"၀ီ ၀ီ ၀ီ .."
အဲဒီသတ္တ၀ါကို ကျွန်တော် တော်တော် အမြင်ကပ်လှပြီ။ သူအသက်ရှင်သန်ဖို့ သူရှာဖွေစားသောက်တာမှန်ပေမယ
ကြည့်လေ သူတို့ ဘ၀တွေ သူတပါးသွေးစုပ်ရင်း ဘယ်လောက်တောင် သေကြေခဲ့ ကြရပြီလဲလို့။
"၀ီ ၀ီ ၀ီ ၀ီ "
ပြောရင်းဆိုရင်း နား နားလာပြီ အော်နေပြန်ပါပြီ။ စာကို ဖြောင့်ဖြောင့်မရေးနိုင်။ သူတို့ကို ရိုက်နေရတာနဲ့တင် လက်ကတွန့်တွန့်နေရတယ်။
စာမရေးခင်ကတည်းက ခြင်ဆေးခွေကို မီးထွန်းပြီး ချထားပြီးသား။ ဒီကောင်တွေကြည့် ရတာတော့ "ဒါမျိုးတွေ ရိုးပါ့ လာမလုပ်နဲ့ "ဆိုတဲ့ အနေအထားမျိုး။
တံဆိပ်လည်းစုံလှပြီ။ မြန်မာလည်း မရ၊ ယိုးဒယားလည်း မနိုင်၊ တရုတ်ဆို လုပ်ပင် မလုပ်တော့။ နေသား ကြသွားသလား၊ ရှူနေရမှု အသားမာတက်သွားသလား မပြောတတ်။ သူတို့တွေက ထွန်းထားတဲ့ ခြင်ဆေးခွေပေါ် ၀ဲပျံရုံတင်မက ခြင်ဆေးခွေပေါ် လာနားနေလေရဲ့။ တော်တော် ပမာမခန့်လုပ်နေပုံများလေ။
ကျွန်တော့်တို့မှာတော့ အသားလည်းနာရ၊ သွေးလည်းအစုပ်ခံရ၊ ရောဂါလည်း ကူးခံရတဲ့ အပြင် ပြေးမလားလို့ထွန်းထားတဲ့ ခြင်ဆေးခွေကြောင့် ရောဂါတစ်ခုပါ ထပ်တိုးနေရတဲ့ အဖြစ်။
ခြင်ကို မနိုင်တော့တဲ့ ကျွန်တော်ကတော့ ခြင်ထောင်ထဲပဲ ၀င်အိပ်လိုက်တော့တယ်။ ဟဲ့ကောင်တွေ အပြင်က လာချောင်းမနေနဲ့တော့။ ဒီည ဒီအဖို့တော့ နားတော့။ ဂွတ်နိုက် မော့စ်ကီတို။
×××
"၀ီ …၀ီ… ၀ီ .."
နောက်ဘက်နားက စူးရှရှခပ်ကျယ်ကျယ် အော်သံကြောင့် ကျွန်တော်လှည့်ကြည့်မိလိုက်
"ဟင် "
အံ့သြမှင်တက် မိသွားတယ်။ ခြင်ကောင်ကြီး။ ကျွန်တော့်ကိုကြည့်ပြီး အားရ ပါးရ ရယ်နေတဲ့ ခြင်ကောင်ကြီး။
"ဟင် ..ဟင်.. ခင်ဗျား..ခင်ဗျား. ခြင် ..ခြင် မဟုတ်လား "
"ဟုတ်တယ်လေ မမြင်ဘူးလား ထောက်ခံချက်ပြရမှာလား။ စိစစ်ရေးကတ်ပြား ပြရဦးမှာလား "
ပြောရင်း သူ့အတောင်ပံတွေကို တဖျပ်ဖျပ် ခပ်နေတယ်။
"ခင်ဗျားက ဘာလို့ လာတာလဲ၊ ဘာလို့ ဒီနားမှာ လာအော်နေတာလဲ၊ ကျွန်တော့်သွေး ထိုးစုပ်ချင်လို့လား "
သူက ဘာမှ ပြန်မပြောသေးပဲ ကျွန်တော့်ကို ပတ်ပြီး ၀ဲပျံနေပြန်တယ်။ နည်းတဲ့ အကောင်ကြီးမဟုတ်။ သူသာ ကျွန်တော်ကို ကိုက်လိုက်ရင်..။
"မင်းက ငါ့ကို အမြင်ကပ်နေတယ်မဟုတ်လား "
ဒီကောင် ကျွန်တော့်ခံစားချက်ကို ဘယ်လိုသိပါလိမ့်။
"ဟုတ်တယ် ဟုတ်တယ် ခင်ဗျားကို သောက်ညင်တော်တော် ကပ်နေပြီ ရိုက်သတ်ချင်နေပြီ "
"၀ီ ၀ီ ၀ီ "
သူ့နှာမောင်းကို ထောင်ထောင်ပြီး အော်နေပြန်ပြီ။ ဒါ လှောင်ရယ် ရယ်နေတဲ့ အသံလား။ မထီမဲ့မြင် လုပ်နေတဲ့ အော်သံကြီးလား။
"မင်းတို့ရဲ့ သွေးတွေ စုပ်ထိုးလို့ သတ်ချင်တာလား "
"ဟုတ်တယ် ခင်ဗျားတို့က သူများကို ကိုက်တယ်၊ သူတပါးသွေးတွေ စုပ်တယ်၊ ရောဂါတွေ ပေးတယ် ဘာကောင်းလဲ "
"ဒါကတော့ ဘုရားသခင်ပေးတဲ့ တို့သဘာဝ နေထိုင်မှုပဲလေ "
"ဒါတော့ ဒါပေါ့ ဒါပေမဲ့ ခင်ဗျားတို့ ခင်ဗျားနည်းဟန်နဲ့ ပြောင်းပေါ့ဗျာ တခြားနည်းလမ်းနဲ့ အသက်ရှင်နိုင်အောင် လုပ်ပေါ့ဗျာ ခုဟာက သူတပါးဒုက္ခရောက်မှ ခင်ဗျားတို့က ၀မ်းဝ ပျော်ရွှင်တဲ့ ဘ၀ဆိုတော့ မကောင်းလှပါဘူးဗျာ "
ပြောသာ ပြောလိုက်ရတယ်။ တိရစ္ဆာန်ဆိုတော့ နားလည်ပါ့မလားဆိုပြီး တွေးလိုက်မိတယ်။
"၀ီ ၀ီ ၀ီ "
"အော်ပြန်ပြီဗျာ အဲဒီအသံကြီး မအော်စမ်းပါနဲ့ နားထဲမှာ စီခနဲ စီခနဲနဲ့ စူးလွန်းတယ် "
"မင်းတို့လူတွေကို သဘောကျလို့ ရယ်တဲ့ အသံပါကွာ မကြောက်စမ်းပါနဲ့ "
"ငါတို့ သဘာဝကိုက သူတပါးသွေးစုပ်ရမှ နေသာထိုင်သာရှိတာလေ၊ ဒါပြုပြင်လို့မရဘူး၊ သဘာဝတရားကြီး အဲ အကြီးကြီးပြောရရင်တော့ အမှန်တရားကြီးပေါ့ကွာ။ ဒီသဘာဝ အမှန်တရားကြီးကို ငါတို့က ဖောက်ဖျက်ပြီး ကပြောင်းကပြန်လုပ်လိုက်ရင် ငါတို့ တစ်မျိုးလုံး မျိုးတုံးသွား မှာပေါ့ဟ "
သဘာဝအမှန်တရားတဲ့။ သေဟဲ့ ဆိုပြီး ကိုယ့်နဖူးသာ ကိုယ်ရိုက်လိုက်ချင်ပါရဲ့။
"မင်းတို့လူတွေကသာ အမှန်တရားဆိုတာကို ပြောပြောပြီး လုပ်ချင်ရာ လုပ်နေကြတာ၊ ပြောရရင် ပါးစပ်ကတော့ ဘုရား ဘုရားနဲ့ လက်ကတော့ တကယ့် ကားရားပဲ "
တိရစ္ဆာန်ကောင်က ဒါတွေလဲ သိသား။
"ဒါကြောင့် ငါတို့ကို အမြင်ကပ်ပြီး အပြစ်ပြောချင်တဲ့ မင်းကို သဘောကျပြီး လှောင်ရယ် ရယ်လိုက်တာ အော်လိုက်တာကွ၊ တွေးရင်း မနေနိုင်တော့ဘူး အော်ပစ်လိုက်ဦးမယ် "
သူ့နှာမောင်းကို ထောင်၊ အတောင်တွေ တဖျပ်ဖျပ်ခပ်ရင်း ကျွန်တော့်ကိုပတ်ပြီး ၀ဲပျံနေပြန်ပြီ။ ပြီးတော့ ပါးစပ်ကလည်း အငြိမ်မနေ တောက်လျှောက် အော်နေလေရဲ့။
"၀ီ … ၀ီ… ၀ီ ..၀ီ…၀ီ…၀ီ "
"တော်ပါတော့ဗျာ နားတွေအူလှပြီ "
ဝဲပျံနေရမှ ကျွန်တော့် ဘေးမှာ နားလိုက်တယ်။
"မင်းတို့လူတွေ သူများကို ပြောတာလျှော့၊ အမှန်တရားဆိုတာကို တကယ်သိအောင်လုပ်၊ ကိုယ့်ရုပ်၊ ကိုယ့်အကျင့်တွေကို ပြန်ကြည့်၊ အေးတို့တွေကတော့ သဘာဝအရ သွေးစုပ်နေဦးမှာပဲ "
"စုပ်လေ စုပ်ပေါ့ဗျ၊ ကျွန်ုပ်တို့ကလဲ ခင်ဗျားတို့ သေဖို့ တစ်နည်းမဟုတ်တစ်နည်း လုပ်မှာပဲ "
"ဘာနည်းလဲ ခြင်ဆေးခွေလား ညင်း..ညင်း…ညင်း.."
ပမာမခန့် ညင်း..ညင်း..ညင်း တောင် လာရယ်နေသေးတယ်။
"အိပ်ပါကွာ အိပ်ပါ။ မင်းအိပ်နေတာ မနှောင့်ယှက်တော့ပါဘူး။ ဂွတ်တနိုက် ဟရူးမဲန် "
သာဘာသာသူပြောပြီး "၀ီ "ခနဲ ပျံတက်သွားတော့တယ်။
×××
ညတုန်းက အိပ်မက်ကို ပြန်တွေးမိရင်း "ဘာကြီးလဲဟ "ဟု ရေရွတ်မိတယ်။ ခြင်ကို မကျေနပ်တာနဲ့ စိတ်စွဲပြီး အိပ်မက်ထဲ ပါလာတာထင်ပါရဲ့။
အလုပ်သွားဖို့ ပြင်ဆင်လိုက်တယ်။ ဒီနေ့က အရေးတကြီး ချိန်းထားတဲ့ ကိစ္စတွေရှိ၍ စောစော သွားဖို့ ပြင်ဆင်နေရခြင်းပင်။ ဇနီးသည်ကတော့ ကျွန်တော့်အတွက် ထမင်းချိုင့်၊ သမီးအတွက် ထမင်းချိုင့်ထည့်ပေးဖို့ ပြင်ဆင်နေလေရဲ့။
"ဖေဖေရေ ဧည့်သည်တွေလာတယ် "
အိပ်ရှေ့ခန်းမှ သမီးလေးရဲ့ အော်ပြောသံကို ကြားလိုက်ရတယ်။ စောစောစီးစီး ဘယ်က ဧည့် သည်တွေပါလိမ့်။
"လာပြီ သမီးရေ "
အိပ်ရှေ့ခန်းကို ထွက်ကြည့်လိုက်တော့ ကိုပြုံးချိုနှင့် လူကြီးနှစ်ဦး။
"ထိုင်ကြပါခင်ဗျား ထိုင်ကြပါ၊ မိန်းမရေ ရေနွေကြမ်းလေးလုပ်ပါဦး။ သမီးလေးလဲ ကျောင်းသွားဖို့ပြင်တော့နော
"ဟုတ်ကဲ့ အဖေ "
သမီးလေးက ခုံကနေထပြီး အခန်းထဲဝင်သွားတယ်။ ကိုပြုံးချိုနဲ့ အတူပါလာတဲ့ ဧည့်သည်နှစ်ဦးက ခုံမှာ ၀င်ထိုင်လိုက်ကြတယ်။ ကိုပြုံးချိုနဲ့ ဒီနေ့ အစောတွေ့ဖို့ ချိန်းထားတာပါ။ ဘာလို့ အစောအိမ်အထိ လိုက်လာပါလိမ့်။
"ဆရာ ဒီဘက်က ဦးလှဝင်းပါ၊ ဒါက ဦးဖေသော်ပါ "
"သြော်..ဟုတ်ကဲ့ "
နာမည်တွေပြောကာမှ ကျွန်တော် သိလိုက်တယ်။ ကိုပြုံးချိုပြောထားတဲ့ လူနှစ်ယောက်။ တရားလိုဘက်က လူနှစ်ယောက်။
"ကျွန်တော့်သား ကိစ္စအတွက် လာတာပါ ခင်ဗျ "
"ဟုတ်ကဲ့ ပြောပါ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ကျွန်တော့်အကြောင်းလဲ ကိုပြုံးချိုဆီက ကြားမှာပေါ့ "
ကြိုတင်ပြီးစကားခံထားရတယ်။ နောက်ပြောလာမဲ့ သူတို့စကားတွေကို စိတ်ကအလိုလို သိနေလို့ပင်။ ဒီနေရာ၊ ဒီရာထူးမှာ လုပ်ကိုင်လာတာ ၁၀ နှစ်ကျော်ခဲ့ပြီ။ နာမည်ပျက်မရှိခဲ့။ အမှန်ကို အမှန်အတိုင်းသာ ဖြစ်စေခဲ့တယ်။
ခုကိစ္စ အမှုအခင်းမှာတော့ တရားခံဘက်က မနေ့က ညနေကပင်လာသွားခဲ့ပြီ။ ပြီးတော့ ဇွတ်အတင်း ငွေကို စားပွဲပေါ်တင်ခဲ့တယ်။ ကျွန်တော့်ဇနီးက ဘာမှမပြောပဲ အဲဒီအထုပ်လေးကို ဘီရိုထဲ ယူထည့်ထားလိုက်တယ်။
ဇနီးသည်ကတော့ ခုတလော အိမ်ရဲ့အခြေအနေကိစ္စအ၀၀ကို သိနေသူပဲလေ။ ကျွန်တော်လည်း သိတာပဲ။ ဒါကြောင့်လဲ ဘာမှမပြောဖြစ်ပဲ ကျွန်တော်ငြိမ်နေမိတာပါ။ တစ်ခါတလေ ပဲလေဆိုတဲ့ စိတ်နဲ့အားတင်းထားရတယ်။
ဒါကြောင့်လဲ ကိုယ့်စိတ်ကို အားတင်းတဲ့အနေနဲ့ ကြိုတင်ကာထား၊ ပြောထားရတာ။
"ဟုတ်ကဲ့ သိပါတယ်ခင်ဗျ။ ကျွန်တော်တို့ကလည်း ကွင်းလုံးကျွတ်မဆိုလိုပါဘူး
"ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။ အမှန်ကို အမှန်အတိုင်း လုပ်ပေးမှာပါ။ ဖြစ်စေရမှာပါ။ ခင်ဗျားတို့ ပြောတာကိုလည်းသဘောပေါက်ပါတယ
တရားခံ၏ အဖေဖြစ်သူ ဦးလှဝင်းနဲ့ စကားပြောနေစဉ် ဦးဖေသော်က လက်စွဲအိတ်ထဲမှ ကျွတ်ကျွတ်အိတ်အမည်းတစ်ထုပ်
"ဘယ်လိုမှ မအောက်မေ့ပါနဲ့ဗျာ ရုံးအတွက် လိုအပ်တာလေး ကုန်ကျစရိတ်လေးအတွက်ပါ။ လှူတယ်ဆိုရင်လည်း မမှားပါဘူး "
ကျွန်တော်က ဘာမှ ပြန်မပြောပဲ ကိုပြုံးချိုကို လှည့်ကြည့်လိုက်တယ်။ ကိုပြုံးချိုကလည်း ကျွန်တော့ကို ပြန်ကြည့်နေတယ်။
"ဆရာ ကျွန်တော်ပဲ ယူထားလိုက်ပါမယ်။ ရုံးသုံးဖို့ပေါ့။ သန့်ရှင်းရေးနဲ့ လိုအပ်တာလေးတွေမှာ သုံးပါမယ် "
ကျွန်တော်ကတော့ အင်းလည်းမပြော။ ခေါင်းလည်း မညိတ်ဖြစ်။
"ကျွန်တော်တို့ကို ခွင့်ပြုပါဦး ခင်ဗျ "
"ဟုတ်ကဲ့ပါ "
အိမ်အပြင်ဘက်ထိ လိုက်ပို့ပေးလိုက်တယ်။ အိမ်ထဲပြန်ဝင်တော့ ဇနီးဖြစ်သူက မီးဖိုတံခါးဝမှာ တွေတွေလေး ရပ်လျက်။
ကျွန်တော်လည်း တိတ်တိတ်ဆိတ်ဆိတ်ပင်။ ချိတ်နှင့် ချိတ်ထားသော တိုက်ပုံအင်္ကျီအနက်ကို ဆွဲယူပြီး ၀င်လိုက်တယ်။
"စားပွဲခုံအောက်မှာ ခြင်ဆေးခွေ ထွန်းထားတယ် ငြိမ်းလိုက်ဦးနော်။ ကိုသွားတော့မယ် "
စားပွဲပေါ် အဆင်သင့်တင်ထားတဲ့ ထမင်းချိုင့်ကို ယူပြီး ထွက်ခဲ့လိုက်တယ်။ အိမ်ရှေ့ ခြံစည်းရိုး အရောက်မှာ ဇနီးဖြစ်သူရဲ့ လှမ်းအော်ပြောသံကို ကြားရတယ်။
"ယောက်ျာရေ ညနေအပြန် ခြင်ဆေးခွေ ၀င်ဝယ်ခဲ့ပါဦး။ ကုန်နေပြီ "
ကျွန်တော် ရပ်ပြီး ပြန်မေးလိုက်ရတယ်။
"ဘာတံဆိပ်ဝယ်ခဲ့ရမှာလဲ "
"တံဆိပ်ပြောင်းပြီး ၀ယ်ခဲ့ရှင် ခြင်တွေက မရတော့ဘူး တစ်မျိုးထဲဆို အနံ့ယဉ်သွားပြီထင်တယ် တစ်မျိုးပြီး တစ်မျိုးပြောင်းထွန်းမှ "
"အော် အေး အေး "
ကျွန်တော် ခြေလှမ်းများကို လှမ်းဖို့ ပြင်လိုက်တော့ မျက်လုံးထဲမှာ၊ အာရုံထဲမှာ တစ်ခုဝင်လာမိတယ်။
ညတုန်းက အိပ်မက်ထဲက ခြင် ခြင်ကြီး။ သူက ခြင်ဆေးခွေပေါ်မှာ မိန့်မိန့်ကြီးထိုင်ပြီး ကျွန်တော့်ကို ကြည့်ရင်း အော်နေလေရဲ့။ ဒါက ရယ်သံလား။ လှောင်သံလေလား။
"၀ီ …. ၀ီ…၀ီ…၀ီ "
--------------
မေတ္တာဖြင့်
မောင်ပိုင်
၁၆-၇-၂၀၁၅