်းရဲကောင်းဆင်းရဲနေပေမယ့် ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့ အရာလေးတွေပေါ်မှာ ရောင့်ရဲတင်းတိမ်စိတ်လေးရှိနေမယ် ရှိရင်တော့ "မရှိချမ်းသာ"ဆိုတဲ့ အရသာလေးခံစားနေရမှာပါ။ ကိုယ်မပိုင်ဆိုင်ရတဲ့ ပစ္စည်းဥစ္စာတွေအပေါ် မဖြစ်နိုင်တဲ့ မတော်လောဘတက်နေမယ်၊ ကိုယ့်ရဲ့ ရရှိသမျှအပေါ်မှာလည်း မကျေမနပ်နဲ့ စိတ်ဆင်းရဲမှုတွေ ဖြစ်နေမယ် ဆိုရင်တော့ "မရှိဆင်းရဲ "ဖြစ်နေဦးမှာပါပဲ။ မရှိတဲ့အထဲ ဆင်းရဲတယ်ဆိုတာ ဒါကို ဆိုလိုတာထင်ပါရဲ့။

ဟော ပစ္စည်းဥစ္စာလေးများ လက်ထဲရောက်လာပြီဆိုရင် ရန်သူမျိုးငါးပါးကြောက်ရ၊ ပျက်စီးလို့ ပြန်မပြင်နိုင်မှာ ကြောက်ရ၊ ဟိုကြောက်ရ ဒီကြောက်ရနဲ့ စိုးရိမ်စိတ်အထွေထွေက ၀င်လာရပြီ။ ဒါကလဲ ပစ္စည်းရှိပြီးဆင်းရဲရတဲ့ "ရှိဆင်းရဲ "တစ်မျိုး ထင်ပါရဲ့။ ငွေကြေးကုံလုံပြည့်ဝလို့ ဒါပျောက်ရင် နောက်တစ်ခုဝယ်ကွာဆိုတဲ့ အခြေအနေမျိုး ဆိုရင်တော့ "ရှိချမ်းသာ "ကို ပိုင်ဆိုင်နေရတာထင်ပါရဲ့။
လူဆိုတာဖြစ်လာရင် လောဘလေးကတော့ ရှိနေမှာပါပဲ။ သို့သော် ရှိသင့်တဲ့၊ ထားသင့်တဲ့ လောဘထားရင်တော့ ကောင်းတာပေါ့။ ကိုယ်ရသင့်တဲ့အမြတ်၊ ကိုယ်ယူသင့်တဲ့ အရာမျိုးမှာ "တော်လောဘ "လေးပဲ ထားသင့်ပါတယ်။ ရသင့်တာထက် ပိုတဲ့လောဘ၊ မရနိုင်တာကို မရိုးမသားရယူတဲ့ "မတော်လောဘ"တွေကို ပယ်သင့်လှပါတယ်။ 
ကိုယ့်ရဲ့ စိတ်ထဲမှာ လောဘလေးတွေ လျှော့ပြီး နောက်ဆုံး မရှိတော့တဲ့ အခြေအနေ၊ ဒေါသတွေ မရှိတော့တဲ့ အခြေအနေတွေကတော့ "တကယ့် မရှိချမ်းသာ "ကိုခံစားရတာပေါ့လေ။ ဒီလို မရှိချမ်းသားနဲ့အတူ တကယ့် တရားအစစ်လေးတွေပိုင်ဆိုင်လာရတဲ့ တရားအစစ် "တကယ့်ရှိချမ်းသာ "ကိုပါ ခံစားရတတ်တယ်လို့ ထင်ပါတယ်။

သြော် လောကီလူ့ဘ၀ထဲမှာ ငွေကြေးဓနဥစ္စာအားဖြင့် မရှိဆင်းရဲသော်လည်း ကိုယ့်ရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး မတော်လောဘ မဖြစ်ဘဲ စိတ်ချမ်းသာနေနိုင်တဲ့ "မရှိချမ်းသာ"ကို ခံစားနိုင်ဖို့လိုသလို၊ ပြည့်ပြည့်စုံစုံနေနိုင်ဖို့ ရှာနိုင်ဖွေနိုင်တဲ့အပြင် မပူမပင်မကြောင့်မကျ လူ့ပတ်ဝန်းကျင်မှာ နေနိုင်ပြီး စိတ်ကလည်း ချမ်းသာနေတဲ့ "ရှိချမ်းသာ "ကို ခံစားနိုင်ဖို့ လိုမယ်ထင်ပါရဲ့လေ။
ဒါ့အပြင် တရားအစစ်တရားမှန်ကို ရှာဖွေတွေ့ရှိပြီး လောဘမရှိ၊ ဒေါသမရှိတဲ့ "မရှိချမ်းသာ "၊ တရားစစ်တရားမှန်ကို ရရှိထားတဲ့ "ရှိချမ်းသာ "ကို ရရှိခံစားနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား မဟုတ်ပါလား။

အဘယ်သို့ပင်ဖြစ်စေ ရရှိလာတဲ့ဘ၀၊ ဖြစ်နေပိုင်ဆိုင်နေရတဲ့ ဘ၀လေးတွေမှာ "မရှိချမ်းသာ"၊ "ရှိချမ်းသာ "ကို ပိုင်ဆိုင်နိုင်တဲ့ စိတ်ခွန်အားများ ထားရှိနိုင်ကြပါစေကုန်။

-----------------

မေတ္တာဖြင့်
မောင်ပိုင်
၁-၇-၂၀၁၅
 —

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...