အလုပ်သစ်က ဖိနပ်ဆိုင်မှာလုပ်ရတာထက် ပိုပြီးသက်တောင့်သက်သာ ရှိသလို အိမ်နဲ့လည်း ပိုနီးသွားတဲ့အတွက် မြို့ပတ်ရထား တိုးဝှေ့စီးစရာမလိုတော့ပါဘူး။အလုပ်သစ်အဖြစ် လှိုင်မြစ်ကမ်းဘေးမှာရှိတဲ့ ချောင်းဝကျောက်ကွင်းမှာ စာရေး အဖြစ်လုပ်ရတယ်။အလုပ်ရှင်က ဒဂုံဆောက်လုပ်ရေးကို ဆောက်လုပ်ရေးကျောက်တွေသွင်းတဲ့သူပါ။
မြစ်ကိုဆန်တက်လာတဲ့ လှေကြီးဆီကနေ ဆောက်လုပ်ရေးကျောက်တွေကို ကျောက်သယ်သမားတွေနဲ့ ချပါတယ်။တခါတလေ မှာ ဒီရေ တက်ချိန် လိုသေးလို့ နေခင်းကြောင်တောင်ကြီးမှ ပင်ပန်းကြီးစွာ ကျောက်သယ်ချရတဲ့အခါ တွေလည်း ရှိတတ်ပါတယ်။လှေဝမ်းဗိုက်ထဲမှာ ကျောက်တွေ ကျန် ၊ မကျန် စစ်ပြီးလို့ လှေဝမ်းဗိုက်ထဲ ကျောက်တွေမကျန်တော့ရင် ကျောက်သယ်ချတဲ့ လုပ်ငန်းပြီးပါပြီ။
ကျောက်သယ်ချတဲ့လုပ်ငန်းပြီးရင်တော့ အလုံးကြီးတဲ့ကျောက်တွေကို ဖယ်ထုတ်ရတဲ့ ကျောက်သယ်သမားတွေအခေါ် အာလူးကောက်တာလုပ်ရတယ်။အဲ့ဒီအလုပ်မှာတော့ ကောင်လေးက နည်းနည်းအဆင့်မြင့်သွားပါပြီ။ သူ့အလုပ်က ကြီးကြပ်ရုံပါပဲ။ ကျောက်သယ်ချတဲ့အလုပ်နဲ့ အာလူးကောက်တဲ့အလုပ်က နှစ်ရက်ကနေ သုံးရက်အထိ ကြာပါတယ်။အဲ့ဒီ အလုပ်တွေပြီးသွားရင်တော့ နောက်ထပ် ကျောက်လှေ မရောက်မလာမချင်း ကောင်လေးတစ်ယောက်ပဲ အဲ့ဒီမှာ ကျန်ခဲ့ပါတယ်။သူ့အလုပ်က ဒဂုံဆောက်လုပ်ရေးက ကျောက်သယ်ယူတဲ့ ကားနံပါတ်နဲ့အရေအတွက်ကို မှတ်တမ်းတင်ရတာပါ။အဲ့ဒီအလုပ်ဟာ သူ့အတွက်တော့ ငြီးငွေ့စရာကောင်းလွန်းပါတယ်။ဖိနပ်ဆိုင်မှာ လုပ်ရတာလို မပင်ပန်းပေမယ့် ၊ အခုလိုမျိုး အလုပ်နည်းနည်းနဲ့ အချိန်ဖြုန်းရတာမျိုးကို သူက မကြိုက်ပါဘူး။အဲ့ဒီအတွက် ဒဂုံဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အပေါင်းအသင်းလုပ်ပြီး သူတို့ဘဝအကြောင်းတွေ လျောက်မေးနေတတ်ပါတယ်။
ဘိလပ်မြေအိတ် သယ်ထားကြလို့ ခြေသလုံးမွေးကအစ ကြေးရောင်ပေါက်နေတဲ့ ဘိလပ်မြေအိတ်သယ်သူတွေနဲ့ စကားစမြည် ပြောရင်းနဲ့ ၊ ဘဝဆိုတာကို ရေးရေးလေးတော့ သူ နားလည်စပြုလာပါတယ်။
ဘိလပ်မြေအိတ်သယ်သူတွေဟာ အိတ်တွေသယ်တဲ့အခါ မျက်နှာဖုံးတွေမတပ်ကြပါဘူး။သူတို့ကျန်းမာရေးအတွက် မျက်နှာဖုံးတပ်ပြီး အလုပ်လုပ်သင့်တယ်ဆိုတာကို သိပုံလည်း မရကြဘူး။ ဘိလပ်မြေမှူန့်တွေကြောင့် သူတို့နှူတ်ခမ်းတွေဟာ ခြောက်သွေ့နေပြီး ဆံပင်တွေက ကြေးနီရောင်ပေါက်နေတယ်။မျက်ခုံးမွေးတွေက အနည်းငယ် ဖြူဖွေးနေပြီး မျက်နှာတစ်ခုလုံးမှာ ဘိလပ်မြေမှူန့်တွေ ကပ်ညှိနေတယ်။ သူတို့သာ အဆုတ်ကင်ဆာ၊ အရေပြာကင်ဆာလို ရောဂါတွေရကြရင် ဘယ်က ပိုက်ဆံနဲ့ ဆေးကုကြမလဲ။သူတို့တွေဟာ အလုပ် လုပ်ရင်းနဲ့ ရောဂါမွေးနေနေကြတယ်ဆိုတာကို ဘာလို့မသိကြတာလဲ။ ကောင်လေးက ထပ်ခါ ထပ်ခါ တွေးပါတယ်။ သူ တွေးပေမယ့် အဖြေမရပါဘူး။
ညနေ ရောက်တဲ့အခါ အလုပ်ပင်ပန်းလို့ဆိုပြီး နံစော်စော် အရက်ဖြူသောက်ရင်း သူတို့ရဲ့ နှစ်နာရီစာနဲ့ ညီမျှတဲ့ လုပ်အားခကို ဖြုန်းကြတယ်။အရောင်မွဲပြီး မျော်လင့်ချက်မဲ့နေကြတဲ့သူတို့ကို ကြည့်ရတာ ရေနည်းငါးတွေလိုပဲ စိတ်မောစရာကောင်းလွန်းလှတယ်။ ကောင်လေးဟာ အဲ့ဒီလူတွေရဲ့ အခြေအနေနဲ့ပက်သက်လို့ ထပ်ခါ ထပ်ခါ တွေးပါတယ်။ သူစိတ်မကောင်းပါဘူး။ ဒီပြဿနာတွေရဲ့ အရင်းအမြစ်က ဘာလဲ ဆိုတာကို သူ မေးခွန်းထုတ်တယ်။ ဒီလိုမျိုး အသိ၊ အမြင် နည်းစွာနဲ့ ဘဝကို တရွတ်တိုက်ဖြတ်သန်းနေရသူတွေ ဘာလို့များနေရတာလဲ။သူတို့ဘဝတွေ ပြောင်းလဲလာဖို့ တစ်ဦးတစ်ယောက်ကများ မတတ်နိုင်တော့ဘူးလား။ ဘယ်လိုအခြေအနေမျိုးဆိုရင် သူတို့ဘဝတွေ သက်တောင့်သက်သာရှိနိုင်မလဲဆိုတာ ကောင်လေးစိတ်ထဲမှာမေးခွန်းထုတ်နေမိတယ်။
အဲ့ဒီအလုပ်လုပ်ရင်း သုံးလနီးပါကြာတဲ့အခါ အမေဟာ အိမ်ကို ရောက်လာပြီး စစ်တက္ကသိုလ်ဝင်ခွင့် လျောက်လွှာတင်ဖို့ အတင်းတိုက်တွန်းပါတော့တယ်။
-------- ဆက်ရန်
Nyi Thuta