၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နောက်ပိုင်းမှာ တပ်တွေ အချိန်း အပြောင်း လုပ်ခဲ့သေးတယ်။ တပ်မ တွေရဲ့ ဌာနချုပ်တည်နေရာနဲ့ တပ် ရင်းတွေရဲ့ တည်နေရာကို လိုက်ပြီး ကွပ်ကဲမှု လွယ်ကူအောင် တပ်မလက် အောက်ခံတပ်တွေ အချိန်းအပြောင်း လုပ်တဲ့ သဘောပါ။ အဲဒီမှာ ကျွန် တော် တပ်မပြောင်းရဘဲ ကျွန်တော် တို့ တပ်က တပ်မ ၈၈ ကနေ တပ်မ ၆၆ လက်အောက်ခံတပ် ဖြစ်သွားပြီး ရှေ့တန်းစစ်ဆင်ရေး နယ်မြေက တော့ ကရင်ပြည်နယ် ဖြစ်သွား တယ်။ စစ်တိုက်ရတာချင်းတော့ တူပေမဲ့ သဘာဝကတော့ တော် တော် ကွဲတယ်။ ဗကပနဲ့ စစ်တိုက်ရင် ဗကပရဲ့ စစ်နည်းဗျူဟာအပေါ်မှာ မူတည်ရသလို ကရင်ပြည်နယ် ရောက်သွားတော့ ကေအင်န်ယူရဲ့ စစ်နည်းဗျူဟာအပေါ် မူတည်ပြီး စစ်ကစားရတယ်။ ဒါကတော့ ထုံးစံ ပါဘဲ။ နေရာဒေသနဲ့ သဘာဝအပေါ် မှာ မူတည်ပါတယ်။
အဲဒီအချိန်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရလက်ထက် ရောက်နေပါ ပြီ။ ကျွန်တော်တို့လို သာမန်စစ်သား တွေအတွက်ကတော့ သိပ်မထူးခြား လှပါဘူး။ နေရာပြောင်း၊ ရန်သူ ပြောင်းနဲ့ ရှေ့တန်းပြီး ရှေ့တန်းပါဘဲ။ ဒါပေမဲ့ နယ်ဘက် အုပ်ချုပ်ရေးနယ် ပယ်တွေမှာတော့ ထူးခြားမှုတွေ ရှိလာပါတယ်။ တပ်က အရပ်ဘက် အုပ်ချုပ်ရေးပါ တွဲကိုင်ရတော့ ကျွန် တော်တို့ တပ်ရဲ့ဌာနချုပ် တပ်ခွဲမှူးက မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို တွဲယူ ရတယ်။ တပ်တိုင်းလိုလိုပါဘဲ။ နောက်ပိုင်းမှသာ တပ်က အရာရှိ တွေကို အစိုးရအဖွဲ့ရုံးမှာ တွဲပြီး ခရိုင် နဲ့ မြို့နယ်တွေမှာ သီးခြားအုပ်ချုပ် စေခဲ့တာပါ။ စစ်တိုင်းမှူးတွေကတော့ တပ်ကိုရော နယ်ဘက်အုပ်ချုပ်ရေး ကိုပါ တွဲကိုင်ရပါတယ်။
နဝတတက်လာပြီး သိပ်မကြာ ခင်မှာဘဲ မြို့ကွက်သစ်တွေ ဖော် ထုတ်လာတာကို တွေ့ရတယ်။ ၁၉၉ဝ လောက်က ဖြစ်မယ်။ ထောက်လှမ်း ရေးတပ်ကို မပြောင်းခင် ကျွန်တော် တို့ တပ်တည်ရှိရာ မြို့နယ်မှာ မြို့ကွက် သစ်ဖော်တာ တွေ့ဘူးတယ်။ မဝတ ဥက္ကဋ္ဌက ကျွန်တော်တို့တပ်က ဗိုလ်မှူးဆိုတော့ တပ်က အရာရှိ တော်တော်များများ မြေကွက်ရကြ တယ်။ အရာရှိတိုင်းကိုတော့ မပေးပါ ဘူး။ သူနဲ့ ပလဲနံပသင့်တဲ့သူ တော် တော်များများတော့ ရကြတယ်။ အခြားအဆင့်တချို့လဲ ရကြတယ်။ ကျွန်တော်ကတော့ လျှောက်ကို မလျှောက်တာ။ ကိုယ်နေမှာလဲ မဟုတ်ဘူး ဆိုပြီးတော့ပါ။ ရောင်းစား ရ ကောင်းမှန်း အဲဒီတုန်းက မသိတာ လဲ ပါမယ် ထင်တယ်။ အခုချိန် ပြန်ကြည့်တော့ အဲဒီ မြို့သစ်မှာ ကျွန်တော်တို့ တပ်က အခြားအဆင့် တချို့သာ နေကြတာကို တွေ့ရပါ တယ်။ တကယ်တမ်း ဖြစ်သင့်တာက အမှန်တကယ် နေထိုင်မဲ့ သူကိုသာ ပေးသင့်ပါတယ်။ ၁၉၉၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ နဝတအတွင်းရေးမှူး ၁ ဗိုလ်ချုပ် ခင်ညွန့်က ဌာနဆိုင်ရာ ဝန်ထမ်း အကြီးအကဲတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ထမ်းတွေ အိုးပိုင်အိမ်ပိုင် နေထိုင် နိုင်အောင် မြေကွက်တွေ ဖော်ထုတ် ချမှတ်ပေးလျက် ရှိတယ်လို့ ပြော သွားတာ တွေ့ရပါတယ်။ အစိုးရရဲ့ မူဝါဒက လခစားဝန်ထမ်းတွေကို အိုးပိုင်အိမ်ပိုင် ရှိစေချင်တဲ့ ရည်ရွယ် ချက် ဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြေကွက် လေးငါးဆယ်ကွက် မက ယူထားသူတွေ၊ မြို့ကြီးတိုင်းမှာ ဖော်ထုတ်ထားတဲ့ အကောင်းစား မြေကွက်တိုင်းလိုလို ယူထားသူတွေ ဒုနဲ့ဒေး ရှိနေတာကလည်း မဖြစ် သင့်ဘူး ထင်တယ်။ ကျွန်တော် သိ သလောက်ကတော့ အစိုးရကြောင့် မဟုတ်ဘဲ မကင်းရာ မကင်းကြောင်း နဲ့ ရယူထားကြတာတွေက ပိုများ ပါတယ်။ ကျွန်တော့်ကို မင်းရောလို့ မေးရင် ၁၉၉၄ ခုနှစ်မှာ ဝန်ထမ်း တွေအတွက် ဖော်ထုတ်ပေးတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ ပေ ၄ဝ x ၆ဝ တစ်ကွက်တော့ ရခဲ့ဘူးပါတယ်။ အဲဒီကိစ္စကိုလည်း ၂ဝဝ၄ ခုနှစ် ထောက်လှမ်းရေး တစ်ဖွဲ့လုံး ထုတ်ပယ်ခဲ့တဲ့ ဖြစ်ရပ်မှာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုကို ထွက်ဆို ချက်ပေးပြီး ဖြစ်ပါတယ်။ နိုင်ငံတော် က ပြန်မသိမ်းပါ။
အလားတူ မြို့ကွက်သစ် ဖော် ထုတ်ရေးနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးတစ်ခု လုပ်ခဲ့ရသေး တယ်။ ၁၉၉၃ လောက်က ဖြစ်မယ် ထင်တယ်။ အဲဒီတုန်းက ကျွန်တော်က ဗန်းမော်ထောက်လှမ်းရေးတပ်မှာ တပ်ရေးဗိုလ်ကြီးတာဝန် ထမ်း ဆောင်နေတဲ့ အချိန်ပေါ့။ တပ်မှူးက ဗိုလ်မှူးမင်းသူ။ ဖြစ်တာက မိုးမောက် မြို့နယ်ထဲမှာ။ အဲဒီတုန်းက မိုးမောက်မြို့နယ် မဝတ ဥက္ကဋ္ဌက တပ်က မဟုတ်ဘူး။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ် ဦးစီးမှူး။ မိုးမောက်မြို့နယ်က ကျွန် တော်တို့ ထောက်လှမ်းရေးတပ်ရဲ့ နယ်မြေထဲမှာ ပါတယ်။ မြေကွက် ဖော်တာက လွယ်ဂျယ်ဆိုတဲ့ ရွာ ကလေးမှာ။ လွယ်ဂျယ်က မိုးမောက် မြို့နယ်ထဲမှာ ပါပေမဲ့ တရုတ်ပြည် နယ်စပ်မှာ။ ချောင်းတွေ ဘာတွေ မခြားဘဲ မြေကြောဆက်နေတာ။ တရုတ်ဘက်က ရွာကလားရင်းလို့ ခေါ်တယ်။ နှစ်ရွာတစ်ရွာလို ဖြစ်နေ တာ။ ကြားမှာ လမ်းနဲ့ နယ်ခြား ကျောက်တိုင်လေး တစ်ခုဘဲ သတ် မှတ်ထားတာ ရှိတယ်။
လွယ်ဂျယ်ကမြန်မာနိုင်ငံဆိုပေမဲ့ မြန်မာအစိုးရရဲ့ သြဇာသက်ရောက်မှု အားနည်းတဲ့ နေရာတစ်ခုပါ။ အရင် ကရော အခုချိန်ထိပါ ကေအိုင်အေ ကြီးစိုးမှု များပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ အချိန်၊ ငြိမ်းချမ်းရေး ရယူထား တဲ့ အချိန်ဖြစ်တဲ့အတွက် အစိုးရရဲ့ သြဇာ အတန်သင့် ရှိနေခဲ့ပါတယ်။ တရုတ်ဘက်ကတော့ သူတို့ နယ်စပ် အထိ သြဇာသက်ရောက်မှု အပြည့် ရှိတာ တွေ့ရတယ်။
တရက်မှာ မိုးမောက်တပ်ဆွယ် မှူးက သတင်းပို့တယ်။ လွယ်ဂျယ်မှာ မြို့ကွက်သစ် ဖော်နေပြီ။ မြေကွက် တွေလဲ ချထားပေးတော့မယ်ပေါ့။ အဲဒီမှာ တပ်မှူးက ဘယ်သူ့ အစီအစဉ် နဲ့ လုပ်တာလဲ။ ဘယ်သူတွေကို ချထားပေးပြီးပြီလဲ။ စုံစမ်းပါ ဆိုပြီး ညွှန်ကြားပါတယ်။ သေချာ စုံစမ်း ကြည့်တော့ လွယ်ဂျယ်မှာတော့ မြို့ကွက် မရိုက်ရသေးဘဲ မြေပုံပေါ် (စာရွက်ပေါ်) မှာ အကွက်ချပြီး မြေနေရာတွေကို ခွဲဝေ လျာထားခဲ့ တာ တွေ့ရတယ်။ အဲဒီထဲမှာ ကျွန် တော့်အတွက် တစ်ကွက်၊ တပ်မှူး အတွက်တစ်ကွက် ထည့်ဆွဲထားတာ တွေ့ရတယ်။ တိုင်းမှူး၊ ဗျူဟာမှူးနဲ့ ခဝတ ဥက္ကဋ္ဌတို့တွေအတွက်လဲ ထည့် ဆွဲထားတာ တွေ့ရတယ်။ အဲဒီတုန်း က မြေဈေးဆိုလျှင် အညံ့ဆုံးအကွက် ကို တရုတ်ယွမ် လေးသောင်းလောက် တော့ ပေါက်မယ်ထင်တယ်။
သေချာပေါက် ပြောနိုင်တာ ကတော့ မြေကွက်ရတဲ့ သူတွေက ရောင်းစားကြမှာ အမှန်ဘဲ။ ဝယ်မယ့် သူကလည်း မြန်မာတွေတော့ ဖြစ်နိုင် မယ် မထင်ဘူး။ မဝတ ဥက္ကဋ္ဌက တော့ သူ့ရဲ့ အစီအစဉ်နဲ့ လျာထား ချက်ဘဲ ရှိပါသေးတယ်။ ခဝတနဲ့ ပဝတကို မတင်ပြရသေးဘူးလို့ ပြော ပါတယ်။ ပြည်တွင်းမှာ ပြဿနာ မရှိ ပေမဲ့ နယ်စပ်မှာက နိုင်ငံလုံခြုံရေး နဲ့ ဆိုင်သလို နိုင်ငံပိုင်မြေ သူများ လက်ထဲရောက်လို့လဲ မဖြစ်သင့်ဘူး။ အဲဒါနဲ့ ကျွန်တော်တို့က လွယ်ဂျယ် မှာ မြို့ကွက်ရိုက်ဖို့ စီစဉ်နေကြောင်း နဲ့ လတ်တလော အခြေအနေအရ ဆောင်ရွက်ရန် မသင့်သေးကြောင်း ကျွန်တော်တို့ရဲ့ အထက်ဌာနနဲ့ တိုင်းမှူးကို တင်ပြခဲ့တော့ အဲဒီ အစီ အစဉ် ပျက်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ တာဝန်ရှိသူတွေ အနေနဲ့ အကောင်းကို ဖန်တီးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ခဝတ ဥက္ကဋ္ဌနဲ့ ပဝတဥက္ကဋ္ဌ မသိသေးဘူး ဆိုတာလဲ မှန်ချင် မှန်မှာပါ။ ကျွန် တော်တို့အနေနဲ့ အသာလေး မှေး ထားပြီး နေမယ်ဆိုလဲ ရတာပါဘဲ။ အဲဒီတုန်းက တပ်မှူးစဉ်းစားတာက ဒီကိစ္စက လူကြီးတွေ သိသင့်တယ်။ နယ်စပ်ဒေသတစ်ခုကို ဖွံ့ဖြိုးတိုးတက် ဖို့နဲ့ နိုင်ငံလုံခြုံရေး ချိန်ဆနိုင်အောင် တင်ပြဖို့ ငါတို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စလဲ တင်ပြီးရော အစီအစဉ်ပျက်သွားပြီး အဲဒီ မဝတ ဥက္ကဋ္ဌကို မိုးမောက်မြို့နယ်ကနေ တခြားမြို့နယ် တစ်မြို့နယ်ကို ပြောင်း ပေးလိုက်တာ တွေ့ရတယ်။ ထောက် လှမ်းရေးကိုတော့ တော်တော် အမြင် ကပ်သွားမယ် ထင်တယ်။
သာမန်အားဖြင့် ဒီလို ကိစ္စတွေ မှာ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ တာဝန်မရှိပါဘူး။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးသတင်းတွေ မှာသာ အဓိက တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေ အပါအဝင် အောက်ခြေမှာ ဖြစ်ပျက်နေတာတွေ ကို အထက်က အကြီးအကဲတွေ သိချင်လို့ စုံစမ်းစေခိုင်းရာကနေ တဖြည်းဖြည်း ကိစ္စတော်တော်များ များမှာ တာဝန်ရှိလာရသလို တဖြည်း ဖြည်နဲ့ ထောက်လှမ်းရေးရဲ့ သြဇာ သက်ရောက်မှု နယ်ပယ်ဟာလဲ လိုအပ်တာထက် ပိုမိုကြီးထွားလာခဲ့ ရပါတယ်။ ဒါဟာ လိုအပ်တဲ့ ယန္တရား ကို စနစ်တကျ တည်ဆောက်မှု အားနည်းပြီး လုပ်ငန်းတာဝန်နဲ့ လုပ် ပိုင်ခွင့် (delegation of authority) မပြတ်မသား ဖြစ်စေခဲ့တယ်လို့ မြင်ပါ တယ်။
(ဆက်လက်ဖော်ပြပါမည်)
ဝင်းနိုင်သောင်း