Quantcast
Viewing all articles
Browse latest Browse all 1811

ဖြူ၍သန့်သော လက်များဖြင့်



(၁)
"ကချင်ပြည်ကို လာနော်..တကယ် သေမယ်နော်….ကချင်ပြည်ကို လာနော်…တကယ်…သေမယ်နော် "
"ဟယ်ကလေးတွေ ဘယ်လို ဆိုနေတာတုန်း "
ကလေးတွေရဲ့ သီဆိုမှုနှင့်အတူ လူကြီးတစ်ဦးက ၀င်ဟန့်လိုက်သံ ကြားလိုက်ရသည်။ ကလေးတွေက ကျောင်းပိတ်ရက်မို့ သူတို့ အုပ်စုလိုက် ဆော့ကစားနေကြခြင်းဖြစ်သည်။

ဆော့ကစားရင်း သူတို့သီဆိုနေတာလေ။ သီချင်းကတော့ ဖျက်ဆိုလိုက်သည့် သီချင်း။ ဒီသီချင်း၏ အဓိပ္ပါယ်ကို ဆိုနေသည့် ကလေးတွေ သိမှာပါ။ ထို့အတူ ကျွန်တော်နိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဒီကလေးတွေသိနေမှာအမှန်။
ဒီတော့လည်း ကလေးတွေကို ပြစ်တင်ဆိုသာပါ့မလားလေ။ တစ်ခုတော့ တွေးကြောက်မိပါသည်။ ကလေးတွေ၏ စိတ်ထဲတွင် ကချင်ပြည်နယ်သွားလျှင် သေမည်ဆိုသည့် အထင်ကို စွဲမြဲစွာလက်ခံသွားမုာကို စိုးရိမ်မိသည်။
ကချင်ပြည်နယ်ကို လည်ပတ်ချင်စိတ်၊ သွားချင်စိတ်ပျောက်သွားလျှင် ကချင်ပြည်နယ်၏ အလှတရား၊ တိုင်းရင်းသားတို့၏ ရိုးသားဖော်ရွေမှု၊ ကချင်ပြည်နယ် ထင်ရှားကျော်ကြားသည့် သမိုင်းအစဉ်အလာတို့ကို ကလေးတို့ ခံစားထိတွေ့ခွင့် ရပါတော့မည်လား။
ကလေးတွေဆိုသည်မှာ ရိုးသားဖြူစင်လှသည့် စိတ်အခံများ ရှိကြပါပေသည်။

(၂)
"ဒီခေတ်လူငယ်တွေ ဟီရိသြတ္တပ္ပတရား နည်းလာတယ်ဗျာ "
"ခင်ဗျားက ထင်တာကိုးဗျ၊ လူငယ်တွေ အသာထားလူကြီးတွေမှာရော ရှက်သင့်တာမှာ ရှက်၊ ကြောက်သင့်တာမှာ ကြောက်ကြသေးလို့လားဗျ "
"အင်း ဒါတော့လဲ ဟုတ်ပါတယ် "
"ဒီဘက်ခေတ် လူငယ်တွေ၊ ကလေးတွေက အတုမြင် အတတ်သင်လွယ်လာတယ်။ သူတို့ ဘာတွေကို အတုမြင်ကြသလဲ၊ သင်ယူကြသလဲ ဒါအရေးကြီးတယ်ဗျ။ လူငယ်တွေက စူးစမ်းလိုစိတ်ရှိကြပေမယ့် မကောင်းတဲ့အရာဘက်ကိုရောက်ဖို့က ဘေးပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ်၊ ရှေ့ဆောင်လူကြီးများရဲ့ လမ်းမှားကြောင့်ဖြစ်ဖြစ်ရောက်သွားကြတာ များပါတယ်ဗျာ "

လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ကျွန်တော်တို့ လက်ဖက်ရည် ဆိုင်တွင် စကားဝိုင်းဖွဲ့နေကြခြင်းဖြစ်သည်။
စကားဝိုင်းကတော့ လူငယ်တွေအကြောင်း။
"ကြည့်လေဗျာ ဒီနေ့ ဘာနေ့လဲ " 
"တနင်္ဂနွေနေ့လေဗျာ "
"အဲဒါပဲဗျ၊ ခင်ဗျားတို့ ကျွန်တော်တို့က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ပဲ အလေးထားတာကိုး။ ဟိုးလမ်းပေါ်က လူငယ်လေးတွေကြည့် ဘယ်ကိုသွားနေကြတယ်ထင်သလဲ "
လမ်းပေါ်သို့ အကြည့်များရောက်သွားကြသည်။ ဆွမ်းချိုင့်လေးများဆွဲကာ လူငယ် အမျိုးသား၊ အမျိုးသမီးလေးများ သွားလာနေသည်ကို မြင်တွေ့ရသည်။ တွေ့မြင်ရသည်မှာ အေးချမ်းလှပေသည်။
"ဒီနေ့ဥပုသ်နေ့ဗျ၊ ဥပုသ်နေ့ "
"ဟုတ်သားပဲ "
"ကဲ ခင်ဗျားတို့ ကျွန်တော်တို့ဆိုတာ အိမ်ရဲ့ ဦးဆောင်သူတွေ။ ဦးဆောင်လမ်းပြသူတွေပေါ့ဗျာ။ ဒါပေမယ့် အိမ်မှာ သားတို့ သမီးတို့ရေ ဒီနေ့ ဥပုသ်နေ့ ဘုရား၊ ဘုန်းကြီးကျောင်းသွားမလို့ လိုက်ဦးမလား၊ လိုက်ကြဦးလို့ ပြောခဲ့ကြသလားဗျ "

စကားဝိုင်းကတော့ အထိနာသွားသည့်ပမာ ငြိမ်သက်သွားသည်။ ကလေးတွေရဲ့ အတွေးတွေထဲ မှန်ကန်တာတွေ ထည့်သွင်းဖို့ ကျွန်တော်တို့ကိုယ်တိုင်က မှန်ကန်သော အလုပ်၊ အကျင့်တွေ ရှိနေပါပြီလား။

(၃)
"ဦးလေး "
ခြောက်တန်းတက်နေသည့် ကျွန်တော့်တူက ခေါ်ခြင်းဖြစ်သည်။ သူတို့လေးတွေနှင့် ကျွန်တော် စကားဝိုင်းဖွဲ့နေခြင်းဖြစ်သည်။
"ဟေ "
"သားတို့နိုင်ငံက ရေနံ၊ ကျောက်သံပတ္တမြား၊ ဓာတ်ငွေ့တွေထက်ပြီး သယံဇာတပေါကြွယ်ဝတယ်ဆို "
"အေးဟုတ်တာပေါ့ သားရဲ့ "
"အဲဒါဆို ဖေ့ဘုတ်ပေါ်မှာ တွေ့တွေ့နေတဲ့ အကြွေးငါးသိန်းဆိုတာ ဘာပြောတာလဲ။ သားတို့က တကယ်ဆပ်ရမှာလား "
"အဲ..အဲဒါက "
ကျွန်တော်ဖြေဖို့ အထစ် အထစ်ဖြစ်နေဆဲမှာပင် တူတော်မောင်၏ သူငယ်ခင်းတစ်ဦးက ဆက်မေးပြန် သည်။

"ငြိမ်းချမ်းရေးစားပွဲဝိုင်းဆိုလား ခဏခဏလုပ်ကြတယ်လေ၊ လုပ်ကြတိုင်းလဲ တိုက်ပွဲဖြစ်ပြန်ပြီလို့ ကြားရတယ်၊ စစ်ပွဲတွေက ဘာလို့ဆက်ဖြစ်နေတာလဲဟင် ဦး .."
"ဒါကလဲ…"
ကလေးတွေ တော်တော်သိနေပါလားဟ။ ကျွန်တော်တော့ ချောင်ပိတ်မိပြီဆိုပြီး တွေးနေတာ လာပြန်ချေ ပြီမေးခွန်းတစ်ခု။

"မိုးလေ၀သတွေ မမှန်တော့ဘူးဦးရဲ့ အဲဒါကြောင့်လည်း ကျွန်တော်အဖေတွေ စပါးစိုက်မရ၊ လယ်လုပ် မရဖြစ်နေကြတယ်၊ အဲဒီလို ရာသီဥတုမမှန်တာက တောတောင်တွေ၊ မြေဆီတွေ ပျက်စီးလို့ဆို၊ ဒါတွေကို ဘယ်သူတွေ ဖျက်ဆီးတာလဲ၊ ခုတော့ သားအဖေတို့ အလုပ်အဆင်မပြေဘူး၊ အလုပ်အဆင်မပြေတော့ သားတို့ပါ အဆင်မပြေတော့ဘူးပေါ့ "
"ဦးလေး "
နောက်တစ်ယောက် ခေါ်လိုက်သံကြောင့် ကျွန်တော်လန့်ပင်သွားမိသည်။
"ေ ဟ .. ေ ဟ.."

"ဟိုလေ သားတို့က ကျောင်းတက်နေတာဆိုတော့ ကျောင်းသားတွေပေါ့ "
"အေးလေ ကျောင်းသားတွေ "
ကျွန်တော် သံယောင်လိုက်ပြောမိသည်။
"ပြည်သူ့အကျိုးပြု၊ ပြည်သူ့အတွက်၊ ပြည်သူ့အရေး၊ ပြည်သူ့ဆန္ဒတွေဆိုပြီး ခဏခဏ ပြည်သူဆိုတဲ့ အသံကြားနေရတယ်၊ ပြီးတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုလာ ဘာလား အဲဒါတွေလုပ်ကြတယ်ပြောတယ် အဲဒီပြည်သူတွေထဲမှာ သားတို့ကျောင်းသားတွေပါလားဟင်၊ ပြီးတော့ ကျောင်းမတက်နိုင်တဲ့ ကျွန်တော်တို့နဲ့ အရွယ်တူတွေရော၊ ငယ်သူတွေရော၊ ကြီးသူတွေရောက ပြည်သူတွေထဲ ပါဝင်လား ဟင် ဦး "
"ဟင်း "
သက်ပြင်း ခိုးချလိုက်ရသည်။

ကျွန်တော်ဘယ်လိုဖြေလို့ ဘယ်လိုပြောရပါ့။ သူတို့ကို သမ္မတလုပ်မည့်သူတွေနှင့် စကားရည်လုခိုင်း လိုက်လျှင် ကောင်းမည်ထင်ပါ့။ ခုတော့။ 
"ကဲ ဦးမောင်ပိုင် ဒီမှာ ကလေးတွေကို ဆရာလာလုပ်နေတယ်ပေါ့။ ထမင်းစားဖို့ အဆင်သင့်ဖြစ်နေပြီ "
ကယ်တင်ရှင် ကျွန်တော်၏ ဇနီးရောက်လာခြင်းဖြစ်သည်။ တော်သေး၏ လို့တွေးလိုက်မိသည်။

"သြော် အေး..အေး၊ ကဲ တူတော်မောင်တို့ ဦးသွားလိုက်ဦးမယ် "
စိတ်ထဲကတော့ "ငါက သူတို့ဆီက ပြန်သင်နေရတာ "လို့ ဇနီးဖြစ်သူကို စိတ်ထဲက ပြောမိသည်။
"သိချင်တာရှိရင် မှတ်ထားကြကွာ၊ နောက်တစ်ခါ ဆုံရင် ထပ်မေးပေါ့ "
အမှန်တော့ လက်ရှိမေးခွန်းတွေပင် ကျွန်တော်မဖြေခဲ့ရ။ မဖြေခဲ့နိုင်။ 

(၄) 
ကလေးတွေဆိုသည်မှာ ရိုးသားဖြူစင်လှသည့် စိတ်အခံများ ရှိကြပါပေသည်။ စိတ်ထားများ သန့်စင် ကြပါပေသည်။ 
စိတ်၏ ဖြူစင်မှုနှင့်အတူ သူတို့၏ လက်များလည်း ဖြူ၍ သန့်နေကြပါသည်။ 
ထိုဖြူ၍ သန့်သော လက်များအတွင်းသို့ ကျွန်တော်တို့ အနာဂတ်ကို ထည့်ရမည်။ ကျွန်တော်တို့ နိုင်ငံကြီးကို ထည့်ရမည်။ ကျွန်တော်တို့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ထည့်ရမည်။ ကျွန်တော်တို့ ကိုးကွယ် ယုံကြည်ရာ ဘာသာတရားကို ထည့်ပေးရမည် ဖြစ်ပါသည်။

(၅)
"တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည်..တို့မြေ..
များလူခပ်သိမ်း..ငြိမ်းချမ်းစေဖို့..ခွင့်တူညီမျှ..၀ါဒဖြူစင်တဲ့ ပြည်
တို့ပြည် ..တို့မြေ "
"ဘယ်လိုလဲ သမီးရတော့မှာလား."
ကျွန်တော့်သမီးက ဒီနှစ်မှ သူငယ်တန်း စတက်ရခြင်းဖြစ်သည်။ မူကြိုတွင် နိုင်ငံတော်သီချင်းဆိုခဲ့ရ သော်လည်း ခုတော့ မေ့နေသည်ဆို၍ သူ့အမေက သင်ပေးနေခြင်းဖြစ်သည်။

"ရတော့မှာ အဖေ "
"သြော် အေးအေး "
သမီးဖြစ်သူကို စကားပြောရင်း ဇနီးဖြစ်သူကို ပါလာသည့် အထုပ်ကမ်းပေးလိုက်သည်။
"အိမ်အတွက် လိုအပ်တာလေးတွေ ၀ယ်လာခဲ့တယ် သိမ်းလိုက်ပါဦး " 
"ကလေးအတွက်ရော "
"ငါ့သမီးအတွက်လား ပါတာပေါ့ ရော့သမီး "
သမီးက သူ့ကို ကမ်းပေးသည့် မုန့်ထုပ်ကို ယူမလို့ပြင်သည်။ သို့သော် မယူပဲ လက်ကိုပြန်ရုတ် လိုက်သည်။

"ဘာဖြစ်လို့လဲ သမီး ဒီမုန့်မကြိုက်ဘူးလား "
"မဟုတ်ပါဘူးအဖေရဲ့.. အဖေ့လက်တွေက ညစ်ပတ်နေလို့ "
ဒီတော့မှ ကိုယ့်လက်ကို ပြန်ကြည့်မိသည်။ ဆီကြေးတွေ။ "အင်းလေ လက်အရင်ဆေးတာ ကောင်းပါတယ် "လို့ တွေးမိပြီး လက်ဆေးရန် သွားလိုက်တော့သည်။

--------------

မေတ္တာဖြင့်

မောင်ပိုင်
၂၅-၆-၂၀၁၅
 —

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>