Quantcast
Viewing all articles
Browse latest Browse all 1811
အာဏာကုန်းဆင်းကို တွန်းပြီး မဆင်းကြဖို့ နိုးဆော်ပါသည်
Image may be NSFW.
Clik here to view.
ကျွန်တော့ရဲ့ မြန်မာရီဗျူးဂျာနယ် (၁၀-၄-၂၀၁၅) အတွဲ(၁) အမှတ်စဉ် (၄၁) ပါ ဆောင်းပါးလေးကို အခုလက်ရှိ အခြေအနေ နှင့် ကိုက်ညီ အသုံးဝင်မယ် ထင်လို့ ပြန်ဖေါ်ပြပေးလိုက်ပါတယ်။  
အာဏာကုန်းဆင်းကို တွန်းပြီး မဆင်း ကြဖို့ နှိုးဆော်ပါသည်။
အာဏာနှင့်ပတ်သတ်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး ဖတ်ခဲ့ဖူးပါတယ်။ စာဖတ်ပရိတ်သတ် မှာလည်း လူတန်းစားအရ ပညာအရည်အချင်းအရ အလွှာအသီးသီး ရှိကြတော့အများနားလည်သောစကားလုံးများဖြင့် အာဏာဆိုသည့် စကားရပ်အပေါ် ဆွေးနွေးလိုပါတယ်။။ ပညာရပ်ဆိုင်ရာ စကားလုံးတွေ များနေရင် နားရှုပ်ပြီး စိတ်ဝင်စားမှု ရှိမယ်မထင်လို့ပါ။
လူသားအဖွဲ့အစည်းရယ်လို့ ဖြစ်လာရင် အဖွဲ့အစည်းတည်ငြိမ်စွာအေးချမ်းစွာနေနိုင်ရေး အတွက် စည်းမျဉ်းဥပဒေ များပြဌာန်းပြီးနောက် ၄င်းတို့ကို အကောင်အထည်ဖေါ်ဖို့ အာဏာဆိုတာလိုအပ်လာပါတယ်။ အဖွဲ့အစည်းငယ်ဖြစ်တဲ့မိသားစုအတွင်းမှာ တောင် တည်ငြိမ်စွာ အုပ်ချုပ်နိုင်ဖို့ သြဇာအာဏာလိုအပ်ပါတယ် ။
အကြမ်းနည်းကိုသုံးရရင် အာဏာ အနုနည်းနှင့်ရရင် သြဇာလို့ ဆိုရမှာပေါ့။ 
ဘာသာရေးသာဿနာရေးမှာတောင်ဓမ္မစက်နှင့်မရရင် အာဏာစက်ကိုသုံး ရပါတယ်။ အာဏာ၏ အရင်းအမြစ်သည်အင်အားပါ။
အင်အားမှာ အမာအပျော့ကွဲပြား သွားပါတယ်။ အိမ်မှာ အဖေက ကျွေးထားလို့ ကြောက်ရသလို အမေကိုအလိုလိုက်လို့ ဂရုစိုက်လို့  ပိုချစ်လို့ စကားနားထောင်သလိုမျိုး အမာအင်အားကြောင့် အာဏာဖြစ်သလို အပျော့အင်အားကြောင့်လည်းသြဇာ ဖြစ်ပေါ်သည်။ အဖေကိုချစ်လို့သြဇာတည်တာလည်းရှိပါတယ်။ အမြဲ ထပ်တူ တော့ မကျပါဘူး။အနီးစပ်ဆုံးဥပမာပေးတာပါ။
ဒါကို အချို့သောနိုင်ငံရေးသမားတွေက အာဏာဆိုတာကြီးကို လူကြမ်းမင်းသား သဖွယ် နာမည်ဖျက်ပြီး မစားရတဲ့ စပျစ်သီးကို ချဉ်တယ်ပြော နေတာတွေ့ရပါသည်။ တကယ်တော့အာဏာက အပြစ်မဖြစ်ပါဘူး။ အာဏာ ဆိုတာရှိဖို့ လိုအပ်ပါသည်။  အဆိုးအကောင်းဆိုတာ ကိုင်တွယ်သုံးစွဲသူပေါ်မှာသာမူတည်နေတာပါ။
လက်နက်ကိုင်ထားသည့် (Law enforcements)တွေကို သူတို့ကြောင့် အာဏာနတ်ဆိုးကြီး ထကြွနေတာပါလို့ စွပ်စွဲကြတာလည်းရှိပါတယ်။
လက်နက်ကိုင်ထားသူတိုင်းက အာဏာရှိတာမဟုတ်ပါဘူး။ တရားဥပဒေမစိုးမိုးတဲ့ နေရာတွေမှာ ဥပဒေမဲ့ လက်နက်ကိုင်ထားသူတွေ(insurgents) ကသာ လက်နက်ကို အာဏာ အဖြစ် ဥပဒေမဲ့ သုံးနေတာပါ ။ ဥပဒေသက်ရောက် သောနေရာတွေမှာ ဥပဒေအရ လက်နက်ကိုင်သူတွေက ဥပဒေကို ကာကွယ်စောင့်ရှောက်သူ (law enforcements) အကောင်အထည် ဖေါ်ပေး နေရသူတွေပါ။ဒီအချက်ကိုလည်း ခွဲမြင်တတ်ဖို့လိုပါတယ်။
တကယ်တော့ အာဏာဆိုတာရှိပြီးရင် တည်နေဖို့ သက်ရောက်ဖို့လည်း လိုပါသည်။  အလွဲသုံးစားလုပ်ရင် ဆုပ်ကိုင် ထားရင် ခွဲဝေမပေးရင် ယစ်မူးနေရင် အသုံးချပုံ မမှန်ရင်သာ မှားတာပါ ။
အကျိုးရှိအောင်သုံးရင်သိပ်အသုံးတည့်ပါသည်။ သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေး ပါ။
အာဏာဟာ အမှားတွေကိုအမှန်ပြင်နိုင်စွမ်းရှိတယ် မငြိမ်သက်တာတွေကို ငြိမ်သက်နိုင် စွမ်းရှိပါသည်။ဖရိုဖရဲဖြစ်နေတာတွေကို စနစ်တကျဖြစ်နိုင်အောင်အပျက်အစီးတွေကို ပြန်ကောင်းလာအောင် တည်ဆောက်နိုင်စွမ်းရှိပါသည်။ လောကကြီးကို သာယာအောင်လုပ်နိုင်ပါသည်။  ကိုယ့်သားသမီး လိမ္မာ အောင်ဆုံးမဖို့တောင် ကိုယ့်စကား(အာဏာ)တည်ဖို့လိုအပ်တယ်မဟုတ်ပါလား ။
ဒီတော့အာဏာက ဘယ်မှာတည်လဲ ဘယ်လိုတည်လဲမေးရင် လုပ်ပိုင်ခွင့်ရှိသူ အခြေအနေ ဖန်တီးခွင့်ရှိသူ အင်အားရှိသူ ထံမှာတည်ပြီးကာလတစ်ခုအခြေအနေတစ်ခု အတွင်းမှာပဲတည်ပါတယ်။  အိမ်ထောင်စုတစ်ခုမှာပဲကြည့်လျှင် အဖေက ငွေရှာနေရင်သူ ခွင့်ပြုမှငွေ သုံးရမှာဖြစ်တဲ့အတွက်  သူကပဲအာဏာတည်တတ်ပါသည်။ မိန်းမက ငွေ ရှာရလို့ မိန်းမကအာဏာ တည်တာတွေ လည်းရှိပါသည်။
ယောက်ျားက ငွေရှာပေမယ့် မိန်းမကအပျော့နည်းကိုင်တတ်လို့ ထိန်းကွပ်တတ်လို့ သြဇာ တည်တာလည်းရှိတာပါပဲ။ မိဘများအသက်ကြီးလာတော့ သားသမီးလုပ်စာစားရရင် သြဇာအာဏာက ရွေ့လျှောနည်းပါးသွားတာမျိုး လည်းတွေ့ဖူးမှာပါ။
ဒါဟာ အာဏာအရွေ့အတွက် နမူနာပါပဲ ။
ရှေးခေတ်ကတော့ ကျောက်စိမ်းတံဆိပ်တော်တွေ ရွှေတံဆိပ်တွေ မင်းမြှောက်တန်ဆာတွေ ဓါးတွေနဲ့ အာဏာလွှဲကြပါသည် ။ဒါကလည်း အထိမ်းအမှတ်အရပါ ။ တကယ်တော့ စစ်အင်အားနဲ့ သွားကြတာပါ။ အင်အားရှိသူ အာဏာရှိတဲ့ခေတ်ပါပဲ။
ဒီဖက်ခေတ်ရောက်တော့လည်းနည်းစနစ်တွေသာပြောင်းမယ် အင်အား ချိန်ခွင်ညှာ အရသာသွားကြရတာပါ။ ဒါပေမယ့်အင်အားကို အဓိပ္ပါယ်ဖွင့်ဆိုမှုမှာတော့ ကွာလာတာပေါ့။  အင်အားဆိုတဲ့နေရာမှာ လူထုထောက်ခံမှု အမတ်အင်အားလုပ်ပိုင်ခွင့် အခြေအနေဖန်တီးနိုင်ခွင့် ငွေကြေးအင်အား လက်နက်ကိုင်အင်အား အကုန်ပါ လာပါသည်။အချိုးအစားပါဝင်မှုကတော့အမျိုးမျိုးဖြစ်နိုင်ပါသည်။
ဒါ့ကြောင့်အာဏာကို တိုင်းပြည်အကျိုးပြုလိုလို့ပဲ လိုလို လူအထင်ကြီးခံချင်လို့ပဲလိုလို ကိုယ်ကျိုးရှာချင်လို့ပဲလိုလို  အထက်ကအကြောင်းအရာတွေကို သိထားလက်ခံထားဖို့ လိုပါသည် ။
တိုင်းပြည်အုပ်ချုပ်တဲ့အာဏာမျိုးဟာ လူထုထောက်ခံမှုတစ်ခုတည်းနှင့် ထိန်း မထားနိုင်ပါဘူး။ ပုဂ္ဂိုလ်ခင်လို့တရားမင်တယ်ပြောလည်း ပါတီခေါင်းဆောင် လူထုခေါင်းဆောင်ကိုထောက်ခံလို့မဲပေးချင်ပေးမယ် သူပြောတာလိုက်လုပ်နေမယ်မထင်ပါနဲ့။
သူခိုးကခိုးမြဲခိုးမှာပဲ သူပုန်ကဆက်ကြေးကောက် မိုင်းခွဲ လူသတ်မုဒိန်းကျင့်လုပ်နေမှာပဲ ။  ကွမ်းတံတွေး ထွေးသူကလည်း ထွေးနေမှာပဲ အမှိုက်ပစ်သူက ပစ်နေဦးမှာပါပဲ။ သမ္မတကြီးကို လူထုခေါင်းဆောင်ကိုကြည်ညိုလို့ လုပ်လက်စအလုပ်တွေ ရပ်လိုက်မည့်သူမရှိပါဘူး။ ဒီလူတွေကို အုပ်ချုပ်ရန် အုပ်ချုပ်ရေး အာဏာလိုပါတယ်။
ပြည်သူလူထုကရွေးချယ်လိုက်တဲ့ အမတ်တွေကဥပဒေတွေပြဌာန်းလို့သူတို့ကိုကြည်ညိုလွန်းလို့  ပြည်သူချစ်သောအစိုးရမို့ ဥပဒေတွေကိုလိုက်နာမယ် စည်းကမ်းရှိလာမယ်မထင်ပါနှင့်။  အရေးယူဆောင်ရွက်မှုတစ်ခုခု မလုပ်နိုင်ရင်လုပ်ချင်ရာလုပ်နေကြမှာပါ။ တားမြစ်ထားသည်များ ဆောင်ရွက်ရန်ညွှန်ကြားသည်များကို မလိုက်နာပါက ပြစ်မှု ပြစ်ဒါဏ်သတ်မှတ်ထားရပါသည်။ ဒါကို အရေးယူဆောင်ရွက်ရန် လက်နက်ကိုင်အင်အားတစ်ခုခု၏ အထောက်အပံ့ရှိမှသာ ကောင် အထည်ဖေါ်နိုင်တာပါ။
ဒါကြောင့် ပြည်သူ့ ကိုယ်စားလှယ်များ ကိုယ်တိုင်လည်း တိုင်းပြည် အကျိုးကို ဆောင်တဲ့ နေရာမှာ အာဏာကို အသုံးချရတာပါ။
အာဏာသုံးရပ် အထဲကမှ ဥပဒေ ပြုရေး အာဏာ ကိုစွဲ ကိုင်ရတာပါပဲ ။
ဥပဒေ စည်းကမ်းတွေကို မလိုက်နာသူတွေကို ပြစ်ဒါဏ်တွေ ချဖို့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ တရား စီရင်ရေး အာဏာ ဆိုတာပေါ်လာရတာပါ။
သြဇာလို့ခေါ်နိုင်တဲ့ အာဏာမှာတော့ အပျော့အင်အား  ယုံကြည်မှုအရ လိုက်နာတာရှိပါတယ်။ အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့ အဆုံးအမကို နိုင်ငံရေးသမားတွေ ပြည်သူတွေလိုက်နာကြသလို ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ ယခုအချိန်ထိကိုးကားနေရတုန်းပါ။ ဘာသာရေးမှာလည်း မင်းကွန်းဆရာတော် မိုးကုတ်ဆရာတော်စသည့်ဆရာတော်များ၏ စကားတွေ တရားတွေကိုသူတို့မရှိလည်းလိုက်နာကြတုန်းပါပဲ။
တကယ်တော့ အာဏာကို လူတိုင်းမက်မောကြပါသည် ။ ယုတ်စွအဆုံး သူငယ်ချင်းအချင်း ချင်းတောင် ငါ့သူငယ်ချင်းကငါပြောရင်ပြီးပါတယ် ငါ့ခြေငါ့လက်ပါကွာလို့ ကိုယ့်သြဇာ သက်ရောက်မှုကို ဂုဏ်ယူပြီးပြောတတ်ကြပါသည်။  အတင်းအကြပ် လုပ်ခဲ့ရင်တော့အာ ဏာ ပြတဲ့ သဘောပါ။
ဥပဒေတွေသတ်မှတ်သည့်အခါ လိုက်နာခြင်းဆိုတာ ပြစ်ဒါဏ်ကြောင့်အာဏာတည်တာဖြစ် သလို ပြစ်ဒါဏ်ပေးမည့် အဖွဲ့အစည်းအင်အားရှိနေတာသိလို့လည်းပါ ပါသည်။
တရားသူကြီးကိုကြည်ညိုလို့တရားရုံးအမိန့်ကိုနာခံတာမဟုတ်ပါဘူး။ မနာခံရင် ရဲကဖမ်းတာ မို့လို့နာခံရတာပါ။ တချို့ နယ်စွန်နယ် ဖျားတွေမှာဘယ်အာဏာပိုင်မှ မရောက်လို့ လုပ်ချင်ရာလုပ်နေတာတောင်ရှိပါသည်။
အာဏာတည်ဖို့အာဏာပါးကွက်သားလိုတယ် အဲဒီအာဏာပါးကွက်သားဆိုတာ လက်နက်ကိုင်တပ်ဖွဲ့ တွေ Law enforcement တွေပါ ။ ဒီလူတွေက အမိန့်ကိုဖီဆန်ပြီး ကိုယ့်သဘော ကိုယ်ဆောင်လာရင် အာဏာသိမ်းတယ်ဆိုတာမျိုးဖြစ်လာတတ် တာပါ။
ဒါကို လက်ရှိအာဏာရှိသူတွေရော  အာဏာလိုချင်နေသူတွေရော အုပ်ချုပ်ရေးယန္တရားကိုကန့်လန့်တိုက်နေသူတွေရော သတိထားသင့်ပါတယ်။ဘုရင်ကိုသတ်ရင်ဘုရင် ဖြစ်တဲ့ ခေတ်ဆိုတာရှိခဲ့ဖူးပေမယ့် ဒါကအင်အားကိုမူတည်တဲ့ အာဏာအရွေ့ပါ။ဘုရင်ကိုသတ်နိုင်သူသည်ဘုရင်ထက်လက်ရုံးရည်ရှိသူအင်အားကြီးသူအဖြစ်ကြောက်ရွံ့ကြလို့ပါပဲ။ဒီလိုအခြေ အနေတွေဒီခေတ်မှာမရှိနိုင်တော့ပါဘူး။
ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူလူထုက မိမိတို့ကို အုပ်ချုပ်မည့်  အစိုးရကို ကိုယ်တိုင် စနစ်တကျရွေးချယ်ပြီး အာဏာအပ်နှင်းခွင့် ရှိသော စနစ်တစ်ခုပါ။
ဒီလိုပါပဲ အပ်နှင်းထားသော အာဏာကို ကာလ အပိုင်းအခြားအရသော်လည်းကောင်း အကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း ပြန်လည် ရုပ်သိမ်းခွင့်လည်း ပါရှိ ပါသည်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ အခြေခံဥပဒေလိုမျိုး ကြိုတင်သတ်မှတ်ထားသော စည်းကမ်း နည်းစနစ်များဖြင့် ပြန်လည်ရုပ်သိမ်းလွှဲပြောင်းပေးကြရတာပါ။
ဂိမ်းတစ်ခုလိုဆိုရင် ဂိမ်းရဲ့ စည်းမျဉ်းအတိုင်း ပါဝင်ကစားသူတွေ လိုက်နာမှ ဒီဂိမ်းကို ဆက်ကစားလို့ရပါတယ် တစ်ယောက်ယောက်က ဖေါက်ဖျက်ရင် ဂိမ်းအိုဗာ ဖြစ်သွားမှာပါ။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားမှာပါ။ဒါတွေကဘယ်စာအုပ်ထဲမှာမှ ပါတဲ့ အဆိုအမိန့် တွေ မဟုတ်ပါဘူး။ ကျွန်တော်နားလည်ထားသလိုပြန်ရှင်း ပြနေတာပါ။
လမ်းခရီးတစ်ခု၏ ကုန်းဆင်းဟာ အရမ်းမတ်စောက်နေတဲ့အခါ အရှိန်ဖြင့်  ဆင်းလာပါကဆင်းလာသည့် လူတွေ ကားတွေ အရှိန်မထိန်းနိုင် ဘရိတ်မအုပ်နိုင်ဖြစ်ရင် ထိခိုက်ပွန်းပဲ့မှုတွေ ရှိနိုင်သလိုပဲ အာဏာရှိတဲ့ အဖွဲ့အစည်း တစ်ရပ်ထံမှအာဏာကို အခြားတစ်ဖွဲ့ထံ လွှဲပြောင်းဖို့ ရယူဖို့ဆိုတာ စနစ်တကျနှင့် ညင်သာဖို့ လိုအပ်ပါသည်။
အထူးသဖြင့် အာဏာရှင် အဖြစ် စွတ်စွဲခံရသူတွေ ထံမှ အာဏာကို လွှဲပြောင်းယူရမည့် အခြေအနေတွေမှာ အငြိုးအတေးတွေ ကလဲ့စားတွေ မပါးနပ်မှုတွေဟာ အာဏာလက်ဝယ်ရှိသူကို ကြောက်ကန်ကန်ပြီး ဆုပ်ကိုင်ထားအောင်တွန်းပို့နေနိုင်သလို မှန်ကန်သော အာဏာ အရွေ့လည်းဖြစ်မလာနိုင်ပါဘူး။
အာဏာရှိသူကို ဘေးကြပ်နံကြပ် အခြေအနေ  ရောက်အောင် တွန်းပို့ပြီး အာဏာအရွေ့ ကို ဖေါ်ဆောင်နေရင်းကပဲ ဒီအခြေ အနေက လွန်မြောက်ဖို့ ထွက်ပေါက်ကိုပါ ချပြပေးရန် လိုပါ တယ်။ ကိုယ်လိုရာကို ဖြစ်လာဖို့ အချိန် အတိုင်းအတာ တစ်ခုစောင့်ပြီး လုပ်ရမှာပါ။
အာဏာရ အစိုးရကို ဖိအားပေးမယ် ဆိုရင် သူ့ ဘက်က တုန့်ပြန်လာနိုင်သောနည်း လမ်းများ မိမိတို့ဖိအားကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးများကိုပါ ထည့်သွင်း စဉ်းစားထားသင့်ပါတယ်။
ရေရှည်ဆောင်ရွက် မည့် အစီအမံများကိုလည်း ချန်ထားလို့ မရပါဘူး။ ဒါဟာ ကာလ တစ်ခု အထိကြာမှာဖြစ်လို့ပါ ။ဆေးစက်ကျရာ ပန်းချီ လုပ်နေရင် အရှိန်အဟုန်ကို တာရှည် မထိန်းထားနိုင်ရင် အမြဲတမ်း တစ်ကပြန်စနေရ မှာပါပဲ။
အစိုးရ အတွက် အကြပ်အတည်းက ပြည်သူလူထု အတွက်လည်း တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်စေမှာဖြစ်လို့ မကြာခဏ အကြပ်အတည်းတွေဖန်တီးခြင်းကလည်း အမြဲ သုံးရမည့် နည်းတော့ မဟုတ်ပါဘူး။
ဒါကိုသိထားရင်အာဏာနှင့်ပတ်သတ်လို့ ကောင်းတဲ့ရည်ရွယ်ချက်ပဲရှိရှိမကောင်းတဲ့ ရည်ရွယ်ချက်ပဲရှိရှိအသုံးဝင်မှာပါ။အာဏာလိုချင်တာအပြစ်လို့မဆိုသာပါဘူး။အာဏာရလာရင်ဘယ်လိုအသုံးချမယ်ဆိုတဲ့ရည်ရွယ်ချက်ကောင်းဖို့သာလိုနေတာပါ။မတရားအဓမ္မရယူချင်နေတာစနစ်တကျမလုပ်တာတွေကို ထောက်ပြချင်တာပါ။
အာဏာရှိသူကိုတိုက်ခိုက်နေယုံပြိုလဲအောင်ကြံနေယုံနှင့်အာဏာမရနိုင်ဘူး။ သူ့မှာရှိတဲ့အင်အားမျိုးအကုန်မပြည့်စုံတောင်အချို့တ၀က်ရအောင်စုစည်းထားရမယ်ဖန်တီးနိုင်ရမယ်။
ဂုဏ်သိက္ခာသော်လည်းကောင်းလူထုထောက်ခံမှုသော်လည်းကောင်း ငွေကြေးအင်အား သော်လည်းကောင်းယုံကြည်မှုသော်လည်းကောင်းတည်ဆောက်ထားနိုင်ရမယ်။လုပ်မယ်ဆိုရင်အရင်းအမြစ်ကိုကိုင်နိုင်အောင်ကျိုးစားကြပါ ဖြတ်လမ်းကမလိုက်ကြပါနဲ့။အအေး သောက်ချင်နေတာကို  ရေနွေးအိုး ထိုင်တည်နေလို့ ရမယ် မဟုတ်ပါဘူး။
ရမ်းသမ်း ပြီးထင်ရာလုပ်နေကြရင်တော့တိုင်းပြည်နှင့်ပြည်သူ လူထုပဲ နစ်နာမှာပါ။အာဏာလက် ထဲရောက်ချိန်မှာ တည်ဆောက်စရာ တိုင်းပြည်တောင် ကျန်ပါဦးမလား မေးစရာ ဖြစ်လာ နိုင်ပါသည်။တည်ဆဲ ဥပဒေနှင့်အညီတရားသောနည်းလမ်း ဖြစ်နိုင်ချေရှိသောနည်းလမ်းဖြင့်သာ ဆောင်ရွက်သင့်ပါတယ်။ စိတ်ခံစားချက်တွေ အရ မလုပ်သင့်ပါဘူး ။
အာဏာ၏ မူလပိုင်ရှင် ပြည်သူလူထုတွေ ကိုယ်တိုင်လည်း အာဏာတည်နေပုံ နှင့် အရွေ့ကို ကောင်းစွာသဘောပေါက်နားလည်မှသာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အဆင်ပြေချောမွေ့ တည်ငြိမ်မှာဖြစ်ပါတော့တယ်။
Viewing all articles
Browse latest Browse all 1811
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...