Quantcast
Viewing all articles
Browse latest Browse all 1811

အပျင်းပြေ _ ၁၆

Image may be NSFW.
Clik here to view.
Yekkha Ye Jee's photo.

"သတိတရရေးတဲ့စာ / ညောင်ရမ်း၂၀၀၄" ... (အပျင်းပြေ _ ၁၆)

. . . "ညောင်ရမ်း"ဆိုတာ ကြားဘူးကြမှာပဲထင်တယ်။ မြန်မာရာဇဝင်ထဲမှာ 'ညောင်ရမ်းခေတ်'ဆိုပြီး ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ တချိန်က မြို့ပြနိုင်ငံပေါ့။ ညောင်ရမ်းမင်းသား ဆိုလည်း ကြားဘူးကြမှာပါ။


. . . စကားစပ်ပြီး ပြောဦးမယ် ၊ စာ ဝင်ဝင်ဖတ်ကြတဲ့ အငယ်တွေကိုပါ။ မြန်မာမင်းတွေရဲ့ နာမည်တွေအများစုက မြို့ရွာနာမည်တွေပဲ ဆိုတာပြောချင်တာ။ မင်းတုန်းမင်း ဆိုတာ မင်းတုန်းမင်းသား ဘဝကနေ ဘုရင်ဖြစ်လာတာ။ သူ မင်းသားဘဝတုန်းက အပိုင်စားရတဲ့နယ်က 'မင်းတုန်းနယ်' .. ဒါကြောင့် မင်းတုန်းမင်းသား ၊ နောင် မင်းတုန်းမင်း။ သူ့ညီက ကနောင်မင်းသား(ကြီး)။ ဒါလည်း ဒီလိုပဲ 'ကနောင်'နယ်ကို ပိုင်စားရလို့ပေါ့။ ဘုရင်ဖြစ်ခဲ့ရင် 'ကနောင်မင်း'လို့ခေါ်ကြလိမ့်မယ်။ သီပေါမင်း ဟာလည်း 'သီပေါ'နယ် စားခွင့်ရလို့။ 'မက္ခရာမင်းသား'၊ 'မြင်ကွန်းမင်းသား'၊ 'မြင်းခုံတိုင်မင်းသား'စတာတွေဟာလည်း ဒီလိုပဲ။ ဆိုင်ရာ မြို့တွေ နယ်တွေကို စွဲပြီးခေါ်ကြတာပေါ့။ အဲဒီလို သိရင် ၊ ကိုယ့်လူမျိုး ကိုယ့်ရာဇဝင်ကို နည်းနည်းဖြစ်ဖြစ် စိတ်ဝင်စားတတ်ရင် .. သမိုင်း၊ပထဝီ စတဲ့ အိပ်ချင်စရာဘာသာရပ်တွေဟာ စပ်ဆက်သွားပြီး ကျက်စရာမလိုပဲ မှတ်မိသွားတတ်တယ်။ ဝါသနာပါတဲ့သူဆိုရင်တော့ ငယ်ငယ်က အိပ်ယာထဲမှာ အမေပြောပြတဲ့ ပုံပြင်နားထောင်ရသလို မျက်လုံးအပြူးသားနဲ့ ကြီးတဲ့အထိ မမေ့တော့ဘူး။

. . . ကျွန်တော်က မျက်လုံးအပြူးသားတွေထဲ ပါတဲ့လူမျိုးပဲ။ ပထဝီတွေ ၊ သမိုင်းတွေကို စိတ်ဝင်စားလို့ တမင်ဖတ် ၊ ဖတ်ပြီး မှတ်မိနေ တတ်တဲ့ လူမျိုး။ art နဲ့ science မှာ art ဘက်ကို ကဲယိုင်နေတဲ့ လူမျိုးပဲ။ အဲဒီလိုဘက်ကို စိတ်ဝင်စားလို့မရတဲ့ သူတွေကလည်း သပ်သပ်ရှိကြတယ်။ အဲဒီလူ နှစ်မျိုးနှစ်စားဟာ တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး လက်တွဲလုပ်နိုင်ရင် အကျိုးများပါတယ်။ မဟုတ်ရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်ပြီး တစ်ဦးကိုတစ်ဦးက အထင်သေးတော့တာပဲ။

. . . အဲဒီလို ကျွန်တော်နဲ့ပြောင်းပြန် တစ်ကောင်က ကျွန့်တော့်သူငယ်ချင်း အရင်းဖြစ်ခဲ့တယ်။ art နဲ့ ဝေးတဲ့ကောင်ပေါ့။ science ပိုင်းမှာကျတော့ ကျွန်တော့်ထက် ထက်တယ်။ ဒါ သဘာဝပါပဲ။ . . ဆေးကျောင်းတက်ဖော်တက်ဖက် မမေ့နိုင်တဲ့ အကောင်တွေထဲက တစ်ကောင်ပေါ့။ . . . စာကျက်ရင် ခဏနဲ့ ရတယ်။ တစ်ခုခု အရေးဆို ဖြတ်ထိုးဥာဏ်ကောင်းတယ်။ ကျွန်တော်က နောက်လိုက်ပဲ။ ဂစ်တာတီးတာတောင် သူက ကျွန်တော့်ကို သင်ပေးတာ။ ဒါပေမယ့် အဲဒါမျိုးကျတော့ ကွာသွားပြန်တယ်။ ကျွန်တော်က ၄၈နာရီမပြည့်ခင် ဂစ်တာတီးတတ်ပြီး ၁နှစ်မပြည့်ခင် သူ့ထက်ပိုကောင်းအောင် တီးနိုင်တယ်။

. . . မွေးရာပါ အားသန်မှု နဲ့ ဘဝပေးဥာဏ်အရည်အသွေးရယ် ၊ စိတ်အာရုံကျက်စားရာ ဝါသနာရယ် ကြားမှာ လူတွေဟာ တစစ ပုံစံကွဲထွက်သွားကြတာပါပဲ။ ကျွန်တော်က စာအုပ်ကောင်းလေး တစ်အုပ်နဲ့ အိပ်ယာထဲတစ်နေကုန် နှပ်ချင်တဲ့ အချိန်မျိုး ၊ သူက ဂိမ်းဆိုင်မှာ မန်ယူအသင်းနဲ့ ရွန်နီကို ဂိုးသွင်းခိုင်းနေချင်တာ။ ကျွန်တော်က လက္ဘက်ရည်ဆိုင်မှာ ဆေးလိပ်လေး ၊ လက္ဘက်ရည်လေး နဲ့ သီချင်းနားထောင်ပြီး ဖင်ညောင်းအောင်ထိုင်ချင်တဲ့အခါ ၊ သူက အပေါ် အောက် ဘော်ဒီ မောင်း စာရွက်ကိုင်ပြီး ဘောပွဲရုံပြေးချင်တော့တာ။

. . . ပထမဆုံး မှတ်မိသတိပြုမိတဲ့ အကွဲကတော့ ပျော်ပွဲစားထွက်ခြင်းနဲ့ပတ်သတ်လို့ပဲ။ အတန်းဖော်တွေ ပျော်ပွဲစားထွက်ကြမယ်တဲ့ ၊ လိုက်ကြမလား ၊ ဒါပဲ။ "မင်းလိုက်မလား"ကျွန်တော်မေးတော့ "မလိုက်ဘူး"တဲ့။ "အေး ၊ အဲဒါဆို ငါလည်း မလိုက်တော့ဘူး"လို့ကျွန်တော်ပြောတော့ သူက "မင်းလိုက်ချင်လိုက်သွားလေ ၊ ငါမလိုက်လို့ မင်းမလိုက်ဘူး တော့မဟုတ်သေးပါဘူး ၊ ကိုယ့်စိတ်နဲ့ကိုယ်ဥစ္စာ"တဲ့။ . . . ကျွန်တော်လည်း ဘာမှပြန်မပြောတတ်ဘူး။ သူပြောသလိုလည်း ကျွန်တော်မစဉ်းစားဘူးဘူး။ သူလိုက်ရင် ကျွန်တော်လိုက်မယ် ၊ သူမလိုက်ရင် ကျွန်တော်လည်း မလိုက်ဘူး .. ဒါပဲ။ အဲ .. ကျွန်တော်က အရမ်းလိုက်ချင်ရင်တော့ သူ့ကိုလိုက်ဖို့ ဆွယ်မိမယ်ဆိုတာဝန်ခံရမယ်။ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတာလည်း ဟုတ်တယ် ၊ သူပြောတာ မမှားမှန်းလည်း ကျွန်တော်သိတယ်။"ရှုထောင့်"ဆိုတဲ့ စကားလုံးကို ပထမဆုံးအကြိမ်နားလည်မိတာလည်း ဖြစ်နိုင်ပါတယ်။

. . . နောက်အကြိမ်တွေကျတော့ သိပ်ပြီး အံ့အားတသင့် မဖြစ်မိတော့ဘူးပေါ့ဗျာ။ လက်ဘက်ရည်ဆိုင်ထိုင်တယ်ဆိုတာ .. ကျွန်တော်နားလည်သလိုတော့ဖြင့် .. ဘော်ဒါတွေ အတူသွားမယ် ၊ ထိုင်မယ် ၊ အရေတွေအဖတ်တွေ ရတာရော မရတာရော လျှောက်ပြော အာရိုက်မယ် ၊ သီချင်းနားထောင်မယ် ၊ ကောင်မလေးတွေကြည့်မယ် ပြောမယ် ၊ ဖင်ညောင်း အာညောင်းတော့မှ အတူတူပြန်ကြမယ် ၊ ဒါမျိုး။ . . အမယ် .. သူ့ 'လက်ဘက်ရည်ဆိုင်ထိုင်ခြင်းအမူအကျင့်'က တစ်ဘာသာဗျ။ သွားနှင့် လိုက်ခဲ့မယ် ၊ သို့မဟုတ် သွားနှင့်ပြီ မင်းလိုက်ချင်လည်းလိုက်ခဲ့ ၊ စားပြီးရင် လက်ဘက်ရည်သောက်မယ်၊ ပြီးရင် ပြန်မယ် ၊ သီချင်း .. အဆောင်မှာ နားထောင်မယ် ၊ စကား .. အဆောင်ကျပြောမယ်လေ ၊ လက်ဘက်ရည်ဆိုင်လာတာ လက်ဘက်ရည်သောက်ဖို့ မဟုတ်ဘူးလား ၊ ဒါမျိုး။

. . . ကျွန်တော်က နေမကောင်းလည်း "ဟေ့ကောင် လက်ဘက်ရည်ဆိုင်သွားမယ်"ဆို ထ လိုက်တာပဲ။ စာအုပ်လေးနဲ့ နှပ်ချင်နေလည်း လိုက်တာပဲ။ မလိုက်ချင်ရင်လည်း လိုက်တယ်ဗျာ။ ဒါ "သူငယ်ချင်းဝတ်"လို့ သဘောထားတာကိုး။ သူကတော့ ဒီလို မခံယူဘူး။ "ငါမလိုက်ချင်သေးဘူး ၊ ငါမလိုက်သေးဘူး" .. လို့ ပြောရိုးပြောစဉ် ပြောလိုက်တာပဲ။ တစ်ခါတစ်ခါ အင်မတန်ကွဲလွဲကြတာပေါ့။
Image may be NSFW.
Clik here to view.
Yekkha Ye Jee's photo.
. . . သူနဲ့ ကျွန်တော်ကြားက ခင်မင်မှုဟာ 'ကွဲလွဲမှုကို နှစ်ဦးလုံးက ကြည်ကြည်ဖြူဖြူ လက်ခံခြင်း'ကြောင့် ကြီးထွားလာခဲ့တာပဲ။ သူဘောပွဲ တစ်သောင်းဖိုးလောင်းရင် ကျွန်တော်က နှစ်ထောင်ဖိုးဝင်လောင်းတယ်။ ကျွန်တော်က စာအုပ်ဆိုင်ဝင်မွှေရင် သူက စာအုပ်တစ်အုပ်ကောက်ဖတ်ပြီးစောင့်တယ်။ သူက ဂိမ်းထဲမှာ မန်ယူနဲ့ ဂိုးသွင်းချင်နေရင် ကျွန်တော်က အောစတားနဲ့ ဂိုးပေးတယ်။ ကျွန်တော် စာကျက်တာနှေးနေရင် သူကစောင့်မယ်။ သူစားချင်တဲ့မုန့်ကို ကျွန်တော်က လက်ဘက်ရည်ဆိုင်ထွက်ရင်း ဝယ်လာပေးလိုက်တယ်။ ကျွန်တော့် ကဗျာတွေ ၊ စာတွေ မဂ္ဂဇင်းတိုက်ပို့ရင် တခါတခါလိုက်လာပြီး မြို့ထဲက ကားတွေလိုက်ကြည့် ၊ ကားတွေအကြောင်းပြော လုပ်တယ်။ သူ ဘောပွဲရုံသွားရင် ကျွန်တော်က လိုက်ပြီး တခါတခါလည်း ငိုက်တတ်တယ်။ ပန်းချီပြခန်းလိုဟာမျိုးကနေ ကျွန်တော် ပြန်မထွက်နိုင်ရင် သူထိုင်ပြီး ငိုက်ရင်းစောင့်တယ်။ ဒီလိုနဲ့ပဲ .. သူနဲ့ ကျွန်တော် ခင်ကြတယ်။

. . . ဒီကောင့်မှာ နက္ခတ်တစ်ခုတော့ ပါတယ်။ 'အထင်လွဲခံရ'တတ်တဲ့ ကံပဲ။ သူကောင်းအောင်လုပ်နေပါလျက် သူများကတွေ့လိုက်ရင် 'အလကားပဲ'လို့ထင်စရာတွေ အမြဲကြုံရတတ်တယ်။ ကြိုးစားပန်းစားအတန်းတက်နေရင်း ခဏအိပ်မိရင် အိပ်တဲ့အချိန်ကွက်တိ ဆရာနဲ့မိမယ်။ စာကျက်နေတဲ့ ၁၀ခါ ဘယ်သူမှမသိဘူး ၊ ဖဲတစ်ခါရိုက်တာနဲ့ မိမယ် ..၊ ဒါမျိုး။

. . . ဒီလိုနဲ့ပဲ အတန်းတွေကြီးလာတယ်။ နောက်ဆုံးနှစ် အပိုင်း(က) မှာ field trip ဆိုပြီး နယ်တွေကိုလက်တွေ့ကွင်းဆင်းခရီး တစ်လ ထွက်ရတော့ သူနဲ့ ကျွန်တော် အတူ။ အုပ်စုတွေဖွဲ့ကြရတော့ ခင်ရာမင်ရာ ဖွဲ့ကြတာပေါ့ .. ၁၀ယောက် ဝန်းကျင် ၁၄ ဖွဲ့လောက်ရှိတယ်။ သူငယ်ချင်းနည်းတဲ့သူတွေ ၊ လူမုန်းများတဲ့သူတွေ ၊ မိန်းကလေးတွေနဲ့သိပ်မခင်တတ်တဲ့ယောက်ျားလေးတွေ နည်းနည်းမျက်နှာငယ်ရတာပေါ့။ ခေါ်ချင်သူ ရှားလို့။ . . . ကျွန်တော်တို့ နှစ်ကောင်က အဲဒီလိုမျိုးထဲပါတယ်။ ခင်တဲ့ မိန်းကလေးအဖွဲ့ မရှိဘူး။ ဒါနဲ့ပဲ နှစ်ကောင်သား လက်တွဲလိုက်တယ်။ 'ငါတို့ကို ခေါ်လိုသော မိန်းကလေးများ နှစ်ဦးလုံးခေါ်ကြရမည်'လို့ ကြေငြာချက်ထုတ်လိုက်တယ်။

. . . ကိုယ်တွေလိုပဲ ယောက်ျားလေး သူငယ်ချင်းမရှိရှာတဲ့ မိန်းကလေးတစ်အုပ်က လာခေါ်တယ်။ ၉ယောက်တောင်။ ( ရုပ်တွေကလည်း .. ဟီးဟီး ) အဲဒါနဲ့ trip group ဖြစ်သွားရော။ မ၉ ကျား၂ ၊ ပေါင်း၁၁ ယောက်။ မဲနှိုက်တော့ "သာစည်"ပေါက်တယ်။ 

. . . မန္တလေးရထားကြီးနဲ့ သာစည်ကိုသွားကြ ၊ လူနည်းစု ယောက်ျားလေးနှစ်ကောင်ကို လူများစု မိန်းကလေးကိုးယောက်က စောင့်ရှောက်ကျွေးမွေးရင်းနဲ့ ခင်သွား ၊ တကယ့်သူငယ်ချင်းတွေ ဖြစ်လာတယ်။ မထင်မှတ်ထားပဲ trip ဟာ ပျော်စရာကောင်းသွားတယ်။ မထင်မှတ်ထားပဲ ဒီမိန်းကလေးတွေကို ခင်မင်မိတယ်။ ဘယ်လောက်တောင်ဆို အခုစာရေးရင်း သူတို့တစ်ဦးစီကို ခင်မင်စိတ်နဲ့ သတိရမိတဲ့အထိပါပဲ။ သူတို့တွေလည်း ဒီစာကိုဖတ်ရင်းနဲ့ 'ငါတို့'ဆိုတာကို ပြန်သတိရနေကြမှာ ကျွန်တော်သိပါတယ်။ ဘုရားပေးတဲ့ ဘဝရဲ့နှစ်လိုဖွယ်လက်ဆောင်တွေပဲလို့ ကျွန်တော်က မှတ်ယူတယ်။

. . . အားလုံးက အောက်သူအောက်သားတွေပါ။ အညာနဲ့ စိမ်းတယ်။ အဆန်းတွေဖြစ်ပြီး ပျော်လည်းပျော်တယ်။
. . . ပြောချင်တဲ့ ညောင်ရမ်းလည်း ခုမှရောက်တော့တယ်။ ညောင်ရမ်း က သာစည်မြို့နယ်ထဲက တိုက်နယ် ၊ တိုက်နယ်ဆေးရုံရှိတယ်။ မကြီးသေးတဲ့ လက်ထောက်ဆရာဝန် လူပျိုကြီးက ညောင်ရမ်းတိုက်နယ်ဆေးရုံမှာ သွားနေရတယ် ၊ ဆရာဝန်မလုံလောက်လို့။ အဲဒီဆရာဝန် လူပျိုကြီးက သဘောကောင်း ၊ အသက်ကလည်း အစ်ကိုအရွယ်လောက်ပဲ ၊ နောက်ပြီး ဆိုင်ကယ် ၂စီး ၃စီးတောင်ရှိတယ် ၊ တစ်စီးက ဒီတီ ယာမဟာ jumping bike။ ကျွန်တော်တို့ နှစ်ကောင်ကလည်း ဆိုင်ကယ် သိပ်လိုချင်နေတယ် ၊ လျှောက်သွားရမယ်လေ။

. . . ဒါနဲ့ပဲ ရောက်ပြီးနောက်နေ့ညနေမှာ ASအစ်ကိုဆီကနေ ဆိုင်ကယ်သွားတောင်းမယ်ဆိုပြီး နှစ်ကောင်သား ညောင်ရမ်းကိုသွားကြတယ်။ သာစည် _ ညောင်ရမ်းက ၇မိုင် လောက်ပဲဝေးတယ်။ သာစည်ကထွက်တော့ ညနေ၄နာရီထိုးခါနီး။ သူနာပြုဆရာမကြီးရဲ့ စူပါကပ် အဟောင်းလေးနဲ့။ နယ်ခံတွေကပြောတယ် .. 'ခဏပဲ ၊ နာရီဝက်ပေါ့'တဲ့။ အဲဒီည ၇နာရီမှာ ညစာစားပွဲရှိတယ်။ ကျွန်တော်တို့ ဆေးကျောင်းသားအုပ်စုကို မြို့ကဧည့်ခံတာ။ မြို့မိမြို့ဖတွေ ၊ ဌာနဆိုင်ရာအကြီးအကဲတွေ လာမယ် ၊ ဖိတ်ထားပြီးသား။ ကျွန်တော်တို့စဉ်းစားတယ် ၊ အသွားတစ်နာရီ အပြန်တစ်နာရီ ဆိုရင်တောင် ၆နာရီ ပြန်ရောက်ပြီ။ ဟိုမှာ စကားမပြောတော့ဘူး .. နောက် အပြန်မှာ ဆိုင်ကယ်၂စီး ဆိုတော့ ပိုမြန်ဦးမယ်။ ဒီလိုတွေးပြီး ထွက်ခဲ့တယ်။

. . . မထင်ထားတာက စတွေ့တယ်။ လမ်း ပဲ။ ဘယ့်နှယ် လမ်းတွေမှန်း မသိပါဘူးဗျာ။ ဖုန်တွေ သဲတွေချည်းပဲ။ ဆိုင်ကယ်က ကောင်းကောင်းမောင်းလို့မရဘူး။ ကျွန်တော်တို့ မမောင်းတတ်ဘူးလို့ ပြောရင်ပိုမှန်မယ်။ သဲထဲပဲ ကျွံကျွံနေတော့တာ။ စက်ဘီးတွေက ကျော်ကျော်တက်သွားတယ်။ အံ့ဩစရာပဲ .. ဘီးလုံးသေးသေးကလေးတွေက သဲထဲမနစ်ဘူး။ ဆိုင်ကယ်ဘီးကြီးက နစ်နေရတယ်။ မဟုတ်ဘူး ၊ သူတို့နယ်ခံတွေက လမ်းကိုကြည့်တာနဲ့ ဘယ်နားက မြေမာ ဆိုတာကို သိတာ။ ကျွန်တော်တို့က ဘယ်လိုမှ မသိဘူး။ လမ်းကိုတောင်မှ ကောင်းကောင်းမကြည့်တတ်ဘူး။ ကျွန်တော်တို့အရပ်မှာ လမ်းဆိုတာက သိသိသာသာရှင်းနေတယ် ၊ ထင်ရှားတယ်။ ဒီမှာက ကွင်းပြင်ကြီးပဲ ၊ လှည်းဘီးရာတွေ့ရလို့ လမ်းလို့ပြောနိုင်တာ။ လှည်းဘီးရာ မှိန်သွားရင် လမ်းရှာရသေးတယ်။ တော်ကြာ လှည်းဘီးရာနှစ်ခွ ခွဲသွားရင် ဘယ်ဟာလမ်းမှန်း ကျွန်တော်တို့ မသိတော့ဘူး။ နောက်ပြီး လမ်းဘေးမှာ ဆူးတွေရှိသေးတယ်။ ကျွန်တော်ကမှ အညာမှာနေဘူးလို့ သိသေးတယ်။ ဒီကောင်က မသိဘူး ၊ ဆူးဖြူတွေကို ပေါ့ပေါ့မှတ်နေတယ်။ ( တစ်ရက်တော့ စူးရော) . . . ထော်လာဂျီက ကျော်တက်သွားရင် ဘာမှမမြင်ရတော့ဘူး။ မျက်လုံးတွေ နှာခေါင်းတွေ လက်နဲ့ပိတ်ပြီး ၃မိနစ်လောက်ရပ်နေရတယ်။ ပြီးမှ ပြန်မောင်း။ သဲထဲကျွံကျွံပြီး ရုန်းရလို့ ဆိုင်ကယ်က ငယ်သံပါလာတယ်။ အပြန်ကျရင်တော့ ဒီတီနဲ့ပဲလေ လို့ စိတ်ကိုဖြေရတယ်။

. . . ၅နာရီကျော်မှ 'ညောင်ရမ်း'ကို ရောက်ရော။ ဒီကောင်ကတော့ ဘာမှစိတ်မဝင်စားဘူး။ ကျွန်တော်ကတော့ အင်မတန် စိတ်ဝင်စားတယ်။ .. တချိန်က ခမ်းနားထည်ဝါခဲ့ဘူးတဲ့ မြို့ပြနိုင်ငံ မဟုတ်လား။ "ပု ပင်း အင်း တောင် ညောင်ရမ်းခေါင် ကုန်းဘောင်နှစ်ခေတ်ခွဲ"တဲ့ .. တောင်ငူနဲ့ ပထမကုန်းဘောင် ခေတ်ကြီးနှစ်ခု ၊ ဒိုင်နက်စတီကြီးနှစ်ခုရဲ့ကြားက ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ 'ညောင်ရမ်း'။ ဒါတွေ ကျွန်တော်က ပြောတော့ ဒီကောင်က စိတ်မဝင်စား။ ဆေးရုံကိုသာ ရှာပြီးသွားတယ်။ တွေ့နေရတဲ့ ညောင်ရမ်းဆိုတာက ရွာကြီးတစ်ခုပဲ ဖြစ်နေပြီ။ စေတီအဟောင်းတွေ များစွာတွေ့ရတယ်။ မြို့ရိုး(လို့ထင်ရတာ)တွေ တွေ့ရတယ်။ မေးကြည့်တော့ ရွာခံတွေက ချက်ချင်းကောင်းကောင်းမဖြေတတ်ကြဘူး။ စေတီဟောင်း စေတီပျက်ကြီးတွေပေါ် အဝတ်တွေလှန်းထားကြတယ်။ စိတ်ထဲ နှလုံးထဲမှာ မကောင်းလှဘူးဗျာ။ ဘာကိုမကောင်းမှန်းလည်း မပြောတတ်ဘူး။

. . . အုတ်ပုံကြီးတွေ ရှိတယ်။ ရွာထိပ်လိုနေရာမျိုးမှာ စေတီကြီးရှိတယ်။ ရင်ပြင်အကျယ်ကြီးနဲ့ ၊ ပတ်ပတ်လည် ဝင်းခတ်ထားတယ် ၊ တံတိုင်းပေါ့ ၊ အကောင်းကြီးရှိသေးတယ် ၊ မုခ်ဦးလေးခုနဲ့ ၊ စတုရန်းကျတယ်။ ကျွန်တော် သေချာကြည့်တယ် ၊ မြန်မာအုတ်ချပ်ကြီးတွေနဲ့ဗျာ။ တကယ် အထင်ကြီးစရာ၊ ဂုဏ်ယူစရာ။ စေတီကြီးကလည်း တော်တော်ပဲကြီးတယ်။ သေချာထိန်းသိမ်းထားသေးတာဆိုလို့ ဒီတစ်ခုပဲတွေ့ရတယ်။ ဒါတောင် ရွာဘုရားကြီးအဆင့် ဖြစ်သွားပြီ။ စေတီကြီးရဲ့ဆည်းလည်းက ချိုချိုသာသာ မြည်နေတယ်။ တချိန်က ညောင်ရမ်းမြို့ပြနိုင်ငံထဲမှာ မြည်ခဲ့ ချိုမြိန်ခဲ့တာလည်း ဒီဆည်းလည်းသံပဲဖြစ်မလား လို့ ကျွန်တော်တွေးမိတယ်။

. . . ဆေးရုံနားရောက်တော့ ဘုရားပွဲနဲ့တိုးတယ်။ အညာဘုရားပွဲတွေနဲ့ဝေးတာကြာတော့ ကျွန်တော်က ပွဲခင်းထဲလျှောက်ချင်တယ်။ ဟိုကောင်လောတာနဲ့ပဲ ဆေးရုံရောက်တော့ နေဝင်ပြီ။ ဆိုင်ကယ်က မရဘူး ၊ ပျက်နေတယ်တဲ့။ သွားပြီ ၊ ပြန်ရုံပဲ။ . . . ပွဲဈေးတန်းကို ပြန်ဖြတ်ထွက်ပြီး ပြန်ကြတယ်။ ကျွန်တော်က အရုပ်တွေ မုန့်တွေ စပ်စုမိသေးတယ်။ ရွာကထွက်တော့ ၆နာရီထိုးတော့မယ်။ မှောင်စပြုပြီ။ ကဲ .. ခပ်သွက်သွက်မောင်းမှပဲ ဆိုပြီး စမောင်းထွက်တာနဲ့ပဲ ထိန်းခနဲ ဘီးပေါက်သွားတယ်။

.. "ဘယ်လိုလုပ်ကြမလဲ"လို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မေးတယ်။ မဖြေနိုင်ဘူး။ ဘီးဖာလို့ရမယ်ဆိုရင်တောင် နာရီဝက်တော့ ကြာမှာပဲ။ ရွာထဲနဲ့ ၂ဖာလုံလောက် ဝေးခဲ့ပြီ။ ဆိုင်ကယ်ကောင်းရင်တောင် မှီဖို့ မနည်းမောင်းရမှာ။ ရေချိုးချိန် မရဘူး။ လူတွေက ဖုန်အလူးလူးနဲ့ ဘယ်လိုမှ ပွဲတက်ဖို့မသင့်တော်ဘူး။ ပွဲကလည်း မြို့နယ်အဆင့် ၊ သူများနယ်မှာ လူကြီးလူကောင်းအားလုံးက တလေးတစား ဧည့်ခံပွဲလုပ်ပေးတာ။ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ ၊ ဘာဆင်ခြေနဲ့မှ မပျက်ကွက်သင့်တဲ့ ကိစ္စ။

. . . အခက်ပဲ။ ဒီကောင်က ဒါမျိုးတွေဖြစ်နေကျ။ အထင်လွဲခံရနေကျ။ ဒီကောင့် ကံနဲ့ ဓာတ်တော့ ကျွန်တော့်ဆီ ကူးပြီလို့ တွေးမိတယ်။ လူလည်း ချွေးတွေပြန်။ နှစ်ယောက်လုံးလည်း မျက်နှာတွေပျက်။

.. "လာကွာ ၊ ဒီတိုင်းမောင်းကြမယ်"တဲ့ .. သူကစပြောတယ်။ ကျွန်တော်လည်း မောင်းတယ်။ မှောင်လာပြီ။ သဲတွေကို မရှောင်နိုင်ဘူး ၊ လက်ကိုတောင့်ထားပြီးဖြတ်မောင်းရတယ်။ လဲရင် ဆင်းတွန်းတယ်။ တစ်ယောက် တစ်လှည့်စီ မောင်းရတယ်။ ဆိုင်ကယ်ကတော့ တစ်စီးတည်းဆိုတော့ ဝီခေါ်လာတယ်။ . . မှောင်သွားပြီ။ ဆိုင်ကယ်ရှေ့မီးကြီးက လင်းသေးတယ်။ ကျွန်တော်တို့ဟာ လမ်းကို ရှာမတတ်တော့ဘူး။ လှည်းဘီးယာတွေနောက် စွတ်မောင်းရတယ်။ လမ်းခွဲတွေမှာ မစဉ်းစားနိုင်ဘူး။ လူကလည်း ပြတ်လိုက်တာ။ အောက်ပြည်အောက်ရွာနဲ့ တခြားစီပဲ။ အော်ရင်တောင် ကြားမယ့်လူ ရှိ,မထင်ဘူး။ လမ်းဘေးဝဲယာ အိမ်လည်းမရှိ ၊ မေးမြန်းစရာ လူလည်းမတွေ့ရ။ မီးရောင်တစ်ခုတွေ့ဖို့ ၁၅ မိနစ်လောက်မောင်းရတယ်။ အားငယ်လိုက်တာ မပြောပါနဲ့တော့။ တော်တော်ကြီးတဲ့ စိတ်အားငယ်မှုပါပဲ။ ဒီကောင်လည်း ဖြစ်မယ်ထင်တာပဲ။ ဒါပေမယ့် သူရော ကျွန်တော်ရော အားငယ်တဲ့အကြောင်း မပြောဘူး။ အဆင်မပြေတဲ့အကြောင်းမပြောဘူး။ ဘာကိုမှ အပြစ်မပြောဘူး။ မငြီးတွားဘူး။ တစ်ယောက်လက်အံသေလာရင် တစ်ယောက်မောင်းတယ်။ ဆိုင်ကယ်က တအားပူလာတဲ့အခါ စက်သတ်လိုက်တယ်။ ပြီးတော့ တွန်းတယ်။ "မဖြစ်ဘူး ၊ ပြေးရအောင်"လို့ ပြောပြီး ကျွန်တော်တို့နှစ်ယောက် ဆိုင်ကယ်ကို တွန်းပြေးပြေးတယ်။ သဲဖုန်တောထဲမှာ ဘီးပေါက်နေတဲ့ စူပါကပ်ဆိုင်ကယ်ကို တွန်းပြီးပြေးရတာ ဝင်ခံစားကြည့်စမ်းပါ .. ခင်ဗျား ဆိုင်ကယ်စီးတတ်ရင်။ ငါးမိနစ်ထက်ပို မပြေးနိုင်ဘူး ၊ တစ်ယောက်တစ်လှည့်တွန်းပြေးတယ်။ နွားလှည်းတစ်စီးနဲ့တွေ့တော့ လမ်းမှားနေပြီ ၊ ဒါပေမယ့် မဝေးသေးဘူး။ သူတို့ပြောတဲ့ အမှတ်သညာအခေါ်အဝေါ်တွေကို ကျွန်တော်တို့က နားမလည်ဘူး။ တောင်ဘက် ၊ မြောက်ဘက် လို့ပြောရင် ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ဆီမှာ မသုံးဘူးလေ။

. . . ဆိုင်ကယ် နည်းနည်းအေးမလားထင်ရင်ပြန်မောင်း ၊ တအားပူလာရင် ပြန်ရပ်ပြီးတွန်းပြေး။ စကားလည်း မပြောနိုင်ဘူး။ မောတယ်ရယ်လို့လည်း မတွေးဖြစ်ဘူး။ ဗိုက်ထဲမှာ ဘာမှမရှိပေမယ့် မဆာနိုင်ဘူး။ ရေတော့ငတ်တယ်။ ငရဲခဏကျတဲ့ ညခင်းပဲ။ အချိန်ဘယ်လောက်ကြာခဲ့ပြီလဲ ကျွန်တော်တို့ မသိတော့ဘူး။ ခရီးဘယ်လောက်ပေါက်ပြီလဲ ကျွန်တော်တို့ မသိဘူး။ ဘယ်လောက်လိုသေးသလဲ မသိဘူး။ လမ်းမှန်ရဲ့လား မသိဘူး။ လမ်းမှားပြီး ဒီထက်မိုးချုပ်သွားရင် ဘာလုပ်ရမလဲ။ တွေ့တဲ့ရွာမှာ ဝင်အိပ်ရမလား။ တွေ့တဲ့လူကို ပွင့်ပွင့်လင်းလင်း ပြောလို့ စိတ်ချရမလား ၊ တနယ်တကျေးက သူစိမ်းတွေ ဆိုတာသိရင် ဘာဖြစ်မှာလဲ။ အဆင်ပြေမယ်ဆိုရင်တောင် ရွာရှိပါ့မလား။ အဲဒီအထိ ဆီလောက်ပါ့မလား။ . . . ဆိုင်ကယ်ဘီးတော့ သွားလောက်ပြီ။ ဂွေပါ ပျက်စီးတော့မယ်။

. . . မေးစရာလူ မတွေ့တော့ပဲ ရောက်ရာကို ကျွန်တော်တို့ သွားနေတာဖြစ်သွားပြီ။ လမ်းဘေးကို အမှောင်ထဲမှာ တချက်ကျွန်တော်ကြည့်မိတော့ ချောက်ကြီး။ ဟာ .. ခနဲ ဖြစ်မိတယ်။ ကျွန်တော်တို့ အသွားမှာ ချောက် မရှိဘူး။ လမ်းမှားပြီပေါ့။ "ဟေ့ကောင် ဒီဘက်မှာ ချောက်ကြီး"ဆိုတော့ .. "ဒီဘက်မှာလည်း ချောက်ရှိတယ်"တဲ့။ ... ဟုတ်တယ် .. နှစ်ဖက်လုံးမှာ ချောက်ကြီး နဲ့ .. တမျိုးပါလား ဆိုပြီး လူကပိုအားငယ်လာတယ်။ "ငါတို့ ဘယ်ရောက်နေတာလဲ ဟေ့ကောင်" .. "ငါလည်း ဘယ်သိမလဲကွ ၊ ဟိုးရှေ့နားက မီးရောင်ကျ အော်မေးကြတာပေါ့"ဆိုပြီး ပြေးရပြန်တယ်။ ချောက်ထဲလိမ့်မကျအောင်လည်း အမှောင်ထဲ ကြည့်ရတယ်။ မီးရောင်နားနီးတော့ ကျွန်တော်တို့ လှမ်းအော်တယ် .. "ဗျိုး ၊ သာစည်မြို့ကို ပြန်ချင်လို့ပါ ၊ ဧည့်သည်တွေပါ" .. ဆိုတော့ "ဒါ သာစည်ပဲ"တဲ့။ ဟာခနဲ ဝမ်းသာလိုက်တာ ၊ သို့သော် ဘယ့်နှယ် ချောက်ကမ်းပါးမှာ သာစည် ဖြစ်ရပါမလဲ လို့။ "အခု ကျွန်တော်တို့ရောက်နေတာ သာစည် ဘယ်နားလဲဗျ" .. ဆိုတော့ "မင်းလှကန်"တဲ့။ ဩော .. ရေကန်ကြီးရဲ့ ကန်ပေါင်ပေါ် ကျွန်တော်တို့ ရောက်နေတာကိုး။ အဲဒီရေကန်ကြီးက တော်တော်ကြီးတယ် ၊ ရှေးခေတ်ကတည်းက ရှိခဲ့တယ်လို့လည်း ဆိုကြတယ်။

. . . အဲဒီကနေ မြို့ထဲရောက်ဖို့ တော်တော် မောင်းရ ပြေးရသေးတယ်။ မမှီတော့ပါဘူး ၊ တအားနောက်ကျနေပြီ။ ဆေးရုံမှာ ကမန်းကတန်းရေချိုးပြီး ညစာစားပွဲရောက်တော့ လူကြီးတွေတောင် ပြန်ကုန်ပါပြီ။ မိခင်နှင့်ကလေးက ဆရာဝန်အစ်မတစ်ယောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့ကို တော်တော်စိတ်ပျက်လက်ပျက်ပြောပြီး ပြန်သွားတယ်။ မိန်းကလေးတွေမှာ ရှက်တာပေါ့။ ငိုသူငိုပြီး ၊ အော်သူအော်ကြတယ် .. ကျွန်တော်တို့နှစ်ယောက်ကို။ ဟုတ်ပါတယ် .. ပါတာက ယောက်ျားလေး နှစ်ယောက် ၊ ဒီလိုမျိုး တစ်အုပ်စုလုံးကို အရှက်ရစေတာ လွန်တာပေါ့။ ဒါပေမယ့်လည်း .. ဒါတွေကြောင့်ပဲ ကျွန်တော်တို့တစ်တွေဟာ ပိုမို ခင်မင်ခဲ့ကြရတာလည်း ဖြစ်နိုင်ပါတယ်။ သူစိမ်းဆိုတဲ့ အခွံတွေ မြန်မြန်ကွာကျရတာပေါ့။

. . . အဲဒီညခင်း အကြောင်းပြန်ရေးရတာ ခုတောင် ရင်မောပါရဲ့ဗျာ။ အမှန်ပြောရရင် အဲဒီအချိန်မှာ ကျွန်တော်ဟာ တစ်ခုခု၊ တစ်စုံတစ်ရာကို အပြစ်ဖို့လိုက်ချင်တာ အမှန်ပါပဲ။ ဘီးပေါက်တဲ့ ဆိုင်ကယ်ကိုဖြစ်ဖြစ် ၊ ပျက်နေတဲ့ ဒီတီဆိုင်ကယ်ကို ဖြစ်ဖြစ် ၊ ဖုန်တွေသဲတွေထူလွန်းတဲ့ လမ်းကိုပဲဖြစ်ဖြစ် ၊ နှောင့်နှေးစေတဲ့ ဘုရားပွဲကိုဖြစ်ဖြစ် ၊ ကျွန်တော်ကို အချိန်ကုန်စေတဲ့ ညောင်ရမ်းမြို့ဟောင်းကိုပဲဖြစ်ဖြစ် ၊ သူငယ်ချင်းဒီကောင့်ရဲ့ နက္ခတ်ကိုဖြစ်ဖြစ် .. နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဘာကိုမှ ကျွန်တော်အပြစ်မပြောဖြစ်ခဲ့ပါဘူး။ ဒီကောင်လည်း ဒီလိုပဲ ၊ အပြစ်မပြောဘူး ၊ အပျက်မပြောဘူး ၊ အားပျက်စေမယ့် စကားတခွန်း မဆိုခဲ့ဘူး။ ဒီနေ့ ကနေပြန်ကြည့်တော့ အဲဒီတုန်းက သူ့ကိုရော ကျွန်တော့်ကိုယ်ကျွန်တော်ပါ အဲဒီလို ပြုမူနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ပြီးတော့ .. ဂုဏ်ယူတယ်။

. . . တကယ်လို့ အဲဒီလိုသာ မဟုတ်ခဲ့ရင် ၊ အဲဒီလို မပြုမူနိုင်ခဲ့ရင် .. အဲဒီညက ကျွန်တော်တို့ သာစည်မြို့ကို ပြန်ရောက်ချင်မှ ရောက်လိမ့်မယ်။ ပြန်ရောက်ခဲ့ရင်လည်း ကျွန်တော်တို့ကြားက ချစ်ကြည်ခင်မင်မှုဟာ ဆက်ဖွံ့ဖြိုးရှင်သန်ချင်မှ ရှင်သန်လိမ့်မယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ပုံစံမတူယုံမက အမြင်ပါကွဲလွဲတတ်သေးတာကိုး။

. . . အသွင်ကွဲပေသော်လည်း အတူလက်တွဲပြီးတိုက်ယူကြရတဲ့ ဂိမ်းတွေက ဘဝမှာ များစွာ .. မဟုတ်လား။






Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>