အခန်း (၁)
ကိုယ်ပိုင်လုပ်ငန်းရွေးချယ်ခြင်း
စီးပွားရေးဆိုင်ရာ စာအုပ်စာပေတွေနဲ့ တက်ကျမ်းတွေကို ကြိုးစားဖတ်ရှု့ခဲ့ပေမယ့် ဗဟုသုတ ရတာကလွဲလို့ ဘယ်လိုအထောက်အကူမျိုးမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု့ဆိုင်ရာ စာအုပ်တွေကလည်း ကုမ္ပဏီကြီးတွေ၊ စက်ရုံအလုပ်ရုံကြီးတွေနဲ့ အုပ်ချုပ်သူလူတန်းစားတွေအတွက်ပဲ ရည်ညွှန်းရေးသားထားတယ်လို့ ခံစားမိပါတယ်။ Small Business လုပ်ငန်းလေးတွေ လုပ်ချင်ကြတဲ့ Entrepreneur လေးတွေအတွက်တော့ အားကိုးလောက်တဲ့ စာအုပ်စာပေတွေ နည်းနေသလိုပါပဲ။ ဒီစာစုဟာ လိုအပ်ချက်တွေရှိပြီး မပြည့်စုံမှန်း သိပေမယ့်လည်း ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေနဲ့ သင်ယူ လေ့လာခဲ့မှု့တွေကို ပေါင်းစပ်ပြီး ပန်းတိုင်ကို အနီးကပ်ဆုံး လမ်းညွှန်ပေးမယ့် Guide Map လေးတစ်ခုကို အကြမ်းဖျဉ်း ရေးဆွဲကြည့်တဲ့ သဘောပါ။ ပန်းတိုင်ဆီရောက်အောင် မညွှန်နိုင်တောင် ဖြတ်သန်းရ မယ့် တောရဲ့သဘာဝ၊ အကျယ်အဝန်းနဲ့ အန္တရာယ်တွေကို ညွှန်ပြထားပြီး တောထဲမှာ ရှင်သန်ရပ်တည် နိုင်အောင် အကြံဥာဏ်လေးတွေ ပေးထားနိုင်တယ်လို့ ယူဆ မိပါတယ်။
(၁) မိသားစုလုပ်ငန်းဆိုတာ
လူငယ်တော်တော်များများဟာ မိဘလက်ငုတ်လုပ်ငန်းတွေကို အထင်ကြီးခြင်း၊ တန်ဖိုးထား ခြင်း၊ သင်ယူလိုခြင်း မရှိကြတာ များပါတယ်။ မိဘတွေကလည်း သားသမီးကို ဒီလုပ်ငန်းကရတဲ့ ဝင်ငွေ၊ အရင်းအနှီးနှင့် အမြတ်အစွန်းတွေကို ပြောပြရှင်းပြလေ့မရှိသလို၊ ဒီလုပ်ငန်းလေးကနေ မိသားစု စားဝတ်နေရေးနှင့် သားသမီးတွေရဲ့ ပညာရေးစားရိတ်တွေ ထုတ်ပေးနေနိုင်တာတွေ၊ သူ့အထွာလေးနှင့်သူ လှူနိုင်တန်းနိုင်နေတာတွေကိုလည်း ရှင်းပြပေးကြတာ နည်းပါတယ်။ ဒီတော့ ဒီလုပ်ငန်းကို သားသမီးကလည်း တန်ဖိုးထားရမှန်း မသိ၊ လေးစားရမှန်း မသိတော့ပါဘူး။ မိဘတွေက သားသမီးကို ဒီအလုပ်နဲ့ လုပ်မစားချင်နေပါ။ တတ်အောင်သေချာသင်ရမယ်ဆိုတဲ့ ဆုံးမကြပ်မတ်မှုမျိုးနှင့် အလုပ်တန်ဖိုး နား လည်အောင် သွန်သင်ပြသမှု့မျိုးလည်း မလုပ်ကြတာ များပါတယ်။
(၂) မိဘနှင့်သားသမီးတို့၏ မိသားစုလုပ်ငန်းအပေါ်ထင်မြင်ချက်
လယ်သမားကြီးကလည်း သားသမီးကို တောင်သူလုပ်မစားစေချင်ပါဘူး။ ပင်ပန်းလို့တဲ့။ ပင်ပန်းရကျိုးနပ်အောင် ဘယ်လိုလုပ်မလဲ။ မပင်ပန်းအောင် ဘယ်လိုပြောင်းလဲ ဆန်းသစ်လုပ်ကြမလဲလို့ မတွေးတောသလို၊ တွေးတတ်အောင်လည်း သင်မပေးနိုင်ကြပါဘူး။
လယ်သမားသား တက္ကသိုလ်တက် ခွင့်ရရင် စိုက်ပျိုးရေးတက္ကသိုလ်သွားဖို့လည်း စိတ်ကူးမရှိသလို၊ စိုက်ပျိုးရေးတက္ကသိုလ်ကလည်း လယ် သမား၊ ယာသမား သားသမီးတွေကို ဦးစားပေးခေါ်ယူဖို့ စီမံချက်မျိုးမရှိခဲ့ပါဘူး။ စိုက်ပျိုးရေးသိပ္ပံတက်ဖို့ နှင့် ခေတ်မီစိုက်ပျိုးရေးစနစ်တွေ၊ နိုင်ငံခြားက ခေတ်မီပညာတတ် လယ်သမားတွေ ဘယ်လိုစိုက်ပျိုး ကြ သလဲ၊ ဘယ်လို Living standard နဲ့ နေကြသလဲဆိုတာလည်း မသိသလို သိအောင်လည်း အားမထုတ်ကြပါဘူး။
မိုးကုတ်က ကျောက်သူဌေး၊ တွင်းပိုင်၊ ပွဲစား၊ တွင်းသမား သားသမီးတွေကလည်း တက္ကသိုလ်ရောက်ရင် ဘူမိဗေဒဘာသာ ယူဖို့ စိတ်မဝင်စားကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း မိဘလုပ်ငန်းကို ငယ်စဉ်ကတည်းက ကူညီလုပ်ကိုင်မှု၊ မိဘက သင်ပေးမှု့တွေကြောင့်သာ တတ်သိနားလည်ပေမယ့် အထင်ကြီးခြင်း၊ စိတ်ဝင်စားခြင်းမရှိခဲ့လို့ ဥပဒေဘာသာ (သို့မဟုတ်) ဓါတုဗေဒဘာသာရပ်တွေကို မယူဖြစ်ခဲ့တာပါ။
ကိုယ်တိုင်တခြားလုပ်ငန်းခွင် တစ်ခုထဲကို ထဲထဲဝင်ဝင်ရောက်သွားတော့မှ ကိုယ်မိဘလုပ်ငန်းကို နားလည်လာပြီး အထင်ကြီးရမှန်း သိလာခဲ့ရတာပါ။ မသိတဲ့လူတွေကို အပြစ်တင်ချင်လို့ ရေးနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မသိခဲ့လို့ ကိုယ့်လိုမဖြစ်ကြစေချင်လို့နဲ့ ဖြစ်နေခဲ့ရင်လည်း အချိန်မီ သတိပြုမိစေချင်လို့ ရေးမိတာပါ။
(၃) မိသားစုလုပ်ငန်း၏တန်ဖိုး
မိဘလုပ်ငန်းကို မိဘသိသလို၊ တတ်သလို သိခြင်း၊ တတ်ခြင်းဟာ မိဘတွေ ဆည်းပူးလေ့လာ ကျော်ဖြတ်ခဲ့ရတဲ့ အနှစ် ၂၀ (သို့မဟုတ်) နှစ် ၃၀ စာကို အလကားနီးပါးရလိုက်ခြင်းပါပဲ။ ကိုယ်က ထပ် ပြီး သိအောင်၊ နားလည်အောင် ကြိုးစားပြီး တိုးတက်အောင် လုပ်ပေးနိုင်ရန် အဲဒီလိုလုပ်ပေးနိုင်တဲ့ ၅ နှစ် ၆ နှစ် အတွင်းက လုပ်ရပ်ဟာ ၂၆ နှစ် (သို့မဟုတ်) ၃၆ နှစ်စာ လုပ်ခဲ့တာနဲ့အတူတူပါပဲ။ သားသမီး ဘက်ကချည်းပဲ လိုချင်သိချင်နေလို့ မရပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက် တီးမှ မြည်တာပါ။ မိဘတွေက လည်း သေချာသင်ကြား၊ ပြသ၊ လမ်းညွှန်ပေးဖို့ လိုပါတယ်။
နေထက်ထက်အောင်
Sep;2013
Living Color Magazine
Sep;2013
Living Color Magazine