Quantcast
Viewing all articles
Browse latest Browse all 1811

ကရုဏာဆိုတာ ဇီးသီးတွေမဟုတ်ပါ


တလောက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တပ်မတော်သားအရာရှိတစ်ဦးက ရိက္ခာစိုငွေ ၇၅၀ ကျပ်၊ စစ်ဆင်ရေးအပိုဆောင်းငွေ ၄၂၅ ကျပ်ဆိုတော့ ကျွန်တော့်ရဲဘော်တွေ စားသောက်ရေးအတွက် မဆိုးဘူး၊ စစ်သည် ၇ ယောက်လောက်ရှိတဲ့အဖွဲ့ဆိုရင် တစ် ရက် ၈၀၀၀ ကျပ်ဝန်းကျင်သုံးလို့ရတာပေါ့လို့တင်လိုက်တာကို သဘောကျပြီး ကျွန်တော်က ပြန် share လိုက်ပါတယ်။ အောက် မှာ comment အမျိုးမျိုးတွေ့ရပါတယ်။ ထောက်ခံသူ/ ကန့်ကွက်သူ အစုံပေါ့။


ရိက္ခာစိုငွေ ၇၅၀ ကျပ်ကထားလိုက်ပါတော့၊ စစ်ဆင်ရေးအပိုဆောင်း ၄၂၅ ကျပ်က ၂၀၁၅ခုနှစ် ဧပြီလကမှစရတာလို့ဆိုပါတယ်။ နောက်တန်းပြန်ရောက်မှ အင်အားဖြည့်အဖြစ်ပေးတာလို့လည်းပြောကြတယ်။ အဲဒီလိုပေးတယ်ဆိုတာမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ပြောတာမတူပြန်ဘူး။ တချို့က တိုင်းစစ်ဌာနချုပ်က ငါး တွေချည်းပဲဝယ်ပေးနေလို့ ငါးမစားချင်ဘဲစားနေရတာ အကြေးခွံတွေပေါက်လာမှာစိုးလို့ မိုးရေထဲတောင်မထွက်ရဲတော့ဘူးတဲ့။ တချို့ကျတော့လည်း နောက်တန်းပြန်ရောက်မှ အင်အား ဖြည့် သဘောမျိုး တပ်ရင်းအစီအစဉ်နဲ့ ကျွေးတာတဲ့။ လူပျိုတွေအတွက် ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး စတဲ့ အစားအသောက်တွေ စီစဉ်ပေးသလို အိမ်ထောင်သည်တွေအတွက်လည်း ငွေမပေးဘဲ စားစရာတွေ စီစဉ်ပေးတာလို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော်က အဲဒီ စစ်ဆင်ရေးအပိုဆောင်းငွေတွေကို သက်ဆိုင်ရာ တပ်ရင်းမှူး တွေက မှန်မှန်ကန်ကန်ရော ထုတ်ပေးရဲ့လား၊ မှန်မှန်ကန်ကန် ထုတ်ပေးဖို့လိုတယ်လို့ ရေးလိုက်တော့ တချို့က နားမလည်ဘဲ မဝေဖန်နဲ့ဆိုပြီး ဒေါသနဲ့တုံ့ပြန်ကြတယ်။

တစ်ခုရှိတာက စစ်သည်အင်အားများတဲ့ လက်ရုံးတပ်တချို့မှာတော့ စိုက်ပျိုး/ မွေးမြူရေးကို အောင်မြင်အောင်လုပ်နိုင်ပြီး အရာရှိ၊ စစ်သည်တွေအတွက် သက်သာချောင်ချိရေးကိစ္စတွေ အောင်မြင်အောင်ဆောင်ရွက်နိုင်တာ ရှိပါလိမ့်မယ်။ မရှိဘူးလို့ ကျွန်တော် ပြောနေတာမဟုတ်ပါ။ တကယ်လို့အောင်မြင်တယ်ဆိုရင်လည်း ဂုဏ်ယူစရာ၊ ဝမ်းသာစရာပေါ့။ ဒါပေမဲ့ အဲဒီစီမံကိန်းကို အောင်မြင်အောင်လုပ်နိုင်တဲ့ တပ်ရင်းမှူး/ တပ်နယ်မှူး တစ်ယောက်ယောက်ဟာ သူ့တပ်ရင်း/ တပ်နယ်ကိုပဲ အာမခံပြီး ကိုယ်စား ပြုပြောလို့ရပါမယ်။ တပ်မတော်တစ်ရပ်လုံးအတွက် အာမခံပြီးပြောလို့မရပါ။ တခြား ခြေလျင်/ ခြေမြန်က တပ်ရင်းတွေအားလုံးကို သူလိုက်ကြည့်နိုင်တာမှ မဟုတ်ဘဲ။ ခြေလျင်/ ခြေမြန်က တပ်ရင်းတွေဆိုတာ စစ်ဆင်ရေးကိစ္စတွေကိုသာ ဦးစားပေးဆောင်ရွက် နေကြရတဲ့ တပ်ရင်းတွေဖြစ်တော့ အခုလို စိုက်ပျိုး/မွေးမြူရေးတွေကို အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ မလွယ်လှပါဘူး။ အတင်းလုပ်ခိုင်းရင်တော့ မဖြစ်ဖြစ်အောင်လုပ်လိုက်ကြရတာပေါ့။

ရိက္ခာငွေ ငါးမတ် ( တစ်ကျပ်နှစ်ဆယ့်ငါးပြား) ခေတ်က အခြေအနေကို ပထမဦးဆုံးပြောပါမယ်။ အများအားဖြင့် ရိက္ခာငွေ ငါးမတ် ဆိုတာ နည်းလွန်းအားကြီးတော့ တပ်ရင်းမှူးအပါအဝင် ဘယ်အရာရှိမှ မထိကြပါဘူး။ ဒါတောင်မှ စုန်းပြူးတပ်ခွဲမှူး တစ်ယောက် တစ်လေရှိပါသေးတယ်။ ဟိုပုံး - မိုင်းပွန် ဘက်ဝင်တုန်းက တပ်ခွဲမှူးတစ်ယောက်က ရိက္ခာငွေကိုမထိပေမဲ့ အကြောင်းတစ်ခုခု ပြ ပြီး နို့ဆီဖြတ်ဖို့ လေသံပစ်လာတယ်။ စက်လတ် သမားမောင်ဝင်းကြီး ပူညံပူညံ လုပ်တာနဲ့ တပ်ခွဲမှူးလည်း ဘာမှမဖြတ်တော့ဘူး။

ပေါ်တာခလို့ အလွယ်ခေါ်တဲ့ ဝန်ထမ်းစရိတ်တွေလည်း ဒီလိုပါပဲ။ တပ်ရင်းမှူးဖြတ်၊ တပ်ခွဲမှူးဖြတ်နဲ့ နောက်ဆုံးပေါ်တာဆီ မရောက်တာကများပါတယ်။ ကျွန်တော်တွဲဖူးတဲ့ တပ်ခွဲမှူးတွေထဲမှာ ပေါ်တာခ ရှင်းပေးတာဆိုလို့ နှစ်ယောက်သုံးယောက်ထက် မပိုဘူး။ အဲဒီအထဲမှာမှ ပေါ်တာတွေကို စိတ်ရှည်လက်ရှည်ပြန်ရှင်းပြနေတာ ၁၉၈၈ ခုနှစ်က ပါတီကောင်စီကိုပြောင်းသွားရတဲ့ ဗိုလ်ကြီးကျော်ဇော်တစ်ယောက်ပဲတွေ့ဖူးတယ်။
မှန်းဆလို့လွယ်အောင် ပြောရရင် ရိက္ခာငွေ ငါးမတ်ရတဲ့အချိန်မှာ ကျိုင်းတုံနယ်ထဲက ထင်းရှုးတောင် - မိုင်းကိုင်ခွင်က ရွာတွေမှာ ဖရုံသီးတစ်လုံးကို ငါးကျပ်ပေးရတယ်။ မှတ်မှတ်ရရ ဟော်လန်က ကုလားမခြင်းဆွဲတို့ Blue Cross တို့ဆိုတဲ့ နို့ဆီတစ် လုံး တောထဲ မှာရောင်းရင်လည်း ငါးကျပ်ပဲရတယ်။ စစ်သည် ၇ ယောက်ရှိတဲ့ တပ်စိတ်တစ်စိတ် တစ်နေ့ရိက္ခာငွေ ၈ ကျပ် ၇၅ ပြားဆို တော့။ ဖရုံသီးတစ်လုံး ဖိုးကျော်ကျော်ပဲရှိတယ်။ တပ်စိတ်တစ်စိတ်ရဲ့ တစ်ရက် ရိက္ခာစိုငွေဟာ ဖရုံသီးတစ်လုံးဖိုးကျော်ရုံပဲရှိတော့ ဘယ်လိုအသားစားကြသလဲ။ ရတဲ့နည်းနဲ့စားရအောင်ကြံရတော့တာပေါ့။

အခု အပိုဆောင်းမပါဘဲ မူလ ရိက္ခာစိုငွေ တစ်ယောက် ၇၅၀ ကျပ် x ၇ ယောက် = ၅၂၅၀ ကျပ်ရမယ်။ စစ်ဆင်ရေးအပိုဆောင်း ငွေက နောက်တန်းရောက် မှခံစားခွင့်ရ တာလို့ပြောကြတယ်။ တကယ်က ရှေ့တန်းမှာ နေပူ၊ မိုးရွာ ရုန်းကန်လှုပ်ရှားနေရတဲ့ စစ်သည်တွေအတွက်မို့ စစ်ဆင်ရေးသွားနေတုန်းကာလမှာပဲ ပေးသင့်ပါတယ်။ ထားပါတော့။ တစ်ရက် ရိက္ခာစိုငွေ ၅၂၅၀ ကျပ် ဆိုတော့ သိပ်အဆိုးကြီးတော့မဟုတ်လှဘူးပေါ့။ ရှေ့တန်းမှာ ဖရုံသီးတစ်လုံး ၂၅၀၀ ကျပ်လောက်တော့ မပေးရဘူးထင်တာပဲ။

အခု comment box ထဲက မှတ်ချက်တွေအရသိရတာကတော့ စစ်ဆင်ရေးအပိုဆောင်းငွေကို အင်အားဖြည့်သဘောနဲ့ တပ်ရင်း မှူးအစီအစဉ်နဲ့ ကျွေးမွေးကြတယ်လို့ဆိုတယ်။ စစ်ဆင်ရေးအပိုဆောင်းငွေဆိုတာ operational allowance လို့ပြောရမလား၊ mission allowance လို့ ပြောရမလားတော့မသိဘူး။ allowance တော့ allowance ပဲဆိုပါတော့။ ဒီတော့ ဒီ allowance ဆိုတာ right လား၊ opportunity လား။ ဥပဒေနဲ့ပြဌာန်းထားခြင်းရှိ/ မရှိလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေ တဲ့ တပ်မတော်သားတစ်ဦးချင်းခံစားဖို့ တပ်မတော်က ထုတ်ပေးတဲ့ allowance ဆိုတာ သက်ဆိုင်ရာတပ်မတော်သား တစ်ဦးချင်း ကိုပဲ တိုက်ရိုက်ထုတ်ပေးသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပေးကားပေး၏၊ မရ ဆိုသလိုဖြစ်နိုင်ပါတယ်။

တချို့က တိုင်းကဝယ်ပေးတာယူရတယ်၊ တချို့ကတပ်ရင်းမှူးစီစဉ်ပေးတဲ့အတိုင်း ယူရတယ်လို့ပြောကြတယ်။ အပိုဆောင်းငွေ ၄၂၅ ကျပ်ဖိုး အပြည့်အဝကျွေးပါတယ်လို့ ဘယ်လောက်အာမခံနိုင်မလဲ။ တစ်ဖီး ၁၀၀ ကျပ်နဲ့ရတဲ့ ငှက်ပျောသီးက တစ်ဖီး ၂၅၀ ကျပ်ဖြစ်သွားနိုင်တာပါပဲ။ ၄၂၅ ကျပ်မှာ ၂၂၅ ကျပ်ဖိုးကျွေးပြီး ၂၀၀ ကျပ်ဖြောင် ထားတယ်ဆိုပါတော့ (စာရင်းဇယားအကြောင်း တော့ မပြောနဲ့ accountability တို့၊ evaluation တို့၊ assessment တို့ စနစ်တကျမလုပ်ထားတဲ့ ငွေကြေးသုံးစွဲမှုမှာ ကြိုက်သလို စာရင်းပြလို့ရတယ်)။ စစ်သည်တစ်ယောက်တစ်နေ့စာ အပိုဆောင်းငွေထဲက ၂၀၀ ကျပ်နှုန်းနဲ့ စစ်ထွက် ၁၀၀ ပဲထားလိုက်ပါ တော့၊ တစ်ရက် ၂၀၀၀၀ ကျပ်ရမယ်။ တစ်လကို ၆ သိန်းရမယ်။ စစ်ဆင်ရေး ၆ လထွက်ရင် ၃၆ သိန်းရမယ်။ တကယ်လို့ တပ်ရင်းမှူးကိုတောင် သုံးစွဲခွင့် မပေးဘဲ တိုင်း/ တပ်မက ကိုင်မယ်ဆိုရင် တပ်ရင်းတစ်ရင်း စစ်ဆင်ရေး ၆ လအတွက် ၃၆ သိန်း နှုန်းနဲ့ တပ်ရင်း ၁၀ ရင်းဆို သိန်း ၃၆၀ ကျပ်ရမယ်။ ဘတ်လို့ရနိုင်တဲ့ငွေပြောတာနော်။

ကျွန်တော်ဒီလိုပြောလို့ အမှန်တကယ် တပ်နယ်သက်သာချောင်ချိရေးကိုလုပ်ပေးနေတဲ့ တပ်နယ်မှူးလိုမျိုးပုဂ္ဂိုလ်တွေက ဒေါသ ထွက်ကောင်းထွက်နိုင်တယ်။ အခု ပြောနေတာ သက်သာချောင်ချိရေးကိစ္စမဟုတ်ပါ။ စစ်ဆင်ရေးအပိုဆောင်း ရိက္ခာစိုငွေကို ဘယ်လိုသုံး သလဲဆိုတဲ့ကိစ္စပါ။ Issue မတူဘူးလို့ထင်ပါတယ်။ တပ်မတော်သားတွေ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရတယ် ဆိုတာ လုပ်ငန်းသဘာဝအရ အသက်အန္တရာယ်နီး ကပ်တဲ့အပြင် အင်မတန်ပင်ပန်းပါတယ်။ အဲဒီလို ပင်ပန်းတဲ့ အရာရှိ/ စစ်သည် တွေ ခွန်အားပြည့်ဝနေဖို့မလိုပေဘူးလား။ အမေရိကန်လို မချမ်းသာလို့ အမေရိကန်လောက်မကျွေးနိုင်ရင်တောင်၊ ထိုင်းစစ်သည် တွေလောက် မကျွေးနိုင်ရင်တောင် လက်မလောက်အသားတုံးလေးတွေ စားနေရတဲ့ဘဝကနေ လက်သီးဆုပ်လောက် အသား တုံးတွေကျွေးနိုင်ရင် ပိုမကောင်းပေဘူးလား။ အခု ၄/၂၀၁၅ ကစလိုက်တယ်ဆိုတဲ့ ဒီခံစားခွင့်ကို တပ်မတပ်တွေပဲခံစားရတယ်လို့ လည်းကြားနေရတယ်။ စစ်ဆင်ရေးအပိုဆောင်း ရိက္ခာစိုငွေဆိုတဲ့အတိုင်း တပ်မတပ်ဖြစ်စေ၊ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖြစ်စေ၊ လက်ရုံးတပ် ဖြစ်စေ၊ လေတပ်၊ ရေတပ်ဖြစ်စေ စစ်ဆင်ရေးထွက်နေရင် ခံစားခွင့်ရသင့်ပါတယ်။

ကျွန်တော်တို့တပ်ရင်း ပင်လောင်းခွင်ဘက်ထွက်တဲ့ စစ်ဆင်ရေးတစ်ခုမှာ ဆန်ပြတ်တဲ့ အချိန် ရွာပျက်တစ်ခုရောက်တော့ စပါးတွေ တွေ့တာနဲ့ ကိုယ့်ဘာသာထောင်း စားကြတယ်။ ရောက်ရောက်ချင်းမနက်မှာ ဗိုက်ဆာလွန်းလို့ ဖရုံရွက်ကြမ်းတွေကိုဆားနဲ့ပြုတ် ထားတဲ့ ဝက်စာသာသာမည်ကာမတ္တဟင်း နဲ့ လွေးလိုက်တာ ကျွန်တော်တစ်ယောက်တည်း ဟန်းကော ၂ လုံးကျော်ကျော် လောက်ကုန်သွားတယ်။ ဟန်းကောတစ်လုံးကို ဆန်နို့ဆီဘူး နှစ်လုံးနှုန်းဆိုတော့ ဆန်လေးလုံးချက်နဲ့ ညီတာပေါ့။ ဒါတောင် ကျွန် တော်ဟာ သိပ်အစားကြီးတဲ့သူမဟုတ်ဘူး။ ကျောက်တောင်တွေချည်းပဲ လှိမ့်တက်နေတော့ ဒီဗိုက်ကလည်း ဘယ်နေနိုင်တော့မ လဲ။
အဲဒီအချိန်မှာ ကျောက်ခဲစားရင်တောင် အစာကြေနိုင်မယ့် အခြေအနေလေ။ ဒါ့ကြောင့် စစ်ဆင်ရေးထွက်နေရတဲ့ စစ်သည် တွေအတွက် ရည်ရွယ်ပြီးပေးတယ်ဆိုရင်လည်း စစ်ဆင်ရေးထွက်နေတုန်းကာလမှာ ရိက္ခာစိုငွေလိုပဲ ထုတ်ပေးသင့်ပါတယ်။

ဒီဆောင်းပါးရေးတာ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ စော်ကားလိုတဲ့စိတ် အလျဉ်းမရှိပါ။ မိမိတို့စစ်သည်တွေရပိုင်ခွင့်ကို ရစေချင်တဲ့ ဆန္ဒပဲရှိပါတယ်။ ဘူးခံငြင်းနေတဲ့သူတွေရှိလို့ ဒီလိုဆောင်းပါးရေးပြီး ပြောနေရတာပါ။ ဘူးခံငြင်းသူတွေအများစုဟာ ဗုဒဘာသာ တွေဖြစ်မယ်လို့ထင်ပါတယ်။ ဗုဒဘာသာမှာ ပါပသမိံရမတိ မနော၊ စိတ်ဟာ မကောင်းမှုမှာပဲမွေ့လျော်တယ်ဆိုတဲ့စကားရှိပါ တယ်။ ဒါ့ကြောင့် ကိုယ်တစ်ယောက်တည်း၊ ကိုယ့်တပ်ရင်းတစ်ရင်းတည်း ကောင်းနေရုံနဲ့ ခြေကန်ငြင်းပြီး အာမခံဖို့ရာ မဖြစ်နိုင် ဘူးဆိုတာ သိသင့်ပါတယ်။ လူဆိုတာ ဖေါက်ပြန်တတ်တဲ့အမျိုးပါ။ ဒါကို ဗုဒဘာသာဝင်အများစုနေထိုင်တာ မဟုတ်တဲ့ အမေရိ ကန်လိုနိုင်ငံမျိုးက လက်ခံတယ်။ လက်ခံလို့ မဖေါက်ပြန်နိုင်အောင် စနစ်နဲ့ထိန်းချုပ်ထားတယ်။

ဒီနေရာမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ လေတပ်ကထွက်တဲ့ ကျွန်တော့်သူငယ်ချင်း ပြောတာလေး သတိရမိတယ်။ ကျွန်တော်တို့ အများစုငြင်းနေကြတဲ့ လူကအရေးကြီးသလား မူကအရေးကြီးသလားဆိုတာနဲ့ ပတ်သက်လို့ပေါ့။ ကျွန်တော်ကတော့ နှစ်ပေါင်း များစွာကိုင်စွဲလာတဲ့မူဝါဒဖြစ်တဲ့ လူကအရေးကြီးတယ်ဆိုတဲ့အဆိုကိုပဲလက်ခံခဲ့တယ်။ သူကတော့ အဲဒီလိုမဟုတ်ဘူး၊ မူက အရေးကြီးတယ်ဆိုတဲ့ဘက်က။

သူက ဥပမာတစ်ခုပေးတယ်။ “အေနဲ့ ဘီ ပါတီနှစ်ခုရှိတယ်ဆိုပါစို့။ အေက မူဝါဒတွေကောင်းနေတယ် ဒါပေမဲ့ ကိုယ့်မြို့နယ်မှာ ရှိတဲ့ အေပါတီရဲ့ ကိုယ်စားလှယ်က ဆိုက်ကားဆရာတစ်ယောက်ဖြစ်နေတယ်။ ဘီကတော့ မူဝါဒက မကောင်းဘူး၊ ဒါပေမဲ့ ကိုယ့်မြို့နယ်ရဲ့ ဘီပါတီကိုယ်စားလှယ်က ကိုယ်ကျင့်တရားကအစ ပညာအဆုံးဘာမှမပြောစရာမလိုတဲ့ လူတော်လူကောင်း တရားသူကြီးဟောင်း။ ကိုင်း … မင်း ဘယ်သူ့ကို မဲပေးမလဲ” တဲ့။ ကျွန်တော်အဖြေရကျပ်သွားတယ်။ ဘာမှပြန်မပြောနိုင်ဘူး။

အဲဒီအချိန်မှာ သူက “ငါကတော့ မူဝါဒကောင်းတဲ့ အေပါတီကိုယ်စားလှယ်ကိုပဲ မဲပေးမယ်။ သူ့ဘာသာဆိုက်ကားနင်းနင်း ဘာပဲ လုပ်လုပ် သူ့ပါတီရဲ့မူဝါဒနဲ့ပဲသွားရမှာ။ မကောင်းရင် နောက်တစ်ယောက်အစားထိုးလိမ့်မယ်။ ဘီပါတီကတော့ မူဝါဒကိုက မကောင်းတာလေ။ ဒီတော့ မင်းတရားသူကြီးဟောင်း ဘယ်လောက်ရိုးသားရိုသား၊ ဘယ်လောက်တော်တော် သူဟာ သူ့ပါတီက ချမှတ်ထားတဲ့ မူဝါဒဘောင်ထဲက ဘာမှကျော်လုပ်လို့မရဘူး။ သူတော်ချင်တော်မယ်နော်။ မတော်ဘူးလို့ ငါမပြောဘူး။ ဒါပေမဲ့ သူ ဘာမှလုပ်လို့မရဘူး” တဲ့။ ဒီနေရာမှာ မူနဲ့လူ ဘယ်သူကပိုအရေးကြီးလဲလို့ အငြင်းပွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖွဲ့အစည်း တစ်ခုမှာ စနစ်ကျတဲ့မူဝါဒတစ်ခု ရှိကိုရှိရမယ်ဆိုတာတော့ အငြင်းမပွားလောက်ဘူးလို့ထင်ပါတယ်။

ဒီကနေ့အချိန်အထိ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းမျိုးစုံမှာတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေအရပြောရရင် ကျွန်တော်တို့ လူမျိုးအများစုဟာ အဖွဲ့အစည်းနဲ့ စနစ်တကျအလုပ်မလုပ်တတ်တာများပါတယ်။ ဥပမာ - ခရစ်ယာန်ဘုရားကျောင်းတွေမှာ (နှစ်ခြင်းဖြစ်ဖြစ်၊ ရိုမန်ကက်သလစ်ဖြစ်ဖြစ်ပေါ့) ဘုရားကျောင်းကိုရောက် လာတဲ့အလှူငွေတွေကို ကော်မတီဖွဲ့ပြီး စနစ်တကျသုံးစွဲ ပါတယ်။ အဖွဲ့အစည်းတစ်ခုလိုပဲ ရှင်းတမ်းတွေ၊ စာရင်းစစ်တွေရှိတယ်။ စည်းမျဉ်း/ စည်းကမ်းတွေရှိတယ်။ အဲဒီ စည်းမျဉ်း/ စည်းကမ်းနဲ့အညီ သတ်မှတ်ကာလမှာ အလုပ်အမှုဆောင်ကော်မတီဝင်တွေ ရွေး ချယ်တာလည်းရှိတယ်။ ရလာတဲ့အလှူငွေတွေ ကိုလည်း ဆွေးနွေးတိုင်ပင်ပြီး သတ်မှတ်စံနှုန်းနဲ့အညီ သုံးစွဲကြရတယ်။

ကျွန်တော်တို့မှာတော့ အဲဒီလိုမဟုတ်ဘူး။ အလေ့အထလည်း မရှိဘူး။ လှူလိုက်တယ် ဆိုကတည်းက နိဗာန္နပစ္စယောဟောတုပဲ။ ပြတ်တယ်ပေါ့။ တကယ်က မပြတ်ဘူး။ တစ်ခုခုမကျေနပ်ရင် ကွယ်ရာကျမှ အတင်းတုတ်တော့တာ။ တချို့ဘုန်းကြီးကျောင်းတွေ မှာ ဘုန်းတော်ကြီးတွေဖွဲ့ထားပေးတဲ့အဖွဲ့တွေတော့ရှိပါရဲ့၊ ဒါပေမဲ့ decision maker ကတော့ ဘုန်းတော်ကြီးပဲ။ ဒီတော့ ခရစ် ယာန်ဘုရားကျောင်းတွေလို ကျင့်သုံးကြည့်ရင် မကောင်းဘူးလားဘုရားလို့ ဘယ်သူလျှောက်ရဲမှာလဲ။ ကျွန်တော်လျှောက်ကြည့် ဖူးပါတယ်။ မျက်နှာပျက်ပြီး စကားလမ်းကြောင်းလွှဲသွားတာနဲ့ ဆက်မလျှောက်ဖြစ်တော့ဘူး။ ရွာသူ၊ ရွာသားတွေကတော့ မ လျှောက်ရဲကြပါဘူး။ လျှောက်ရင် ဘုန်းကြီးငြိုငြင်မှာ စိုးရိမ်ကြတယ်။

ကျွန်တော် ဘာသာခြားတစ်ယောက်မဟုတ်ပါ။ ဗုဒဘာသာမှ ရေမရောတဲ့ဗုဒဘာသာ ဝင်စစ်စစ်တစ်ယောက်ပါ။ ဒါပေမဲ့ Christian Organization တစ်ခုမှာအလုပ်လုပ်ခဲ့ဖူးပြီး ခရစ်ယာန်အသိုင်းအဝိုင်းနဲ့ နှစ်ရှည်လများ ထိတွေ့ဆက်ဆံလာရတဲ့အခါ သူတို့ ကျင့်သုံးနေတဲ့ ကောင်းမွန်တဲ့စနစ်တွေကို သဘောကျမိတာတော့အမှန်ပဲ။ ပြုပြင်ပြောင်း လဲရေးလုပ်တဲ့နေရာမှာ adaptable, adjustable, transferable စတာတွေလုပ်နိုင်ဖို့လိုတယ်လို့ မြင်ပါတယ်။

မြန်မာတွေဟာ အသင်းအဖွဲ့နဲ့ စနစ်တကျလုပ်တတ်တဲ့အလေ့အထနည်းပါးတယ်။ လုပ်ရင်လည်း ကွဲတာကများတယ်။ ဆိုပါစို့ အသင်းအဖွဲ့လုပ်လိုက်လို့ ဘဏ္ဍာရေးမှူးက ကိုယ့်ရပ်ကွက်ထဲက အင်မတန်ချမ်းသာပြီး မင်းပေါက်စိုးပေါက်ဖြစ်နေရင် သုံးလ တစ်ခေါက် ကော်မတီကစာရင်းစစ်ရမယ်ဆိုရင်တောင် ဘဏ္ဍာရေးမှူးကို မစစ်ရဲကြဘူး။ သူကချမ်းသာတယ်လေ။ ဒီနှစ်ပဲ တစ်ပြားနဲ့ မင်းတို့က ငါ့ကိုလာစစ်စရာလားဆိုတဲ့ မာန်ကလည်းရှိနေတယ်။ အဲဒီမှာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်း ချက်တွေပျက်ကုန်တော့တာပဲ။ ကိုယ့်ထက် အဆင့်/ရာထူးကြီးမားတဲ့သူ ဆိုရင် ပြန်မပြောရဲကျဘူး။ အဲဒီလူကြီးပြုတ်သွားပြန်တော့ လည်းအဖက်မလုပ်ကြပြန်ဘူး။ ဒီတော့ မြန်မာတွေအသင်းအဖွဲ့ဖွဲ့လိုက်ရင် ကွဲကြတယ်ဆိုတာကို ခေတ်တိုင်းမှာ မရိုးနိုင်တဲ့ ပြက်လုံးအဖြစ် မြန်မာတွေကိုယ်တိုင်က မြိန်ရေရှက်ရည်ပြောလေ့ရှိကြတယ်။ တကယ်တော့ ဒါဟာ ဟာသလုပ်ပြီးပြောရမယ့် ကိစ္စမဟုတ်ပါဘူး။ ဝမ်းနည်းရမယ့်ကိစ္စပါ။ ကျွန်တော်တို့လူမျိုးတွေ ညံ့သေးတယ်ဆိုတာကို ညွှန်ပြနေတဲ့ Indication တစ်ခုပါ။

ဒီဥပမာတွေ ဘာဖြစ်လို့ပြောနေရသလဲဆိုရင် စစ်ဆင်ရေးအပိုဆောင်းငွေကို အရာရှိ/ စစ်သည်တွေ တစ်ယောက်ချင်းစီလက်ထဲ ကို တိုက်ရိုက်မပေးဘဲ နောက်တန်းပြန်ရောက်မှ အစားအသောက်တွေ စီမံပေးနေတယ်ဆိုလို့ပါ။ ကျွန်တော်အထက်က တင်ပြခဲ့ သလို စစ်သည်တစ်ယောက်ဆီက ၂၀၀ ကျပ်ဖိုးပဲဖြတ်ထားလိုက်ဦး၊ တပ်ရင်း ၁၀ ရင်း ခြောက်လစာဆိုရင် သိန်း ၃၆၀ ကျပ် ဝန်း ကျင်ရှိပါတယ်။

အရာရှိ/ စစ်သည် တစ်ဦးချင်းအတွက် အပိုဆောင်းငွေမပေးဘဲ ငါး ဒါမှမဟုတ် အသီးအရွက်တွေ တိုင်း/ တပ်မ/ တပ်ရင်း တွေက ဝယ်ပေးတယ် ဆိုပါစို့။ ဘယ်သူ့ ဆီကဝယ်မှာလဲ၊ ကုန်စည်တူတဲ့ supplier ဘယ်နှယောက်ရှိလဲ၊ ဘယ်သူက အရည်အသွေး အ ကောင်းဆုံးလဲ၊ အရည်အသွေးချင်း တူရင် ဘယ်သူက ဈေးအသက်သာဆုံးလဲ စတဲ့ ဝယ်ယူရေးကော်မတီမျိုးရှိသလား။ ကော်မ တီက ကုန်ပစ္စည်းတွေကို မှန်မှန်ကန်ကန်ဝယ်နေတာရော ဟုတ်ရဲ့လား၊ ပစ္စည်းကောင်းရဲ့လား၊ ဈေးနှုန်းမှန်ရဲ့လား၊ ကော်မရှင်ရ လို့ ဈေးကြီးပြီးအရည်အသွေးညံ့တဲ့ပစ္စည်းတွေကို ဝယ်နေသလား၊ အဲဒီလို မသမာမှုတွေရှိလာရင် ဘယ်လို အရေးယူဆောင်ရွက် မလဲ … စသဖြင့် စနစ်တကျရေးဆွဲထားတဲ့ မူတွေရှိရဲ့လား။ အဲဒီလို စနစ်တကျရေးဆွဲထားတဲ့ မူတွေကို မလိုက်နာရင် ဘယ်လို အရေးယူမယ်ဆိုပြီး ချမှတ်ထားတဲ့ စည်းမျဉ်း/ စည်းကမ်းတွေရောရှိရဲ့လား စသဖြင့် ချမှတ်ရေးဆွဲထားတဲ့ မူတွေရှိရပါမယ်။
အဲဒီလို အလွဲသုံးစားလုပ်တာ မရှိပါဘူးလို့ ခြေကန်ငြင်းချင်သူတွေအတွက် နမူနာပြောပါ့မယ်။

ကျွန်တော်နဲ့ ကော့သောင်းမှာ ဆုံခဲ့ ဖူးတဲ့ တပ်မတော်ကထွက်လာတဲ့ ဆရာဝန်ဗိုလ်ကြီးကတော့ “ကျွန်တော် ဗျူဟာဆေးမှူးနဲ့နေရတော့ ဗျူဟာမှူးက လူနာရိက္ခာ တွေ လူနာကိုကောင်းကောင်းမကျွေးဘဲ ရောင်းစားတယ်ဗျ။ ဒါနဲ့ ကျွန်တော်လည်း တစ်ရက်ကျတော့ ဗျူဟာမှူးကိုသွားတင်ပြ ကြည့်တယ်။ ဗျူဟာမှူးကြီးခင်ဗျာ ဘယ်လူနာတွေကတော့ အဟာရပြည့်ဝအောင်ကျွေးသင့်ပါတယ်ပေါ့။ ဘာပြောတယ်မှတ်လဲ။ ဒေါသတကြီးနဲ့ ဟေ့ကောင် … မင်းဘာကောင်လဲ၊ ငါ -ိုးမသားဆရာဝန် ပစ်သတ်ပစ်လိုက်မယ် မင်းငါ့ဘာကောင်မှတ်နေလဲတဲ့ ဗျား။ ကျွန်တော်တပ်မတော်သားဘဝကို ပျော်ပါတယ်။ ဒါပေမဲ့ ဒီလိုလူတွေကြောင့် ဆက်နေချင်စိတ်မရှိတော့ ထွက်လာခဲ့တယ် ဗျာ” လို့ ပြောပါတယ်။ ဒါအရင်တုန်းကပါ တပ်မတော်မှာ အခု ဒီလိုမျိုးမရှိတော့ပါဘူးဆိုရင် ဒီဘက်ခေတ်က ဖြစ်စဉ် တစ်ခုကို ပြော ပြချင်ပါတယ်။

“အစ်ကိုရေ … ရိက္ခာစိုငွေတွေ ထပ်ဆောင်းတိုးပေးတာ ဝမ်းသာပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော် ခြေလျင်ဆေးမှူးဘဝတုန်းက အဖြစ်အပျက်ကလေး ပြောပြချင်တယ်။ အဲဒီတုန်းက တစ်ရက်ကို ရိက္ခာစိုငွေ ၅၅၈ ကျပ်ရတယ်။ အဲဒီ ရိက္ခာစိုငွေတွေကို တပ်ရင်း မှူးက ကိုင်ထားပြီးတော့ သုံးလေးရက်တစ်ခါလောက်ကျမှ သုံးယောက်ပေါင်းကို ၁၀၀၀ ကျပ် (တစ်ထောင်ကျပ်) နှုန်းလောက် ထုတ်ပေးတယ် အစ်ကိုရေ။ ဘယ်သူမှလည်း မပြောရဲဘူးပေါ့။ တစ်ရက်ကျတော့ တပ်ကြပ်ကြီးနှစ်ယောက် မူးပြီးသောင်းကျန်း တာကို အရာရှိတွေမထိန်းနိုင်ရကောင်းလားဆိုပြီး အရာရှိတွေကို တန်းစီပြီး ပါးရိုက်ပါလေရော။ ကျွန်တော့်အလှည့်ကျတော့ အရိုက်တော့မခံနိုင်ဘူး၊ အပြစ်ရှိရင် အရေးယူပါလို့ပြောတော့ မင်းက ဆရာဝန်ဆိုပြီး လူပါးဝတာလားဆိုပြီး သတိဆွဲခိုင်းပြီး ထိုး တော့တာပါပဲ။ ကျွန်တော်မကျေနပ်လို့ အဲဒီကိစ္စရော ရိက္ခာစိုငွေကိစ္စပါ တိုင်းကိုလိပ်မူ၊ ကကဆေး၊ ကကစစ်ကို မိတ္တူပေးပြီးတိုင် လိုက်ပါတယ်။ ဒါပေမဲ့ လက်အောက်က လူတွေကို ချော့တစ်ချီ ခြောက်တစ်လှည့် နည်းမျိုးစုံနဲ့ တလွဲတွေထွက်ခိုင်းတဲ့အပြင် တိုင်းကလည်း နည်းမျိုးစုံနဲ့အကာအကွယ်ပေးတယ်။ ကျွန်တော်လည်း တပ်ပြောင်းပါသွားတယ်။ ဒီလိုနဲ့ အဲဒီပုဂ္ဂိုလ်က အရေးယူ မခံရတဲ့အပြင် ယာယီတပ်ရင်းမှူးဘဝမှာတောင် ဥစတ တက်လိုက်ရသေးတယ်။ ကျွန်တော်တို့ တပ်မတော်ကို ချစ်လို့ စစ်ထဲဝင် လာကြတာပါ။ လူကြီးတွေက အဲဒီလို အကျင့်မကောင်းတဲ့သူတွေကို ဘာဖြစ်လို့ အကာအကွယ်ပေးနေကြတာလဲ မသိဘူး” လို့ ပြောလာတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။

ဘယ်သူလဲလို့မမေးပါနဲ့။ အယ်ဒီတာလုပ်လာတဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ သတင်းရင်းမြစ်ကို ကျွန်တော်ထုတ်ဖေါ် ပြောဆိုမှာ မဟုတ်ပါဘူး။ တကယ်ဆိုရင် ရိုင်းစိုင်းတာက အဲဒီတပ်ရင်းမှူးပါ။ စစ်ကြောင်းမှာ တပ်ကြပ်ကြီးနှစ်ယောက် မူးပြီးရမ်းတဲ့ ပြဿနာက ဆေးမှူးတာဝန်နဲ့တွဲဘက်ထားရတဲ့ ဆရာဝန်ဗိုလ်ကြီးနဲ့ ဘယ်လိုပတ်သက်သလဲ ကျွန်တော်တော့ စဉ်းစားရခက်ပါ တယ်။ တကယ်တော့ ဆရာဝန်အရာရှိက ပညာသည်အုပ်စုပါ။ အဲဒီိလို ပညာသည်အုပ်စုက အရာရှိတစ်ယောက်ကို ထိုးကြိတ်တဲ့ အထိ ရမ်းကားတဲ့ တပ်ရင်းမှူးက အရက်မူးပြီးရမ်းတဲ့ တပ်ကြပ်ကြီးနှစ်ယောက်ထက်ပိုဆိုးသွားပါပြီ။ အမှန်ကတော့ ကျန်တဲ့အရာ ရှိတွေကိုလည်း စစ်စည်းကမ်းဖေါက်တာမဟုတ်ရင် ကိုယ်ထိလက်ရောက်မကျူးလွန်သင့်ပါ။ ကြိမ်လုံးကိုင်တဲ့စီမံခန့်ခွဲနည်း ကတော့ ဘာပညာမှမတတ်တဲ့၊ ဘာသင်တန်းမှမတက်ထားတဲ့သူလည်း လုပ်တတ်ပါတယ်။ ပြောချင်တာက လူတိုင်းမဟုတ်ပေမဲ့ တပ်မတော်မှာ ဒီလိုအကျင့်စာရိတ္တမကောင်းတဲ့သူတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့သူတွေရှိနေပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကို အရေးယူ ဆောင်ရွက်သင့်ပါတယ်လို့ ပြောချင်တာပါ။

ဒီလိုပြောလိုက်လို့ မတစ်ထောင်သားသမီးကို ကြိမ်လုံးစနစ်လုံးဝမပါဘဲ အုပ်ချုပ်လို့ မလွယ်ဘူးဆိုတာ မသိလို့ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ကြိမ်လုံးစနစ်လည်း သုံးရပါ တယ်။ မိတ်ဆွေထဲမှာ (……) တစ်ယောက်ရှိပါတယ်။ သူ့တပ်ရင်းက အများပြည်သူ နဲ့ဆိုင်တဲ့နေရာတစ်ခုမှာ လုံခြုံရေးတာဝန်ကျပါတယ်။ သူ့အောက်က ဗိုလ်တစ်ယောက်က အကြိမ်ကြိမ်သတိပေးထားပါလျက်နဲ့ တစ်ညမှာ အမျိုးသမီးတစ်ယောက်ခေါ်လာပါတယ်။ သူကမှာထားတော့ တာဝန်ကျစစ်သည်ကလာပြီး သတင်းပို့ပါတယ်။ သတင်း ကြားတာနဲ့ အဲဒီဗိုလ်နေတဲ့အဆောင်ဝကနေစောင့်နေပြီး ဝင်လာတာနဲ့ တစ်ခါတည်း ဖနောင့်နဲ့ပေါက်ပါတော့တယ်။ ဒီလိုဖြစ်စဉ် မျိုးမှာတော့ အရာရှိဖြစ်စေ၊ အခြားအဆင့်ဖြစ်စေ စစ်စည်းကမ်းအရအရေးယူရင် တစ်ဘက်သားထိခိုက်နစ်နာသွားမှာစိုးလို့ ကိုယ် ထိလက်ရောက် ဆုံးမတာပါ။ အရာရှိ၊ စစ်သည်အားလုံးကလည်း ဒီလိုစေတနာမျိုးကို နားလည်ပြီးသားပါ။ ဒါပေမဲ့ စေတနာနဲ့ထိုး တာနဲ့ အနိုင်ကျင့်ရမ်းကားတာ မတူပါ။ တပ်မတော်မှာ တရားဝင်ရိုက်နှက်ဆုံးမခွင့်ဆိုတာမရှိပါဘူး။ ဒါပေမဲ့ ရိုက်သင့်ရိုက်ပြီး ထိုးသင့်လို့ ထိုးတာကို ဘယ်အရာရှိ/ စစ်သည်ကမှ စောဒကမတက်ပါဘူး။ ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ ဆုံးမတဲ့သူရဲ့စေတနာကို နားလည်နေတာကိုး။

ဒါပေမဲ့ အဲဒီလို ရိုက်နှက်ဆုံးမတဲ့ကိစ္စက အင်မတန်သိမ်မွေ့သလို တပ်မတော်သုံး ဆိုရိုးစကားတစ်ခုဖြစ်တဲ့ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတယ်ပဲလိုချင်တယ်” ဆိုတဲ့စကားလို စိတ်ထားမမှန်တဲ့ အထက်အရာရှိတချို့က လိုရာဆွဲပြီးအသုံးချနိုင်တဲ့ အစွန်းထွက် အန္တရယ်လည်းရှိပါတယ်။ စစ်သားဆိုတာ အထက်အမိန့်ကိုနာခံရမယ်၊ သတိဆွဲဆိုဆွဲ၊ ထိုင်ဆိုထိုင်၊ ထဆိုထဆိုပေမဲ့ တရားနည်းလမ်းကျတဲ့ စေခိုင်းမှုမျိုးဖြစ် ဖို့လိုပါတယ်။ အဲဒီလို မူလဘူတစိတ်ထားမမှန်ဘဲ အငြိုးအတေးတစ်ခုခုနဲ့ အမိန့်နာခံမှု ဆိုတာကို ခုတုံးလုပ်ပြီး အနိုင်ကျင့်တဲ့အခါ တရားသဘောနှလုံးသွင်းပြီး သည်းခံတဲ့သူတို့၊ မနိုင်လို့သည်းခံတဲ့သူတို့ ရှိသလို မခံနိုင် လို့ ပေါက်ကွဲတဲ့သူနဲ့တွေ့ရင် မလိုလားအပ်တဲ့ အုပ်ချုပ်မှုပြဿနာတွေဖြစ်လာတတ်တာပါပဲ။

ရိုင်းစိုင်းမှုဆိုတာ အထူးတလည်မသင်ယူရပေမဲ့ ယဉ်ကျေးမှုရှိဖို့ကတော့ သင်ယူလေ့ကျင့် ရပါတယ်။ မဟုတ်တမ်းတရားတွေ မလုပ်တတ်အောင် မဟုတ်တမ်းတရားတွေ မခိုင်းဖို့လည်းလိုပါတယ်။ တပ်ရင်းအင်အားရှေ့တန်းမှာရောက်နေတဲ့ အချိန်မှာ နောက်တန်းမှာ မဖြစ်နိုင်တဲ့ဧကအရေအတွက်တွေနဲ့ စိုက်ပျိုးခိုင်းနေတာလည်း တကယ်တော့ သဘာဝမကျပါ။ ကျွန်တော်တို့ တပ်မှာ တပ်မမှူးလာတုန်းက ဘူးသီးမရှိတဲ့ဘူးစင်မှာ ဈေးထဲကဘူးသီးတွေဝယ်ပြီး ကြိုးချည်ဆွဲထား၊ အိမ်ထောင်သည် လိုင်းခန်း တွေထိပ်မှာ အရေးပေါ်ဝက်ခြံဆောက်ပြီး ရွာနီးချုပ်စပ်က ဝက်တွေငှားထည့်ထား၊ ပြီးတော့ အောင်မြင်ဖြစ်ထွန်းနေသော တပ်တွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးဆိုပြီး တပ်မကဗီဒီယိုရိုက်ခဲ့ဖူးတာလေး သတိရနေမိပါတယ်။ ဝက်တွေငှားထည့်ပြီး ပြန်ပေးတော့ ခြေကျိုးလက်ကျိုးတွေဖြစ်ကုန်လို့ ဝက်ဘိုးတွေလျော်လိုက်ရပါတယ်။

စာရွက်ထဲမှာ စပါးအစိုက်ပြပြီး ငွေရှာထည့်တာတို့ ဝက်အလျော်ပေးရတာတို့ က ငွေပဲဆုံးရှုံးတာပါ။ အဲဒီလို ညာတဲ့အလေ့အထ အကျင့်ဆိုးကြီးစွဲသွားရင် စစ်မြေပြင်မှာပေးရမှာက မိမိတပ်က အရာရှိ/ စစ်သည်တွေရဲ့ အသက်တွေပါ။ ဒီဘက်ခေတ်ရောက်မှ ဆေးအရာရှိတွေ တပ်ရင်းတွေနဲ့လိုက်ရတာပါ။ အရင်က ခြေလျင်/ ခြေမြန်မှာ ဆေးအရာခံဗိုလ်သာရှိပါတယ်။ ကိုယ်ကိုယ်တိုင် အပြင်လောကရောက်ပြီး ကိုယ့်သားသမီး အဲဒီလို စစ်ဆရာဝန်ဖြစ်တဲ့အချိန် မှာ နောင်တက်လာမယ့် မျိုးဆက်ထဲက တပ်ရင်းမှူး တစ်ယောက်ယောက်က အခုလိုပြုမူဆက်ဆံတယ်ဆိုရင် ဘယ်လိုခံစားရပါမလဲ။ အကျဉ်းသားမှန်ရင် သံခြေကျင်းခတ်ရမယ်လို့ အမိန့်ထုတ်ခဲ့တဲ့ ဦးဘိုနီကတော့ သူကိုယ်တိုင် အကျဉ်းသားဖြစ်ပြီး သံခြေကျင်းအခတ်ခံရတော့ မျက်ရည်ကျပါသတဲ့။

မိမိအရာရှိ/ စစ်သည်တွေ အဟာရ ပြည့်ပြည့်ဝဝစားသုံးနိုင်အောင် စစ်ဆင်ရေး အပိုဆောင်းရိက္ခာစိုငွေတွေကို မှန်မှန်ကန်ကန် သုံးစွဲပြီး ဆောင်ရွက်ပေးနေတဲ့ တိုင်း/ တပ်မ/ တပ်ရင်းက အရာရှိကြီးတွေရှိနိုင်သလို အလွဲသုံးစားလုပ်တဲ့သူတွေလည်း ရှိနိုင်ပါ တယ်။ ဒါပေမဲ့ တပ်မတော်ဆိုတာ လုပ်ငန်းသဘာဝအရ တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ အလုပ်လုပ်ရတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းပါ။ ဒီတော့ အဲဒီလို စစ်ဆင်ရေး အပိုဆောင်းရိက္ခာစိုငွေတွေကို အထက်ဌာနတစ်ခုခုက ကိုင်တွယ်သုံးစွဲတော့မယ်ဆိုရင် ကျွန်တော်ပြောသလို စည်းမျဉ်း/စည်းကမ်းနဲ့အညီ မှန်မှန်ကန်ကန်သုံးစွဲနိုင် ဖို့ဆိုပြီး ကော်မတီတွေဖွဲ့၊ ဘဏ္ဍာရေးမှူးတွေ၊ အလုပ် အမှုဆောင်တွေခန့်ပြီး ဆောင်ရွက်ဖို့ အခြေအနေမပေးပါဘူး။ ဒါ့ကြောင့် သက်ဆိုင်ရာတပ်ရင်းမှူးတွေ၊ တပ်နယ်မှူးတွေကသာ ဆုံးဖြတ်ပြီးဆောင်ရွက်ပါတော့မယ်။ အဲဒီလို ဆောင်ရွက်ခဲ့ပြီဆိုရင် misappropriation တွေရှိမလာပါဘူးလို့ ဘယ်သူအာမခံနိုင်ပါ့ မလဲ။ ဒါ့ကြောင့် ဒီလို ထောက်ပံ့မှုမျိုးကို သက်ဆိုင်ရာ အရာရှိ/ စစ်သည်တွေကို တိုက်ရိုက်ထောက်ပံ့တာကသာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။

ညံဖျင်းတဲ့စီမံခန့်ခွဲမှုဟာ ဆိုးရွားတဲ့ အုပ်ချုပ်မှုပြဿနာတွေကို ဖြစ်ပေါ်စေ ပါတယ်။ စေတနာဘယ်လောက်ကောင်းကောင်း နည်း မမှန်ရင် အရာမထင်ပါ။ စေတနာနဲ့ပြောတာကို သီပေါမင်းလက်ထက်ကအကြောင်း အရာတွေလာပြောမနေနဲ့ ဆိုသူတွေလည်း ရှိပါတယ်။ သဘောကတော့ လက်ရှိ၊ လက်မဲ့၊ အတွင်းစည်း အပြင်စည်းပေါ့။ အဲဒီလိုလူတွေတွေ့တော့ ဂျက်လန်ဒန် ဝတ္ထုတို တစ်ပုဒ်သတိရမိပါတယ်။ သားလုပ်တဲ့သူက အိုမင်းလာတဲ့အဖေကိုကျောပိုးပြီး မျက်ရည်တွေ၊ တံတွေးတွေတောင်ခဲတဲ့ အအေး ဒဏ်အောက်မှာ မီးတုတ်တစ်ချောင်းနဲ့ ထားခဲ့ပါတယ်။ မီးတုတ်ငြိမ်းတဲ့အချိန်မှာ ဝံပုလွေတွေအုပ်စုလိုက်ရောက်လာပြီး ကျန်ခဲ့တဲ့ အဖိုးအိုကို ဝိုင်းကိုက်သတ်ပြီးတော့ စားသောက်လိုက်ကြပါတယ်။ နောင် အနှစ်ငါးဆယ်လောက်ကြာတော့ အဖေကို ဝံပုလွေအုပ် ထဲမှာထားခဲ့တဲ့သားက အဖိုးကြီးဖြစ်နေပါပြီ။ အဲဒီအချိန်မှာ သူဟာ လူတစ်ယောက်ရဲ့ကျောကုန်းပေါ် မှာ ရောက်နေပါပြီ။ သူ့ကို ကျောပိုးထားတဲ့လူကတော့ သူ့သားပါ။ သူလည်းမကြာခင် သူ့အဖေလိုပဲ ဝံပုလွေအုပ်ထဲမှာ သားဖြစ်သူက စွန့်ခဲ့တာကို ခံရတော့ မှာပါ။ လက်မဲ့ဆိုတာ တစ်ခါတုန်းကလက်ရှိပါ။ အခုလက်ရှိဆိုတာလည်း နောင်တစ်နေ့ လက်မဲ့နေရာကို ရောက်လာမယ့်သူတွေ ပါ။ တိုင်းပြည်နဲ့ တပ်မတော်ကို အမှန်တကယ်ချစ်မြတ်နိုးတဲ့သူတွေရဲ့စိတ်ထဲမှာ လက်ရှိ၊ လက်မဲ့ဆိုတာမရှိပါ။ ရာထူး/ အဆင့်မရှိ ပါ။ အာဏာကို အရူးအမူးစွဲလန်းတဲ့စိတ်မရှိပါ။ သူတို့စိတ်ထဲမှာရှိတာ ဒီတိုင်းပြည်နဲ့ ဒီလူမျိုးပါပဲ။

သံယောဇဉ်ကြီးလွန်းလို့ အမုန်းခံပြီး ဝေဖန်ပြောဆိုနေတာပါ။ သံယောဇဉ်ပြတ်ရင် စကားထဲထည့်ပြောစရာအကြောင်းမရှိပါ။ ကျွန်တော်တို့လို ပင်စင်မရဘဲ ထွက်လာရသူတွေ၊ ထောင်ကျပြီးထွက်လာရသူတွေကို ပုတ်ခတ်ပြောဆိုတတ်တဲ့ လက်ရှိတာဝန် ထမ်းနေတဲ့သူတချို့ ကံမကောင်း၊ အကြောင်းမသင့်လို့များ ကျွန်တော်တို့လို ပင်စင်မရဘဲထွက်လာရသည်ဖြစ်စေ၊ ထောင်ကျပြီး တော့မှ ထွက်လာရသည်ဖြစ်စေ အဲဒီလို အခြေအနေမျိုးကြုံတွေ့ခဲ့ရရင် အခုလို တပ်မတော်ကိုချစ်တဲ့အကြောင်း၊ သံယောဇဉ်ကြီး တဲ့အကြောင်းတွေ ပြောနိုင် ပါဦးမလားဆိုတာကိုတော့ အခြေအနေပေးလို့ မသေသေးရင် စောင့်ကြည့်ချင်ပါသေးတယ်။

ရုပ်ဝတ္ထုပစ္စည်းတွေ အဆင့်မြင့်ရုံနဲ့ တပ်မတော်ကြီး အဆင့်မြင့်သွားမှာ မဟုတ်ပါ။ စိတ်ဓာတ် သဘောထား (attitude) တွေ ပါပြောင်းလဲမှသာ ဟန်ချက်ညီညီပြောင်းလဲမှာပါ။ လူနေခြုံကြား စိတ်နေဘုံဖျားဆိုတာ သိပ်မဆိုးလှပါဘူး။ လူနေဘုံဖျား စိတ်နေ ခြုံကြားမဖြစ်ဖို့ အရေးကြီးပါတယ်။ စိတ်သဘောထားမြင့်မြတ်မှသာ လုပ်ရပ်တွေကလည်း စိတ်ဓာတ်နဲ့သဟဇာတဖြစ်လာမှာပါ။

ပြုပြင်ပြောင်းလဲသင့်တာတွေမြင်ရကြားရလို့ မနေနိုင်လို့ပြောတဲ့အခါ ငါ့အဖွဲ့ကိုလာမထိ နဲ့ဆိုတဲ့ ကြက်ခေါင်းဆိတ်မခံစိတ်ဓာတ်မျိုး ဟာ မိမိအဖွဲ့အစည်းကို ချစ်ရာ မရောက် နှစ်ရာရောက်ပါတယ်။ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးကို ထာဝရဆောင်ရွက်နေတဲ့ တစ်ခုတည်းသောလက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ လက်ရှိတပ်မတော်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ် စေတနာကောင်းနဲ့ တတ်နိုင်သမျှဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း မြင်နေရပါတယ်။ ထားဝယ်မြို့က ပန်းချီဆရာ ကြီးတစ်ဦးရဲ့သားဖြစ်သူ ဗိုလ်ချုပ်မှူးကြီးက နူးညံ့ တဲ့နှလုံးသားနဲ့ မိမိတပ်မတော်သားတွေအတွက် တတ်စွမ်းသမျှ အားဖြည့် ဆောင်ရွက်ပေးနေတဲ့အချိန်မှာ တပ်ရင်းမှာတွဲဘက်လာနေ တဲ့ ဆေးမှူးဆရာဝန်ကို သတိဆွဲခိုင်းပြီးထိုးတဲ့ တပ်ရင်းမှူးလို အာဏာ ရှင်အသေးစားစိတ်ကလေးတွေနဲ့ ပုဂ္ဂိုလ်မျိုးတချို့လည်း တပ်မတော်ထဲမှာ ရှိနေတာအမှန်ပါပဲ။

ကျွန်တော်ကတော့ အဲဒီလိုပုဂ္ဂိုလ် မျိုးတွေ တပ်မတော်အကြီးအကဲဖြစ်လာမှာ အင်မတန်စိုးရိမ်ပါတယ်။ လက်ဦးဆရာမည်ထိုက်စွာ ပုဗစရိယမိနဲ့ဘဆိုတဲ့ စကား လည်းရှိပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပန်းချီဆရာကြီးရဲ့သားက နူးညံ့ သိမ်မွေ့ပေမဲ့ ချဲဒိုင်ကိုင်တဲ့မိဘကမွေးလာတဲ့ သားသမီးကတော့ နူးညံ့သိမ်မွေ့ဖို့ထက် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား ဗျူဟာလောက်ကိုသာ လောက အဓိပါယ်လို့ တွေးကောင်းတွေးနေပါလိမ့်မယ်။

အမှန်တရားကိုမြတ်နိုးပြီး ပညာကိုတန်ဖိုးထားမှ၊ ရှက်စရာကို ရှက်စရာမှန်းသိမှသာ ကိုယ်ကိုယ်တိုင်ရော ကိုယ့်အဖွဲ့အစည်းရော တိုးတက်လာမှာပါ။ ရေပေါ်ဆီ လုပ်ရပ်တွေဟာ လေလာနှင်းပျောက်ဆိုသလို တာရှည်မခိုင်မြဲဘဲ ပျောက်ကွယ်သွားမှာပါ။ တချို့ နာတာရှည်ရောဂါဆိုးကြီးတွေဆိုတာ အချိန်ယူကုသမှ ပျောက်ကင်းတယ်ဆိုတာ နားလည်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဖေါင် ဒေးရှင်းခိုင်မာဖို့ အုတ်ကောင်း၊ ကျောက်ကောင်း၊ သဲကောင်း၊ သံချောင်းကောင်းတွေ လိုပါတယ်။ မြေရောမီးပါညံ့တဲ့အုတ်၊ ဆားငံ ရည်ထဲကသဲ/ ကျောက်နဲ့ အမျိုးအစားညံ့ဖျင်းတဲ့ သံချောင်းတွေကို ဖယ်ထုတ်ပစ်မှသာ အုတ်မြစ်က ခိုငိခိုင်မာမာကျန်ခဲ့မှာပါ။ မြင်းသံခွာတစ်ချောင်းဟာလည်း တိုင်းပြည်တစ်ပြည်နဲ့ထပ်တူ တန်ဖိုးကြီးပါတယ်။

ရဲကျော်သူရ

မှတ်ချက် - တပ်ရင်းတွေက အဖြစ်အပျက်တွေကို ပြောပြတဲ့ အရာရှိ/ စစ်သည်တွေ ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်စာရေးနေ တာကျွန်တော့်အတွက်မဟုတ်သလို တပ်ရင်း၊ တပ်ဖွဲ့တစ်ခုတည်းအတွက်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ချစ်မြတ် နိုးတဲ့ တပ်မတော်ကြီးတစ်ရပ်လုံးအတွက်ပါ။ ဘယ်တပ်ရင်းတွေက ဘယ်သူတွေက ပြောတယ်ဆိုတာကိုတော့ ကျင့်ဝတ်အရ ပြောပြနိုင်မှာ မဟုတ်တာကို နားလည်ပေးစေချင်ပါတယ်။ ကိုယ့်ဘက်ကမှန်တယ်လို့ အခိုင်အမာပြောနိုင်ရင်တောင် တပ်မတော် မှာရှိတဲ့ ကိုယ်လက်လှမ်းမမီတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် အာမခံလို့မရပါ။ မာန်မာနတွေလျှော့ချပြီး ပညာတတ်တစ်ယောက်လို တွေးတော ကျင့်ကြံနေထိုင်နိုင်ကြပါစေ… ။ ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>