၂ဝ၁၄ ခုနှစ် ပြည်သူ့တပ်မတော်စာစဉ် ဝတ္ထုတိုပြိုင်ပွဲ ပထမဆုရ စာမူ
၁-၁၁-၂၀၁၁
တိုင်းအောင်စစ်ဆင်ရေးအမည်ဖြင့် ကချင်ပြည်နယ်သို့ထွက်ရမည့်အကြောင်းသားက လှမ်းသတင်းပို့ သည်။ မဆန်းပါ။ မိုးစွေတွင် လေ့ကျင့်မှုများအကြီးအကျယ် လုပ်နေကတည်းက သဘောပေါက်၏။ သား အမေသည်လည်း တပ်မတော်သား(အငြိမ်းစား)ဇနီးမယားတစ်ယောက်ပီပီ ခံနိုင်ရည်ရှိလိမ့်မည်ဟု ထင်ပါသည်။
“သားသား၊ ရတနာမြတ်သုံးပါးမမေ့နဲ့နော်၊ အိပ်ရာဝင်တိုင်း အဖေနဲ့ အမေကို ရှိခိုးပြီးအိပ်၊ သတိရှိပါ၊ သိပ် အတင့်မရဲပါနဲ့၊ သားငယ် ဘေးအန္တရာယ်ကင်းရှင်းပြီး တိုက်ပွဲတိုင်းအောင်နိုင်ဖို့ အမေဆုတောင်းပေးနေမယ်နော် သား”
“ဟုတ်ကဲ့ပါအမေ”
စပီကာဖွင့်ထားသဖြင့် သားအသံကို ကျွန်ုပ်ကြားနေရ၏။ သားအမိနှစ်ယောက်အလွမ်းသယ် နေကြသည် မှာ ဆယ်မိနစ်ခန့်ကြာသွား၏။
“ရော့.. ရှင့်သား၊ ရှင်ကအသိဆုံး စစ်မြေပြင်ကိစ္စ သေသေချာချာမှာ…”
“သားသား”
“ပြော အဖေ”
“အဖေတို့ သုံးသပ်ထားတာ ကွက်တိပဲနော်..”
“သေချာတာပေါ့ အဖေ”
“သား စစ်သားရှေ့တန်းထွက်တာ ဆန်းတာမှ မဟုတ်တာ၊ ကိုယ့်တပ်မ၊ တပ်ရင်း ဂုဏ်သိက္ခာ၊ မိမိ ဂုဏ် သိက္ခာ ထည့်တွက်၊ အဖေနဲ့အမေ ဒေါင်ဒေါင်မြည်ပဲ၊ အလုပ်အကိုင်လည်း အဆင်ပြေတယ်။ ပြောချင်တာက နောက်ဆံမတင်းနဲ့ကွာ ဒါပဲ…”
“စိတ်ချအဖေ၊ သားကြောင့် သားရဲ့ တပ်ရင်း၊ တပ်မဂုဏ်သိက္ခာ မထိခိုက်စေရဘူး၊ အကောင်းဆုံး ကြိုးစားခဲ့မယ်အဖေ..”
သားရဲ့အသံက တည်ငြိမ်နေ၏။
၁၀-၁၁-၂၀၁၁။
ပွဲဦးထွက်နှုတ်ဆက်ပွဲသည် ကြမ်းလွန်းပါ၏။ တပ်ခွဲမှူးအပါအဝင် အခြားအဆင့်ငါးယောက်တိုင်းပြည် အတွက် အသက်စွန့်သွားသည်။
အလွန်အရေးကြီးသောကာလဟုသတ်မှတ်ရပါမည်။ တပ်ခွဲမှူးကျဆုံးပြီဆိုလျှင် တပ်ခွဲတစ်ခွဲလုံး သိမ်ငယ် သွားတတ်၏။
“သား.. သားဘယ်လိုများဆက်လှုပ်ရှားနေပါလိမ့်…”
တပ်ခွဲမှူးနှင့် ကျဆုံးစစ်သည် အားလုံးသည် သားတပ်ခွဲ၊ သားရဲ့တပ်စုမှ ဖြစ်သည်။ ကျွန်ုပ်တွေးနေမိ သည်။
လူသစ်တန်း ပထမအတွေ့အကြုံ၊ ပြင်းထန်လွန်းသည့်တိုက်ပွဲ ထိုအကြောင်းအရာတွေကို ပေါင်းစုလိုက် တော့ ကျွန်ုပ်ဇနီးကို ဆေးခန်းပို့လိုက်ရ၏။
တစ်ပတ်ခန့်အကြာ သားထံမှ ဖုန်းဝင်လာ၏။ စခန်းကုန်း သုံးကုန်း ရပြီဖြစ်ကြောင်း သတင်းပို့၏။
“အခြေအနေ”
“တော်တော်ဆိုးတယ်အဖေ၊ သားကဆိုးတယ်ပြောရင် အဖေသဘောပေါက်”
“ပေါက်တယ်၊ လက်ရှိအနေအထား”
“အေးဆေးပဲ၊ ရည်မှန်းချက်တော့ လိုသေးတယ်..”
“ဂရုစိုက်၊ သိပ်တော့ အတင့်မရဲနဲ့”
အတင့်မရဲဖို့သာ ပြောနေရ၏။ မနေ့ကပဲ အပတ်စဉ်အတူတူ တပ်ထောက်ဗိုလ်ကြီး မျိုးကိုကို ဖုန်းဆက်၍ သတိပေးသည်။
“အန်ကယ် အောင်အောင့်ကို ထိန်းပါဦး၊ စွတ်ရမ်းနေတယ်လို့ ဒဏ်ရာရစစ်သည်တွေ လှမ်းပြောနေကြ တယ်…”
ဗိုလ်မျိုးကိုကို စိုးရိမ်၍ ပြောပေမယ့် သားစိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မပြောဘဲ ထိန်ချန်ထားလိုက် ၏။ သားလုပ်ရပ်မှန်ပါ၏။ စိုးရိမ်စိတ်၊ ပျော့ညံ့စိတ်ဝင်နေလျှင်စစ်ဦးကျိုးသွားနိုင်၏။
စစ်ပွဲသည် အမှန်က မလွယ်လှပါ။
၈-၁၂-၂၀၁၁။
ဖုန်းမြည်နေသဖြင့် ကျွန်ုပ်ကောက်ကိုင်လိုက်၏။
“ဗိုလ် အောင်အောင်ရဲ့ အဖေလား၊ ကျွန်တော် သူ့တပ်ရင်းမှူးပါခင်ဗျ”
တပ်ရင်းမှူးပါဟု အသံကြားလိုက်ရုံပဲ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိတ်လန့်နေကြ၏။
စစ်မြေပြင်မှ တပ်ရင်းမှူးတစ်ယောက် မိဘများထံ ဖုန်းဆက်ခြင်း၏ အဓိပ္ပာယ်ကို ကျွန်ုပ်တို့ ကောင်း ကောင်းသိ၏။ မျက်နှာညှိုးနေသော ဇနီးသည်ကို ဖြေသိမ့်ဖို့ စကားလုံးမရှိပါ။ ကျွန်ုပ်သည်ပင် ရင်ခုန်နေရပါ၏။
“ဟုတ်ကဲ့ အမိန့်ရှိပါ။ ဗိုလ်အောင်အောင်ရဲ့ အဖေပါခင်ဗျ…”
“ကျွန်တော်ပြောမယ်ဦး စိတ်အေးအေးထားပါ။ အောင်အောင် ဘာမှမဖြစ်ဘူး.၊ ဒဏ်ရာအနည်းငယ် ရတာပါ။ မစိုးရိမ်ရပါဘူး။ အဖေအမေကို မပြောဖို့ တားထားပေမယ့် အခြားနေရာက သိရင် ပိုဆိုးကုန်မှာစိုးရိမ်လို့ ကျွန်တော်ကိုယ်တိုင် ပြောရတာပါ..”
တော်ပါသေးရဲ့၊ ယခုမှ အပူလုံးကျရပါ၏။
“သား ဘာမှ မဖြစ်ဘူးမိန်းမ၊ ဒဏ်ရာ အနည်းငယ်ရတာတဲ့…”
ယခုမှပင် အသက်ရှုချောင်သွား၏..။
“ကျွန်တော် ပြောမယ်ဦး..၊ ကျွန်တော့်အတွက်တော့ ညာလက်ရုံးပြုတ်သွားသလို ဆုံးရှုံးရပါတယ်။ စိတ်ချရပြီး တာဝန်ပေးတိုင်း တစ်ချက်မတွန့်ဘူး၊ အောင်မြင်တဲ့အထိ စွန့်စွန့်စားစားတကယ်လုပ်တဲ့ကလေးပါ။ ကျွန်တော့်ဘဝမှာ စိတ်ကောင်းတကယ်ရှိတဲ့ အောင်အောင့်ကို မှတ်တမ်းတင်ထားလိုက်ပါပြီဗျာ…”
“ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဘယ်နေ့က ဖြစ်တာလဲ ဒဏ်ရာအခြေအနေပြောပြလို့ရမလား ခင်ဗျာ…”
“ဖြစ်တာ ခြောက်ရက်နေ့၊ လည်ပင်းနဲ့ ဘယ်ညှပ်ရိုးကို အစကလေး ရှပ်မှန်ပြီး ဆီးစပ်ကိုတော့ နည်းနည်း ကလေး စိုက်သွားတယ် မစိုးရိမ်ရပါဘူး.။ ”
ဒုတိယဗိုလ်မှူးကြီး တင်မောင်ဦးဖြစ်၏။ သားသည် ဒဏ်ရာ သုံးချက်ရထား၏။ ဆီးစပ်နေရာသည် စိုးရိမ် ရ၏။ သို့သော် တပ်ရင်းမှူး၏ နောက်ဆုံးစကားတစ်ခွန်းကို ကျွန်ုပ်စိတ်ဆိုး၏၊ ဒေါသလည်းဖြစ်ရ၏။ သူ့အမေသိလျှင် ခွင့်လွှတ်မည်မဟုတ်ပါ။ ဒီကိစ္စ သားနှင့်တွေ့လျှင် ရှင်းရမည်၊ ညံ့တာလား၊ မိုက်ကန်းတာလား၊ အ တာလား တော်တော်စိတ်ဒုက္ခရောက်အောင် လုပ်သည့် သားပါလား။
ပြင်ဦးလွင် စစ်ဆေးရုံပါရဂူတို့၏ သုံးသပ်ချက်အရ ခွဲစိတ်လျှင် အန္တရာယ်ရှိနိုင်ကြောင်း အခန့်မသင့်လျှင် ဆေးအဆင့်နိမ့်သွားနိုင်ကြောင်းသုံးသပ်သဖြင့် ခွဲစိတ်ရန် အစီအစဉ်ပျက်ခဲ့ရ၏။
ဆေးရုံတွင်ဆေးစားဆေးထည့် ၁၅ ရက်ခန့်ကုသပြီး ဒဏ်ရာသက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်သည်။ ကျွန်ုပ်နှင့်သား တွေ့ကြပါပြီ။ ပြောချင်သည့်စကားမျိုသိပ်ထားရသည်မှာ နေရခက်လှ၏။ အခါအခွင့် ပေးပြီမို့ ပြဿနာကို ကျွန်ုပ်မှ စလိုက်သည်။
“သားကိုပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ဘဲ အောင့်ထားရတာကြာပြီ။ အခုတော့ ဒဏ်ရာလည်း သက်သာပြီဆိုတော့ ပြောပြီကွာ”
“ပြောကွာ”
သားသည်ငယ်ငယ်က အကျင့်မပျောက်။ အဖေကပြောသည့်အတိုင်း လိုက်ပြော၏။
“မနောက်နဲ့ သေသေချာချာ နားထောင်၊ တပ်ခွဲမှူးကျပြီး နောက်ပိုင်းဖြစ်စဉ်တွေမှာ မိုက်မိုက်ကန်းကန်း ပြန်တိုက် ပြန်ချတာကိုတော့ မပြောလိုဘူး။ အခြေအနေကြောင့်လုပ်ရတယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် ဆီးစပ်အတွင်းမှာ ဘယ်လိုမှ မမြင်နိုင်၊ မခန့်မှန်းနိုင်တဲ့ ဒဏ်ရာကိုသားကခွဲခိုင်းတယ်။ တပ်ရင်းမှူးက လည်း သဘောတူတယ်။ တော်သေးတာပေါ့၊ ဆေးဗိုလ်ကြီး ကန့်ကွက်လို့ အစီအစဉ်ပျက်သွားတယ်။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ အသက်အန္တရာယ်ရှိနိုင်တယ် ဆိုတာ မင်းမသိတာလား။ ဒီလောက်ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်၊ အတွေးအခေါ်မရှိတဲ့ မိုက်မဲတဲ့အလုပ်ကို ဘာကြောင့်လုပ်ရတာလဲ။ တိုက်ခိုက်လာတာ တစ်ပွဲပြီး တစ်ပွဲ မေးလိုက်ရင် ရဲဘော် သုံးလေးယောက်နဲ့ရှေ့ဆုံးမှာ မင်းမှာ ဒီလောက်ပဲ အုပ်ချုပ်ပိုင်ခွင့်ရှိသလား။ မင်းဟာ တပ်စိတ်မှူးလား တပ်စုမှူးလား…”
ကျွန်ုပ်အသံကျယ်လောင်သွား၏။ သားသား လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
“အဖေကလည်း ဘာမှ မသိဘဲ စိတ်ပြောနေတော့တာပဲ.”
သားအသံထွက်လာ၏။ မျက်နှာသည်လည်း အလိုမကျဖြစ်နေ၏။
“သိပ်သိတာပေါ့ကွာ တိုက်ပွဲပေါင်းများစွာတိုက်ပြီးမှ ပင်စင်ယူလာတာပါ။ ဒါမိုက်ရူးရဲတဲ့ အလုပ်ပဲ..။ မင်း အသက်က ငယ်ငယ်ကလေးရှိသေးတယ်။ ရှေ့မှာ ရင်ဆိုင်ရမယ့်တိုက်ပွဲတွေက တန်းစီနေတယ်။ ဒီတစ်ပွဲ ပြီးလို့ ပြီးပြတ်သွားမှာလည်း မဟုတ်ဘူး.။ မသေမချင်း တိုက်နေရမယ့် ကိစ္စ၊ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေဟာ အသက်မသေမှ ဖြစ်ခွင့် လုပ်ခွင့်ရတာကွ…”
သားငြိမ်သွား၏။ သဘောပေါက်ပြီ ထင်၏။ သားအခြေအနေကိုကြည့်ပြီး ကျွန်ုပ်၏ တင်းမာမှုကို လျှော့လိုက်ပြီး ညင်သာသောအသံဖြင့်ပြန်လည် စည်းရုံးလိုက်၏။
“အဖေက သားလေးတစ်ယောက်တည်းရှိတာမို့ ထက်မြက်စေချင်တယ်။ နိုင်ငံအတွက် ခေါင်းဆောင် ကောင်း တစ်ယောက်အဖြစ် မြင်ချင်တယ်။ သားရဲ့ အစ်မနှစ်ယောက်ဆိုရင် သူတို့မောင်လေးရဲ့ သတင်းဆိုး တွေကို မကြာမကြာ ကြားနေရတော့ ရူးမလောက်ခံစားနေရတာကို သားအသိအမှတ်ပြုဖို့ ကောင်းတာပေါ့။ မင်းအမေ ဆိုရင်လည်းသူ့သားကြောင့် စိတ်ဒဏ်ရာတွေရပြီး နှလုံးရောဂါသည်လို ဖြစ်နေပြီ၊ မင်းတော်တော်ဆိုး တော်တော်မိုက်တဲ့ သားပဲ..”
မိဘ၏ မေတ္တာ၊ စေတနာ၊ အစ်မနှစ်ယောက်၏ သံယောဇဉ်ကြိုးတို့ဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ စည်းရုံးလိုက် ၏။ ပြောချင်တာ ပြောလိုက်ရ၍ ရင်ထဲမှာလည်းပေါ့သွား၏။ ဒီလောက်ဆိုလျှင်သားငယ်လည်း သဘောပေါက် လိမ့်မည်ဟု ထင်ပါ၏။
“အဖေပြောတာတွေအားလုံး သားလက်ခံပါတယ်၊ ဒါပေမယ့် အဖေတို့ခေတ်နဲ့သားတို့ခေတ် အရမ်း ကွာခြားသွားပြီအဖေရ၊ အဖေတို့ခေတ်တုန်းက စစ်ဆင်ရေးထွက်ရင် စစ်ထွက်အင်အား ဘယ်လောက်နဲ့ ထွက် သလဲအဖေ…”
မဆီမဆိုင်စကားကြောင့် ကျွန်ုပ်ပင်ကြောင်သွား၏။
“အနည်းဆုံး ခြောက်ရာ၊ ခြောက်ရာ့ငါးဆယ်ပေါ့…”
“အခုသားတို့ စစ်ထွက်အင်အား အဖေခန့်မှန်းကြည့်..”
ကျွန်ုပ်မသိပါ။ နှုတ်ဆိတ်၍ နေလိုက်၏။
“တစ်ရာကျော်ပဲရှိတယ်အဖေ…”
“ဘာ..တစ်ရာကျော် ဟုတ်လား..”
ကျွန်ုပ်အံ့သြသွား၏။
“တစ်ခြားကိစ္စတွေအများကြီးရှိသေးတယ်။ အခုအဖေ့သားဟာ အရာရှိဆိုပေမယ့် ကျောပိုးအိတ် ထဲမှာ ရိက္ခာဆယ်ရက်စာအပြင် ဗုံးသီးပါထပ်သယ်ရသေးတယ်။ အဖေတို့ခေတ်ကအရာရှိတွေဆို Smart ပဲ၊ Light Equipment နဲ့ ကျောပိုးအိတ်လည်း မပိုးရ၊ ကာဘိုင်ကလေးနဲ့ဆိုတော့ ထခုန်လို့တောင်ရတယ်။ သားတို့မှာ တစ်ထောက်နားပြီး ဆက်ထွက်မယ်ဆိုရင်တောင် ကူမ ပေးမှ ထလို့ရတာအဖေ၊ ချော၊ ပေါ်တာ စနစ်လည်း ချုပ်ငြိမ်းခဲ့ပြီမို့ မြင်း၊ လားမရတဲ့ အချိန်အခါဆို အရမ်းဒုက္ခရောက်ရပါတယ်အဖေ…”
သားရဲ့စကားတွေနားထောင်ရင်း ရင်တွေမောလာသည်…
“အထက်မှာ အဖေပြောခဲ့တာတွေ အဖေ့ဘက်ကကြည့်ရင် မမှားပါဘူးအဖေ၊ ပထမပွဲဦးထွက်ဖြစ်စဉ်မှာ ကျတာနဲ့ ဒဏ်ရာရတာ နှစ်ဆယ်နီးပါး၊ နောက်ပွဲစဉ်တွေနဲ့ပေါင်းလိုက်ရင် သားတို့ အင်အား အရမ်းနည်း သွားပြီ အဖေ၊ တပ်ရင်းမှူးကလည်း အားကိုးတယ်၊ ဆရာတွေ၊ ရဲဘော်တွေဆိုတာလည်း သားအပေါ် ယုံကြည်မှု အပြည့်၊ သားမှသား၊ ကိုယ်ရည်သွေးပြောနေတာမဟုတ်ဘူးအဖေ၊ သားနဲ့ဆိုရင် ဘယ်နေရာခိုင်းခိုင်း တစ်ယောက်မှ နောက်မတွန့်ကြတော့ဘူး။ အဖေစဉ်းစားကြည့်၊ ရည်မှန်းချက်က လိုသေးတယ်။ အင်အားနည်းနည်းနဲ့ ရှေ့ဆက် တိုးရမယ့် ကိစ္စ၊ ဒီအချိန်မှာမှ သားက ဒဏ်ရာက ရပြန်တယ်၊ ဒဏ်ရာရခါစမှာ သွေးကပနေတော့ ဒီအစလေး ခွဲထုတ်လိုက်ရင် လမ်းလျှောက်လို့ရမှာပဲ လို့ တွေးမိတာပါ..။ တပ်ရင်းမှူးကလည်း ဒီအတိုင်းတွက်ပါတယ်။ အဲဒါကြောင့်ပါ။ သားမိုက်တွင်းနက်တာမဟုတ်ပါဘူး…။ ရှေ့ဘာဆက်ဖြစ်ဦးမလဲ ဆိုတာကို နောက်ဆံတင်းမိတာ တော့အမှန်ပဲ..။ သားတပည့်တွေကိုလည်း သားစိတ်မချဘူး၊ စစ်သားဒုက္ခ၊ စစ်သားဘဝကို စစ်သားပဲ သိနိုင်မယ်၊ စစ်သားပဲ ခံစားတတ်မယ်..”
သားပြောတာတွေကြားရတော့ စိတ်မကောင်းဖြစ်ရပြန်သည်။
“ဗန်းမော်ဆေးရုံမှာ ခွဲစိတ်ခန်းကထွက်လာပြီး အဖေတို့နဲ့ အဆက်အသွယ်ပြန်လုပ်တာ အဖေမှတ်မိ လား”
“အင်း မှတ်မိတယ်…”
“ဗန်းမော်မှာပဲ ခွဲစိတ်ဖြစ်ရင် အနာကျက်အောင်စောင့်ပြီး တပည့်တွေဆီကို ပြန်ပြေးဖို့ စီစဉ်ထားပြီးသား.”
သားစကားတွေကို အကွန့်မတက်လိုတော့ပါ။ ဒီလိုဆိုလျှင် သားစိတ်ဓာတ်ကို ကျွန်ုပ် အကဲခတ် လိုက်မိသည်။ ကျွန်ုပ်ကအဖေ။ သားကို ချစ်၏။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ မျှော်မှန်းထား၏။ သားအမေနှင့် အစ်မ တွေသည်လည်း တစ်ဦးတည်းသောသား၊ တစ်ဦးတည်းသော မောင်လေးမို့ တုန်နေအောင် ချစ်ကြ၏။ ထို့ကြောင့် မိသားစု သံယောကဇဉ်၊ မိဘ၏ ချစ်ခြင်းမေတ္တာတွေကို နားလည်စေပြီး ရှေ့ဆက်ရမည့် ခရီးမှာ အမှားမလုပ်မိ စေဖို့ လွန်ကြိုးသဖွယ် ဆွဲတင်ပေမယ့် သားသည် အမိန့်နှင့်တာဝန်ကို ဦးစားပေး၏။ စစ်သားစိတ်၊ စစ်သားခံယူချက်ကို ရှေ့တန်းတင်၏။ ရဲဝံ့စွာစွန့်စားနေကြသော သူ့ရဲဘော်များ၏ ဘဝကိုသာ တန်ဖိုးထားနေ၏။ သား၏ စကားလုံးတိုင်းသည် ကျွန်ုပ်ရင်ကို ထိခိုက်စေပါ၏။ ကျွန်ုပ်မှားပါသည်။ လက်အောက် စစ်သည်များ အပေါ် အရွယ်နှင့်မမျှ မိမိ၏အသက်ကို ထပ်တူထပ်မျှ တန်ဖိုးထားနိုင်သော သား၏ မွန်မြတ်သည့် စိတ်ဓာတ်ကို အဖေတကယ်လေးစားပါတယ် ဟု စိတ်ထဲမှပြောပြီးသားကို အလေးပြုလိုက်၏။
၂၂-၄-၂၀၁၂
ကချင်ပြည်နယ်၊ ပန်ဝါဒေသသို့ ဒုတိယအကြိမ် စစ်ဆင်ရေးပြန်ထွက်၏။ သားသည် တပ်ရေးဗိုလ်ကြီး တာဝန်ထမ်းဆောင်ရင်း နောက်တန်းတွင် ကျန်ခဲ့သဖြင့် မိသားတစ်စုလုံး စိတ်နှလုံးဒုန်းဒုန်းချ၍ အေးချမ်းစွာ နေနိုင်ခဲ့ပါ၏။
လွယ်ဂျယ်စခန်း သိမ်းပိုက်ပြီးသည့်နောက်ပိုင်း မကြာသော အချိန်ကာလတွင် နိုင်ငံတော်သမ္မတမှ တပ်မတော်အတွက် အမိန့်ပြန်တမ်းထုတ်ပြန်၏။ စစ်စခန်းအသီးသီးမှ မိမိတပ်မတော်တပ်ရင်းအသီးသီးတို့သည် ရန်သူ့စခန်းများကို စတင်တိုက်ခိုက်ခြင်းမပြုရန်နှင့် ရန်သူ့ဘက်မှ ထိပါးတိုက်ခိုက်လာလျှင်သာ ခုခံတားဆီးကာ ကွယ်ကြရန် အမိန့်ထုတ်ပြန်၏။
ထိုအခွင့်ကောင်းကိုယူ၍ ရန်သူဘက်မှ အင်အားစုဆောင်းချိန်၊ မိမိတပ်ရင်းများ၏ အားသာချက်၊ အားနည်းချက်တို့ကို သတင်းစုဆောင်းချိန်နှင့် တစ်ဘက်နိုင်ငံ၏ စစ်လက်နက်ခဲယမ်း ကူညီပံ့ပိုးမှုများ စုဆောင်းချိန် ပိုမိုရရှိပြီးနောက် ပန်ဝါဒေသ BP(6)၊ လိုင်ဇာနယ်မြေတစ်ခုလုံးကို ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာတို့ဖြင့် ပူးပေါင်း၍ စစ်အရှိန်အမြင့်ဆုံးသို့ ဖန်တီးလိုက်ကြပါတော့သည်။
စစ်အောင်စည် အောင်မောင်းသံကြားသည်နှင့် ရင်ကော့ခေါင်းမော့ပြီး မြူးတူးကဆုန်ပေါက်တတ်သည့် အာဇာနည်မြင်းပမား သားသည် စစ်မြေပြင်၏ အသံဗလံ မိမိရဲဘော်တို့၏ သွေးမြေခသံတွေကြားလျှင်ပင် ဇာတိ ပြပါလေတော့၏။
၂၀၁၂ ခုနှစ် သြဂုတ်လတစ်လလုံး လေ့ကျင့်မှုများအပြင်းအထန် လုပ်နေသည်ဟု မိဘများထံ သတင်း ရောက်လာ၏။ ဒဏ်ရာအခြေအနေကို စမ်းသပ်နေခြင်းဖြစ်မည်ဟုကျွန်ုပ်သုံးသပ်၏။ သူ့အမေကတော့ စိတ်ပူနေ ၏။
“သား.. ဘာတွေလုပ်နေပြန်ပြီလဲ..”
“အမေကလည်း သားဒဏ်ရာပျောက်နေတာကြာပြီ”
“စစ်ဆင်ရေးပြီးဆုံးတဲ့အထိ ဒီတစ်ပတ်တော့ အေးအေးဆေးဆေးနားလိုက်ပါဦးလား သားရယ်…”
“သား ကျန်းမာရေးအတွက် လုပ်တာပါ အမေ၊ ရှေ့တန်းလိုက်ဖို့ လုပ်တာမဟုတ်ပါဘူး..”
သူ့အမေကျေနပ်သွား၏။ သို့သော် ကျွန်ုပ်နှင့်သား စကားပြောဖြစ်လျှင်..
“သားက အကောင်းပကတိပြန်ဖြစ်နေပါပြီအဖေ၊ နောက်တန်းမှာနေရတာ စိတ်မလုံဘူး၊ တပ်ရင်း အင်အားကို အဖေလည်း သိနေတာပဲ၊ အရာရှိတစ်ယောက်လည်း ထပ်ကျသွားပြန်ပြီ…”
“အဖေသိတယ်သား၊ ဒါပေမယ့် တောင်းတော့ မလိုက်နဲ့၊ တို့တပ်မတော်မှာ သာဓကတွေ အများကြီး ရှိခဲ့တယ်…”
“သားသိပါတယ်အဖေ…”
တပ်ကိစ္စသည် သားကိစ္စဖြစ်၏။ ကျွန်ုပ်တို့နှင့်မဆိုင်ပါ။ အမှန်ဆုံးကို ဆုံးဖြတ်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည် ၏။
၂-၉-၂၀၁၂
သားအသက် ၂၂ နှစ်ပြည့်မွေးနေ့၌ပင် နောက်ချန်ပေးအဖွဲ့နှင့်အတူ စစ်မြေပြင်သို့ထွက်ခွာသွားပါတော့ ၏။ BP(6) တွင် စခန်းထိုင်နေသော မိမိတပ်ရင်းရှိရာသို့ ပူးပေါင်းရန်ဖြစ်၏။
ကျွန်ုပ်တို့ လင်မယားနှစ်ယောက်သည် သားသားအတွက် ဘုန်းကြီးကျောင်းသို့ဆွမ်းပို့လိုက်၊ ကလေးများ ကို မွေးနေ့မုန့်တွေဝေပေးလိုက်နှင့် ပျော်နေကြ၏။
မကြာသောကာလတွင် ရန်သူနှင့် သားသားတို့ တပ်ရင်း၏ ပြင်းထန်သော တိုက်ပွဲသတင်းများ ကြား လိုက်ရပါတော့သည်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ ၁၆ ရက်အထိ ရန်သူ့ဘက်မှ သားသားတို့တပ်ရင်းအား သုံးဘက် သုံးတန်ဝိုင်းရံပိတ်ဆို့ပြီး အစာဖြတ်၊ ရေဖြတ်၊ ရိက္ခာစစ်ကူလမ်းကြောင်းများကိုပါ ဖြတ်တောက်၍ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ကြပြီဖြစ်ကြောင်း ထိတ်လန့်စဖွယ်သတင်းကြားလိုက်ရပါတော့၏။
ထိုပွဲစဉ်သည် ရဲဝံ့စွန့်စားလိုသောစိတ်၊ ရဲဘော်ရဲဘက်စိတ်၊ ထိန်းသိမ်းနိုင်သော စိတ်စွမ်းအား တကယ်ရှိ မရှိ အဆုံးအဖြတ်ပေးသည့် စံပေးတံတိုက်ပွဲကြီးပင်ဖြစ်သည်။
ထိုတိုက်ပွဲတွင် မိမိတပ်မ(-)၏ အစဉ်အလာကောင်း(၈)ချက်ပါ ဆောင်ပုဒ်အတိုင်း အရဲရင့်ဆုံးလုပ် ဆောင်ခဲ့ခြင်းကြောင်း အအောင်မြင်ဆုံးတပ်ရင်းအဖြင့် တပ်မတော်သမိုင်းတွင် မော်ကွန်းတင်နိုင်ခဲ့ပြီး ဖြစ်၏။
တိုင်းအောင်စစ်ဆင်ရေး ကာလအတွင်း အောင်ပွဲအလီလီဆင်နွှဲနိုင်ခဲ့သော ခလရ(၇၇)တပ်ရင်းမှ အရာရှိ စစ်သည်များ၏ ကြိုးစားအားထုတ်မှုအပေါ် နိုင်ငံတော်မှ ထိုက်ထိုက်တန်တန်ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်များမှာ သူရ ၂ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၁၂ ဦး၊ သူရဲကောင်းလက်မှတ် ၁၀ ဦး၊ ဂုဏ်ထူးဆောင် လက်မှတ် ၁ ဦး စုစုပေါင်း ၂၅ ဦး ချီးမြှင့်ခြင်း ခံရ၏။
သားသည် ပထမစစ်ဆင်ရေးတွင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်၊ ဒုတိယစစ်ဆင်ရေးတွင် နိုင်ငံတော်မှ ချီးမြှင့်သည့် သူရဲကောင်းမှတ်တမ်းဝင်ဆုတံဆိပ်တို့ဖြင့် သား၏ သူရဲကောင်းစိတ်ဓာတ်ကို စံပေတံဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီ မဟုတ်ပါလား။
ဤမှတ်တမ်းသည် ကျွန်ုပ်၏ မိသားစုနောက်ကြောင်းကို ကိုယ်ရည်ကိုယ်သွေး ရေးထားခြင်းမဟုတ်ပါ။ ကြမ်းတမ်းသော စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲကျစစ်သည်၊ စစ်သည်၏ မိသားစုများ ဝမ်းနည်းကြေကွဲစရာ မျှော်လင့်ချက်ကုန်ဆုံးချိန် မျှော်လင့်ချက်ကွန့်မြူးချိန်တို့ကို ကျောရိုးခံ၍ မှတ်တမ်းတင်ထားခြင်းသာဖြစ်၏။
အနာဂတ်မြန်မာနိုင်ငံအား လက်ဆင့်ကမ်းတာဝန်လွှဲပြောင်းယူမည့် မျိုးဆက်သစ် ခေါင်းဆောင်လူငယ် များအတွက် အသုံးဝင်မည်ဖြစ်သော သာဓက သင်ခန်းစာများအဖြစ်ရယူနိုင်လိမ့်မည်ဟု မျှော်လင့်မိပါ၏။
ငြိမ်းဖခင်