(၁) ဗဟုသုတရှိခြင်း။
စာအုပ်စာပေတွေကနေ ရရှိလာမယ့် ဗဟုသုတတွေ၊ အသိပညာတွေ ရှိမယ်၊ ကိုယ့်တွေ့ကြုံရ၊ သိရတဲ့ ဗဟုသုတ တွေရှိမယ်၊ လုပ်ငန်းခွင်မှာ တွေ့ကြုံရမယ့် ဗဟုသုတတွေ၊ အသိပညာတွေရှိမယ်။ ရရှိတွေ့ကြုံရမယ့် ဗဟုသုတတွေ၊ အသိပညာတွေဟာပျော်စရာ၊ ကြည်နူးစရာတွေချည်းရမှာမဟုတ်ဘဲ စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေ၊ အတိုက် အခံတွေဆီကနေလည်း ရမှာဖြစ်ပါတယ်။ ကြုံရသ မျှကို သင်္ခန်းစာရအောင် ယူဖို့တော့ လိုပါတယ်။
ကျွန်မတို့က အထည်ဆိုင်ဖွင့်ဖို့ ရည်ရွယ်တယ်ဆိုကြပါစို့။ အနည်းဆုံး တစ်နှစ်လောက်တော့ အောက်သက်ကြေဖို့ ပညာသင်သင့်ပါတယ်။ ဒါမှသာလျှင် အထည်စတွေကို ကိုက်ထိုးဖြတ်တာတွေ၊ ခေါက်ပုံ၊ သိမ်းပုံတွေ၊ သူ့ရာသီအလိုက် ခေတ်စားတာတွေ၊ ဒီဇိုင်းတစ်မျိုးဟာ ဘယ်နှစ်လလောက်ထိ အရောင်းသွက်သလဲဆိုတာတွေ၊ ဘယ်အချိန်မှာအရောင်း အေးပြီး ဘယ်အချိန်ဆို အရောင်းသွက် တယ်ဆိုတာတွေကို သိရမှာဖြစ်ပါတယ်။ အဝယ်လိုက်လို့ ဆိုင်တိုင်းမှာတင်တဲ့ အထည် (သို့မဟုတ်) အဝတ်အစား ဒီဇိုင်းမျိုးကို ဘယ်ဈေးနဲ့ ရောင်းရတယ်၊ အမြတ်ဘယ်လောက်ပဲ တင်တယ်၊ လက်လီနဲ့ လက်ကားဘယ်လိုခွဲခြား ရောင်းဝယ်ကြတယ်ဆိုတာလေးတွေထိအောင် အသေးစိတ်ကို သင်ယူလေ့ လာစူးစမ်းဖို့ လိုအပ်ပါ တယ်။ အကယ်၍တခြားသော စီးပွားရေးလုပ်မယ်ဆိုရင်လည်း အတူတူပါပဲ။ သေသေချာချာ အောက်သက်ကြေအောင် သင်ယူ လေ့လာရပါမယ်။
(၂) အတန်းပညာ၊ ခေတ်ပညာများ တတ်မြောက်ခြင်း။
ဘယ်ဘာသာရပ်နဲ့ပဲ ကျောင်းပြီးထားပါစေ၊ သေချာနေရမယ့် ကိစ္စတစ်ခုကတော့.. တက္ကသိုလ် ပညာသင်ယူခွင့် ရရှိပြီး ဘွဲ့တစ်ခုခုရထားတဲ့ ပုဂ္ဂိုလ်ဟာ တက္ကသိုလ်ပညာသင်ခွင့်မရတဲ့လူတွေနဲ့ ကွဲ ပြားခြားနားနေရမယ်ဆိုတဲ့ အချက်ပါပဲ။ လူလူချင်းအဆင့်အတန်းခွဲခိုင်းတာမျိုး မဟုတ်ဘူးနော်။ ကျွန်မ တို့တစ်တွေ ဘွဲနှင်းသဘင်အခမ်းအနားကြီးမှာ ပါမောက္ခချုပ် ကို ဘယ်လိုကတိမျိုးပေးခဲ့ကြသလဲဆိုတာ လေး ပြန်စဉ်းစားကြည့်ရအောင်ပါ။
ပညာတတ်ဆန်စွာ ပြောဆို၊ နေထိုင်၊ ပြုမူတတ်ဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့ဆိုတာ လိုကို လို အပ်ပါတယ်။ ပြောဖို့ လိုအပ်လာလို့ သူများအကြောင်းပြောရမယ်ဆိုရင် အတင်းပြောတယ်ပဲ စွပ်စွဲစွပ်စွဲ ပြောစရာရှိတာ ပြောရမှာပါပဲ။ ဒါပေမယ့် မလိုအပ်ဘဲ သူများအကြောင်းတွေပဲ စိတ်ဝင်စားတာ၊ သူများ ဘာဝတ်လဲ၊ ဘာစားလဲ၊ ဘယ်လိုနေလဲ လိုက်ကြည့်ပြီး အတင်းပြောတာမျိုးတွေ မလုပ်မိဖို့ကစပြီး နေ့ စဉ်ဘဝရဲ့ပြောဆိုနေထိုင်မှု့လေးတွေ အသေးစိတ်ကိုက Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးလေး တွေရှိရပါမယ်။ ယဉ်ကျေးသိမ်မွေ့ရမယ်၊ ကိုယ်ချင်းစာတရားရှိရမယ်၊ သတ္တိရှိရပါမယ်။
ကျွန်မတို့ဟာ ခေတ်လူငယ်တွေပီပီ ခေတ်မီတဲ့ ဝတ်စားဆင်ယင်မှု့တွေကို သဘောကျဝတ် ဆင်လေ့ ရှိတာဟာ မှားတယ်လို့ ပြောလို့မရသလို သဘာဝပဲလို့ ပြောချင်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါမှသာ ဝတ်ဆင်သင့်ပါတယ်။ ပြီးတော့ လျှပ်ပေါ်လော်လီလွန်းတဲ့၊ အဆင့်အတန်းမရှိတဲ့ အဝတ်အစားမျိုးကိုတော့ လုံးဝရှောင်ကြဉ်ရပါမယ်။ ကိုယ့်ယဉ်ကျေးမှု့နဲ့ ညီညွတ်တဲ့ရိုးရာအဝတ်အစားတွေကို တန်ဖိုးထားဝတ်ဆင်တတ်ရပါမယ်။ တစ်နေ့တာလုပ်ငန်းစဉ်ထဲမှာ ဘုရားသွားဖို့၊ ဘုန်းကြီးကျောင်းသွားဖို့ဆိုတဲ့ ကိစ္စမျိုးတွေ၊ အလှူဝင်ဖို့ ကိစ္စမျိုးတွေရှိတဲ့နေ့ဆိုလျှင် သေချာပေါက် ရိုးရာအဝတ်အထည် တွေကို ဝတ်ဆင်သင့်ပါတယ်။
ရပ်ထဲ၊ ရွာထဲ၊ အလုပ်ထဲမှာလည်း ပညာတတ်ဆန်စွာ တွေးခေါ်ပြုမူပြောဆိုသင့်ပါတယ်။ တံငါ နားနီး တံငါ၊ မုဆိုး နားနီး မုဆိုး အပြုအမူ အပြောအဆိုတွေကို ရှောင်ပါ။ ဂျပန်ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖို ပြဿနာတက်စဉ်တုန်းက မိုးအုံ့လာရင်ပဲ လူတွေက အက်ဆစ်မိုးရွာမှာ ကြောက်ပြီး တောင်ပြော၊ မြောက်ပြောတွေ ပြောနေကြပါတယ်။ အဲဒီတုန်းက နျူကလီးယားဖစ်ဆစ်နဲ့ မဟာဘွဲ့ယူပြီး ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားရင်း အိမ်ထောင်ကျလို့ ဆက်မတက်ဖြစ်တော့တဲ့ အစ်မ တစ်ယောက်က လည်း အရပ်ထဲက လူတွေပြောသလို ပြောပြီး စိုးရိမ်နေပါတယ်။ ဖေဖေက သူမရဲ့နျူကလီးယား သင်္ခန်း စာတွေကိုမေးပြီး ဆွေးနွေးတော့လည်း သူမက ကောင်းကောင်းမွန်မွန်နဲ့ အဆင့်မြင့်မြင့် ပြန်ဖြေနိုင်၊ ဆွေးနွေးနိုင်တာကို ကြားရပါတယ်။
အဲဒါနဲ့ ဖေဖေက ဂျပန်နဲ့ မြန်မာကြားက ပထဝီအနေအထားတွေ၊ ရေ၊ မြေ၊ လေနဲ့ တိုက်ခတ်ရာ လမ်းကြောင်းအနေအထားတွေကို ရှင်းပြပြီး ရပ်ကွက်ထဲက လူတွေပြော သလို လိုက်ပြောပြီး သာမန်လူတွေ စိုးရိမ်သလို စိုးရိမ်မနေသင့်ဘူး။ လူတွေကို ကိုယ်ကသာ ရှင်းပြ ပြောပြပြီး မစိုးရိမ်ဖို့ အကြံပေးသင့်တယ်လို့ ပြောပြရပါတယ်။
လိုရင်းကိုပြောရမယ်ဆိုရင် ဈေးရောင်း၊ ဈေးဝယ်လုပ်လုပ်၊ အိမ်ရှင်မပဲလုပ်လုပ်၊ ကိုယ်သင်ယူခဲ့ တဲ့ ပညာရပ်တွေကို မေ့မပစ်ဖို့နဲ့ လိုအပ်တဲ့နေရာမှာ အံဝင်ခွင်ကျသုံးနိုင်ဖို့ လိုကိုလိုအပ်ပါတယ်။ အဆင့်မြင့်ပညာသင်ထားတဲ့ လူတွေရဲ့ လုပ်ပုံ ကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ အဆင့်မြင့်ပညာသင်ယူခွင့်မရခဲ့သူ တွေရဲ့လုပ်ပုံကိုင်ပုံ၊ ပြောဆိုပြုမူပုံတွေနဲ့ တူနေတယ်။ ဘာမှမကွာခြားဘူးဆိုရင်တော့ ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကို "တော်တော်ညံ့နေပါလားလို့"လက်ခံပြီး စိတ်ရော၊ ကိုယ်ပါ ပြုပြင်ပြောင်းလဲမှု့တွေလုပ် ရပါလိမ့်မယ်။
(၃) အတွေ့အကြုံကြွယ်ဝခြင်း။
ဈေးတွေ၊ ပွဲရုံတွေ၊ ကုမ္ပဏီတွေမှာ အလုပ်ဝင်ရင်း အလုပ်သင်တာဟာ အကောင်းဆုံးအတွေ့ အကြုံပါပဲ။ ဘယ်ရုံး တွေ၊ ဘယ်ဌာနတွေကို ဘယ်လိုဝင်ထွက်ရသလဲ ဆိုတာတွေ။ စာရွက်စာတမ်းတွေ နဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပေါင်းသင်း ဆက်ဆံရေးနဲ့ ပြောပုံဆိုပုံတွေမှာ အတုယူသင့်တာလေးတွေ၊ ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်အခါမျိုးမှာ ဘယ်လို ပြဿနာတွေ တက်ကြသလဲဆိုတာတွေ၊ ဘယ်သူတွေက ပြဿနာတွေကို ဘယ်လိုဖြေရှင်းလို့ အောင်မြင်ပြီးဆုံးသွား တာတွေ၊ အရှုံးနဲ့ပြီးဆုံးသွား တာတွေ... စတဲ့သတင်းတွေကိုလည်း အတွေ့အကြုံအဖြစ် ခံယူအသုံးချတတ်ရပါမယ်။ အစု အဖွဲ့နဲ့ လုပ်ရင် ဘာပြဿနာတွေ ကြုံရတတ်တယ်... ဆိုတာတွေကိုလည်း မှတ်သားထားရပါမယ်။ တိုင်းပြည် ရဲ့စီးပွားရေး နှင့် နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပြောင်းလဲသွားတဲ့အခါမှာ ကိုယ့်အလုပ်အကိုင်တွေနဲ့ တခြားသော လုပ်ငန်းတွေရဲ့ အခြေအနေနှင့် ဈေးနှုန်းတွေရော ဘာတွေဖြစ်ကုန်လဲ၊ တက်သွားလား၊ ကျသွားသလား စတာတွေကို ဂရုစိုက်ရပါမယ်။ ကိုယ့်အလုပ်အကိုင်၊ ပစ္စည်းတွေနှင့် ဆက်စပ်နေတဲ့ နိုင်ငံမှာနိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရင်ရော ဘယ်လို သက်ရောက် မှုတွေ လာတတ်သလဲဆိုတာကို အမြဲနားစွင့်သုံးသပ်ပါ။ ဒါမှ ရှေ့ရေးမှာ ဘာတွေလာမယ်၊ ဘာတွေ ပြင်ဆင် ရမယ်ဆိုတာကို သိလာမှာပါ။
လူလူချင်း မညှာတာတတ်တဲ့လူတွေ၊ ပိုက်ဆံတွေ များများစားစားရရင် ကိုယ့်လူမျိုးချင်း ရောင်းစား တတ်တဲ့ လူတွေ၊ ကိုယ့်နိုင်ငံကို ရောင်းစားတတ်တဲ့ လူတွေကိုလည်း တွေ့လာရမှာပါ။ ပိုက်ဆံလေး နည်း နည်းအတွက်နဲ့ လူလူချင်း ခုတ်၊ ထစ်၊ လှီး၊ ဖြတ်နေတဲ့လူတွေကိုလည်း တွေ့ရမှာပါ။ အဲဒီလို လူစား တွေကိုတွေ့ရင် ခပ်ခွာခွာက ဆက်ဆံပါ။ မကြောက် မရွံ့ရင်ဆိုင်ပါ။ အဲဒီလို အောက်တန်းစားထဲ ကိုယ် ပါမသွားအောင် စိတ်နေစရိုက်ကို မြင့်မြင့်မှာထားပါ။ ငွေပုံပေးဝယ်လို့မရတဲ့ ဘဝပုံရိပ်နဲ့ ဂုဏ်သိက္ခာတွေ ပါ မြင့်မားတိုးတက်လာပါလိမ့်မယ်။
(၄) ဝေဖန်ဆန်းစစ် သုံးသပ်နိုင်စွမ်းရှိခြင်း။
မိမိကိုယ်နှင့် မိမိရဲ့လုပ်ငန်းအပေါ်မှာ အမြဲတမ်းဆင်ခြင်သုံးသပ်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အသုံးစားရိတ်နှင့် အဖြုန်းစရိတ်တွေကို မညာဘဲ မှန်မှန်စစ်ဆေးပါ။ ကိုယ့်ကိုယ်ကို ပြန်ညာတာ အဆိုးဆုံးပါပဲ။ လုပ်ငန်းရဲ့ရင်းနှီးမြုပ်နှံမှု့နှင့် အမြတ်အစွန်းတွေကို လစဉ်စစ်ဆေးတွက်ချက်ပါ။ ဒီလုပ်ငန်းကနေ နောက်လုပ်ငန်းတစ်ခုကို အခွင့်အရေးကောင်းတယ် ထင်ပြီး လွယ်လွယ်မပြောင်းလဲပါနဲ့။ ဒီလုပ်ငန်းကိုပဲ အောင်မြင်အောင်လုပ်ဖို့ နည်းဗျူဟာမျိုးစုံချပါ။ ကြီးကြီးမားမား အခက် အခဲတစ်ခုကို ရင်ဆိုင်ရပြီဆိုရင် ကျွန်မလုပ်နေကြ အလုပ်တစ်ခုကတော့ "Impossible is Nothing"ဆိုတာ နပိုလီယံ တစ်ယောက်ထဲ သုံးတာမဟုတ်ဘူး။ ငါလည်းသုံးတယ်လို့ အကြိမ်ကြိမ်ရေရွတ်ပါတယ်။
ပြီးရင် ဒီပြဿ နာရပ်ကို ဘယ်ကနေ စပြီး ကိုင်တွယ်မလဲ၊ အားနည်းချက်တွေ၊ ပျော့ကွက်တွေက ဘယ်နေရာမှာလဲလို့ လိုက်ရှာ ပါတယ်။ အထူးသဖြင့် အမှား/ အမှန်အားလုံးကို တိုင်ပင်သင့်သူကို ပြောပြပြီးတိုင်ပင်ပါတယ်။ လူတော်တော်များများက တိုင်ပင်ဆွေးနွေးသူတွေ အပေါ်...ကိုယ်မှားတာတွေကို ထိန်ချန်ပြောကြားလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ညာကြပါတယ်။
ကိစ္စရပ်တိုင်းမှာ/ လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိပါတယ်။ ထွက်ပေါက်တွေ ရှိနေပါတယ်။ ဦးနှောက်ကို အသုံးပြုပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ သူများတွေရဲ့အတွေ့အကြုံတွေနှင့် ဆည်းပူးလေ့လာဖူးတဲ့ ပညာရပ်တွေ ကို ပေါင်းစပ် အသုံးချပြီး ကိုယ်နဲ့ ကိုယ့်လုပ်ငန်းကို ကာကွယ်စောင့်ရှောက်ရပါမယ်။ ကိုယ့်ထက် အင် အားသာလွန်ကြီးမားတဲ့ ပြိုင်ဘက်တွေ၊ ရန်သူတွေနဲ့ တွေ့ရင် အဓိကသုံးတဲ့ဗျူဟာကတော့ ဂျပန်ရိုးရာ ပညာရပ်တစ်ခုကို အခြေခံပါတယ်။ ပျော့ပျောင်းသိမ့်မွေ့တယ်။ အရှိန်အဟုန် ကြီးမားပြင်းထန်ပြီး ထိရောက်မှု့အရှိဆုံး ပညာရပ်ပါပဲ။
နေထက်ထက်အောင်
Sep;2013
Living Color Magazine