Quantcast
Viewing all articles
Browse latest Browse all 1811

"မောင်ဖိုးချိုနှင့် ကြိုးဝိုင်း"

Image may be NSFW.
Clik here to view.
Yekkha Ye Jee's photo.
------------------------
"ဂျက်""ဂျက်"
"ဖု""ဖု"
"ဂျက် ဂျက် ဖု"
"ဂျက် ဂျက် ဖု"
. . . မောင်ဖိုးချိုတို့အိမ်ရှေ့မြေကွက်လပ်မှအသံများဖြစ်၏။ မောင်ဖိုးချိုတစ်ယောက် သူ၏တူတော်မောင် 'စမုံ'အား နွေရာသီကျောင်းအားရက်အတွင်း မြန်မာ့ရိုးရာ လက်ဝှေ့ထိုးသင်ပေးနေသောအသံများ ဖြစ်လေသည်။
"ခေါင်းကို ဘယ်ဘက်စောင်းထား .. စောင်း .. စောင်းဦး ၊ ဘယ်ပုခုံးကိုမြှင့်ထား .. မြှင့်ဦး မြှင့်ဦး .. ဟုတ်ပြီ ၊ ကိုယ့်ဘယ်ဘက်နားအုံကို ဘယ်ဘက်ပုခုံးနဲ့ ကာထားတဲ့သဘောပဲ .. ၊ ညာဘက်နားအုံကိုကျ ညာလက်သီးနဲ့ကာထားရတယ် .. ၊ သဘောပေါက်လား"

"ဒီလိုစောင်းငန်းကြီးနဲ့ လက်သီးထိုးရမှာလား"
"အေးပေါ့ . . နောက်တော့ အကျင့်ရလာရင် သိပ်စောင်းစရာမလိုတော့ဘူး . . လုပ်"
"ဂျက် ဂျက်"
"ဂျက် ဂျက်"
"ဖု"
"ဖု ဆိုတာကြီးက ဘာလဲဦးချိုရာ . . ထိုးလိုက်လို့ ဖုသွားမယ်လို့ပြောချင်တာလား"
"ဖု ဆိုတာ ဝိုက်လက်သီးပါဆိုကွာ . . ဂျက်က ဖြောင့်လက်သီး . . ပြီးရောမဟုတ်လား လုပ် လုပ်"
"ဟင့်အင်း . . အဲဒါကြီး သားမဆိုချင်ဘူး . . ဘာမှန်းလဲမသိဘူး ဖု ဖု နဲ့ . . "
"ခက်တဲ့ကောင်ပဲ . . ငါတို့တုန်းကလည်း ဒီလိုပဲ . . အော်ခဲ့ရတာပဲကွ"
"ဘာမှန်းမသိပဲ ဦးချိုက အော်တာပဲလား . . အဲဒါ မြန်မာလိုလား ၊ အင်္ဂလိပ်လိုလား"
"ငါမသိဘူးကွ . . ဆရာက ဂျက်ဆို ဂျက်ပေါ့ ၊ ဖုဆို ဖုပေါ့ကွာ . . မင်းတို့လို လျှာမရှည်ရပေါင်"
"သားတော့ မအော်ချင်ဘူးဗျာ . . မြန်မာလိုဖြင့်လည်း မြန်မာလို ၊ အင်္ဂလိပ်လိုဖြင့်လည်း အင်္ဂလိပ်လို ပီပီသသပဲ အော်ချင်တယ် . . ခုဟာကြီးက မြန်မာလားမသိ အင်္ဂလိပ်လားမသိ . . တဖုဖု နဲ့"
"ဟ . . မအော်ပဲ လက်သီးထိုးလို့ရမလားကွ . . ဒီလိုပဲ လေ့ကျင့်တုန်းအော်ရတာပေါ့ . . နောက် မင်းထိုးတတ်သွားတော့လည်း တဖုဖု နဲ့ အော်နေစရာမလိုပါဘူး"
"ဘာလဲ စမုံ . . ပြော ဖိုးဖိုးကိုပြော" . . မောင်ဖိုးချို၏ အဖေရောက်လာပြီ။
"လက်သီးထိုးရင်အော်ရမယ်တဲ့ ဖိုးဖိုးရဲ့ . . ဂျက် တဲ့ ၊ ဖု တဲ့ . . ဘာမှန်းလည်း မသိဘူး . . ဖု ဆိုတာကြီးကို မအော်ချင်ဘူး"
"ဟုခ် ပါကွ ဟုခ် . ဟုခ် . . H o o k ဟုခ် . . ဟွတ်ခ် လို့လည်းအသံထွက်တယ် . . ဝိုက်လက်သီးလေ"
"တွေ့လား . . သားပြောသားပဲ . . ဦးချို အသံမပီတာနေမှာလို့ . . ဂျက် ကရော"
"ဂျက်ဘ် လေ . . J a b ဂျက်ဘ် ထောက်လက်သီး ပေါ့"
"တွေ့လား ဖိုးဖိုးကမှ သိသေးတယ် . . ဂျက်ဘ် ၊ ဟုခ် ၊ ဂျက်ဘ် ၊ ဟုခ် . . နော် ဖိုးဖိုး"
"အင်း"
"အဲဒါဆိုလည်း မင်းဖိုးဖိုးကို သင်ခိုင်းလိုက်ပေါ့ကွာ . . အဖေ့မြေးကို အဖေပဲ သင်ပေးလိုက်တော့"
. . . မောင်ဖိုးချိုရေသောက်ရင်း ထိုင်၏။ လက်အိတ်ကိုချွတ်၏။ ခေတ်ကာလ ချာတိတ်များကား မလွယ်။ ကျိုးနွံဝပ်တွားမှုအလွန်နည်းပါးကြသည်။ အထွန့်ကလေးတက်လိုက်ရမှ သူတို့နေသာပြီး စားဝင်အိပ်ပျော်ကြပုံပေါ်သည်။ မိမိတို့ ချာတိတ်ဘဝကနှင့် ကွာချင်တိုင်းကွာတော့သည်။ မိမိတို့ကား လူကြီးက ဖု ဆို ဖု လိုက်ရုံသာ။ ဖု လိုက်မည်သာ။ ပါးစပ်က မဖုလျှင်လည်း ခေါင်းတွင်ဖုရန်ရှိသည်မဟုတ်လော။ အထွန့်တက်ရန် မစဉ်းစားဘူးပေ။ ဝိစိကိစ္စာနည်းပါးလှ၏။ . . သင်းတို့ကို ပြောလျှင် သူတို့မှာ မဟာဒီမိုကရေစီခေတ်ကြီးအတွင်း လူဖြစ်လာသူများဖြစ်ကြောင်း ၊ မိမိတို့လို အာဏာရှင်လက်ကိုင်တုတ် အသိုးကြီးများနှင့် လားလားမျှမဆိုင်ကြောင်း . . ကလေးပါးစပ်နှင့် လူကြီးစကားပြောပြလိမ့်ဦးမည်။
. . . အေဘီစီဒီ တစ်လုံးမျှမတတ်ရှာသော မိမိတို့ဆရာ ကရင်အဘိုးကြီးကို သတိရမိ၏။ ပိတ်ထူစနှင့်ချုပ်ထားသော သဲအိတ်ကြီးများကို သတိရ၏။ သင်တန်းစတက်သောနေ့က သဲအိတ်ကြီးကို တဘုန်းဘုန်းထိုးခဲ့လေသည်။ ဆရာကြီးက ကွမ်းဝါးရင်း ပြုံးစိစိနှင့်ကြည့်နေ၏။ "တယ် လက်သီးပြင်းတဲ့အကောင်ပါကလားဟေ့"ဆို၏။ မောင်ဖိုးချို အလွန်မြောက်လေသည်။ "လုပ်စမ်းပါဦး ခပ်ပြင်းပြင်းကလေးတစ်ချက်"ဆိုသော် သဲအိတ်ကို ကွဲမတတ် တဘုန်းဘုန်းထိုးခဲ့လေသည်။ . . . နောက်တနေ့ မိုးလင်းသော် လက်များယောင်ကိုင်းနေ၏။ လက်သီးပင်ကောင်းကောင်းမဆုပ်နိုင်။ သဲအိတ်ရှေ့ရောက်သော် ဖွဖွကလေးထိုးကြည့်၏။ 'အားလားလား'ဟု အော်ရလေသည်။ ဆရာကြီးတွေ့သော် "လက်သီး တယ်ပြင်းတဲ့ ဖိုးချို . . ခပ်ပြင်းပြင်းကလေးဆော်ပြပါဦး"ဟု ပြုံး၍ဆိုလေသည်။
. . . တူတော်မောင်၏ သဲအိတ်ကား သားရေစနှင့်ချုပ်သော အကောင်းစားသဲအိတ်ဖြစ်လေသည်။ ထိုးလိုက်လျှင် အိခနဲနေ၏။ သည့်အပြင် လက်ဝှေ့လက်အိတ်ကိုစွပ်ထားသေးသည်။ အဘယ်မှာ လက်နာချိမ့်မည်နည်း။ အဘယ်မှာ လက်သီးပြင်းမည်နည်း။ သင်းတို့ကား အစစလွယ်ကူသောခေတ်တွင်ကြီးပြင်းရသဖြင့် အောက်သက်ကမကျေ ၊ အောက်ခြေကလွတ်သေး၏။ မိမိတို့မှာကား လက်အိတ်ကိုဝတ်ခွင့်မရခဲ့လေ။ ဗလာလက်သီးကိုသာ မာသထက်မာအောင်ကျင့်ခဲ့ရ၏။
"လက်သီးပြောင်ကြီးထိုးတာဟာ အားကစားနဲ့ မတူဘူးတဲ့ ဦးချိုရဲ့"
"ဟ . . မြန်မာ့ရိုးရာလက်ဝှေ့က အားကစားမဟုတ်လို့ဘာတုန်း . . ရိုးရာမှာ ဗလာလက်သီးပဲထိုးတယ်ကွ . . လက်အိတ်နဲ့ထိုးချင်ရင် အင်္ဂလိပ်ဘောက်ဆင်သွားထိုးချည်"
"မှုတ်ဘူးလေ . . မွေထိုင်းမှာလည်း လက်အိတ်နဲ့ပဲထိုးတာပါ . . မြန်မာ့လက်ဝှေ့ကို ကမ္ဘာပေါ်မှာအရက်စက်ဆုံး ရိုးရာအားကစားနည်းလို့ ပြောတယ်တဲ့ ဦးချိုရဲ့ . . "
"ဘယ်သူကပြောတာလဲ . . ဘာရက်စက်လို့လဲ"
"ဦးချိုကလဲ . . မလဲမချင်း အတင်းထခိုင်း ထိုးခိုင်းနေတဲ့ ဥစ္စာ"
"အေးလေ . . အဲဒါ သတ္တိပေါ့ ၊ ဇွဲပေါ့ ဟ . . ငါတို့လူမျိုးပဲ ဒါမျိုးထိုးနိုင်တာ ၊ ထိုးရဲတာ . . ဂုဏ်ယူစရာကွ မှတ်ထား"
. . . သင်းသည် အသက် ၁၀နှစ်ကျော်ဖြစ်၍သာ တော်တော့သည်။ အသက်၂၀ကျော်လာလျှင် ဝေးဝေးနေမှဖြစ်လိမ့်မည်။ လက်အိတ်စွပ်နေသောတူတောင်မောင်ကို ကြည့်ရင်းတွေးမိသည်။ မိမိတို့ငယ်စဉ်က လက်အိတ်စွပ်၍ အလွန်ကစားချင်ခဲ့သည်။ လက်သီးလည်းမနာ ၊ လက်အိတ်ကြီးက ကြီးသဖြင့်အကာအကွယ်လည်း ကောင်းကောင်းရသည်။ ဆရာကြီးက မကြိုက်သဖြင့် သူတို့လက်အိတ်ဝတ်ခွင့် မရကြပေ။ ဗလာလက်သီးပြင်းစေရန်ဖြစ်၏။ သူတို့အားလုံး ဗလာလက်သီးပြင်းကြသည်။ လက်ဖျံရိုးကို ခြေနှင့်တဖြောင်းဖြောင်းအခတ်ခံနိုင်ခဲ့ကြသည်။ ဤသို့ မာလှသဖြင့် မိမိ၏လက်ပြန်ရိုက်ချက်တွင် 'ညိုကြီး'တစ်ယောက် မေ့လဲခဲ့ရခြင်းကို အမှတ်ရလေသည်။
. . . 'ညိုကြီး'မှာ မောင်ဖိုးချိုတို့၏ စီနီယာဖြစ်သည်။ လူကောင်ခပ်ပျပ်ပျပ်နှင့် လက်ထွက်အလွန်မြန်သူဖြစ်၏။ မောင်ဖိုးချိုထက်အရင်ရောက်သူဖြစ်၍ ပညာလည်းပိုတတ်နေပြီ။ လေ့ကျင့်ရင်းအစမ်းကစားခိုင်းသောတစ်နေ့တွင် ညိုကြီးနှင့် မောင်ဖိုးချိုထိုးကြ၏။ လူကောင်ထွားသောမောင်ဖိုးချိုကို ပညာသာသော ညိုကြီးနှင့် ဘက်တွဲပေးခြင်းဖြစ်သည်။ . . စသည်နှင့် ညိုကြီးက အစွမ်းပြချင်ဇောဖြင့် တရစပ်ဖိထိုးခဲ့သည်။ လက်သီးငါးလုံးလောက်ထိပြီး အသားနာလာသောအခါ မောင်ဖိုးချိုလည်း ညှစ်ကာရုန်းကာ ထိုးတော့သည်။ ပညာနှင့် လူကောင် ၊ ပါဝါနှင့် ခံနိုင်ရည် ပြန်မျှနေသဖြင့် လေ့ကျင့်ပွဲနှင့်မတူတော့ပဲ ပွဲဆူလာသည်။ ညိုကြီးကွ ၊ ဖိုးချိုကွ အော်ကြသည်။ အောက်ပိုင်းကန်ချက်နှင့် လက်သီးတွဲလုံးမိပြီး မောင်ဖိုးချိုမူးချိန်တွင် ညိုကြီးက အလဲထိုးရန်ကြိုးစားကာ ဖွင့်ထိုး ဖိထိုးသည်။ ခံရင်း ဆုတ်ရင်း ဟန်ချက်ပျက်ကာ ရမ်းသမ်းထွက်လာသော မောင်ဖိုးချို၏ လက်ပြန်ရိုက်ချက်က ညိုကြီးနားထင်ကို မိမိရရထိပြီး ညိုကြီးလဲလေသည်။ ဆရာက ရပ်ခိုင်းသော် ညိုကြီး ရှက်၍မဆုံးပဲ အမျက်သိုတော့သည်။
"ဘာတွေ ပြုံးစိပြုံးစိလုပ်နေတာလဲ ဦးချို . . 'ဖိုးကေ'ကို 'ပါဝိ'ကန်သလို ဘောဖြတ်ကန်လိုက်လို့ တခါတည်း ပွဲသိမ်းသွားမယ်" . . စမုံ့စကားကြောင့် မောင်ဖိုးချိုလည်း ရောင်ရမ်းပြီး ပေါင်ကိုကျုံ့ရသည်။
"အဲဒါ အားကစားစိတ်ဓာတ်မရှိတာပေါ့ကွ"
"မှုတ်ပါဘူး . . ပါဝိ က တမင်ကန်ပြတာပါ . . သားတို့ မြန်မာ့လက်ဝှေ့က စနစ်တကျမရှိဘူးဆိုတာပြချင်လို့"
"ပြောတာပါကွာ . . အလကား ၊ ငါတော့ 'ပါဝိ'မကြိုက်ပါဘူး"
"'တွေ့မရှောင်'ကြိုက်တာမို့လား"
"လုံးချော"
"သူ့နာမည်က ဘာလို့ လုံးချောဖြစ်ရတာလဲ"
"လုံးပြီးချောနေလို့ဖြစ်မှာပေါ့ကွ"
"ဘာကြီးလဲဗျ . . သားတော့ 'စိုးလင်းဦး'ပဲကြိုက်တယ်"
"စိုးလင်းဦး ခု အသက်ကြီးလာတော့ ငါ မကြိုက်တော့ဘူး . . ဒီကောင်က သူများကို ရိတာတွေ ၊ လှောင်တာတွေ အရမ်းလုပ်လာတယ်"
"အဲဒါ မိုက်တာပေါ့ . . ဒီလိုမျိုးလျှာထုတ်ပြပြီး ထိုးတာလေ . . ဘလွတ် ဘလွတ်"
"မဟုတ်ဘူး စမုံရဲ့၊ မှားတယ် . . ပြိုင်ဘက်ကို မလှောင်ရဘူး . . လေးစားမှုထားရတယ် ၊ ဒါတွေက အခြေခံ ကစားသမားကျင့်ဝတ်ကွ . . ငါတော့ အဲဒါမျိုး ကစားသမားတွေကို အရမ်းရှုတ်ချတယ် ၊ ပညာဘယ်လောက်တော်တော် အထင်မကြီးဘူး။ . . စစချင်းမထိုးခင် လက်ဆွဲနှုတ်ဆက်တာ ကနေ၊ ပြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကျောပုတ်ပေးတာထိ . . တကယ့်ရိုးရာက ထိုးပြီးရင် အသက်ကြီးသူကို ပြန်ကန်တော့တောင်းပန်ရသေးတယ်"
. . . ပြောသာပြောရသည် ၊ ညိုကြီးနှင့်မိမိ ကြိုးဝိုင်းပေါ်တွေ့စဉ်က လက်ဆွဲနှုတ်မဆက်ခဲ့ပေ။ ဒိုင်လူကြီးက လက်ကမ်းခိုင်းသည်ကိုပင် ရှောင်ခဲ့ကြကြောင်းပြန်သတိရသည်။
. . . ညိုကြီး၏ လိုလားမှုကြောင့် သူတို့နှစ်ဦး ကြိုးဝိုင်းထဲရောက်ခဲ့ကြသည်။ ဆရာက တပည့်ချင်း မထိုးစေလိုသော်လည်း ကာယကံရှင်နှစ်ဦးလုံးက ဆန္ဒရှိနေသဖြင့် ၃ချီ အပျော်တမ်းတွဲဆိုင်းတွင် တင်ပေးလိုက်လေ၏။ . . သူတို့နှစ်ဦးကား မျက်လုံးချင်းမဆိုင် ၊ လက်ချင်းမကမ်းပဲ ရန်သူများအလား အငြိုးနှင့်ထိုးကြသည်။ သူလည်းထိ ကိုယ်လည်းထိ ၊ ဇွဲချင်းထောက်ပြီး အသည်းပေါက်အောင်ထိုးသည်။ မောင်ဖိုးချိုမျက်လုံးတစ်ဘက် ပိတ်သွား၏။ ညိုကြီးမျက်ခုံးမှ သွေးစိမ်းရှင်ရှင်စီးကျ၏။ ပွဲကောင်းကိုဆက်ကြည့်ချင်ပုံရသော ဆရာဝန်က 'ဆက်ထိုး ဆက်ထိုး'ဟု ဆိုသဖြင့် ၃ချီစေ့သည်အထိ ထိုးခဲ့ကြလေသည်။
. . အနိုင်အရှုံးမပေါ်။ အချို့က ညိုကြီး၏ တွဲလုံးများအလွန်လှသည် ဆို၏။ အချို့က မောင်ဖိုးချို၏ကောင်တာ အလုံးများကို လွန်စွာအားရကြ၏။ ပညာများစွာမကောင်းကြသေးသော်လည်း ပွဲက ပွဲကောင်းဖြစ်ခဲ့လေသည်။ ပွဲပြီးချိန် ဒိုင်လူကြီးက နှစ်ဦးလုံး၏ လက်များကို ကိုင်မြှောက်ပြီးသော် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နှစ်သိမ့်စေ၏။ မောင်ဖိုးချိုနှင့် ညိုကြီးက မလှုပ်ချေ။
. . . ဆရာကြီး ကြိုးဝိုင်းပေါ်သို့ တက်လာလေသည်။ ဒိုင်လူကြီးက အနောက်ဆုတ်ပေး၏။
"တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်စမ်း" . . ဆရာ့စကားကို မငြင်းဝံ့သဖြင့် လက်ချင်းကမ်းကြရသည်။
"မလွှတ်နဲ့ ကိုင်ထား . . မင်းတို့နှစ်ယောက်က ရန်သူလား ၊ ဟင် . . ငါ့ပြောစမ်းပါ ၊ ရန်သူတွေလား" . . နှစ်ယောက်စလုံး ခေါင်းခါကြသည်။
"အေး . . အားကစားစိတ်ရှိရမယ် ၊ ပြီးတော့ အချင်းချင်းဆိုတဲ့စိတ်ရှိရမယ် . . ၊ ဟိုမှာကြည့်စမ်း တခြားတွဲဆိုင်းတွေ . . ဘယ်သူမှ ကိုယ့်လူချင်းမထိုးဘူး ၊ တစ်ကျောင်းတည်းသားချင်း မထိုးဘူး . . ၊ မင်းတို့သာ ထိုးချင်လွန်းလို့ တင်ပေးရတာ . . ခုထိုးပြီးပြီ .. တော်ပြီ ပြီးပြီ ဒါပဲ . . ။ ရှေ့လျှောက် တခြားကျောင်းက တခြားအဖွဲ့ကလူတွေနဲ့ ပြိုင်ရမယ် . . ၊ ကိုယ့်ချင်းချင်း ရန်ဖြစ်နေလို့ရမလား။ မကျေနပ်သေးရင် မင်းတို့နှစ်ယောက် ဒီနေ့အပြီးထိုး . . နောက် မထိုးရတော့ဘူး . . ။ ပြောစမ်း . . ထိုးချင်သေးသလား မင်းတို့နှစ်ယောက် . . ထိုးချင်ရင် ခု ရေကုန် ဆက်ထိုးခိုင်းမယ်"
"ဟင့်အင်း . . မထိုးတော့ပါဘူး" . . ညိုကြီးဆိုသည်။
"ကျေနပ်တယ်နော် . . မင်းရော ဖိုးချို . . ထိုးချင်သေးလား"
"ဟင့်အင် . . အား ကျွတ်ကျွတ် . . မထိုး ကျွတ်ကျွတ် မထိုးဘူး . . အား နောက်လည်း မထိုးတော့ဘူး . . ကျွန်တော့်အတွက် ကျွတ်ကျွတ်ကျွတ် ဒါနောက်ဆုံးကြိုးဝိုင်းပဲ . . အား ရှီး ညကျ ထမင်းဝါးနိုင်မယ် မထင်ဘူး"
"တခြားကြိုးဝိုင်းအသစ်တွေလာမှာပေါ့ကွာ" . . ဆရာကြီးက ပြုံး၍ဆိုပြီး ပြန်ဆင်းသွားသည်။
. . . မောင်ဖိုးချိုနှင့် ညိုကြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြ၏။ တိုက်တွန်းသူမရှိပဲ တစ်ယောက်နှင့်တစ်ယောက် ဖက်ကာကျောကို ပုတ်ကြသည်။ အပေါင်းအသင်းများက လက်ခုပ်ဝိုင်းတီးကြရာ ကစားနေစဉ်က တီးသောလက်ခုပ်သံထက်ပိုကျယ်သယောင် ထင်မိကြလေသည်။
"ပြုံးစိစိ လုပ်နေပြန်ပြီလား . . ကန်လိုက်မယ်"
"အာ ကွာ . . ထိုးပါဆို အချက်ရေ ပြည့်ပြီလား"
"မပြည့်သေးဘူး . . သားမထိုးချင်တော့ဘူး ၊ လက်ညောင်းပြီ . . ခြေကန်သင်ပေး ဦးချို . . ဒီလိုမျိုးလေ ယိ ဒရှိ"
"အောင်မာ ၊ အမြင့်ကန်က နောက်ဆုံးမှသင်ရမှာ . . မရဘူး ဂျက်ဖုပဲ ဆက်ထိုးဦး"
"တွီတွီတွီ . . တွီတွီ"
. . . မောင်ဖိုးချို၏ လက်ကိုင်ဖုန်း မြည်သည်။ စမုံက ပြေးကိုင်၏။
"အင့် . . ဦးချိုကို ဘောပိတ်ကန်မယ့်သူ လာပြီ"
"ဘယ်သူတုန်း"
"ဦးချို စော်ကြီးပေါ့"
. . . တမြန်နေ့က ဈေးဝယ်ကုန်တိုက်ကြီးအတွင်းနွှဲခဲ့ရသော ရန်ပွဲကို မောင်ဖိုးချို ချက်ချင်းသတိရ၏။ သက်ပြင်းချရင်းက ဖုန်းကိုလှမ်းယူလေသည်။
. . . အပေါ်စီးမှ ဆက်တိုက်ဖိထိုးရကောင်းမလားတွေး၏။ ကောင်တာပေါက်သွားက မလွယ် ၊ သူ့ ဒူးချက် အလွန်ပြင်းကြောင်း ကောင်းကောင်းသိ၏။ အရှိုက်ကို တည့်တည့် ထိမြဲချည်းဖြစ်၏။ စကတည်းက ခပ်ခွာခွာလေးနှင့် ၊ ထောက်လက်သီးကလေးများနှင့် ခံစစ်ကစားလျှင် ပိုကောင်းလိမ့်မည်မှတ်သည်။ ဒါကလည်း အလွန်သတိရှိမှဖြစ်မည်။ သူကား အပူးအသတ် အလွန်ကျင်လည်သူဖြစ်၏။ ပူးမိကပ်မိသည်နှင့် ကိုယ်ပဲအမြဲနာကြောင်း ကောင်းကောင်းသိသည်။ ခေါင်းတိုက်ချက်တွင် မျက်ခုံးကွဲခဲ့ပေါင်းများပြီ။ . . လှဲချရန်လည်း မဖြစ်၊ သိက္ခာက ရှိသေးသည်။
"ဟ လို "
မောင်ဖိုးချို မျက်လုံးထဲတွင် ကြိုးဝိုင်းများကို မြင်လာသည်။ အနီထောင့်နေရမလား ၊ အပြာထောင့်နေရမလား မဝေခွဲနိုင်သေးချေ။


(ယက္ခ)ရဲကြီး။

၅_၆.၁၂.၁၅။




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...