Image may be NSFW.
Clik here to view.
Clik here to view.

ကျွန်တော်တို့စစ်သားဘ၀ဆိုတာ.....။
_______________
ကရင်ပြည်နယ် ဒေါနတောင်တန်းကြီးဆိုတာ ဟိုတုန်းက (1985) သစ်ကြီးဝါးကြီး စိမ့်စမ်းရေတံခွန်တွေ အလွန်ပေါပြီး တောအင်မတန်ထူထပ်လှပါတယ်၊ ဒေါနတောင်အရှေ့ခြမ်းနဲ့ သောင်မြစ်ကြား ပေ ၃၀၀၀ အောက် တောင်ကုန်းများနဲ့ မြေပြန့်လွင်ပြင်တလျှောက် သဘာဝကျွန်းတောကြီးတွေဆိုတာ ဒီနေ့ ရင်ပြင်တော်ပေါ်မှာ ဆီမီး ၉၀၀၀ ပူဇော်ထားတဲ့ ဖရောင်းတိုင်တွေလောက်ကို သနားတယ်၊ တကယ့်ကို စီစီရီရီနဲ့ ရင်သပ်ရှု့မောဖွယ် မော်ဖိုးကေနဲ့ မဲလကြား သောင်းရင်းတစ်လျှောက် ရောက်ဖူးသူတိုင်းသိကြမှာပါ၊
အဲဒီလို တော၇ိပ်တာင်၇ိပ်တွေကြား အေးခိုက်ခိုက်တုံနေတဲ့ ဒီဇင်္ဘာလဆန်းမှာ မိုင်းထိဝေဒနာ ဘယ်လိုခံစားရတယ် ဆိုတာလေး ရင်ဖွင့်ပါရစေ၊ ကျွန်တော်ဟာ မိုင်းမထိခင် လက်နက်ငယ်ပေါင်မှန်တဲ့ ဒါဏ်ရာရဖူးပါတယ်၊ နာတယ်ဆိုတာထက် မပိုပါဘူး။ ကြိတ်မှိတ်ခံလို့ရပါတယ်၊ မိုင်းထိဒါဏ်ရာက မခံမရပ်နိုင်စရာ ဝေဒနာလို့ပဲ ဆိုပါရစေ၊ ထိထိချင်း သိပ်မနာပေမဲ့ ပတ္တီးစည်းပြီး နာရီဝက်လောက်မှာတော့ မီးစကြီးနဲ့ထိုးထားသလို ပူပူအောင့်အောင့်နဲ့ ကိုက်ခဲတာကြီးက အတော်ခံရခက်ပါတယ်၊
အေးလွန်းတာမှ ရေခဲမတတ်၊ ဆီးနှင်းပေါက်တွေကလည်း တဖျောက်ဖျောက်၊ ခြုံစရာစောင်ကြားလေးနဲ့ ရာသီဥတုဒါဏ်ကို ဘယ်လိုမှ မတွန်းလှန်နိုင်တဲ့ကြားက မိတ်ဆွေဟောင်းငှက်ဖျားက နှိပ်စက်၊ ဒါဏ်ရာက ကိုက်ခဲ ဖြစ်လိုက်တဲ့ တိုက်ပွဲတွေကလည်း နေ့စဉ် ၊ စောင်ကြားပုခက်ထဲ ပစ္စတိုကျည်ထိုးပြီး စစ်ကြောင်းချီရာ လိုက်ပါနေရတဲ့ စစ်သားဘ၀။
နေ့ဖက်တိုက်ပွဲဖြစ်တုန်း အထမ်းသမားဝန်ထမ်း ၂ ယောက်က ဒေသခံတိုင်းရင်းသားဘာသာစကားနဲ့ ၁.၂.၃ တိုင်ပင်ခေါ် ပစ်ချသွားတော့လည်း ဒလိမ့်ခေါက်ကွေးပြုတ်ကျရင်း ဒါဏ်ရာရခြေထောက် မိုးပေါ်မြှောက်လို့ ကျည်ကွယ်ရာ နီးစပ်တဲ့သစ်ပင် ခိုဝင်ခဲ့ရတယ်၊ ဆေးရုံဆေးခန်းရှိတဲ့ မြို့ရွာတွေနဲ့ ဆန့်ကျင်ဖက် အထက်စစ်ဆင်ရေးအမိန့်အရ ရည်မှန်းချက် (တာဒိုးခီးထ) ဘက် နေ့စဉ်ညစဉ် အထမ်းကြီးနဲ့ လိုက်နေရတဲ့ဘ၀ မိဘအိမ်မှာသာဆို အော်ငိုကြမှာပါ၊
မိမိအတ္တတစ်ခုထဲ ကြည့်လို့မရတဲ့ စစ်မြေပြင်မှာ ( ၇) ရက်မြောက်မှ ရှေ့တန်းစစ်မြေပြင်ဆေးရုံ မြ၀တီ၊ ယာဉ်တန်းစောင့်ရတာ ၅ ရက်၊ မှောင်ခိုပစ္စည်းတွေ ခေါင်မိုးထိ ပြည့်ကြပ်နေတဲ့ GMC ကားကြီးရဲ့ အမိုးကိုင်းကို ဒါဏ်ရာရ ခြေထောက်တင်ရင်း မြ၀တီကနေ နာမည်ကျော် ဒေါနကိုကျော်ပြီး ကော့ကရိတ်၊ နောက်တစ်နေ့ ကျုံဒိုးသဘောင်္ကြီးနဲ့ ခရီးဆက် မမတို့မော်ရွှေမြိုင်ေ၇ာက်တော့ ၂၀.၁၂.၁၉၈၅။
ခြေထောက်က ထွက်တဲ့ သွေးညှီနံ့ကို လိုက်ပါစားသုံးလာတဲ့ ယင်မမဲရိုင်းတွေ အမွေပေးတဲ့ လောက်ဆိုတဲ့ သတ္တ၀ါတွေကလည်း အဖြူရောင်မပီတော့တဲ့ နီစွေးစွေး ပတ္တီးပေါ်မှာ တဖွားဖွား၊ ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာကို ခံစား၊ မပီပြင်တော့မဲ့ အနာဂါတ်ကို စဉ်စားရင်း လောက်ရှင်းလင်းရေးလုပ်၊ အနာကအပုတ်နံ့ထွက်နေပြီ။
မော်လမြိုင်စစ်ဆေးရုံမှာ ညတွင်းချင်း ခွဲစိတ်ခန်းဝင်၊ ကံကောင်းခြင်တော့ ခြေထောက်မပြတ်သေး၊ ဒီလိုနဲ့ စစ်မြေပြင်နဲ့ဝေးရာ မုတ္တမဘူတာကနေ ၂၄.၁၂.၁၉၈၅ မှာ မင်္ဂလာဒုံဆေးရုံကြီးဆီ မီးရထားကြီး ပျော်ပျော်စီးရတယ်လို့တော့ မထင်လိုက်ပါနဲ့ ။
လူနာစစ်သည်တွေကို ကျော်ခွ၊ ပိတ်စတွေကို မံမီလို ခန္ဓာကိုယ်မှာ အထပ်ထပ်ပတ်ရင်း မှောင်ခိုသမားတို့ဘာဝ ဆူညံဟစ်ကြွေးသံတွေ ခံစားရင်း၊ ငှက်ဖျားကြောင့် သတိလစ်မေးခိုင်နေတဲ့ စစ်သည်ရဲ့ ပါးစပ်အဟောင်းသားထဲက လောက်ကောင်တွေကို ဖယ်ရှားပေးရင်း မင်္ဂလာဒုံစစ်ဆေးရုံကြီး (D.S.G.H) Defence Service General Hospital ကိုရောက်ခဲ့ပါတော့တယ်၊
ဒီထက်မကတဲ့ ပြင်းထန်ဒါဏ်ရာတွေနဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒါဏ် ခက်ခဲတဲ့လမ်းပန်းဆက်သွယ်ရေး၊ စစ်ရေးအခြေအနေကြောင့် ဆေးရုံဆေးခန်းတွေဆီ အချိန်မီမရောက်လို့ ကြွေလွင့်သွားရတဲ့ စစ်မြေပြင်ကစစ်သားတွေလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ်၊ ဒီလိုအကြောင်းတွေ သူတို့မသိဘူး၊ ဒီလိုအကြောင်းတွေသိတာ၊ ဒီလိုဘ၀မျိုးရောက်ဖူးတဲ့ ကျွန်တော်တို့ချင်းပဲ သိတယ်၊ ကျွန်တော်တို့ချင်းပဲ နားလည်တယ်၊
ဒါကြောင့် ကျွန်တော့်ထက် ပေးဆပ်နိုင်တဲ့ သူတွေရှိရာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ခြေတော်ရင်း တနေရာက သူရဲကောင်းများထံ ၆.၁၂.၂၀၁၅ ရက်နေ့ နံက် ၀၉း၀၀ မှာ သွားရောက် အလေးပြုမယ်ဗျာ။