Quantcast
Viewing all articles
Browse latest Browse all 1811

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမင်းဇင်နှင့်တွေ့ဆုံခြင်း



Image may be NSFW.
Clik here to view.
(ဓာတ်ပုံ− စိုင်းဇော်)
On  
Wed, 2015-12-16 09:30
Issue No.

ဦးမင်းဇင်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘာကလေတက္ကသိုလ်တွင်
နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူဖြစ်သည်။ ၎င်းသည် Foreign Policy, New York Times အစရှိသည့် အစဉ်အလာကြီးသော နိုင်ငံတကာသတင်းဌာနကြီးများ၏ မြန်မာ့အရေးဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး Freedom House အပါအဝင် နိုင်ငံတကာသုတေသနအဖွဲ့များအတွက် မြန်မာ့အရေးသုတေသီအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်ကို ၎င်းရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်  7Day News က တွေ့ဆုံမေးမြန်းမှု
ပြုလုပ်ခဲ့သည့်အနက် အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုအကူးအပြောင်းမှာ ချောချောမွေ့မွေ့ဖြစ်သွားဖို့ ပြည်သူလူထုက လိုလားနေကြပါတယ်။ ဒီအတွက် ပြည်သူတစ်ဦးချင်းစီအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကိုလည်း သိချင်နေကြတယ်။ လူတစ်ဦးချင်းအနေနဲ့ ကိုယ်တိုင် ဘယ်လိုပါဝင်နိုင်ပါမလဲ။
နိုင်ငံသားတစ်ဦးချင်းအနေနဲ့ လုပ်နိုင်တာကတော့ ရွေးကောက်ပွဲမှာ နိုင်ငံသားတာဝန်နဲ့ ရပိုင်ခွင့်ကို အသုံးချပြီးတော့ ကိုယ်နှစ်သက်တဲ့ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးတာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံသားတစ်ဦးချင်း
အနေနဲ့ ဘာလုပ်နိုင်မလဲဆိုတော့ ဒီမိုကရေစီမှာ တကယ်တော့ လူတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ဆိုတာ ရွေးကောက်ပွဲက အဆုံးအဖြတ်ပဲ။ အဲဒီထက်ကျော်သွားရင်တော့ အားရှိဖို့ဆိုရင် စုဖွဲ့ပြီးတော့လုပ်ရတာပဲ။ နိုင်ငံသားတွေ တစ်ဦးချင်းတစ်ဦးချင်းဟာ တူရာတူရာစုဖွဲ့ပြီးတော့ သူနှစ်သက်ယုံကြည်တဲ့အရေးကိစ္စကိုပဲဖြစ်စေ၊ သူတို့ရဲ့ ပကတိဘဝအကျိုးစီးပွားကိုပဲဖြစ်စေ အဲဒါတွေကို မြှင့်တင်ဖို့အတွက် စုဖွဲ့လုပ်ကိုင်မှပဲ အလုပ်ဖြစ်တာပဲ။ စုဖွဲ့ပြီးအရေးဆိုတဲ့
နေရာမှာ အသင်းအပင်းအနေနဲ့ စုဖွဲ့တာလည်းဖြစ်နိုင်တယ်။ လူထုလှုပ်ရှားမှုနဲ့ စုဖွဲ့တာလည်း ဖြစ်နိုင်ပါတယ်။
နိုင်ငံသားတစ်ဦးချင်းဘာလုပ်နိုင်လဲဆိုရင် စုဖွဲ့မှုအားဘယ်လောက်ကောင်းလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မှပဲရမှာပဲ။ ဆိုတော့ ဒီနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ သာရေးနာရေးအသင်းတွေ အဲဒါ တွေအစစအရာရာ အားကောင်းမကောင်းပေါ်မှာ မူတည်ပြီးတော့ ဒီနိုင်ငံသားတွေ နိုင်ငံ့ရေးရာမှာ နေ့စဉ်ဘဝမှာ ဘယ်လောက်သြဇာ ရှိ၊ မရှိ၊ သြဇာလွှမ်းနိုင်မလွှမ်းနိုင်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
အခုကြားကာလလေးလကျော်ရှိတဲ့နေရာမှာ တစ်လကျော် ကျော်ဖြတ်လာခဲ့ပြီးပြီ။ ဒီအတောအတွင်း အနေအထားကိုကော ဦးမင်းဇင်ဘယ်လိုများသုံးသပ်မိပါသလဲ။
ဒီကြားကာလအနေအထားက အားရစရာကောင်းပါတယ်။ ထူးခြားတဲ့လက္ခဏာတွေလည်း တွေ့ရတယ်။
ပြောရမယ်ဆိုရင်တော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ တင်းမာမှုတွေဖြစ်လာနိုင်တယ်လို့၊ ထိပ်တိုက်တွေ့မှုတွေ
ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ထားမှုတွေဟာ တစ်စုံတစ်ရာတော့ဖြင့် စိတ်အေးစရာကောင်းလောက်တဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဥပမာဆိုပါတာ့ အရင်စစ်အစိုးရလက်ထက်မှာ ခေါင်းဆောင်လုပ်ခဲ့ပြီးတော့ အခုလက်ရှိခေါင်းဆောင်တွေအပေါ်မှာ တစ်စုံတစ်ရာသြဇာကြီးမားတဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနဲ့
ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုဖြစ်လာခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ရော လက်ရှိကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ
တွေ့ဆုံမှုတွေဖြစ်လာခဲ့တယ်။ ခြုံကြည့်မယ်ဆိုရင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဟာ တစ်စုံတစ်ရာတင်းမာမှုတွေ
လျော့နည်းသွားတာ တွေ့ရတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တောက်လျှောက် ထိပ်တိုက်တွေ့ဆုံမှုအတွက် အရင်းခံပြဿနာတွေဖြစ်ခဲ့ရတဲ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စတွေ အထူးသဖြင့် ၅၉(စ)တို့၊ ၄၃၆ တို့ ဒီကစ္စတော်တော်များများဟာ အခုအချိန်မှာ စားပွဲပေါ်မှာတင်ပြီးတော့ ဆွေးနွေးလို့ရနိုင်တဲ့ အနေအထားမျိုးဖြစ်လာတာ
တွေ့ရတယ်။ ဒါတွေဟာပြောင်းမယ်ဆိုရင်တောင်မှ ပြောင်းလို့ရလောက်တဲ့ပြဿနာ၊ လုပ်ထုံးလုပ်နည်းအရ သိပ်ပြဿနာမရှိတော့တဲ့ ပြဿနာပေါ့။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံရေးအာသီသအရ
ပြောင်း၊ မပြောင်းဘဲ ဆုံးဖြတ်ရတော့မယ့် ပြဿနာဖြစ်လာတယ်။
သဘောက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ တွန်းတွန်းတိုက်တိုက်၊ သိပ်ပြီးတော့ ဖိအားပေးတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်၊ တပ်မတော်နဲ့ တပ်မတော် အကျိုးစီးပွားကို အခြေခံကျကျ ခြိမ်းခြောက်တာမျိုးမဟုတ်ဘူး ဆိုလို့ရှိရင် ၅၉(စ)ဖြစ်ဖြစ်၊ ၄၃၆ ဖြစ်ဖြစ်ဒီကိစ္စတွေဟာ လုပ်ထုံးလုပ်နည်းအရပဲ ရှိတော့မယ့်အနေအထားမျိုး တွေ့နေရတယ်။ ဒါကတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးရှုထောင့်ကကြည့်ရင်
ကောင်းတဲ့လက္ခဏာလို့ ကျွန်တော် မြင်ပါတယ်။
ဒါပေမဲ့လည်း မြန်မာပြည်မှာက ပြဿနာကြီးလေးရပ်ရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။ တစ်ခုက ဒီမိုကရေစီအသွင်ကူးပြောင်းရေး။ နောက်တစ်ခုက အရပ်ဘက် -စစ်ဘက်ဆက်ဆံရေးကောင်းမွန်မှု။ တတိယတစ်ခုကတော့ တိုင်းရင်းသားအရေး ဖက်ဒရယ်ပြည် ထောင်စုအရေး။ နောက်ဆုံးတစ်ခုကတော့ နင်းပြားတွေ ဆင်းရဲမွဲတေစုတ်ပြတ်ပြီးတော့ ဒုက္ခရောက်နေတဲ့ နင်းပြားတွေရဲ့ဘဝတိုးတက်ကောင်းမွန်မှုအတွက် လုပ်ရမယ့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ။ ဒီလေးခုဟာ ဆက်စပ်မှုရှိတယ်။
ဒါပေမဲ့လည်း တစ်ခုပြေလည်တိုင်း ကျန်တဲ့ကိစ္စတွေ အလိုလိုပြေလည်မယ်လို့ ကျွန်တော်တို့မယူဆသင့်ဘူး။ ယူဆလို့မရလောက်ဘူး။ မြန်မာပြည်မှာက သုဝဏ္ဏသာမဇာတ်နဲ့ ကြီးလာတာဆိုပေမယ့် သားရွှေအိုးထမ်းတယ်
ဆိုတဲ့အမြင်မျိုးရှိတတ်တယ်။ တစ်ခုကောင်းရင် ကျန်တာတွေလည်း အကုန်ကောင်းမှာပဲ။ ရုပ်ချောရင်သဘောလည်း
ကောင်းမယ်။ ဓနဥစ္စာလည်းကြွယ်ဝမယ်။ ကိုယ်ကျင့်တရားလည်းကောင်းမယ်လို့ အလိုလိုထင်တာမျိုးပေါ့။ အမှန်တကယ်ကတော့ ဒီလေးခုဟာ ဆက်စပ်မှုရှိသော်ငြားလည်း တစ်ခုမှာ တိုးတက်မှုရှိရင်၊ ကျန်တဲ့ကိစ္စတွေမှာ အကိုင်အတွယ်မတတ်လို့ရှိရင် အဲဒီတိုးတက်မှုဟာ ကျန်တဲ့ကိစ္စတွေအတွက် မတည်ငြိမ်မှု၊ ခြိမ်းခြောက်မှုတောင် ဖြစ်နိုင်ပါတယ်။
ဥပမာဆိုပါတော့ အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၀ ရာခိုင် နှုန်းနီးနီး၊ ၇၉ ရာခိုင်နှုန်းကျော် အနိုင်ရရှိတယ်။ တိုက်ရိုက်ပြောမယ် ဆိုရင် Super Majority လို့ခေါ်တဲ့ တကယ့်ကိုကြီးမားတဲ့ လွှတ်တော်ထဲ အသာစီးရမှုဖြစ်တယ်။ အစိုးရဖွဲ့နိုင်မယ်။ နိုင်ငံတော်အတွက် အရေးပါတဲ့ ကော်မရှင်တွေ၊ ကော်မတီတွေ တော်တော်များများကို ပြန်ဖွဲ့စည်းနိုင်မယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရှုထောင့်က ကြည့်မယ်ဆိုရင် လူထုရဲ့ဆန္ဒ၊ လူထုရဲ့ရွေးချယ်မှုဟာ တိုးတက်မှုရှိတာပဲ။ ဒါပေမဲ့ အကိုင်အတွယ်မတတ်လို့ရှိရင် အဲဒီတိုးတက်မှုဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကိုလည်း မတည်မငြိမ်ဖြစ်
စေနိုင်တယ်။ အကိုင်အတွယ် မတတ်ရင် အဲဒီရတဲ့ Mandate ကို၊ အဲ့ဒီရတဲ့ ကိုယ်စားပြုမှုကို တိုင်းရင်းသားတွေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့၊ တိုင်းရင်းသားတွေနဲ့ နားထောင်ဆွေးနွေးပြီးတော့ နားလည်မှုရှိရှိနဲ့ မဖြေရှင်းဘူးဆိုရင် တိုင်းရင်းသားဆက်ဆံရေးကိစ္စမှာလည်း တင်းမာမှုတွေနဲ့ မပြေလည်မှုတွေကြုံနိုင်တယ်။
တစ်ခါ ငါက အပြတ်နိုင်ထားတာပဲဆိုပြီး မူဝါဒတွေချမှတ်တဲ့နေရာမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ ဝေဖန်ထောက်ပြ ဆွေးနွေးတာကို ထည့်သွင်းမစဉ်းစားဘူး ဆိုလို့ရှိရင် စီးပွားရေးသမားတွေ လုပ်ငန်းရှင်တွေရဲ့ သဘောနဲ့ပဲ လုပ်မယ်ဆိုရင်လည်း နင်းပြားတွေရဲ့ဘဝတိုးတက်မှုတွေက အငြင်းပွားစရာ ဖြစ်နိုင်တယ်။ တစ်နေရာမှာ ပြေလည်တိုင်း၊ တစ်ခုမှာ ပြေလည်တိုင်း ကျန်တဲ့ဟာတွေ အလိုအလျောက် လိုက်ပြေလည်ရမယ်လို့ ယူဆစရာသိပ်မမြင်ဘူး။ အကိုင်အတွယ်မတတ်ရင် ကျန်တဲ့နေရာတွေမှာ တင်းမာမှုတွေနဲ့ ရှုပ်ထွေး မှုတွေတောင် ပိုဖြစ်နိုင်တယ်။ ဒါတွေကို ခေါင်းဆောင်တွေလည်း မြင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ချုပ်ပြောရမယ်ဆိုရင်တော့ အခုပြဿနာက ပြီးခဲ့တဲ့လအတွင်းမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ တိုးတက်မှုတွေအများကြီးရှိခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ မျှော်လင့်ထားတာထက်ပိုပြီးတော့ အားရစရာကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စမှာပဲINFORMALImage may be NSFW.
Clik here to view.
 Politics လို့ခေါ်တာပေါ့။ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ ပြန်ပါလာတာဆိုရင် သူဟာ တရားဝင် အာဏာရှုထောင့်အရ အရေးပါတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး။ သူဟာ In-formal Politics လို့ခေါ်တဲ့ အလွတ်သဘောနိုင်ငံရေးမှာ ဝင်ပါတာကိုး။ သူ့ရဲ့ဝင်ပါမှုဟာ လိုတာထက် ပိုသွားမယ်ဆိုရင်လည်း တရားဝင်နိုင်ငံရေးမှာ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လက်ခံနိုင်ဖို့ ခက်တဲ့ဟာမျိုးတွေ ဖြစ်နိုင်တယ်။
တချို့ကိစ္စတွေဟာ ချိန်ခွင်လျှာမျှဖို့လိုတယ်။ Player တစ်ခုခုကနေပြီး နိုင်ငံရေးသြဇာရှိတဲ့ အင်အားတစ်ခုခုပုဂ္ဂိုလ်
တစ်ဦးဦးကနေပြီး လိုတာထက်ပိုပြီး လှုပ်ရှားလာမယ်ဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေအတွက် ခြိမ်းခြောက်မှုသဖွယ်၊ အန္တရာယ်သဖွယ်ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ခေါင်းဆောင်မှုတွေနဲ့ ကျွမ်းကျင်မှုတွေရဲ့ အချိန်အဆက အင်မတန်
အရေးကြီးတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ အခုအချိန်မှာ ပြေလည်တယ်လို့ဆိုရပေမယ့်
ခေါင်းဆောင်မှုအချိန် အဆမှားသွားရင်လည်း ပြန်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ အခုထိ ကြည့်မယ်ဆိုရင်တော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ အဆင်ပြေနေတယ်။ ရှေ့လျှောက်ရင်ဆိုင်ရမယ့် ပြဿနာကတော့ သီးသန့်ထပ်ဆွေးနွေးရမယ့် ပြဿနာဖြစ်ပါတယ်။
ဒီတော့ အာဏာမလွှဲခင် လက်ကျန်သုံးလအတွက် စိုးရိမ်မိတာမျိုးကော ရှိလား။ လက်ရှိအာဏာကိုင်ထားဆဲ ဘက်ကရော၊ အနိုင်ရထားတဲ့ အတိုက်အခံဘက်ကပါ နှစ်ဖက်စလုံးက ဘယ်လိုပုံစံနဲ့ သွားသင့်သလဲ။
လုပ်ထုံးလုပ်နည်းသဘောအရတော့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ ပူးတွဲအဖွဲ့တွေ ဘာတွေ ဖွဲ့တာပေါ့။ ဒါတွေက ကောင်းတဲ့လက္ခဏာလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့INFORMALImage may be NSFW.
Clik here to view.
 Politics လို့ခေါ်တဲ့ တရားဝင်မဟုတ်သော်လည်း အရေးပါတဲ့ နိုင်ငံရေးက ပစ်ပယ်လို့လည်း မရပေမယ့် လိုတာထက်ပိုပြီးတော့ overplay လုပ်မိမယ်၊ ကစားမိမယ်ဆိုရင် Formal ခေါ်တဲ့ တရားဝင်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အကြီးအကျယ်ဖြစ်လာမယ်။
၂၀၁၀-၁၁ အသွင်ကူး ပြောင်းရေးတုန်းက အုပ်စိုးသူလူတန်းစားထဲမှာ အကုန်လုံးက သူ့ထက်ငါ အပြိုင်အဆိုင်
ပြုပြင်ပြောင်းလဲရေးသမား ဖြစ်ချင်ခဲ့တယ်။ အဲဒီပြုပြင်ပြောင်းလဲရေးသမား ဖြစ်ရခြင်းပေါ်မှာလည်း ဂုဏ်ယူချင်တယ်။
နိုင်ငံတကာက အသိအမှတ်ပြုမှု၊ လူထုအသိအမှတ်ပြုမှုကိုလည်း လိုချင်တယ်။ Competitive Reformists အားလုံးက ဖြစ်ချင်ကြတယ်။ သူ့ထက်ငါဦးအောင် Reformist ဖြစ်ပါတယ်ဆိုတာကို ပြောချင်တဲ့အတွက်ကြောင့်မို့လို့ အုပ်စိုးသူလူတန်းစားထဲမှာ ပြဿနာတွေတက်ပြီးတော့ ကျွန်တော်တို့သိတဲ့အတိုင်း သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ အငြင်းပွားတာတွေ ဖြစ်ကုန်ကြတာပေါ့။ သူကတော့ ပိုပြီး Icon ပါ၊ ကိုယ်ကတော့ ပိုပြီး Icon ပါဆိုတဲ့ ပြဿနာတွေ တက်ခဲ့တာ၊ အားပြိုင်မှုတွေဖြစ်ခဲ့တာရှိတယ်။
အခုကျတဲ့အခါကျတော့ ဖြစ်နေကြတာက Spoiler ခေါ်တာပေါ့။ ငါကတော့ ဒီအသွင်ကူးပြောင်းရေးကို ဖျက်မယ့်ကောင်မဟုတ်ဘူး။ ငါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲလုပ်မှာပါဆိုတဲ့ဟာကို ပြချင်တဲ့ ဇောတွေများနေတဲ့ အင်အားစုတွေ သူ့ထက်ငါ အပြိုင်းအရိုင်းပေါ်လာတာကို တွေ့ရတယ်။ အဲဒါကလည်း လိုတာထက်ပိုသွားရင် ငါ Spoiler မဟုတ်ဘူးဆိုတာကို ပြရင်းပြရင်းနဲ့ Spoiler ဖြစ်မှန်းမသိ ဖြစ်သွားတာတွေ ဖြစ်နိုင်တယ်။ အခုထင်ရှားတာကတော့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေဟာ ငါ Spoiler မဟုတ်ဘူး။ ငါ ဖျက်မြင်းမဟုတ်ဘူးဆိုတာကို ပြဖို့ ကြိုးစားတာပဲ။ မူအားဖြင့် ဒါဟာ ကောင်းတဲ့လက္ခဏာပဲ။ ဒါပေမဲ့ လိုတာထက် ပိုသွားရင်တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နိုင်တယ်။ အနာနဲ့ ဆေးမတည့်တာ ဖြစ်နိုင်တယ်။ လိုတာထက်ပိုရင် ဆေးကြောင့်သေတာ ဖြစ်နိုင်တယ်။ အဲဒါဆိုရင်တော့ အခုကစပြီး နောက်လာမယ့် သက်တမ်းအတွက် အခုသုံးလလောက်အတွင်း စိတ်ပူစရာဖြစ်နိုင်တယ်။ ဒါကလွဲပြီး ကျန်တဲ့ကိစ္စတော့ စိတ်ပူစရာ ကျွန်တော်သိပ်မမြင်ဘူး။ ရေရှည်ကိစ္စတွေတော့ ရှိတာပေါ့။ စီးပွားရေးပြဿနာတို့၊ တိုင်းရင်းသားအရေးတို့ ဒါတွေကတော့ တစ်ပိုင်းပေါ့။ ဒါပေမဲ့ လတ်တလော စိတ်ပူရတဲ့ကိစ္စကတော့ ငါတို့က Spoiler မဟုတ်ဘူးဆိုတာကို သူ့ထက်ငါ ဦးဆောင်ပြချင်ဇောတွေနဲ့ အချိန်အဆမတတ်လို့ရှိရင် မလိုလားအပ်တဲ့၊ မမျှော်လင့်နိုင်တဲ့ ပြဿနာတွေ ကြုံရနိုင်တယ်။
အာဏာရပြီးရင် အစိုးရသစ်အနေနဲ့ ဦးစားပေးလုပ်သင့်တာတွေက ဘာတွေဖြစ်မလဲ။ ပထမဦးဆုံး ဘာလုပ်သင့်လဲ။
အဓိက ကျွန်တော်မြင်တာက ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအစိုးရဖြစ်စေချင်တယ်
ဆိုတာကို ရင်ကြားစေ့ရေး၊ တစ်ယောက်ကို တစ်ယောက် နာကျင်တာတွေဖြစ်နေတာတွေကို ကုစားရေးက အရေးကြီးမယ်ထင်တယ်။ တပ်မတော်နဲ့ နာကျင်မှုတွေ ကုစားဖို့အတွက် အခု ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ကောင်းတဲ့သဘောပါ။ အဲဒီလိုပဲ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားတွေနဲ့ ကြားထဲမှာလည်း အနာတရတွေဖြစ်ခဲ့တာရှိတာကိုး။ ၈၈ မျိုးဆက်တွေကစလို့ ကျန်တဲ့လုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဒီချုပ်ကြားထဲမှာပဲဖြစ်ဖြစ် အောင့်အည်းသည်းခံနေခဲ့ရတာမျိုး ရှိနိုင်တာပေါ့။ ဒါတွေကိုလည်း ပြန်ကုစားပေးဖို့လိုမယ် ထင်တယ်။ ဒါကတော့ ဗမာ့သမိုင်းမှာလည်း ကျန်စစ်သားမင်းလက်ထက်ကတည်းက ရှိခဲ့တာပဲ။ တစ်ဖက်က အစာရေစာ၊ အဝတ်အထည်ပေးသလို၊ တစ်ဖက်ကလည်း လူတွေရဲ့ မျက်ရည်တွေ၊ ကြေကွဲပူဆွေးမှုတွေကို သက်သာအောင် လုပ်ပေးရတယ်ဆိုတာ ရှိတာပဲ။
သဘောပြောရမယ်ဆိုရင် အရင်ဆုံးနယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံမှာ ဖြစ်ခဲ့တဲ့ အနာတရဒဏ်ရာတွေကို ပြန်လည်ကုစားပေးဖို့လိုမယ်။ အဲဒါကတော့ သူနံပါတ်(၁)လုပ်ရမယ့် ကိစ္စပဲ။ အဲ့ဒီထဲမှာ အရေးကြီးဆုံးကိစ္စက တိုင်းရင်းသားရေးပဲ။ တိုင်းရင်းသားအရေးလို့ပြောရင် အခုဖြစ်နေတဲ့ NCA ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် အ ခြေခံပြီးတော့ နောက်ဆက်ဘာလုပ်ကြမလဲဆိုတာ စဉ်းစားကြရမယ်ထင်တယ်။ တစ်ချိန်တည်း ဆက်စဉ်းစားရမှာတွေကတော့ လူတွေရဲ့ စားဝတ်နေရေးဘဝတွေ ဖူလုံရေးပါပဲ။ နောက်တစ်ခုကတော့ တရားဥပဒေစိုးမိုးရေးကိစ္စ။ ဒါတွေကပဲ အရေးကြီးမယ်ထင်ပါတယ်။ ဒါတွေပဲ သူဦးစားပေးစဉ်းစားမယ် ထင်ပါတယ်။ အဲဒါတွေအားလုံးပြီးမှာပဲ အခြေခံဥပဒေကိစ္စတွေ ကိုင်တွယ်မယ်ထင်တယ်။ နံပါတ်(၁) အရေးကြီးဆုံးကတော့ အာဏာကို ချောမွေ့စွာ လွှဲပြောင်းရေး။ အဲဒါပြီးရင်တော့ တိုင်းရင်းသားအရေး။ ပြီးရင် တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝဖူလုံရေး။ ဒါတွေ စဉ်းစားရမယ်။ NLD အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လူထုရဲ့မျှော်လင့်ချက်တွေကို ဘယ်လိုသက်သာအောင်၊ ဘယ်လိုလက်တွေ့ကျအောင် စီမံခန့်ခွဲမလဲဆိုတာလည်း အဓိကကျတဲ့ စိန်ခေါ်မှုပဲဖြစ်တယ်။
NLD အနေနဲ့ အဓိကလုပ်ရမယ့် အလုပ်တစ်ခုကလည်း သူ့ကိုယ်သူ Movement Party လူထုလှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီဆိုတဲ့ အသွင်ကနေပြီးတော့ Governing Party လို့ခေါ်တဲ့ အစိုးရလုပ်မယ့်၊ ပါတီအုပ် ချုပ်ရမယ့် ပါတီဖြစ်အောင် သူကိုယ်တိုင်က Transition မှာ အသွင်ကူးပြောင်းဖို့ လိုအပ်တယ်။ NLD ပါတီဟာ တကယ်တော့ လူထုလှုပ်ရှားမှုကို ကိုယ်စားပြုပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီအသွင်ကနေပြီးတော့ အစိုးရလုပ်ရမယ့် အုပ်စိုးတဲ့ပါတီတစ်ခုဖြစ်လာတဲ့ အသွင်ကူးပြောင်းရေးကို သူကိုယ်တိုင်ဖြတ်သန်းရမယ်။ အဲဒီလိုဖြတ်သန်းဖို့အတွက် ကျွမ်းကျင်မှုတွေ၊ သဘောထားကြီးမှုတွေ၊ လွတ်လပ်တဲ့ အသင်းအပင်းအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပေါ်မှာ နားထောင်တတ်မှုတွေ အများကြီးလိုတယ်လို့ ထင်တယ်။ ကျွမ်းကျင်မှုတွေ မကသေးဘူး။ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ လွတ်လပ်တဲ့အသင်းအဖွဲ့တွေပေါ်မှာ နားထောင်တတ်တဲ့ ဓလေ့၊ မဟာမိတ်တွေအပေါ်မှာ တန်ဖိုးထားလေးစားပြီး နားထောင်တတ်တဲ့ ဓလေ့ထွန်းကားမယ်ဆိုရင်တော့ NLD ရဲ့ အစိုးရဟာ အများကြီး ကောင်းမွန်မှာပါ။
ဒီဇင်ဘာ ၉ ရက်ကပဲ Internatio-nal Crisis Group က ထုတ်တဲ့ အစီရင်ခံစာမှာ NLD က အုပ်ချုပ်ရေးအတွေ့အကြုံ နည်းတာကလည်း စိန်ခေါ်မှုထဲမှာပါတယ်လို့ ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း NLD က သူတို့မှာ အငြိမ်းစားအကြီးတန်းအရာရှိတွေ အများကြီးရှိပါတယ်လို့ ပြောထားတယ်။ အဲဒီတော့ အတိုက်အခံဘဝနဲ့ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းလာတဲ့ ဒီချုပ်ရဲ့ အုပ်ချုပ်ရေးအတွေ့အကြုံအပေါ်မှာ စိုးရိမ်မိတာမျိုးရှိလား။ အစိုးရသစ်အပေါ် အကြံပေးချင်တာများ ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် အခုထိပြောတာတွေကို နားထောင်ကြည့်မယ်ဆိုရင်တော့ သူ့ကြည့်ရတာ ဒီချုပ်အမတ်တွေအပေါ် အခြေခံပြီးတော့ အစိုးရဖွဲ့မယ့်ပုံတော့ မပေါ်ဘူး။ သူ့ကြည့်ရတာ Technocrats လို့ခေါ်တဲ့ ကျွမ်းကျင်တဲ့သူတွေရယ်၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိတဲ့ အရင်အစိုးရအဆက်ဆက်တုန်းကတည်းက သူနှစ်သက်တဲ့ ပုဂ္ဂိုလ်တွေရယ်၊ တပ်မတော်ထဲ တချို့တဝက်ရယ် အဲဒီပုဂ္ဂိုလ်တွေနဲ့ သူတွဲပြီးတော့များ အစိုးရဖွဲ့နိုင်သလားလို့ ကျွန်တော် ခန့်မှန်းမိပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဒီချုပ်အနေနဲ့ကတော့ သူ့ပါတီမှာရော သူ့အမတ်တွေကြားထဲမှာပါ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေပိုရမှလည်းဖြစ်မယ်။ အဲဒီလိုလုပ်ဖို့ဆိုတာက အတိတ်ကလုပ်ခဲ့သမျှ အကုန်လုံးကို ပစ်ပယ်မယ်ဆိုတဲ့ အစွန်းကိုလည်း ရှောင်ဖို့လိုတာပေါ့။ အတိတ်လူတွေအကုန်လုံးက ဘာပဲပြောပြော တော်တယ်၊
ကောင်းတယ်ဆိုပြီး အတိတ်ကလူတွေအကုန်လုံးကို အထင်ကြီးတဲ့ အစွန်းကိုလည်း ပစ်ပယ်ဖို့လိုတယ်။ အဲဒီအစွန်းနှစ်ပါးကို ပစ်ပယ်ပြီးတော့ အတိတ်က ကောင်းတာကိုလည်း ဘာယူမလဲ၊ အဲဒီအပေါ်မှာ ချဲ့ပြီးရှေ့ဆက်တိုးသွားရမှာပဲ။ အထူးသဖြင့် လူငယ်တွေကို ဘယ်လိုမြေတောင်မြှောက်ပေးမလဲ၊ ဒါတွေကို စဉ်းစားရမယ်။ သူစဉ်းစားမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်က ဆိုးမွေတွေကို ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာပယ်သင့်တယ် ဆိုတာကလည်း နိုင်ငံရေးအရ ဆုံးဖြတ်မှုတစ်ခုတည်းနဲ့မရဘူး။ ဒါမှ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ၊ ဒီကိစ္စကို နားလည်တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အခြေပြုပြီးတော့ လွတ်လပ်တဲ့ မူဝါဒဆိုင်ရာ သုံးသပ်ချက်တွေ၊ အကဲဖြတ်ချက်တွေ လုပ်ရမယ်။
ထင်ရှားတဲ့နမူနာတစ်ခု ပြောရမယ်ဆိုရင် MPC လို့ခေါ်တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ကြိုက်တယ်၊ မကြိုက်ဘူး၊ ဖျက်မယ်၊ မဖျက်ဘူးဆိုပြီး အလွတ်ပြောတာမျိုးထက်စာရင် ဒါနဲ့ပတ်သက်လို့ မူဝါဒအရ ပြန်သုံးသပ်တာမျိုး၊ လွတ်လွတ်လပ်လပ်
ပြန်သုံးသပ်တာမျိုး ကောင်းတာ၊ မကောင်းတာ ဘယ်ဟာဆက်ခံမယ်၊ ဘယ်ဟာ မဆက်ခံဘူးဆိုတာကို လွတ်လပ်တဲ့ သမာသမတ်ကျတဲ့ နည်းပညာအပေါ်မှာ အခြေခံတဲ့ သုံးသပ်ချက်မျိုးတွေနဲ့ သွားမှသာ ဖြစ်မှာပါ။ နိုင်ငံရေးအရ အစွဲအလမ်းနဲ့ အာဃာတနဲ့ မျက်မှန်စိမ်းတပ်ပြီးတော့ ဘယ်သူ့ကိုတော့ ကြိုက်တယ်၊ ဘယ်သူ့ကိုတော့ မကြိုက်ဘူး၊ ဘယ်သူ့ကိုလက်မခံဘူး ပြောတာမျိုးကတော့ မူဝါဒ ချမှတ်တဲ့သူတွေအတွက် ကောင်းတဲ့ဓလေ့မဖြစ်နိုင်ဘူး။ အလားတူပဲ အုပ်ချုပ်ရေးနဲ့ပတ်သက်ရင်လည်း အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ အလျောက်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အလျောက် နယ်ပယ်တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာတတ်နိုင်သမျှ နိုင်ငံရေးအရ အစွဲအလမ်း နည်းနည်းလျှော့ပြီးတော့ တိုင်းပြည်အတွက် အလားအလာ ကောင်းနိုင်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးသင့်တယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အခုထက်ထိ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုမရှိသေးဘူး။ အစိုးရအဖြစ် တက်ပြီးတော့မှ တွေ့မယ်ဆိုရင် သင့်တော်မလား၊ စောစောစီးစီး တွေ့ထားသင့်သလား။
သူ့မှာလည်း သူ့အချိန်ဇယား နဲ့သူရှိပါလမ့်မယ်။ ဒါပေမဲ့ အနုပညာရှင်တွေနဲ့တွေ့တာ၊ အနှေးယာဉ်လုပ်သားတွေနဲ့တွေ့တာ အရေးပါသလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တဲ့ ကိစ္စကလည်း အင်မတန်မှ အရေးပါတယ်လို့ ကျွန်တော်က ထင်ပါတယ်။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ရှိရင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားဒေသမှာ  တကယ်လုပ်နေတဲ့လူတွေက ပိုပြီးသိနိုင်တယ်။ လူတွေရဲ့ အကျိုးစီးပွားကို တကယ်လုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူတွေရဲ့အကျိုး စီးပွားကိုတင်ပြနေတဲ့ သတင်းမီဒီယာတွေရဲ့ Imputပြောဆိုရေးသားတင်ပြချက်တွေအပေါ်မှာ အခြေခံပြီးတော့မှ ပြည့်စုံတဲ့ပုံကားချပ်ရနိုင်တယ်။ ကျွန်တော်မြင်တာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ရမယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ရမယ်။ နားထောင်အချိန်ပေးပြီး မီဒီယာတွေနဲ့တွေ့ရမယ်။
အရင်စစ်အစိုးရလက်ထက်မှာ စစ်တပ်နဲ့ ခရိုနီတွေကပဲစီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့ပြီး လူထုအများစုက ချွတ်ခြုံကျခဲ့တယ်။ လာမယ့် အစိုးရသစ်လက်ထက်မှာကော ခရိုနီတွေနဲ့ ဘယ်လိုလက်တွဲမလဲ။
စီးပွားရေးသမားကတော့ လိုတာပဲ။ စီးပွားရေးလုပ်ငန်းရှင် အရင်းအနှီးမရှိဘူးဆိုရင် နိုင်ငံတကာက ဝင်လာတဲ့အခါLocal Partner မရှိရင် ဘယ်လိုလုပ်မလဲ။ ဒါပေမဲ့လည်း ဒီစီးပွားရေးသမားတွေအနေနဲ့ ဟိုးအတိတ်က မကင်းရာမကင်းကြောင်း ရှိခဲ့တယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမျှတတဲ့ စီးပွားရေးအခင်းအကျင်းတစ်ခုမှာ  မှန်မှန်ကန်ကန် ဘယ်လိုပါဝင်မလဲ။ အဲဒီလိုပြန်ပါဖို့ဆိုရင် မတရားတချို့ရထားတဲ့ကိစ္စတွေကို ပြန်လည်ပေးဆပ်တာ၊ သို့မဟုတ် အဲဒီစာချုပ်တွေကို
ပြန်လည်ညှိနှိုင်းတာမျိုး လုပ်သင့်တယ်။ အထူးသဖြင့် လယ်တွေသိမ်းထားတာ၊ ယာတွေသိမ်းထားတာ၊
ပြန်ပေးတာသော်လည်းကောင်း၊ ပုံစံတစ်ခုခုနဲ့ တရားမျှတမှုဖြစ်အောင် ပြန်ဖြေရှင်းတာမျိုးရှိဖို့လိုတယ်။
ဒါသူတို့ ဘဝပျက်သွားနိုင်လောက်တဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဘယ်လိုရှင်းမလဲဆိုတာ နည်းတွေအများကြီးရှိတယ်၊ ရှင်းသင့်တယ်။ နံပါတ်နှစ်က တတ်နိုင်သမျှ အခွန်နဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ အဲဒီနှစ်ခု ပြေလည်တယ်ဆိုရင်တော့
နိုင်ငံတကာအရေးယူ ဒဏ်ခတ်မှုတွေလည်း လျော့သွားသင့်တယ်။ ရုပ်သိမ်းပေးသင့်တယ်။ အဲဒီနည်းနဲ့ပဲ သူတို့အနေနဲ့ နိုင်ငံတကာအရင်းအနှီးနဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ တွဲဖက်ပြီးတော့ တိုင်းပြည်ကောင်းရာကောင်းကြောင်း လုပ်သင့်တယ်။ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းရှင်ကို ဆန့်ကျင်တဲ့အမြင်မျိုး မရှိသင့်ဘူး။ စီးပွားရေးလုပ်ငန်းရှင်နဲ့ နိုင်ငံတော်နဲ့ကြားမှာမလျော်မကန် ပေါင်းစပ်ပြီးတော့ လူတွေကို အနိုင်ကျင့်တာ၊ လူတွေကို သားကောင်တွေလိုလိုက်ပြီး နောက်က တောက်လျှောက်လိုက်တဲ့ဆက်ဆံရေးကို မရှိသင့်တာ။ ဘယ်လောက်ပဲ ဈေးကွက်စီးပွားရေးစနစ် ပြောနေပြောနေ နိုင်ငံတော်ဟာ ကိုယ့်နိုင်ငံသား စီးပွားရေးသမားတွေ လုပ်ခင်းလုပ်ကွက် အဆင်ပြေအောင် လုပ်ပေးရတာ ကူညီရတာ အများကြီးရှိပါတယ်။
ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ တစ်စုံတစ်ရာအကယ်၍ လက်လွန်ခြေလွန်လုပ်တာမျိုးတွေ မဟုတ်တော့ဘူးဆိုရင်တော့ ကာလတစ်ခုအထိကတော့ မဖြေရှင်းနိုင်သော်ငြားလည်း တစ်စုံတစ်ရာ တည်ငြိမ်ပြီးတော့ ထိန်းထားနိုင်တဲ့ လက္ခဏာ
တွေ့ရတယ်။ ဒါပြီးရင် စိတ်ပူစရာရှိတာက တိုင်းရင်းသားအရေး။ တိုင်းရင်းသားအရေးဟာ  သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားအရေးဟာ နိုင်ငံတော်တည်ဆောက်ရေး State Building နဲ့ ပတ်သက်ပြီး အရေးကြီးတာပါ။ တိုင်းရင်းသားအရေးမပြေလည်ရင် နိုင်ငံတော်ဟာ Complete State Foundation မဖြစ်ဘဲ In-complete Foundation
ဖြစ်သွားနိုင်တယ်။ အဲဒါဟာ ဗုံမဟုတ်၊ ပတ်မဟုတ် နိုင်ငံတော်၊ ဟိုမရောက် ဒီမရောက်နိုင်ငံတော်ဖြစ်သွားနိုင်တယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာနယ်မြေ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုယ်တိုင်ကိုက သူ့နယ်မြေမှာ မကြီးစိုးတာဖြစ်နိုင်တယ်။ သယံဇာတဖော်ထုတ်မှုကအစ အကုန်ပျက်ကွက်နေခဲ့တာ။
နိုင်ငံတော်တည်ဆောက်ရေးက ဟိုမရောက်ဒီမရောက်ဖြစ်နေမယ်ဆိုရင် နိုင်ငံသားဖြစ်မှုကလည်း ဟိုမရောက် ဒီမရောက်ဖြစ်နေမှာပဲ။ ဘာလဲဆိုတော့ တချို့လူတွေက တင်းပြည့်ကျပ်ပြည့်နိုင်ငံသား။ တချို့က ဒုတိယနိုင်ငံသား၊ တချို့က တတိယနိုင်ငံသားဖြစ်မယ်။  တိုင်းရင်းသားအရေးသည် နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပတ်သက်တယ်။
နိုင်ငံတော်တည်ဆောက်ရေးသည် နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တယ်။ နိုင်ငံသားဖြစ်မှုက တင်းပြည့်ကျပ်ပြည့်မဖြစ်ရင် ဒီမိုကရေစီဟာ ဘယ်တော့မှ တင်းပြည့်ကျပ်ပြည့်မဖြစ်ဘူး။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပဲ။ တိုင်းရင်းသားအရေးပြေလည်ရေးဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီပေါ်ထွန်းဖို့အတွက်တင် ကြိုလိုအပ်ချက်ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့ လျှော့တွက်နေမယ်ဆိုရင်တော့ ဒီနိုင်ငံမှာ ဘယ်တော့မှ တရားမျှတမှု၊ တန်းတူညီမျှမှုဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို တစ်စုံတစ်ရာထိန်းနိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့ ပြဿနာဟာ တိုင်းရင်းသားအရေးဖြစ်တယ်။
ဒုတိယတစ်ခုကတော့ နိုင်ငံတော်နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုရင် တပ်မတော်အနေနဲ့ သူနဲ့တွဲပြီး အုပ်ချုပ်မယ့် အရပ်သားပါတနာရပြီဆိုရင် နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာရော စီး ပွားရေးတွဲဖက်လုပ်ကိုင်နိုင်မယ့် စီးပွားရေးပါတနာတွေ ဖြစ်လာမယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ အရင်ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ ပြဿနာကဘာလဲဆိုတော့ နိုင်ငံတော်က နိုင်ငံတော်ရဲ့သြဇာ၊ နိုင်ငံရေးအာဏာကို သုံးပြီးတော့ စီးပွားရေးထင်တိုင်းကြဲတာမျိုး။ နိုင်ငံတော်ကလည်း သူလိုချင်တာကို စီးပွားရေးသမားတွေဆီက ရအောင်ယူတယ်။
စီးပွားရေးသမားတွေကလည်း နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ မြေသိမ်းယာသိမ်းကိစ္စကစပြီး အဆုံးစွန်ဖြစ်ကြတာပေါ့။ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အင်ပါယာကြီးတွေက သိပ်ကြီးစိုးပြီးတော့ တစ်မိုးလုံးဖျောက်ဆိပ် သူတို့ချည်းပဲ ဖြစ်ခဲ့တာတွေ့ရတယ်။ တပ်မတော်က ချုပ်ကိုင်ထားတဲ့ ဦးပိုင်နဲ့ MEC အပါအဝင် တစ်သီးပုဂ္ဂလလုပ်ငန်းရှင်တွေကလည်း အဲဒီပုံစံလုပ်နေတာတွေ့ရတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ စီး ပွားရေးဆက်စပ်ရေးဟာ အတိတ်ကလိုမျိုး မုဆိုးကသားကောင်ကို လိုက်သလိုမျိုး လူထုကို လုပ်ငန်းရှင်နဲ့ နိုင်ငံတော်ပေါင်းပြီး အနိုင်ကျင့်တဲ့ ဟာမျိုးကနေပြီးတော့ ဘယ်လိုပုံစံသစ်မျိုးကို သွားမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဒီမိုကရေစီ ဆိုတာ အမည်ခံပဲဖြစ်မယ်။ နင်းပြားတွေရဲ့ ဘဝကလည်း ဒုက္ခရောက်နေဦးမှာပဲ။
အဲဒီတော့ နိုင်ငံတော်နဲ့ စီးပွားရေးဆက်ဆံရေးက အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမယ်။ လူသာပြောင်းသွားတယ်။ နိုင်ငံတော်နဲ့ စီးပွားရေးဆက်ဆံရေးက ထူးမခြားနားဘဲ နားလှည့်ပါးရိုက်ပဲ ဆိုရင်တော့ မီဒီယာတွေ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပညာရှင်တွေကတော့ ထောက်ပြသင့်တာထောက်ပြကြမှာပဲ။ ဒီလိုပြောတဲ့အတွက်ကြောင့်မို့လို့ စီးပွားရေးကို ဆန့်ကျင်ဖို့မဟုတ်ဘူး။ စီးပွားရေးသမားက လိုအပ်တယ်။ စီးပွားရေးသမားကောင်းတွေ များများပေါ်ဖို့ လိုအပ်တယ်။ ခေတ်သစ်မှာ ကျင့်ဝတ်နဲ့ညီပြီး အခွန်တွေလည်း ပေးဆောင်ပြီးတော့ လူထုကိုလည်း ထောက်ထားပြီးတော့ ကိုယ့်စီးပွားရေးဖြစ်အောင်လုပ်ရင်း နိုင်ငံတကာ အရင်းအနှီးတွေကိုလည်း တတ်နိုင်သမျှ ရယူနိုင်မယ့် ဒေသခံတွေ
မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ များများပေါ်လာဖို့လိုအပ်တယ်။
အဲဒီ စီးပွားရေးလုပ်ငန်းရှင်တွေလုပ်နိုင်ကိုင်နိုင်အောင်လည်း နိုင်ငံတကာက တချို့စီးပွားရေး ဆန်ရှင်တွေ ပယ်ဖို့လျှော့ဖို့လည်း လိုတယ်။ နိုင်ငံတော်နဲ့ စီးပွားရေး၊ ဆက်ဆံ ရေးကလည်း တိုင်းရင်းသားအနေ နဲ့ ဆက်စပ်နေတယ်။ မြန်မာပြည်က သယံဇာတအများစုဟာ တိုင်းရင်းသားဒေသမှာပဲဖြစ်တယ်။ အကယ်၍သာ ဒီဆက်ဆံရေးကို မှန်မှန်ကန်ကန် မလုပ်နိုင်ဘူးဆိုရင် အရင်တုန်းက နေပြည်တော်မှာ ဗဟိုပြုခဲ့တဲ့ ခရိုနီဝါဒ၊ ခရိုနီလမ်းစဉ်၊ နေပြည်တော် Centralized Cronyလမ်းစဉ်ကနေ နောက်ဆိုရင် Decentralized  Crony , Federalized Crony ဖြစ်သွားမယ်။ အဲဒါဆိုရင် တိုင်းရင်းသားတွေ အနာကြီးနာမှာပဲ။
ကျေးဇူးတင်ပါတယ်။ ။

http://www.7daydaily.com/story/53285  မှ ကူးယူဖော်ပြပါသည်။ 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...