Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

တပ်မတော်နှင့် ကျနော် (အပိုင်း ၃-၄)

$
0
0


အပိုင်း-၃ ကိုမရေးခင် ကျနော် ကိုယ့်ဘာသာကို မေးခွန်းတွေမေးပြီး ဆန်းစစ်ကြည့်မိတယ်။ မင်းကစစ်တပ်ထဲမွေးပြီး စစ်တပ်ကိုပဲ ပြောနေသလား၊ တပ်ကမဟုတ်တဲ့သူတွေကို မပြောရဲဘူး မဟုတ်လား၊ မင်းကအခုစစ်တပ်ထဲမှာ မဟုတ်တော့ပဲ ဘာလို့ စစ်တပ်အကြောင်းတွေ လိုက်ပြောနေသလဲပေါ့။ ဘယ်လိုမေးခွန်းတွေပဲ ရှိနေပါစေ၊ ကျနော့်ရဲ့အဖြေက တပ်မတော်ထဲမှာမွေးပြီး ကြီးပြင်းလာခဲ့တာဖြစ်လို့ တပ်မတော်အပေါ် ကောင်းစေချင်တဲ့ စိတ်ဆန္ဒကအပြည့်ပါပဲ။ တပ်ထဲကထွက်ခဲ့ရတာလည်း ငွေ၊ မိန်းမ၊ အရက်၊ လောင်းကစား၊ မူးယစ်ဆေးဝါးကြောင့်မဟုတ်ဘဲ ကုသိုလ်ကံကြောင့်သိက္ခာရှိရှိထွက်ခဲ့ရတာဖြစ်လို့ မျက်နှာမငယ်ဘူး။ 


ကိုယ်မနှစ်မျို့တာတွေကို တာဝန်ထမ်းဆောင်စဉ်မှာ ပြောခွင့်မသာခဲ့ပေမယ့် ကိုယ့်လိုမျိုးဒုက္ခခံနေကြရတာတွေ ကြားရတဲ့အခါ အဲဒီလူတွေကိုယ်စား အငြိမ်းစားဖြစ်နေတဲ့ကျနော်ကပဲ အမုန်းခံပြီးရေးသင့်တယ်ထင်လို့ ရေးတာပါ။ တပ်မတော်အပေါ် သံယောဇဉ်ကြီးလို့လည်း တပ်နဲ့ပတ်သက်တာမှန်သမျှ မိမိစိတ်ထဲကကိုခံစားနေရတာ ဒီနေ့အထိပဲ။ တပ်ထဲမှာလည်း မိမိနဲ့လုပ်ဖေါ်ကိုင်ဖက် စစ်သည်များစွာတာဝန်ထမ်းဆောင်ဆဲ ရှိနေတော့ ကောင်းတာလေးတွေကြားရရင် ၀မ်းသာသလို၊ တချို့ကိစ္စတွေမှာ စိတ်ထဲမကောင်းမိဘူး။ အထူးသဖြင့် ပြည်သူနဲ့တပ်မတော် တစိတ်တ၀မ်းတည်းရှိရမယ့် ဒီလိုအချိန်မှာ ကျနော့်စာကြောင့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အကူအညီဖြစ်လိုဖြစ်ငြားဆိုတဲ့စိတ်နဲ့ လေးလေးနက်နက်ရေးခြင်းလည်း ဖြစ်ပါတယ်။


၁၁။ ရိက္ခာတင်မက စစ်ဝတ်ကလည်း အရည်အသွေးညံ့ဖျင်းသလို အလုံအလောက်မရနိုင်တာကြောင့် စစ်ဆင်ရေးတခါထွက်တိုင်း တပ်ခွဲမှူးများက စစ်သည်များအတွက် ဖိနပ်၊ မိုးကာ၊ စောင်ကြားကအစပါဖို့ ကြံရဖန်ရပါတယ်။ ၁၉၈၉ခု မတိုင်မီအထိ အရာရှိစစ်သည်တွေရဲ့ စစ်ဝတ်တန်ဆာပလာ၊ အထူးသဖြင့်ယူနီဖေါင်းကို တပ်မတော်အထည်ချုပ်စက်ရုံတွေက အရည်အသွေးမီအောင် ထုတ်နိုင်ခဲ့သေးတယ်။ ဒိထက်စောတဲ့ ကျနော့်အဖေ ဗိုလ်လောင်းဘ၀၊ အရာရှိငယ်ဘ၀ကဆို ယူဂိုဆလားဗီးယားနိုင်ငံထုတ် စစ်မြေပြင်အနွေးကုတ်(တို၊ ရှည်)၊ ဘောင်းဘီ၊ ချက်ကိုဆလိုဗက်ကီးယားကလာတဲ့ တောစီးဖိနပ်၊ အင်္ဂလန်လုပ်အရာရှိဦးထုပ်တွေဟာ ကမ္ဘာ့အဆင့်မီတွေချည်းပဲ။ ကျနော်တို့အရာရှိငယ်ဖြစ်တော့ကို တပ်မတော်အထည်ချုပ်စက်ရုံ (ကကန)ကထုတ်ပေးတဲ့ စစ်ဝတ်တော်တော်များက အရည်အသွေးမကောင်းတော့လို့ ကကဒုံလို့ခေါ်တဲ့ မင်္ဂလာဒုံဈေးထဲက စစ်ပစ္စည်းအရောင်းဆိုင်တွေကနေ ၀ယ်ဝတ်ခဲ့ရတာ အားလုံးအသိပါ။ အရာရှိအားလုံးနီးပါးလည်း အမေရိကန်အီကွေ့မန့်နဲ့ရေဗူးကို ၀ယ်လို့ပဲဖြစ်စေ၊ လက်ဆောင်ရလို့ပဲဖြစ်စေ ၀တ်ဆင်ခဲ့ကြဖူးတယ်။ ကိုယ့်ဆီကထုတ်ပေးတဲ့ Issue Equipment ကမှ မကောင်းတာကိုး။ စစ်သည်ရဲဘော်တွေကတော့ အိပ်ရှုးကိုပဲခိုင်အောင် fitting ကျအောင် နိုင်လွန်အပ်ချည်နဲ့ပြန်ချုပ်ကြရတယ်။ အရာရှိခြင်ထောင်ဆိုရင်လည်း နောက်တန်းသုံး တက်ထရွန်အဖြူ၊ ဇာအဖြူနဲ့ရသလို၊ ရှေ့တန်းသုံးအတွက် စစ်ရောင်ပိတ်နဲ့ ပေါပေါများများသုံးနိုင်ကြတာ ကျနော်တို့ကလေးဘ၀တုန်းကပါ။ အခုတော့ ဒီလိုအရည်အသွေးနဲ့ခြင်ထောင်တွေ မမြင်ရတော့ပါဘူး။

၁၂။ ဖေဖေတပ်ရင်းမှူးဖြစ်တော့ (ကျနော်(၇)တန်းကျောင်းသားဘ၀) တပ်တွင်းမှာ စစ်သည်ရဲဘော်တွေနေထိုင်၊ စားသောက်၊ ပျော်ရွှင်ပြီးရရှိခဲ့တဲ့ အခွင့်အရေးတွေဟာ နောင်နှစ်ပေါင်း(၁၀)နှစ်အကြာ ကျနော်အရာရှိဖြစ်လာတဲ့အချိန်နဲ့ ထင်မှတ်မထားအောင်ကို ဆုတ်ယုတ်သွားပါပြီ။ လူအင်အားအနေနဲ့ ကျနော့်အဖေတပ်စုမှူးဘ၀က သူ့တပ်စုမှာ အရာရှိ(၂)ယောက်နဲ့အခြားအဆင့်(၃၅)ယောက်ရှိပေမယ့် ကျနော်တပ်စုမှူးဖြစ်လာတော့ အရာရှိဆိုလို့ကျနော်တစ်ယောက်တည်းရှိပြီး အခြားအဆင့်က(၇)ယောက်ပဲရှိပါတယ်။ ၁၉၈၀ ပတ်ဝန်းကျင်က တပ်ရင်းကြီးတစ်ရင်းရဲ့ဖွဲ့စည်းပုံအင်အားနဲ့ ၁၉၉၇ က ဖွဲ့စည်းပုံအင်အား မကွာလှပေမယ့် ရှိရင်းအင်အားက (၄)ပုံ(၁)ပုံအောက်သာရှိပါတော့တယ်။ ကျနော်တပ်ခွဲမှူးဖြစ်လာတော့လည်း တပ်ခွဲတစ်ခွဲဖွဲ့စည်းပုံအရ အင်အား(၁၃၀)ကျော်ရှိပေမယ့် လက်တွေ့မှာအင်အား(၃၀)ကျော်သာရှိပါတယ်။ ဖွဲ့စည်းပုံအင်အားအောက်များစွာ လျော့နည်းသွားသလို တပ်တွင်းသက်သာချောင်ချိရေး အရောင်းဆိုင်မှာ ဘာပစ္စည်းမှ မည်မည်ရရပေးနိုင်တာ မရှိတော့ပဲ၊ တပ်တွင်းစာကြည့်တိုက်၊ တပ်တွင်းဆံသဆိုင်နဲ့ တပ်တွင်းရုပ်ရှင်ရုံဆိုတာ တိတ်ဆိတ်ငြိမ်သက်နေပါတော့တယ်။

၁၃။ တပ်ထဲမှာမွေးပြီးတပ်ထဲမှာပဲကြီးခဲ့တဲ့ ကျနော်ဟာ ကျောင်းနေတော့လည်း တပ်တွင်းမူလတန်းကျောင်းကနေ စခဲ့ရတာပါ။ စတုတ္ထတန်းအောင်မြင်ပြီး ပဉ္စမတန်းရောက်မှ တွဲဘက်အခြေခံပညာအထက်တန်းကျောင်းကို တက်ခဲ့ရတာပါ။ ဖခင်တာဝန်ကျရာနေရာ ဒေသအစုံကို လိုက်ပါရင်း မူကြိုကနေဒဿ မတန်းအောင်တဲ့အထိ ကျောင်း(၇)ကျောင်းပြောင်းနေခဲ့ရတယ်။ တချို့စာသင်နှစ်တွေမှာဆို တစ်နှစ်တည်း ကျောင်းနှစ်ကျောင်းပြောင်းရတာကြောင့် ပညာရေးမှာ သူများနောက်ကျ ကျန်ခဲ့ရတယ်။ ကျနော်တို့မူလတန်းကျောင်းသားဘ၀က ကစားခဲ့ဖူးတဲ့ တပ်တွင်းဘောလုံးကွင်းမှာ ယခင်ကလိုကလေးတွေအများကြီးဆော့ကစားနေတာ မမြင်ရတော့ဘူး။ စစ်သည်တွေ ဘော်လုံးကစားနေတာ မမြင်ရတော့ဘူး။ အရာရှိတင်းနစ်ကစားကွင်း၊ အရာရှိဇနီးတွေအတွက် ကြက်တောင်ကစားကွင်းတွေက တပ်ရင်းအအို၊ အဟောင်းကြီးတွေမှာ ထိန်းသိမ်းမယ့်သူမရှိ ကစားမယ့်သူမရှိပဲ ပျက်စီးကုန်ကြပြီ။ တပ်တွင်းဘော်လုံးကွင်းဆိုတာ တပ်ခွဲအလိုက်ကစားကြသလို၊ တပ်ရင်းတစ်ရင်းနဲ့တစ်ရင်းသာမက ရပ်ထဲရွာထဲကလူငယ်တွေနဲ့ပါ ချိန်းပြီး ဘော်လုံးကစားခဲ့ကြတာပါ။ တပ်ထဲမှာ ရုပ်ရှင်ပြရင်၊ အငြိမ့်ဇာတ်ပွဲကရင်၊ အနီးအနားရပ်ထဲရွာထဲက ပြည်သူတွေလည်း လာကြည့်ကြ၊ အားပေးကြတယ်။ မုန့်ဈေးတန်းတွေလည်း စည်စည်ကားကားနဲ့ပါ။ အပြန်အလှန်အားဖြင့် အရပ်ထဲမှာ ပွဲလမ်းသဘင်ရှိရင်လည်း တပ်ထဲကမိသားစုဝင်တွေ သွားကြည့်ကြတယ်။ ဒါ့အပြင် သာရေး၊နာရေး၊ဘုန်းကြီးပွဲ၊ အလှူပွဲအားလုံးမှာလည်း တပ်နဲ့အရပ်ခွဲခြားမှု မရှိခဲ့ဘူး။

၁၄။ ကျနော်မူလတန်းကျောင်းစတက်တော့ ဖေဖေက ခလရ(၅)မှာ တပ်ခွဲမှူးဗိုလ်မှူးပါ။ အဲဒီတုန်းက ကျနော်တို့တပ်တွင်းမူလတန်းကျောင်းထဲမှာ တပ်တွင်းကစစ်သည်အရာရှိတွေရဲ့ သားသမီးတွေအပြင် ညောင်ပင်သာနဲ့ရွာနီးခြုပ်စပ်ကလာတက်တဲ့ ကလေးတွေထဲမှာ ကရင်၊ ကုလားလူမျိုးတွေအများကြီးပါတယ်။ မူလတန်းကျောင်းအုပ်က ကုလားလူမျိုး ဆရာကြီးဝင်းမြင့်ပါ။ ဆရာကြီးကကျနော့်ကို ချစ်စနိုးနဲ့ ဗိုလ်ဂျိုးလို့ကုလားသံဝဲ၀ဲနဲ့ခေါ်ပါတယ်။ ဗိုလ်ဂျိုးလို့အမည်တွင်သွားရတဲ့ အကြောင်းကတော့ ကျောင်းဖွင့်ရာသီအစ ရက်တစ်ရက်မှာ ကျောင်းအုပ်ဆရာကြီးက စာသင်ခန်းတစ်ခုခြင်းစီကိုဝင်ပြီး ကျောင်းသားတွေကိုတစ်ဦးချင်း လိုက်ပြီးမိတ်ဆက်မေးမြန်းပါတယ်။ ကျနော့်အလှည့်ရောက်တော့ မနက်စာဘာစားခဲ့သလဲလို့ မေးပါတယ်။ မေမေကမနက်တိုင်း ထ္မင်းဆီဆမ်းနဲ့ပဲပြုပ်သော်လည်းကောင်း၊ ညကထ္မင်းကျန်ရင် ထ္မင်းကြမ်းကို ကြော်ပြီးကျွေးပါတယ်။ ကျနော်ကထ္မင်းကြော်ဆိုရင် ဒယ်အိုးအခြေကပ်နေတဲ့ ထမင်းဂျိုးကိုမှစားတာကိုး။ အဲဒီနေ့က ထမင်းကြော်ဂျိုးကပ်ကိုစားခဲ့လို့ (ထ္မင်းဂျိုး)စားခဲ့တယ်လို့ ဖြေခဲ့မိရာကစပြီး ဗိုလ်ဂျိုးဆိုတဲ့အမည် တွင်သွားခဲ့ပါတယ်။

၁၅။ ၁၉၇၄-၁၉၈၈ တလျောက်လုံးကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားတိုင်းမှာ ရန်ကုန်မြို့၊ မြို့မကျောင်းကွင်းမှစတင်ချီတက်သော တပ်မတော်စစ်ကြောင်းများကို မိုင်ဒါကွင်းအထိ တပ်မတော်မိသားစုဝင်များသာမက ပြည်သူအများက သောင်းသောင်းဖျဖျ ကြိုဆိုပန်းကုန်းစွတ်ခဲ့ကြသည်ကို မျက်မြင်ကြုံခဲ့ပါတယ်။ ပြည်သူတွေအတွက် ဦးဝိစာရလမ်းပေါ်မှာရှိတဲ့ တပ်မတော်ကပွဲရုံမှာ သောကြာ၊စနေညတိုင်း မြန်မာနဲ့နိုင်ငံရပ်ခြားရုပ်ရှင်တွေ ပြပေးခဲ့တယ်။ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊ စစ်တိုက်ရန်နဲ့လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ရန်ဆိုတဲ့အတိုင်း ပြည်သူ့တပ်မတော်သားများဟာ စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးတာဝန်မရှိတဲ့အခါ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်တဲ့ ဆည်ဖို့ခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ မြောင်းဖေါက်လမ်းဖေါက်ခြင်း၊ ဆေးရုံကြီးများတွင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရပ်ထဲရွာထဲတွင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတယ်။ အဲဒီတုန်းက ဒီလိုပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်နိုင်တယ်ဆိုတာ တပ်တွေမှာလူအင်အားရှိခဲ့ကြလို့ပဲ။ ဒါ့အပြင်တပ်မတော်သားတွေအတွက်ရတဲ့ ရိက္ခာ(Ration)တွေဖြစ်တဲ့ သာမန်ရိက္ခာ၊ တိုက်ခိုက်ရေးရိက္ခာ၊ ဆေးရုံရိက္ခာ-၁၊ ၂၊ ၃၊ အလုပ်သမားနှင့်လက်နက်ချဖမ်းဆီးရမိသူများရိက္ခာ၊ ဆေးရုံအထွေထွေရိက္ခာ၊ ကျန်းမာရေးနှင့်ပိုးမွှားကာကွယ်ရေးဆေးပစ္စည်း စတာတွေကလည်း မလျော့မပါး တင်းပြည့်ကြပ်ပြည့် ရခဲ့ကြလို့ပဲဖြစ်တယ်။ သာမန်ရိက္ခာခြောက်အဖြစ် ဆန်၊ ဆီ၊ ဆား၊ ငရုပ်ခြောက်၊ ငပိ၊ နို့ဆီ၊ သကြား၊ ကုလားပဲ၊ လ္ဘက်အချိုခြောက်၊ နနွင်း၊ ရေအိမ်သုံးစက္ကူ၊ ထင်း(သို့) ရေနံဆီ(သို့) လွှစာ(သို့) ဖွဲ စသဖြင့် အမည်စုံလင်ပါတယ်။ တပ်ပြီးသာမန်ရိက္ခာအစိုမှာ အသားတစ်မျိုးမျိုး (အမဲ၊ ၀က်၊ ဆိတ်၊ ငါး၊ ပုဇွန်၊ ကြက်၊ ငုံး၊ ငါးခြောက်၊ ဘဲဥ၊ ကြက်ဥ၊ ငုံးဥ)၊ ဟင်းသီးဟင်းရွက်၊ အာလူး(သို့) ပဲမျိုးစုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မန်ကျည်းသီးမှည့်၊ ချင်း စတာတွေပါဝင်ပါတယ်။ တပ်မတော်(ကြည်း၊ရေ၊လေ)အတွက် အထူးရိက္ခာငွေလည်း ရပါသေးတယ်။

၁၆။ ကျနော်ဆယ်တန်းစာမေးပွဲအောင်ပြီး စစ်တက္ကသိုလ်သွားတက်မယ်ဆိုတော့ ဖေဖေက စစ်တက္ကသိုလ်အကြောင်းတွေ ပြောပြပါတယ်။ တစ်နေ့ကို ကြက်ဥပြုပ်(မနက်-၁၊ ည-၁)၊ မနက်လ္ဘက်ရည်၊ ညနေမလှိုင်အပြည့်နဲ့နွားနို့၊ လက်သီးဆုပ်လောက်ရှိတဲ့ အမဲသား၊ ခပ်လိုက်တိုင်းကုလားပဲစေ့အပြည့်နဲ့ဟင်းချို၊ သောကြာနေ့ညတိုင်း အီစမိုင်၊ ၆"ရှည်တဲ့အီကြာကွေးတွေဟာ မျက်မြင်ကိုယ်တွေ့ကြုံရတဲ့အခါ ယုံချင်စရာတောင်မရှိတော့ဘူး။ လေ့ကျင့်ပေးနေတာဆိုတဲ့စိတ်ကို နှလုံးသွင်းပြီး လေးနှစ်ကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပေမယ့် အဲဒီကတည်းက ကျနော့်စိတ်ထဲမှာ သံဓိဌာန်ချထားတာက မိမိသာလုပ်ပိုင်ခွင့်ရခဲ့မယ်ဆိုရင် စေတနာပါပါနဲ့ စံချိန်မီမီ ကျွေးမယ်ဆိုတာပါပဲ။ စစ်ဝတ်မှာလည်း အလားတူပါပဲ။ ကျနော်ဗိုလ်လောင်းဘ၀မှာ ဖေဖေကစစ်တက္ကသိုလ်ကို (၂)ခေါက်ရောက်ပါတယ်။ ဗိုလ်လောင်းစားရိတ်သာအထိ ၀င်ကြည့်ခဲ့ပြီး ဖေဖေတို့တုန်းကလို အဆင့်မမီတာတွေ့ရလို့ စိတ်မကောင်းဖြစ်သွားတယ်။ ဒီအကြောင်းကို တာဝန်ရှိသူအဆင့်ဆင့်ထံ နှုတ်ဖြင့်ပြောပြခဲ့ပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ ကြာတော့လည်း လုပ်ငန်းအတွေ့အကြုံက ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် မျက်စိဖွင့်ပြီးနှုတ်ဆိတ်နေဖို့ ကျနော့်ကိုသင်ပေးခဲ့တာပါပဲလေ။

××××××××××××××××××××××××××


ကျနော်ရေးခဲ့တဲ့ စာစုတွေကို ဖတ်အပြီးမှာ ကောင်းခြင်းဆိုးခြင်းကို စာဖတ်သူများဥာဏ်ဖြင့်ယှဉ်၍ စဉ်းစားစေလိုပါတယ်။ တစ်ဦးနှင့်တစ်ဦးအမြင်မတူတဲ့အတွက် သုံးသပ်ချက်များကွဲပြားခြားနားပါလိမ့်မယ်။ အဲဒီကွဲပြားနေတာတွေကို ပေါင်းစည်းနိုင်ရင် ကျနော်တို့အောင်မြင်ပြီလို့ ဆိုချင်ပါတယ်။)

အားလုံးကိုလေးစားစွာဖြင့်




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>