၂၀၀၆ ခုနှစ် မေလထဲက ရက်တစ်ရက်မှာ Nyi Thuta ဖြစ်လာမယ့် ကောင်လေးတစ်ယောက် ရန်ကုန်ဘူတာကြီးမှာ ရထားထိုင်စောင့်နေပါတယ်။မြို့ပတ်ရထားက အချိန်ဇယားအတိုင်းဆို ၅ နာရီခွဲ ဆိုက်ရမှာပါ။ ဒါပေမယ့် ၅နာရီ မိနစ် ၄၀ လောက်ထိ ရောက်မလာသေးပါဘူး။ကောင်လေး က ရာဂဏန်းသာပေးရတဲ့ တန်ဖိုးနည်းစာအုပ်တစ်အုပ်တစ်အုပ်ကို ဖတ်ပြီး သူ့အချိန်တွေကို ဖြုန်းလိုပါတယ်။ ဒါပေမယ့်လည်း သူပင်ပန်းပြီဖြစ်တဲ့အတွက် လူတွေကိုငေးမောရင်းနဲ့ပဲ သူ့ရဲ့ညနေခင်း အချိန်ကို ဖြုန်းပစ်တာများပါတယ်။
ညနေ ၅ နာရီခွဲဆိုတာ သူ့ရဲ့အလုပ်ဆင်းချိန်ပါ။ ၂၉ လမ်း အထက်ဘလောက်နေ ဘူတာရုံကို လမ်းလျောက်ရင် ဆယ်မိနစ်ဝန်းကျင်လောက်ပဲ ကြာနိုင်ပါတယ်။ဒါပေမယ့် သူကတော့ လမ်း ၃၀ ပလက်ဖောင်းပေါ်မှာ ရောင်းတဲ့ အဖိုးချို စာအုပ်ပါးတွေကို ငေးမောနေလေ့ရှိတော့ ၁၀ မိနစ် ထက် ပိုကြာပြီးမှပဲ ရောက်လေ့ရှိပါတယ်။ ဘယ်လောက်ပဲ သူ နောက်ကျပါစေ.. ၅ နာရီခွဲ ရထားကတော့ သူနဲ့အတူ နောင်ကျမြဲပါပဲ။
တကယ်တော့ သူ့အိမ်ကို မြို့တော်ခန်းမ ရှေ့ကနေ ဘတ်စ်ကားစီပြီး ပြန်ချင်ရင် ပြန်လို့ရပါတယ်။ဒါပေမယ့် ရွှေပြည်ကြီးရဲ့ ထုံးစံအတိုင်း ညနေ ၅ နာရီကျော်ရင် ဘတ်စ်ကားခ နှစ်ဆ ပေးရပါတယ်။ နှစ်ရာတန်ငွေတစ်ရွက်ဟာ သူ့အိမ်အပြန်ခရီးကို အနည်းငယ်သက်တောင့်သက်သာ ရှိစေမှာပါ။သို့သော် ငွေနှစ်ရာဟာ သူရဲ့ တစ်နာရီခွဲစာ လုပ်အားခနဲ့ ညီတဲ့အတွက် သူကတော့ ၁၀ တန် မြို့ပတ်ရထားကို စီးဖို့ပဲ ရွေးချယ်လေ့ရှိပါတယ်။
၁၅ မိနစ်လောက် နောက်ကျပြီး ရထားဟာ ဘူတာဆိုက်လာပါတယ်။ ရထားကိုကြည့်ရတာ ဖျားနေတဲ့အမယ်အိုတစ်ယောက် လမ်းလျောက်ရင်း ညည်းတွားနေသလိုပါပဲ။ ခါရမ်းပြီး လှူုပ်လီလှူုပ်လဲ့နဲ့ အသံမျိုးစုံလည်း စီညံနေပါတယ်။ကောင်လေးကတော့ စီညံနေတဲ့အသံစကြားကတည်းက ပလက်ဖောင်းဘေးကို ရောက်နှင့်နေပါပြီ။ ထိုင်ခုံနေရာ ရဖို့အတွက် သူ အလုအယက်တိုးဝှေ့ရတော့မှာ။ပိုသေချာစေဖို့အတွက် သူ့ပုဆိုးကို ခပ်တိုတိုပြင်ဝတ်လိုက်ပါတယ်။ ကျောမှာချထားတဲ့ ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့ချထားပြီး ကိုယ်နဲ့ကပ်ထားလိုက်ပါတယ်။အခုဆိုရင် သူဟာ ရထားပေါ်တက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ သူလို့ပဲ တောင်းကြီး၊ တောင်းငယ်အသွယ်သွယ်၊ အထုပ်ကြီး၊အထုပ်ငယ်အသွယ်သွယ်နဲ့ တိုးဝှေ့ဖို့စောင့်ဆိုင်းနေကြပါတယ်။ ရွှေပြည်ကြီးရဲ့ ရထားလက်မှတ်ဟာ ရထားစီးရဖို့အတွက်ပဲ အာမခံပါတယ်။ထိုင်ခုံရဖို့ အာမခံ ပေးမထားပါဘူး။စောင့်ဆိုင်းနေတဲ့ ရာနဲ့ချီတဲ့လူတွေအတွက် ထိုင်ခုံနေရာ အလုံအလောက်မရှိတဲ့အတွက် ရထားလက်မှတ်ဝယ်ထားပေမယ့် ထိုင်ခုံနေရာရဖို့ မမျော်လင့်လို့မရနိုင်ပါဘူး။
ကောင်လေးဟာ သူရဲ့ညနေခင်းကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကိုကောင်းကောင်း သိနေပါပြီ။ ရထားရဲ့ နောက်ဆုံးတွဲနဲ့ ရှေ့ဆုံးတွဲတွေဟာ နေရာရဖို့အကောင်းဆုံးနေရာတွေပါပဲ။ ဒါကလည်း အခြေအနေပေါ် မူတည်ပါသေးတယ်။ စင်္ကြအလယ် မှာ ရထားခေါင်းဆိုက်ခဲ့ရင်တော့ နောက်ဆုံးတွဲဆီကို ခပ်သွက်သွက်လေး ပြေးတက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
ရထားတွဲပေါ်ရောက်တဲ့အခါမှာလည်း မှိန်ပြပြ မီးသီးသေးသေးလေး တစ်လုံးလောက်သာ လင်းနေတာကို တွေ့ရစမြဲပါ။ ကျိုးပဲ့နေတဲ့ ပန်ကာဒလက်နဲ့ ပန်ကာအဘိုးအိုလေးတွေကတော့ သူ့ကိုပြုံးပြနေသလိုမျိုး ခါရမ်းနေကြပါတယ်။ပန်ကာအိုလေးတွေကို သူ ပြန်ပြုံးပြဖို့ ကြိုးစားနေဆဲမှာပဲ ခပ်စူးစူးအနံ့ထွက်နေတဲ့ အချဉ်ရည် နီနီရဲရဲ တွေ သူ့ကိုယ်ပေါ်ကို သွန်ချလိုက်သလို တလဟော ကျလာပါတယ်။ ရထားအရှိန်ထိန်းလိုက်တဲ့အခိုက်မှာ ကျပ်ညပ်နေတဲ့လူအုပ်ကြီးရဲ့ အရှိန်က အကြော်သည်ရဲ့ အချဉ်ရည်ခွက်ကို တိုက်သွားဟန်တူပါတယ်။ကောင်လေးက "အောင်မလေး "ဆိုပြီး အော်လိုက်ပြီး ထိုင်ရာကနေ ရုတ်တရက် ထမိလိုက်ပြီး သူရဲ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ရဲ့ ပခုံးကို ထိမိသွားပါတယ်။ အဲ့ဒီအချိန်မှာပဲ ဆဲဆိုသံတွေ မိုးမွန်အောင် ထွက်လာပါတော့တယ်။
အင်မတန် ရိုင်းစိုင်းတဲ့အသုံးအနှူန်းတွေနဲ့ ညစ်ညစ်ညမ်းညမ်း ဆဲဆိုပါတယ်။သူ့ရဲ့ သားအရွယ်လောက်ရှိတဲ့ ဆယ်ကျော်သက်အရွယ်တစ်ယောက်ကို ကြိမ်းမောင်းနေလိုက်တာ ရထားအိုကြီးရဲ့ ညည်းတွားသံတွေ ပျောက်သွားလောက်အောင်ပါပဲ။ ကောင်လေးက သူအပေါ်ကျလာတဲ့ အချည်ရည်တွေကို သုတ်မနေတော့ဘဲ ဆဲဆိုနေတဲ့ လူကြီးကို မျက်နှာချင်းဆိုင်ပြီး မျက်လုံးချင်းပါ ဆိုင်လိုက်ပါတယ်။
"မင်းက ဘာကောင်လဲ။ မကျေနပ်ဘူးလားဆိုတဲ့"အသံနဲ့အတူ လည်ပင်းပေါ်ကို အညှစ်ခံလိုက်တဲ့အတွက် ခပ်သေးသေး သူ့ခန္ဓာကိုယ်ဟာ ရထားအိုလိုပဲ ယိမ်းထိုးသွားပါတယ်။
>>>>>>> ဆက်ရန်