ရထားပေါ်မှာရှိတဲ့ ရွှေပြည်ကြီးသား၊ ရွှေပြည်ကြီးသူတွေဟာ မီးမှိန်မှိန် မြို့ပတ်ရထားပေါ်က ရန်ပွဲကို စိတ်မဝင်စားကြပါဘူး။ဒီရထားပေါ်မှာ ရှိသူအများစုဟာ အခြေခံ လက်လုပ်လက်စားသမားဖြစ်တဲ့အတွက် တော်ရုံ ရန်ပွဲလောက်ကို စိတ်ဝင်မစားနိုင်ကြပါဘူး။လည်ပင်းညှစ်ပြီး အကြိမ်းမောင်းခံရတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ ရင်ထဲမှာတော့ နာကျည်းစိတ်၊ ရှက်ရွံ့စိတ်တွေနဲ့ ပြည့်နှက်နေတယ်။ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန် ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့ စိတ်နဲ့ အလုပ်ဝင်လုပ်ခဲ့ပေမယ့် ၊ဒီလိုမျိုး ကူညီရာမဲ့စွာ အနိုင်ကျင့်ခံရမယ်လို့တော့ မျော်လင့်မထားမိခဲ့ပါဘူး။
အဲ့ဒီအချိန်တုန်းက ရွှေပြည်ကြီးရဲ့အခြေအနေဟာ ရထားပေါ်မှာတင်မဟုတ် လမ်းတွေပေါ်၊ ကားတွေပေါ်၊ အဆောက်အဦ တွေ ပေါ်မှာလည်း လက်လွတ်စပယ် အနိုင်ကျင့်မှူတွေ၊ နိုင်လိုမင်းထက် လုပ်လိုတဲ့ စိတ်တွေနဲ့ ပြည့်လျှံနေပါတယ်။အာဏာရှိသူတွေက အာဏာအသုံးပြု နိုင်လိုမင်းထက်လုပ်ကြသလို၊ ဓန အင်အားရှိသူကလည်း ဓနအင်အားကို အသုံးချကြတယ်။သာမန်လက်လုပ်လက်စား ရွှေပြည်ကြီးသားတွေကျတော့လည်း ခက်ခက်ခဲခဲရုန်းကန်ရ၊ ကားကကြပ်၊ လူကကြပ်နဲ့ ကျပ်တည်းခြင်း ရေအိုင်မှာ ပက်လက်မျောနေကြတဲ့အတွက် စိတ်ရှည်ခြင်း၊စာနာခြင်းဆိုတဲ့ အရာတွေ မှေးမှိန်သွားကြပါတယ်။လူတွေအားလုံးဟာ မာရသွန်ပြေးပွဲမှာ ပန်းဝင်ခါနီး အပြေးသမားလို မောဟိုက်နေကြတယ်။ တချို့တွေက ကြောက်ရွံ့နေကြတယ်။ အခြေအနေအားလုံးနီးပါးဟာ ပုံမှန် အခြေအနေမှာ ရှိမနေခဲ့ပါဘူး။
---- ----- ---- ----- ----- -----
ရထားပေါ်က အဖြစ်အပျက်ကို တုန်လှူပ်မိပေမယ့်လည်း ကောင်လေးကတော့ မြို့ပတ်ရထားကိုသာ စီးဖို့ရွေးချယ်ရပါတယ်။ မနက်ပိုင်းမှာတော့ အလုပ်ကို ရောက်ဖို့ ၂ နာရီခွဲ ကြိုပြီး ကားစီးရပါတယ်။သိမ်ကြီး ဒီ ရုံ ရှေ့မှာ ကားပိတ်နေတဲ့အခါ ဘတ်စ်ကားပေါ်က တိုးဆင်းလို့ ကားလမ်းကူးပြီး အလုပ်ရှိရာကို ခပ်သွက်သွက် နှင် ရပါတယ်။ အလုပ်ကို ကိုးနာရီအတိ မရောက်ရင် မိနစ်ပိုင်းပဲ နောက်ကျစေဦးတော့ တစ်နာရီစာ လုပ်အားခ အဖြတ်ခံရပါတယ်။တချို့ အထည်ချုပ်လုပ်ငန်းက အလုပ်သမတွေဆို လုပ်အားခရဲ့နှစ်ဆ အထိ အဖြတ်ခံရပါတယ်။ ညကိုးနာရီအထိ အပိုချိန် ဆင်းရပါတယ်။ ဘယ်သူမှ ရွေးချယ်ခွင့် မရကြပါဘူး။ အပိုချိန်ဆိုတာ ကိုယ့်ရဲ့သဘောဆန္ဒနဲ့ ဆင်းချင်ရင် ဆင်းလို့ရတယ်။ မဆင်းချင်ရင် မဆင်းဘဲ နေလို့ရတယ်ဆိုတာ သူတို့မသိကြဘူးလေ။အဲ့ဒီတုန်းက ရွှေပြည်ကြီးသားတွေဟာ အကြောက်တရားလှောင်အိမ်ထဲမှာ ကြီးပြင်းပြီး အတောင်ပံဖြတ်ခံထားရတဲ့ဌက်တွေနဲ့တူပါတယ်။ညီသုတလည်း ရွှေပြည်ကြီးသားစစ်စစ် ဖြစ်တဲ့အတွက် တခြားဌက်တွေလိုပဲ ကြီးပြင်းရှင်သန်ရပါတယ်။
အလုပ်ချိန်က မနက်ကိုးနာရီ၊ အလုပ်ဆင်းချိန်က ညနေ ငါးနာရီထိပါ။ ဒါပေမယ့် ဆိုင်သိမ်းတာကို ကူလုပ်ပေးရတာမလို့ ညနေ ငါးနာရီခွဲလောက်မှပဲ ဆင်းရတတ်ပါတယ်။ဖိနပ်ဆိုင်ဖြစ်တဲ့အတွက် ဝယ်သူတွေက အချိန်မရွေးလာတတ်တဲ့အတွက် ထမင်းစာချိန် သီးသန့်မရှိပါဘူး။ ဝယ်သူပါးချိန်ဟာ ထမင်းစားချိန်ပါပဲ။တခါတလေ ဗိုက်ဆာတတ်လွန်းလို့ အလုပ်ဘေးက ကုလားမကြီးရောင်းတဲ့ ငါးဆယ်တန် တိုရှည်မုန့်ကို ဆောင်ထားရပါတယ်။ဒီအလုပ် မလုပ်ခင်မှာ စာသင်တဲ့အလုပ်ကို လုပ်ပါတယ်။ စာသင်တဲ့အလုပ်က အပြင်လောကကြီးနဲ့ သိပ်ထိတွေ့ခွင့်မရတဲ့အတွက် ရှူပ်ထွေးတဲ့လောကကြီးကို မြည်းစမ်းဖို့ အပြင်ထွက် အလုပ် ရှာတဲ့အခါ အခုလုပ်ကို လုပ်ဖို့ဖြစ်လာတာပါ။
အခုဆိုရင် ဝယ်သူရဲ့ခြေထောက်ကို ကြည့်ပြီး ဆိုဒ်နံပါတ်ဘယ်လောက်လဲဆိုတာ ခန့်မှန်းတတ်နေပါပြီ။ဝယ်သူရဲ့အနေအထားကို ကြည့်ပြီး ဘယ်လိုဖိနပ်အမျိုးအစားကို လမ်းညွှန်ပေးရမလဲဆိုတာပါ နားလည်နေသလို ဖိနပ်စည်းတွေကိုထမ်းရတာလည်း စလုပ်တုန်းကလို မလေးတော့ပါဘူး။စလုပ်တုန်းကတော့ ဖိနပ်အမျိုးအစားတွေမှားသယ်ပေးလို့ အဆူအငေါက်ခံရပါတယ်။မှားသယ်ရင် မှားသယ်မိတဲ့ဖိနပ်စည်းကို ကိုယ့်ဘာသာပဲ အပေါ်ထပ်ကို ပြန်သယ်ရတော့ နှစ်ခါပင်ပန်းပါတယ်။အခုချိန်မှာတော့ ဝယ်သူလိုချင်တဲ့ ဖိနပ်အမျိုးအစားနဲ့အရေအတွက် ကို အဆူအငေါက်မခံရဘဲနဲ့ ယူနိုင်ပြီတော့ တော်တော်လေး တိုးတက်လာခဲ့ပါတယ်။
တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်နား ၆ ရက် အလုပ် လုပ်ရင်း မြို့ပတ်ရထားပေါ်က လူရမ်းတွေကိုလည်း ရှောင်တတ်ခဲ့ပါပြီ။ အလုပ်ဘေးက တိုရှည်ဝယ်စားတာထက် ကောက်ညှင်းပေါင်းသုံးဆယ်ဖိုးလောက် ဝယ်စားထားရင် ဗိုက်ဆာတာ ပိုပြီးခံနိုင်တယ်ဆိုတာလည်း သိနေပါပြီ။ ဒီလိုနဲ့ပဲ လုပ်ရင်း၊ ကိုင်ရင်း ဦးလေးတစ်ယောက်ရဲ့အကူအညီနဲ့ အလုပ်ပြောင်းလုပ်ခွင့်ရခဲ့ပါတယ်။
>>>>>> ဆက်ရန်