---------------------------------------------------------
ခေါင်းစဉ်ကကြီးကျယ်လိုက်တာလို့ မထင်ပါနဲ့။ မွေးကတည်းက တပ်ထဲမှာကြီးပြင်းလာသူမို့ တပ်ထဲကအကြောင်းတွေ ကိုယ်တွေ့တွေကို မျှဝေပေးချင်လို့ပါ။ ဒါမှလည်း တပ်မတော်အပေါ် မှန်ကန်သောရှုထောင့်များက သုံးသပ်နိုင်ကြမှာပါ။ (စာကြွင်း)
၁။ တပ်မတော်သားတစ်ယောက်အဖြစ်က အငြိမ်းစားယူပြီး (အရပ်သားစင်စစ်၊ ဘယ်ဌာနဆိုင်ရာ ၀န်ထမ်းမှမလုပ်ဘဲ) သာမန်ပြည်သူတစ်ယောက်ကဲ့သို့ နေထိုင်လာခဲ့သည်မှာ လာမည့် သြဂုတ်လဆို ဆယ်စုနှစ်တစ်ခုရှိသွားပါပြီ။ တပ်မတော်တွင် စစ်မှုထမ်းခဲ့ရသည့် တစ်ဆယ့်နှစ်နှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့် ခံစားချက်များက ယနေ့တိုင် မမေ့ပျောက်နိုင်သေးပါ။ စစ်မှုထမ်းသက်(၁၂)နှစ်ပေမယ့် တပ်ထဲမှာပင်မွေးပြီး တပ်ကကျွေးသောရိက္ခာကိုစားခဲ့တာက (၃၁)နှစ်ကြာပါတယ်။
၂။ တပ်တွင်းနေထိုင်စဉ်ကာလတလျောက်လုံး ဖခင်တာဝန်ထမ်းဆောင်ရာ နေရာဒေသ(၈)ခုကို လိုက်ပါပြောင်းရွှေ့ခဲ့ရပြီး ကိုယ်တိုင်တာဝန်ထမ်းဆောင်စဉ်မှာ မွန်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ကရင်ဒေသတွေကို ရောက်ခဲ့ရပါတယ်။ ကချင်၊ ကယားနဲ့ တနင်္သာရီဒေသတွေကိုတော့ မရောက်ဖူးလိုက်ပါ။ ရောက်ဖူးတဲ့ဒေသတွေက တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံရတာ ပျော်ရွှင်စရာကောင်းပါတယ်။ လက်နက်ကိုင်မထားတဲ့ တိုင်းရင်းသားတွေက ရိုးသားကြတယ်၊ ဖေါ်ရွေကြတယ်၊ ရုတ်တရက်တွေ့စမှာ သူစိမ်းဆန်ပေမယ့် အကူအညီပေးတတ်ကြတယ်။ ခလေးဘ၀က တပ်တွင်းမှာကြုံရတာတွေက မိမိကိုယ်တိုင် အရာရှိငယ်တစ်ယောက်ဖြစ်လာချိန် ကြုံတွေ့ရတာတွေနဲ့ အနည်းငယ်ကွာခြားလာတာကို သတိပြုမိပါတယ်။ ယနေ့ခေတ်မှာတော့ ပိုမိုကွာခြားသွားပါပြီ။
၃။ ၁၉၈၀-၈၉ ပတ်ဝန်းကျင်က တပ်ရင်းတစ်ရင်းမှာ အရာရှိ၊ စစ်သည်အင်အား (၇၀၀-၈၀၀)ရှိပါတယ်။ စစ်ဆင်ရေးသွားတဲ့အခါ တီအီး-၁၁ ကားအစီး (၂၀)ကျော်နဲ့သွားရတယ်။ တပ်ရင်းရှေ့တန်းထွက်သွားပေမယ့် နောက်တန်းမှာ စစ်သည်အင်အား(၅၀)ကျော်လောက် ကျန်ခဲ့လို့ နောက်တန်းက အုပ်ချုပ်မှုကိစ္စတွေဖြစ်တဲ့ စပါးစိုက်၊ ငါးမွေး၊ ကြက်၊ ၀က်၊ ဘဲမွေးခဲ့ကြတာ အကြီးအကျယ်ပဲ။ သားဖွားခန်း၊ ဆေးခန်း၊ ဆံသဆိုင်၊ တပ်တွင်းသမဆိုင်၊ ကုန်စုံဆိုင်၊ မိသားစုတချို့ရဲ့ စက်ချုပ်ဆိုင်တွေ စည်စည်ကားကားရှိပါတယ်။ တပ်ထောက်စတိုးထဲမှာလည်း စစ်ဝတ်၊ ရိက္ခာဆိုတာ တပ်ရင်းမှူးတစ်ယောက်အတွက် မပူပင်ရလောက်အောင် ဖူလုံပါတယ်။ တပ်မိသားစုတွေအတွက်လည်း သက်သာဆိုင်ကပေးတဲ့ ဆန်၊ ဆီ၊ သကြားဆိုတာ အရည်အသွေးတစ်ခု ပြည့်မှီတာမို့ စားနိုင်သောက်နိုင်ရှိကြပါတယ်။ စစ်ဝတ်ဆိုတာ တပ်ထောက်စတိုထဲမှာ အရန်အဖြစ်တောင် အပြည့်ရှိပါတယ်။ ယူနီဖေါင်း၊ ချပ်ဝတ်တန်ဆာ၊ ဟန်းကော၊ စစ်မတ်ခွက်၊ ဖိုင်ဘာဟဲလ်မက်၊ ဘယ်ရီကတ်၊ တောစောင်းဦးထုပ်၊ စစ်ရေးပြဘိနပ်ကြီး၊ တောစီးဘိနပ် အားလုံးဟာ အရည်အသွေးပြည့်မှီကြပါတယ်။ ၁၉၇၄ ခုနှစ် ကျနော့်ကိုမွေးကတည်းက အရာရှိပစ္စည်းဆိုင်ကနေ အဖေထုတ်ခဲ့တဲ့ အရာရှိခြင်ထောင်အဖြူ၊ စောင်ကြား၊ အတွင်းခံစွပ်ကျယ်၊ အတွင်းခံဘောင်းဘီနဲ့ အိုဂျီယူနီဖေါင်းအစဟာ ၁၉၉၃ ခုနှစ် ကျနော်စစ်တက္ကသိုလ်တက်တဲ့အချိန်ထိ သုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ စစ်ကြောင်းအလိုက် တာဝန်ပေးအပ်ခံရတဲ့အခါ စိတ်မှူး၊ စုမှူး၊ ခွဲမှူး၊ စစ်ကြောင်းမှူးတွေဟာ လူ၊လက်နက်အင်အားအတွက် မပူရဘဲ တာဝန်ကျေပွန်နိုင်တာ များပါတယ်။
၎။ အဖေတပ်ရင်မှူးဘ၀ ၁၉၈၇ခုနှစ်ဝန်းကျင်လောက်က တပ်ရင်းက အရာရှိ၊စစ်သည်အားလုံးထဲမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရ၀မ်၊ ပလောင်၊ လီဆူး၊ လားဟူ၊ နာဂ၊ အာခါ၊ လားဟူစတဲ့ တိုင်းရင်းသားတွေအပြင် ဂေါ်ရခါးလူမျိုးတွေတောင် ရှိပါသေးတယ်။ ဗုဒ္ဓဘာသာကိုးကွယ်သူတွေတင်မက ခရစ်ယာန်နဲ့ ရိုးရာနတ်ကိုးကွယ်သူတွေ အစုံပါတယ်။ အဟန်း ဆိုတဲ့နာဂတိုင်းရင်းသား၊ ခင်ဦးဆိုတဲ့ချင်းတိုင်းရင်းသား၊ မောင်ကျော်ဆိုတဲ့ရခိုင်တိုင်းရင်းသားတွေဟာ အဖေ့နားကတပည့်တွေပေါ့။ သူတို့တတွေလည်း တစ်နယ်တစ်ကျေားရောက်ပြီး ဗမာအမျိုးသမီးတွေနဲ့ပဲ အိမ်ထောင်ပြုသွားကြတယ်။ ၁၉၈၈ခုနှစ်အထိ တပ်မတော်ထဲဝင်ရောက်လိုသူတွေ များပါသေးတယ်။ အခုကာလလို တပ်သားသစ်ကို ပိုက်ဆံနဲ့ဝယ်ရတယ်ဆိုတာ ကြားတောင်မကြားမိဘူး။ (တပ်သားသစ်တစ်ယောက်ကို ငွေပေးပြီး ၀ယ်ရတယ်ဆိုတာ ကျနော့်အဖေသိတော့ အင်မတန်မှအံ့သြသလို စိတ်လည်းဆိုးပါတယ်) ဘာတွေကွာခြားသွားလဲဆိုတော့ အဲဒီခေတ်နဲ့ယနေ့ခေတ် အုပ်ချုပ်သူတွေရဲ့ အမျှော်အမြင်ပါ။ အဲဒီခေတ်စစ်ဗိုလ်၊ စစ်သားတွေကိုကြည့်လိုက်ရင် အမြဲတမ်းသေသပ်ကျနတဲ့ အသွင်အပြင် smart ဖြစ်နေတာရယ်၊ ပြင်ပအရပ်သားက မြင်လိုက်ရင် အားကျလောက်တဲ့ အနေအထိုင်နဲပ တပ်မတော်ရဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ထိရောက်ခဲ့လို့ပါ။ ကျနော်တပ်စုမှူးဘ၀ကလည်း တပ်စုတပ်ကြပ်ကြီးဆရာကြည်ဝင်းက ကရင်လူမျိုး၊ တပ်စိတ်မှူးဒုတပ်ကြပ်အောင်နိုင်က ရခိုင်လူမျိုး၊ တပ်သားပေါက်ကပ်မန်းက ချင်းလူမျိုးပါ။ အဖေဒုတပ်ရင်းမှူးဘ၀က တပ်ရင်းမှူးက ချင်းလူမျိုး ဒုမှူးကြီးကမ်ဒိုခွပ်ပါ။ ဟိုယခင်က ရာထူးကြီးကြီးတွေမှာ တိုင်းရင်းသား ပညာတတ်တွေ နေရာအတော်များများရခဲ့ပါတယ်။ ဒါကလည်း တိုင်းရင်းသားစည်းလုံးရေးပြယုဂ်တစ်ခုပါပဲ။
၅။ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီနဲ့ မဆလခေတ်တွေမှာ တပ်မတော်ဟာ ပါတီကောင်စီဝင်တွေလောက် အရေးမပါပေမယ့် ပူပင်ကြောင့်ကျမှုကင်းကင်းနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့ပါတယ်။ တပ်ရင်းတစ်ရင်းရဲ့ မော်တော်ယာဉ်ထဲမှာ မါဇဒါဘီ-၆၀၀၊ ၀ီလီဂျစ်၊ ဖို့ဒ်၊ ဒေါ့ခ်ျ စတဲ့ဂျပန်နဲ့ဥရောပကားတွေဟာ အဆင့်မီမီတောက်ကြွားခဲ့ကြတယ်။ နောက်ပိုင်းမှာ ဂျပန်ပစ္စည်းကို ကပစစက်ရုံတွေမှာ တပ်ဆင်ထုတ်လုပ်ခဲ့တဲ့ မာဇဒါဂျစ်၊ ဟီးနိုးတီအီး-၁၁၊ ကေအမ်-၃၀၀၊ ကေအမ်-၆၀၀ ကားတွေဟာ ယနေ့ထိတိုင်အောင် သူ့တာဝန်တွေ ထမ်းဆောင်နေဆဲပါပဲ။ ကားတွေအပြင် ရုံးအုပ်နဲ့စာပို့ဆက်သားစီးဖို့ နာမည်ကျော် ဘီအက်စ်အေ ဆိုင်ကယ်တွေတောင် ရှိခဲ့သေးတယ်။ ရေသယ်ယာဉ်၊ စက်ဘီးစတဲ့အုပ်ချုပ်မှုသုံး ယာဉ်တွေလည်း ဖွဲ့စည်းပုံအပြည့် ရှိပါတယ်။ အဲဒီခေတ်က တပ်ရင်းတစ်ရင်းရဲ့ မော်တော်ယာဉ်ဖွဲ့စည်းပုံဟာ အခုခေတ်တပ်မတစ်ခုက ယာဉ်တွေထက်တောင် သာလိမ့်အုံးမယ်။ ဒီယာဉ်တွေအတွက် လစဉ် ဓါတ်ဆီ၊ ဒီဇယ်စက်သုံးဆီ ဂါလံ(၉၀၀-၁၀၀၀)အပြင် ရေစက်၊ မီးစက်အတွက် စက်သုံးဆီတွေလည်း ရပါသေးတယ်။
၆။ အဓိကပြောချင်တာကတော့ တပ်ရင်းတွေရဲ့အင်အားကိစ္စပါ။ ၁၉၈၀ ခုဝန်းကျင်က တပ်ရင်းတစ်ရင်းရဲ့တိုက်ခိုက်ရေးအင်အားဟာ (၇၀၀)ပတ်ဝန်းကျင်မှာရှိပေမယ့်၊ ဒီကနေ့(၁၀၀)ပြည့်အောင်တောင် မနည်းလုပ်နေရတယ်။ ယ္ခင်ကတပ်ရင်းတစ်ရင်းထိန်းချုပ်ခဲ့ရတဲ့ စစ်ဆင်ရေးနယ်မြေမှာ ယနေ့တပ်မတစ်ခုစာလောက်သုံးနေရပြီ။ ယ္ခင်ကတပ်ခွဲအဆင့် ခံစစ်ကုန်းမှာ ယ္ခုတပ်ရင်းအဆင့်ထားရတယ်။ စစ်ဆင်ရေးဦးစီးအရာရှိတွေက တပ်ခွဲအဆင့်တာဝန်ပေးလိုက်ပေမယ့် လက်တွေ့မြေပြင်ကတပ်ခွဲနဲ့တပ်ခွဲမှူးဟာ တာဝန်ကျေပွန်ဖို့ အတော်ကိုရုန်းကန်ရပါတယ်။ လူအင်အား၊ဖွဲ့စည်းပုံအောက်များစွာလျော့ကျနေတာမို့ တပ်ခွဲအဆင့်၊ စစ်ကြောင်းအဆင့်လက်နက်ကြီးတွေလည်း ဖွဲ့စည်းပုံအတိုင်းမပါနိုင်တော့ဘူး။ ယ္ခင်ကတပ်ရင်းတွေနံပါတ်အများကြီးမရှိသော်လည်း နောက်ပိုင်းတပ်ရင်းတွေအများကြီးတိုးချဲ့တဲ့အခါ တပ်ထဲဝင်မယ့်သူမရှိဘဲ၊ အ၀င်ထက်အထွက်ကသာ များနေခဲ့တယ်။
၇။ ၁၉၈၈ခုနှစ်မတိုင်မီအထိ တပ်တွေက တပ်သားသစ်ကို ငွေနဲ့ပေးဝယ်ရတယ်လို့ (လုံးဝ)မကြားမိဘူး။ တပ်သားသစ်ကို ငွေပေးဝယ်ရတာ ပထမဦးဆုံးကြားမိတော့ ကျနော့်မိခင်တပ်ရင်းကို စရောက် ရောက်ချင်းပါ။ အဲဒီ ၁၉၉၇ခုနှစ်ဝန်းကျင်က တပ်သားသစ်တစ်ယောက်ကို နှစ်သောင်းဝန်းကျင်ပေးရပါတယ်။ မျက်မှောက်ခေတ်မှာ မြန်မာငွေငါးသိန်းကျပ် အထက်မှာပဲရှိတယ်။ ဝေးလံခေါင်သီတဲ့ တပ်တွေကဆို တပ်သားသစ်တစ်ယောက်အတွက် ကျပ်ဆယ်သိန်းကုန်တယ်လို့ သိရတယ်။ အံ့သြဖွယ်ရာပါပဲဗျို့။ ရှေးတုန်းကစစ်သားဆိုရင် လေးစားအားကျကြတော့ ရပ်ထဲရွာထဲ ယူနီဖေါင်းကျကျနနနဲ့ မာန်ချီပြီးခွင့်ပြန်လာတဲ့ စစ်သားတစ်ယောက်ကိုတွေ့ရင် အားကျပြီး တပ်ထဲလိုက်ဝင်ကြတယ်။ စစ်သားတစ်ယောက်ခွင့်ပြန် (မိမိမွေးရပ်၊ မိဘထံတရားဝင်ခွင့်တင်ပြီး ပြန်ခြင်း)ပြီး တပ်ရင်းကိုပြန်လာရင် လူငယ်တစ်ယောက်နှစ်ယောက်လည်း တပ်ထဲကိုဝင်ဖို့ ပါလာတတ်တယ်။ ပြီးရင်နီးစပ်ရာ စစ်သားစုဆောင်းရေးမှာ သွားအပ်ပေးလိုက်တာပါပဲ။ အခုခေတ်တပ်သားသစ်စုဆောင်းရတဲ့ ဒုက္ခကို တပ်နဲ့နီးစပ်တဲ့အသိုက်အ၀န်းကပုဂ္ဂိုလ်အားလုံး သိပါလိမ့်မယ်။ ဒီဒုက္ခကိုသက်ဆိုင်ရာ အရာရှိရဲ့ဇနီး၊မိဘများပါ ကောင်းကောင်းခံစားဖူးကြပါတယ်။
၈။ တသသကို ဒီလောက်ငွေကြေးမြောက်များစွာပေးပြီး ၀ယ်ယူစုဆောင်းနေကြတာ ဘာကြောင့်လဲဆိုတော့ အကြောင်းအရာ(၄)ခုကို သွားတွေ့တယ်။ တစ်အချက်က အရာရှိတွေ ရာထူးတိုးအပွင့်တင်ဖို့ကို တသသရရှိမှုနဲ့ဆုံးဖြတ်ခြင်း၊ နှစ်အချက်က တပ်မတော်အပေါ်ပြည်သူလူထုရဲ့ ယုံကြည်မှု၊အားပေးထောက်ခံမှု ကျဆင်းလာတာကြောင့် တပ်တွင်းဝင်ရောက်လိုသူ ရှားပါးလာခြင်း၊ သုံးအချက်က နှစ်စဉ်ပြုန်းတီးအင်အား မြင့်တက်လာခြင်းပဲဖြစ်ပါတယ်။ နံပါတ်လေးအချက်ကတော့ တကယ့်ကိုတိုင်းချစ်ပြည်ချစ်တပ်မတော်ကို ချစ်တဲ့စိတ်နဲ့ တပ်ထဲဝင်ပါမယ်ဆိုရင်တောင် တပ်မတော်ကိုခေါင်းဆောင်နေတဲ့ သူတွေရဲ့အရည်အချင်းဟာ ပြည်သူလူထုကလက်မခံတာကြောင့်ပါပဲ။ ဒါကအရေးကြီးဆုံး အချက်ပါပဲ။ ခေါင်းဆောင်လုပ်တဲ့သူတွေဟာ ဒီကိစ္စကိုဖြေရှင်းဖို့ နှစ်ပေါင်းများစွာ တာဝန်ရှိခဲ့ပေမယ့်လည်း တသသမရတိုင်း ဖြုတ်ပစ်၊ အရေးယူခံရတာက လက်အောက်က တပ်မှူးငယ်တွေသာဖြစ်ပါတယ်။ တပ်သားသစ်ကို ငွေနဲ့ပေးဝယ်နေတဲ့ကိစ္စဟာ လူကြီးတွေမသိဘဲ မနေပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တာဝန်အရှိဆုံးသူကိုပြောပါဆိုရင်တော့ ကျနော့်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာ ပြရမှာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက နယ်ဘက်တာဝန်တွေနဲ့ ပိနေတဲ့ ကာချုပ်ကြီးကို သူ့လက်အောက်ကလူတွေဖြစ်တဲ့ စစ်ရေးချုပ်၊ လေ့ကျင့်ရေးအရာရှိချုပ်တွေက တင်ပြဖို့ရာအခွင့်မသာခဲ့ပေမယ့်လည်း ယခုလို တပ်မတော်သီးသန့်အလုပ်သာရှိတဲ့ ခေတ်မှာတော့ လေးငါးနှစ်ဆိုတာ တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ လုံလောက်တဲ့အချိန်ပါပဲ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတယ်ဆိုရင် တပ်မတော်အင်အားရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်လိုနားလည်ကြပါသလဲလို့ မေးချင်ပါတယ်။ တိုက်ချင်းပစ်ဒုံးပျံတွေရှိမှလား၊ နျူကလီးယားဗုံးထုတ်နိုင်မှလား၊ လေဆာလက်နက်တွေပိုင်မှလား။ ဒီလက်နက်တွေထုတ်နိုင် ကိုင်နိုင်ဖို့ လူသားအရင်းအမြစ်က မလိုတော့ဘူးလား။ လူသားအရင်းအမြစ်တွေတိုးဖို့၊ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ မိမိသဘောနဲ့ တပ်မတော်ထဲဝင်လာဖို့ဆိုတာ တပ်မတော်ကိုအုပ်ချုပ်နေတဲ့ လူကြီးတွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ လူကြီးတွေက ပြောင်းလဲလိုစိတ်ရှိရင် အရာရာပြောင်းလဲနိုင်တယ်ဆိုတာ ကျနော်တို့မြင်ခဲ့၊ သိခဲ့ကြရပါပြီ။
၉။ အရာရှိတွေအပွင့်တင်ဖို့ တသသရရှိမှုနဲ့နှိုင်းယှဉ်ဆုံးဖြတ်တာဟာ နှစ်စဉ်လျော့ကျသွားခြင်း မရှိတဲ့အပြင် ပြုန်းတီးအင်အားတွေကို ကာမိစေဖို့ စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ဆောင်ရွက်ခြင်းဟာ ကောင်းမွန်တဲ့ရလာဒ်ထက် အလိမ်အညာတွေကိုပဲ ပိုမိုဦးတည်လာတာတွေ့ရတယ်။ တပ်မတော်အပေါ်ပြည်သူလူထုရဲ့ ယုံကြည်မှုလျော့နည်းလာတာဟာ အနာဂတ်နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် ဆက်လက်ပါဝင်ရေးဆိုတဲ့ စဉ်ဆက်မပြတ်ရိုက်သွင်းခဲ့တဲ့ လွဲမှားတဲ့ပေါ်လစီကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ တပ်တွင်းနှစ်စဉ်ပြုန်းတီးအင်အားကို စုဆောင်းရရှိတဲ့အင်အားက ဖာထေးပေးနိုင်ခြင်း မရှိတာလည်း ဆယ်စုနှစ် နှစ်ခုစာလောက်ရှိခဲ့ပေမယ့် အခုထိ ဒီအကြောင်းတရားကို ကုစားပေးမယ့် နည်းလမ်းကို တပ်မတော်ခေါင်းဆောင်တွေ ရှာတွေ့လိုခြင်းမရှိသေးပါဘူး။ ဒါဟာ လေထဲလွင့်မျောနေတဲ့ ဆပ်ပြာပူဖေါင်းတစ်လုံးနဲ့တူပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပေါက်ကွဲနိုင်တဲ့ အကြီးမားဆုံးအန္တရာယ် ရှိနေပါတယ်။ အင်အားပြုန်းတီးမှုတွေဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ်လို့ ထင်ပါတယ်။ အရာရှိတွေဟာ HIV, အသည်းရောင်အသားဝါပိုး၊ စီပိုးလို့ခေါ်တဲ့ ခရစ်ယာန်ဘာသာ (မိမိကိုယ်တိုင်သော်လည်းကောင်း၊ ဇနီး သို့မဟုတ် မိဘဆွေမျိုးအရင်းတစ်ဦးဦးက ခရစ်ယာန်ဘာသာဝင် ဖြစ်နေခဲ့ရင်)ဆိုတဲ့ ပိုးအမျိုးမျိုးအပြင် ဘာပြစ်ချက်မှမရှိသော်လည်း အသက်ကြီးသွားလို့ဆိုပြီး အရပ်ဘက်ပြောင်း၊ တပ်ကထွက်ကြရတယ်။ အခြားအဆင့်စစ်သည်ဆိုတာကတော့ လူမွှေးလူရောင်မပြောင်နိုင်တဲ့ စစ်သားဘ၀ကို စိတ်ကုန်လို့ ဒဏ်မခံနိုင်ပဲ ထွက်ပြေးကြတာများတယ်။ တပ်စည်းကမ်းမလိုက်နာလို့ ထုတ်ပစ်ရတဲ့ အရေအတွက်ထက် မထွက်သင့်ဘဲ ထွက်ခဲ့ရတဲ့အရေအတွက်က ပိုများမယ်ထင်ပါတယ်။
၁၀။ လူမွှေးလူရောင်မပြောင်နိုင်တဲ့ကိစ္စဟာ အများကြီးရိုက်ခတ်မှုရှိပါတယ်။ ယနေ့ခေတ်ကုန်ဈေးနှုန်း၊ သွားလာရေးခရီးစရိတ်တွေက အရပ်သားများနည်းတူ တပ်မတော်သားတွေအပေါ်လည်း သက်ရောက်မှုကြီးမားပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ရတဲ့ကြားထဲ သာမန်ရိက္ခာ(၁၆)မျိုးထဲက ကုလားပဲ၊ ငပိ၊ ငရုပ်သီး၊ ရိက္ခာစိုတို့ မမြင်ရတော့ဘဲ ၄င်းတို့ကိုဝယ်ယူစားသုံးရန် ပိုက်ဆံသာထုတ်ပေးတော့တယ်။ သို့သော်လည်း ထုတ်ပေးတဲ့ပိုက်ဆံက အဆိုပါအမယ်များကို ၀ယ်ရန်မလုံလောက်ယုံမက အဓိကအမယ်များဖြစ်သည့် ဆန်၊ ဆီ၊ နို့ဆီ၊ သကြား၊ ဆားကလည်း အရည်အသွေးမကောင်း။ နို့ဆီနဲ့သကြားကို back date ဖြင့်ထုတ်နေရသည်က များပါတယ်။
အပိုင်း (၃နှင့်၎)ကို ဆက်လက်ဖော်ပြပေးပါမည်။
လေးစားစွာဖြင့် --