Quantcast
Viewing all articles
Browse latest Browse all 1811

ငှက်ကလေး



(၁)
ပြန်ရမည်။ ငှက်ကလေး အတောင်ကုန် အားကုန်ထုတ်၍ ပျံသန်းရမည်။ ဟိုးအဝေး စိမ်းညှို့ညှို့ဆီသို့ ပြန်ရမည်။ အတောင်တွေကို ဖြန့်လိုက်သည်။ ဆတ်ခနဲ ငှက်ကလေးကိုယ်ခန္ဓာက တုန်သွားသည်။
"ကျိ ကျိ ကျိ "
အတောင်ဖြန့်လေ ခန္ဓာက နာကျင်လေဖြစ်နေပြီ။ ဒီလို ဒဏ်ရာနှင့် အဘယ်သို့ ပျံသန်းပြီး ပြန်ရမည် နည်း။ အားကိုတင်းရင်း အတောင်ကိုထပ်ဖြန့်သည်။
"ကျိ ကျိ ကျိ ကျိ "
နားမှရတော့မည်။ ခွန်အားမွေးမှရတော့မည်။ ပျံသန်းနိုင်ဖို့ ဟိုးအဝေးကို ပြန်ရောက်နိုင်ဖို့ ငှက်ကလေး နားရတော့မည်။

(၂)
အဘယ်မျှ ပျော်ဖို့ကောင်းလိုက်ပါသနည်း။ အဘယ်မျှ စိတ်ကြည်လင် ရွှင်လန်းဖို့ ကောင်းလိုက်ပါ သနည်း။ အဘယ်မျှ လွတ်လပ်ပေါ့ပါးလိုက်ပါသနည်း
ကြည်လင်ရှင်းသန့်နေသည့် ကောင်းကင်ပြင်ကြီးထဲတွင် အရှေ့မှ အနောက်၊ တောင်မှ မြောက် မိမိ စိတ်ရှိရာအရပ်ဆီသို့ ပျံသန်းသွားလာရသည့် ဘ၀ကို အဘယ်မျှ မကျေနပ်ဘဲ နေပါမည်နည်း။ ကျေနပ်နေသည်ပေါ့။
သို့သော် ဘ၀ခရီးအစကတော့ သူသူကိုယ်ကိုယ် ခက်ခဲကြတာပေါ့။ နိုင်သူ စားစတမ်း ခွန်အားကြီးသူ နိုင်စတမ်း လောကကြီးမဟုတ်လား။ အသက်နှင့် ဘ၀ရှင်သန်ခြင်းသည် မိဘ၏ ပြုစုစောင့်ရှောက်မှုကြောင့်သာ ကြီးထွားလာနိုင်ခဲ့ရတာ။ အပျံသင်စ အချိန်အခါမှာလည်း အမေက ဂုတ်ကနေစွဲချီပြီး အသက်ဘေးလွတ်အောင် ပြေးခဲ့ရတာလည်း အခါခါ။ ဒီလိုမှပေလည်း ဘ၀က ပိုလို့ရင့်ကျက်လာဟန်ရှိသည်။ အခက်အခဲတွေ့လေ ငှက်ကလေးအတွက် ခွန်အားဖြစ်လေမဟုတ်ပါလား။

ဒီလိုဖြတ်သန်းကြီးပြင်ရင်း ကိုယ့်ခွန် ကိုယ့်အားနှင့် ဘ၀ကို ပျံသန်းနိုင်သည့်အခါ လေအဆန်လည်း ခပ်ထန်ထန်ဖြတ်သန်း ပျံသန်းခဲ့ပြီ။ လေအစုန်မှာ လေအဟုန်စီးရင်းလည်း ပျံသန်းခဲ့ပြီးပြီ။ ကျောကော့အောင် ပူလွန်းသည့်နေ၊ သည်းလွန်းသည့် မိုး၊ ချမ်းအေးသည့် နှင်းများကိုဖြတ်၊ တိမ်ညို၊ တိမ်မဲ၊ တိမ်ထူ၊ တိမ်ပါးတွေကိုဖြတ်ရင်း နေရာဒေသမျိုးစုံကို ဖြတ်သန်းခရီးနှင်ခဲ့ပြီ။
ဒီတော့လည်း မြင်ကွင်းစုံ၊ အရောင်စုံ၊ အကြောင်းအရာအစုံကို မြင်တွေ့ရပြီပေါ့။

(၃)
လှသည် သိပ်ကိုလှသည်။ အေးမြသည် သိပ်ကို အေးမြသည်။ ငြိမ်းချမ်းသည် သိပ်ကို ငြိမ်းချမ်းလှပါ ပေသည်။ စိမ်းညှို့ညှို့တောတောင်တွေထဲက ဖြတ်သန်းစဉ်ကပေါ့။ ကြီးမားလှသည့် အပင်ကြီး၏ ကိုင်းအခက်တွင် နားလိုက်သည်ဆိုလျှင်ပင် လြုံခုံသွားပြီဟု ခံစားမိသည်။ ခြိမ်းခြောက်မည့်သူမရှိ။ အနိုင်ကျင့် မည့်သူမရှိ။ ကိုယ့်ဘ၀ကို လွတ်လပ်စွာ စိတ်ကြိုက် ဖန်တီးနိုင်ခွင့် ရှိလေသည်။
ဘ၀တူ ငှက်ကလေးတွေ၊ ယုန်ကလေးတွေ၊ သမင်လေးတွေ၊ ဒရယ်တွေ၊ ပြီးတော့ ကြီးမားလှသည့် ကျားကြီးတွေ၊ ၀က်ဝံကြီးတွေက သူ့တို့ဘ၀ သူ့တို့ဟန်အတိုင်း ရှင်သန်လှုပ်ရှားနေကြသည်။ ပြေးလွှားဆော့ကစားနေကြသည်။ အပိုအပင်ရိက္ခာ မပါဘဲ ကိုယ့်ဝမ်းအတိုင်းသာ ရှာဖွေစားသောက်ကြသည်။ တောစည်း၊ တောင်စည်းရှိလေသည်။ မဖျက်ဆီးကြ။ သစ္စာရှိကြသည်။

တောနက်ကြီးထဲတွင် ရစ်ခွေစီးဆင်းနေသည့် ချောင်းလေးဘေးတွင် နားရင်း အမောပြေရေသောက် ရသည်မှာ ငှက်ကလေး၏ ရင်ထဲအေးချမ်းလိုက်ပါဘိ။ အပင်ကြီးတွေက သူ့ထက်ငါ ရှင်သန်ကြီးထွား နေကြသည်ကို ဒီစမ်းချောင်းလေးတွေက သံစဉ်တီးခတ်ပေးနေသည့်နယ် တလွင်လွင်ရှိလှသည်။ ဒီတော့ ငှက်လေးက တေးသီဆိုရပြီပေါ့။
တောနက်ကြီးက တည်ငြိမ်သည်။ ရင့်ကျက်သည်။ သို့သော်လည်း ငှက်ကလေး၏ စိတ်တွင် မပြည့်စုံဟု ထင်မိသည်။ ထို့ကြောင့် သွားရမည်။ နေရာဒေသသစ်တွေသို့ ပျံသန်းရမည်။ စူးစမ်းလိုသည်။ ရှာဖွေလိုသည်။ အသစ် အသစ်တွေကို ကြည့်လို၏။ မြင်လို၏။ ကြားလို၏။ ထိတွေ့ ခံစားလိုပါ၏။

ပျံသန်းခဲ့ပြီ။ ပင်ကြီးပင်နွယ်တို့ဖြင့် အုပ်ဆိုင်းနေသည့်၊ စိမ်းမြနေသည့် တောနက်ကြီးကို ပြန်ကြည့် လိုက်သည်။ တစ်နေ့တော့ ပြန်တွေ့မှာပေါ့။ ခုတော့ ပျံသန်းဦးမည် တောနက်ကြီးရေ။

(၄)
အကွင်းအကွက်တွေကို မြင်ရသည်။ တောင်ယာတွေကိုမြင်ရသည်။ မီးခိုတလူလူထွက်နေသည့် တဲအိမ်လေးကို မြင်ရသည်။ လူသားတွေ လှုပ်ရှားနေကြသည်။ စိုက်ကြပျိုးကြ၊ ခုတ်ကြထွင်ကြ လုပ်နေကြသည်။ 
စိုက်ကြစေ။ ပျိုးကြစေ။ ဖြစ်ထွန်းကြပါစေ။ ဒါမှလည်း သီးနှံတွေပေါမည်ပေါ့။ သီးနှံတွေ ပေါမှ ကျေးငှက်တို့အတွက်၊ ငှက်ကလေးတို့အတွက် အစာရေစာပေါများမည်ပေါ့။ ဟိုးဘိုးဘေးဘီဘင်တွေ လက်ဆင့်ပါးခဲ့သည့် စကားလေးရှိသည်။ သူတို့ခေတ်တုန်းက ကျေးငှက်သတ္တ၀ါတွေအတွက် လူသားတွေက သီးသန့် စိုက်ပျိုးကွက်များ ထားပေးသည်တဲ့။ အလှူပေးကြသည်တဲ့။ ယခုရော ရှိပါသေးသည်လော။ ရှိကြသေး သည်လော။ 

မည်သို့ဆိုစေ လူသားတို့ စိုက်ပျိုးသည့် သီးနှံများ အထွက်ကောင်းကြပါစေ။ သို့မှသာ လူသားတို့ ချောင်လည်မည်။ လူသားတွေချောင်လည်မှလည်း တောတောင်တွေ သာယာမည်ဟု ထင်မိ၏။ တောတောင် တွေသာယာမှသာလည်း ဟောဒီကောင်းကင်ပြင်ကြီး သာယာကြည်လင်မည်ပေါ့။ ထိုအခါ ငှက်ကလေး လွတ်လပ်စွာ ပျံသန်းနိုင်တော့မည်ဖြစ်ပါပေ၏။
စိမ်းမြမြ လယ်ကွင်းတွေဆီ ဆက်လက်ပျံသန်းခဲ့သည်။ အမြင်အာရုံအေးချမ်းပါပေသည်။ ခြောက်သွေ့ သွေ့ယောင်းနေသည့် လယ်ကွင်းပြင်တွေကို မြင်တွေ့ချိန်က ခံစားရသည့် ခံစားရမှုအာရုံနှင့် အရှေ့နှင့်အနောက်ပမာ ကွာခြားလှပေ၏။ 

ကြီးထွားရင့်သန်ကြသည့် ကောက်ပဲသီးနှံ၊ ရှင်သန်ကြီးရင့်နေသည့် ဆန်စပါးတို့ကို ကြည့်မြင်နေသည့် လူသားတို့၏ ကြည်နူးခြင်းအပြုံးမျက်နှာသည် ငှက်ကလေးကို ကူးဆက်လာသည်။ စကြသည်။ ပျော်ကြသည်။ လှုပ်ငန်းခွင်ကို ပျော်ပျော်ကြီး ၀င်ရောက်ကြသည်။ မတော်လောဘတက်နေသည့် မျက်နှာ အရောင်များမရှိ။ သြော် အေးချမ်းလှပါဘိတော့။
ပြုံးကြပါစေ၊ ပျော်ကြပါစေ။ ငှက်ကလေးလည်း ပြုံးပြုံးပျော်ပျော် ဆက်လက်ပျံသန်းပြီပေါ့။ ခရီးနှင်လေပြီပေါ့။

(၅)
တစ်ခါတစ်ရံ မကြားခြင်းသည်လည်း ကောင်း၏။ မမြင်ခြင်းသည်လည်း ကောင်း၏။ အနိဋ္ဌာရုံ အကြား၊ အမြင်တို့ကို ထိတွေ့ရခြင်းသည် စိတ်ကို ညစ်နွမ်းစေသည် မဟုတ်လား။ တစ်ခုတော့ သက်သာသည် ငှက်ကလေးပေမို့ မြင်တိုင်းလည်း နားမလည်၊ ကြားတိုင်းလည်း မသိချေ။ မသိမနားလည်ခြင်းသည်လည်း တစ်ခါတလေ ကောင်းသည်လေ။ 

"ကယ်ကြပါဦး ကယ်ကြပါ ရှင် "
"သူခိုးဗျို့ သူခိုး သူခိုး "
"နင်က ဘာကောင်မမို့လဲ အင့် ဟယ် "
"ဖြန်း "
"ခွပ် ဒုတ် ဒုတ် ခွပ် "
"ဇွပ် "
"သေပါပြီဗျ "

အော်သံတွေကို ကြားရသည်မှာ မသက်သာလှ။ နားမချမ်းသာလှ။ ဒီမြို့ကြီးကို ဖြတ်လာသည်မှာ မှားရော့လေထင်။ သြော် သို့ပေမယ့် အတွေ့အကြုံပဲလေ။ ချမ်းသာစရာကြီးပဲ ဘယ်လိုတွေ့ကြုံရမလဲ။ အဆိုးတွေလည်း ရှိမည်။
"ဂျိန်း "
"ဒုန်း "
"ဟာ သေကုန်ကြပြီထင်တယ် ကားတွေကတော့ သွားပြီ။ ကြေမွကုန်ပြီ "
"လမ်းလျှောက်နေတဲ့သူကို ဆိုင်ကယ်က နောက်က၀င်တိုက်တာတဲ့ "

ဘာတွေလဲ။ ဘာတွေ ဖြစ်ကြပြန်ပြီတဲ့လဲ။ လူသားတွေ၏ မျက်နှာတွင် အဆီတို့ဝင်းနေသည်။ နီမြန်း နေသည်။ ချွေးစေးတို့မြင်ရသည်။ မျက်လုံးတို့က ၀င်းနေသည်။ မီးလျံကထွက်သည့် အလင်းရောင်မျိုး။ လူသားတွေကိုကြည်ရင်း ငှက်ကလေး မောပန်းရပေပြီ။ နားရတော့မည်။ အိမ်တစ်အိမ်၏ အမိုးပေါ်တွင် နားလိုက်သည်။ အညောင်းအညာ ဆန့်လိုက်သည်။ အတောင်ပံတွေကို ခတ်လိုက်သည်။ အသက်ကို တစ်ဝရှူရှိုက်လိုက်သည်။
"ကျိလိ ကျိ "
ဘာအနံ့ကြီးလဲ။ မွှန်လိုက်တာ။ ဆိုးလိုက်တာ။ အသက်ရှူရကြပ်သလို ရှိလာသည်မို့ ငှက်ကလေး ကြာကြာပင်နားမနေနိုင် ဆက်လက်ပျံသန်းထွက်ခွာခဲ့တော့သည်။ 

(၆)
"ချလွင် ချလွင် ချလွင် ချလွင် "
အသံလေးက သာယာသည်။ နားထဲစိမ့်ဝင်လာသည်။ 
"ဦးတော်လုပ်လေ သားရဲ့။ ရှိခိုးလိုက်ပါဦး "
နားနေရင်း ကြည့်နေမိသည်။ သိပ်တော့ လူသားတွေများများစားစား မရှိလှ။ လူကြီး၊ လူငယ်နှင့် ကလေး အနည်းငယ်သာတွေ့ရသည်။ 
"ဘုရားရိပ် တရားရိပ်က တကယ်အေးချမ်းတယ်နော် မောင် "
"ဟုတ်တာပေါ့ မေရဲ့ "
"မျက်စိပူ နားပူ တခြားနေရာတွေ မသွားချင်လို့ မောင်ကို ဒီခေါ်တာပေါ့ "

အသံတွေကတော့ဖြင့် ကြားနေရသည်။ ဒီနေရာမှာ နားခိုမိတာ မှန်ပေပြီ။ ရာသီဥတု အေးချမ်းသလို လူသားတွေ၏ မျက်နှာက အေးချမ်းနေဟန်ရှိသည်။ သို့သော် ငှက်ကလေး ဆက်လက်ပျံသန်းရဦးမည်။ တွေ့ချင်ကြုံချင်သည်ကိုး။
သွေ့ခြောက်ခြောက် အပင်တွေကို ဖြတ်သည်။ ဖုန်တထောင်းထောင်းထနေသည့် လမ်းတွေပေါ်က ဖြတ်ပျံသည်။ ဒဏ်ရာဒဏ်ချက်လား၊ အပေါက်အပြဲတွေကို ဖာထေးထားသည်လားမသိသည့် အကွက်ထနေ၊ လှိုင်းတွန့်နေသည့် ခေါင်မိုးတွေကိုတွေ့မြင်ရသည်။ အဲဒီခေါင်မိုးတွေအောက်မှာရော ဘာတွေရှိသနည်း။ မည်သည့်အသံတွေကြားရမည်နည်း။

တော်ပြီ မကြားချင်လှတော့။ ဆူလွန်းသည်။ ညံလွန်းသည်။ ဆက်လက်ပျံသန်းလာလိုက်သည်။ အဝေးတစ်နေရာရှိ သစ်ပင်ကြီးတွင် နားလိုက်သည်။ ဟိုး တောနက်ကြီးထဲက သစ်ပင်ကြီးလိုမဟုတ်။ ထီးတည်းမို့ သိပ်တော့မအေးချမ်းလှ။ သြော် တောနက်ကြီးကို လွမ်းလိုက်တာ။ တောနက်ကြီးထဲမှာတော့ တောစည်း၊ တောင်စည်းနှင့် အေးအေးလူလူရှိလှသည်။
ဖြတ်ခဲ့သည့် မြို့ကြီးမှာရော၊ ရွာကြီးမှာရော မြို့စည်း ရွာစည်းမရှိသလော။ လူသားတွေမှာရော လူ့စည်း ရှိပါ၏လော။ 
"ဖတ် "
"ကျလိ လိ ကျလိ "
"ဘုတ် "
ငှက်ကလေး ခဲထိမှန်ပြီး ပြုတ်ကျသွားသည်။
"ထိသွားပြီဟ။ ဟိုမှာ ကျသွားပြီ မြန်မြန်လိုက်ကောက်ဟ "

အသံများကြားရသည်။ ငှက်ကလေး၏ အမြင်အာရုံကတော့ ခပ်ဝါးဝါးသာ။ ငှက်ကလေး အားရှိသမျှ အတောင်ပံတွေ ခတ်ပစ်လိုက်သည်။ ကောင်းကင်ပြင်ထဲသို့ ထိုးတက်သွားသည်။
"ပျံသွားပြီဟ အဲဒါကြောင့် မြန်မြန်ဖမ်းပါဆိုမှ "
ငှက်ကလေး အားကုန်ပျံသန်းလိုက်သည်။ ဘယ်ဆီရောက်ပြီနည်း။ ဘယ်ကိုရောက်နေပြီနည်း။ တွေ့ရပြီ မြင်ရပြီ။ ဟိုး အဝေးက တောအုပ်ကလေး။ ပျံသည် အားကုန်ပျံသန်းလိုက်သည်။
"ကျလိ ကျလိ ကျလိ ကျလိ "
ငှက်ကလေး အပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျားဆီတွင် နားလိုက်သည်။ ဆက်ပျံရမည်။ ဟိုးအဝေးက တောနက်ကြီးဆီ ပြန်မှရတော့မည်။

(၇)
ပြန်ရမည်။ ငှက်ကလေး အတောင်ကုန် အားကုန်ထုတ်၍ ပျံသန်းရမည်။ ဟိုးအဝေး စိမ်းညှို့ညှို့ဆီသို့ ပြန်ရမည်။ အတောင်တွေကို ဖြန့်လိုက်သည်။ ဆတ်ခနဲ ငှက်ကလေးကိုယ်ခန္ဓာက တုန်သွားသည်။
"ကျိ ကျိ ကျိ "
အတောင်ဖြန့်လေ ခန္ဓာက နာကျင်လေဖြစ်နေပြီ။ ဒီလို ဒဏ်ရာနှင့် အဘယ်သို့ ပျံသန်းပြီး ပြန်ရမည် နည်း။ အားကိုတင်းရင်း အတောင်ကိုထပ်ဖြန့်သည်။

"ကျိ ကျိ ကျိ ကျိ "
နားမှရတော့မည်။ ခွန်အားမွေးမှရတော့မည်။ ပျံသန်းနိုင်ဖို့ ဟိုးအဝေးကို ပြန်ရောက်နိုင်ဖို့ ငှက်ကလေး နားရတော့မည်။ ယခုတော့ ခဏတာ နားရဦးမည်။
ပြီးမှသာလျှင် တည်ငြိမ်အေးချမ်းလှသည့်၊ တောစည်း၊ တောင်စည်းရှိသည့် တောနက်ကြီးဆီသို့ ငှက်ကလေးပျံသန်းရပေတော့မည်။ ပြန်ရပေတော့မည်။

-----------------

မေတ္တာဖြင့်

မောင်ပိုင် ( လေးမျက်နှာ )
၁၇-၉-၂၀၁၅

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>