by Thanda Win (Notes) on Tuesday, February 12, 2013 at 1:36pm
Image may be NSFW.
Clik here to view.
Clik here to view.
Clik here to view.
Clik here to view.
Clik here to view.
Clik here to view.![]()
Clik here to view.![]()
Clik here to view.

- ၉.၁၁.၂၀၀၁ မှာ အိုစမာဘင်လာဒင်ရဲ့ ခိုင်းစေချက်အရ အယ်ကေးဒါးအဖွဲ့ဝင် အစွန်းရောက်အကြမ်းဖက်သမားတွေဟာ လေယာဉ်အပိုင်စီးလို့ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို ၀င်တိုက်ခဲ့တာမို့ အမေရိကန်နိုင်ငံသား ၃ ထောင်ကျော်သေကြေပျက်စီးခဲ့ပါတယ်။ တကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တဲ့အကြမ်းဖက်စစ်ပွဲရဲ့ အစဖြစ်ပြီး နိုင်ငံအားလုံးရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပြောင်းအလဲများကို ဆယ်စုနှစ်အတွင်း အဆက်မပြတ် ဖြစ်ပေါ်စေခဲ့ပါတယ်။
Clik here to view.

- ၇.၇.၂၀၀၅ မှာတော့ ဗြိတိန်နိုင်ငံဖွား အစွန်းရောက်လူငယ် ၄ ဦးဟာ ပါကစ္စတန်နိုင်ငံဗလီများမှတဆင့် အယ်ကေးဒါးအဖွဲ့နဲ့ ဆက်သွယ်ပြီး လန်ဒန်မြေအောက်ရထား ၃ စီးနဲ့ ဘတ်စကားတစ်စီးကို အသေခံဗုံးခွဲခဲ့တာမို့ ဗြိတိန်နိုင်ငံသား ၅၂ ဦးသေဆုံးပြီး ၇၇၀ ကျော်ဒဏ်ရာရခဲ့ပြန်ပါတယ်။ ဗြိတိန်တနိုင်ငံလုံး အကြီးအကျယ်တုန်လှုပ်ခဲ့ပြီး စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကြီး ခေါင်းခဲခဲ့ရတဲ့၊ အကြီးအကဲအချို့ ထွက်စာတင်ခဲ့ရတဲ့ အကြမ်းဖက်မှုကြီးပါပဲ။
- ၈.၁၀.၂၀၀၅ နေ့မှာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြားက ကက်ရှ်မီးယားဒေသမှာ ငလျင်ပြင်းထန်စွာလှူပ်ခဲ့ပါတယ်။ ဆင်းရဲပြီး အေးခဲတဲ့တောင်ပေါ်ဒေသမို့ မူဆလင်ဘာသာဝင် ကက်ရှ်မီးယားလူမျိုး ရှစ်သောင်းခွဲကျော် သေကြေပျက်စီးရတဲ့သတင်းဟာ ကမ္ဘာ့သတင်းစဉ်ထဲကို ချက်ချင်းရောက်လာပါတယ်။ ဗြိတိန်လူမှုရေးအသင်းအဖွဲ့များက လှုဒန်းလိုလျှင်ဆက်သွယ်ရန်ဆိုတဲ့ ဖုန်းနံပါတ်များကြေငြာတဲ့အခါ ရက်ပိုင်းအတွင်းမှာပဲ ဗြိတိန်နိုင်ငံသားများ ၀ိုင်းဝန်းလှူဒန်းငွေ ပေါင် ၂ သန်းကို တကမ္ဘာလုံးမှာ အများဆုံးအဖြစ် ကောက်ခံရရှိခဲ့ပြီး ၀န်ကြီးချုပ်တိုနီဘလဲက အင်မတန်ရက်ရောသော ဗြိတိန်သားများရယ်လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကမ္ဘာ့အလယ်မှာ မျက်နှာမော်လို့ လှူဒန်းပေးအပ်ခဲ့ပါတယ်။ ဒါဟာအစိုးရချင်းပေးအပ်တဲ့ အကျိုးမျှော်အကူအညီဆိုတာမျိုးထက်ပိုလို့ နက်ရှိုင်းပါတယ်။ နိုင်ငံသားများက ပြန်လည်ရယူလိုခြင်းနှောင်ကြိုးမပါပဲ တမူး၊တပဲစုပေါင်းပြီး စွန့်လွှတ်လှူဒန်းငွေပါ။ နိုင်ငံ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အစွန်းရောက်အကြမ်းဖက်ဆိုတဲ့ စကားလုံးဘောင်တွေကို ကျော်လွန်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။
Clik here to view.

- ဗြိတိန်ရဲ့ လူမှုရေးစိတ်ဓါတ်ဟာ ဒီလောက်နဲ့ တန့်မနေခဲ့ပါဘူး။ ကက်ရှ်မီးယားဒေသမှာ ငလျင်အပြီး ဆောင်းရာသီမှာ နေထိုင်စရာမရှိ၊ အ၀တ်အထည်မရှိ အတိဒုက္ခရောက်ကြရတဲ့အကြောင်း သတင်းတွေ ဆက်တိုက်တက်လာတဲ့အချိန်မှာတော့ အသီးသီး အလျှိုလျှို အလုပ်ထွက်စာတင်ကြတဲ့ သူနာပြုများနဲ့ ဆရာဝန်များကို တွေ့ရပါတယ်။ အဲဒီဒေသမှာ လုပ်အားပေးသွားနိုင်ဖို့ပါ။ ဆေးရုံအတွင်းမှာပဲ စာများကပ်လို့ ရန်ပုံငွေကောက်ခံပါတယ်။ အမျိုးသမီးတယောက်ဆိုရင် ဖိနပ်အဟောင်းများကို လိုက်လံအလှူခံပြီး ဖိနပ်အရံထောင်ပေါင်းများစွာကို စုဆောင်းမိတဲ့အခါ လေယာဉ်ပျံအငှားနဲ့ ပါကစ္စတန်ကို ချီတက်ပါတယ်။ တောင်တန်းဒေသမြင့်မားတဲ့နေရာတွေကို ရဟတ်ယာဉ်တောင် မရောက်နိုင်တဲ့အတွက် ဖိနပ်ထုပ်ကြီးကို ကိုယ်တိုင်ထမ်းလို့ ခြေလျင်အရောက်သွားပါတယ်။ ဒုက္ခသည်ကလေးတွေရဲ့ကြားမှာ မားမား မားမားနဲ့ ဖြူဖြူရှည်ရှည်အမျိုးသမီးဟာ သူလိုငါလို သာမာန်ထဲကပါပဲ။ ကလေးတွေက ဘွတ်ဖိနပ်လေးတွေ စီးပြီးပျော်နေတာကိုမြင်ရတဲ့အခါ မျက်ရည်ကျနေတာတွေ့ရပါတယ်။ နှင်းခဲတဲ့ဒေသမို့ ဖိနပ်မရှိရင် ခြေထောက်ဖြတ်ရတဲ့အထိ ဒုက္ခပေးနိုင်တယ်ဆိုတာ သူကိုယ်ချင်းစာတယ်လေ။ သူ့ရဲ့ မခမ်းနားပေမယ့် ဆန်းပြားတဲ့အလှူကို တကမ္ဘာလုံးသိအောင် ဘီဘီစီက မှတ်တမ်းတင်ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ ဒီလိုလုပ်ငန်းတွေကို သူတို့အခေါ်က “ Saint business” သူတော်စင်တို့ရဲ့ လုပ်ငန်းပါတဲ့။ ဒီမိုဘိုးအေကြီး ဗြိတိန်နိုင်ငံရဲ့ လူမှုအဖွဲ့အစည်းအကြောင်း တစေ့တစောင်းပါ။
Clik here to view.

- ၃.၅.၂၀၀၈ မှာတော့ နာဂစ်မုန်တိုင်းဟာ မြန်မာနိုင်ငံကို ရိုက်ပုတ်နှိုးခဲ့ပါတယ်။ လူပေါင်း တစ်သိန်းခွဲကျော်သေကြေပျက်စီးခဲ့ပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ နှစ်ပေါင်း ၈၀ ကျော်အတွင်း မကြုံစဖူးကြမ်းတမ်းလှတဲ့ သဘာဝရဲ့ ကျီစားသန်မှုဟာ မြန်မာတို့ရဲ့ လူမှုရေးစိတ်ဓါတ်ကို ရုတ်တရက်နိုးကြွစေခဲ့ပါတယ်။ တနိုင်ငံလုံးလူအား၊ ငွေအားတတ်စွမ်းသမျှ ၀ိုင်းဝန်းလှူဒန်းကြပါတယ်။ အစိုးရအကူအညီ၊ နိုင်ငံတကာအကူအညီတွေကို ကက်ရှ်မီးယားလို ကောင်းစွာမရရှိခဲ့တာမို့လည်း ပြည်သူတွေရဲ့ အကူအညီကို ထင်ထင်ရှားရှားပိုမြင်ခွင့်ရခဲ့ပါတယ်။ အုပ်စုလိုက်ကြီး ဧရာဝတီကို ချီတက်ကြတဲ့ခရီးစဉ်မှာ ကားပေါ်မှာလိုက်ပါလာတဲ့ လူငယ်လေးတွေကို အကဲခတ်မိပါတယ်။ နားမှာ နားကပ်၊ လက်မှာ ဟန်းချိန်း၊ ဆွဲကြိုး၊ ဂျင်းဘောင်းဘီရှည် တီရှပ်နဲ့ စတိတ်ရှိုးသွားမယ့် ပုံစံမျိုးပါ။ လူကြည့်တော့လည်း ဖြူဖြူသွယ်သွယ်လေးတွေ။ ဒီကလေးတွေ အပျော်ခရီးများမှတ်နေလားလို့ တွေးမိတာအမှန်ပါ။ လမ်းတလျှောက်လုံးမှာ ပြည့်နေတဲ့ကားတန်းကြီးနဲ့ လမ်းဘေးဝဲယာက ဒုက္ခသည်တွေကို ကျော်ဖြတ်ပြီးတဲ့နောက် ဒေးဒရဲမြို့ကို ရောက်ပါတယ်။ ဆန်အိတ်တွေဝယ်ပြီး ကားပေါ်တင်လို့ ရွာတွေဆီသွားဖို့ လှေဆိပ်အရောက်မှာတော့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတာကို တွေ့ရပါတော့တယ်။ ပိုးဟပ်ဖြူလေးတွေလို့ ထင်ထားတဲ့လူငယ်လေးတွေဟာ အ၀တ်အစားကိုမှအားမနာ ဆန်အိတ်တွေကို တက်တက်ကြွကြွ လှေပေါ်ထမ်းတင်ကြတဲ့အခါ ဘယ်နားကများ ခွန်အားတွေထွက်လာပါလိမ့်လို့ တအံ့တသြကြည့်နေမိပါတယ်။ ရွာကိုရောက်တဲ့အခါ ဒူးထိမြုပ်တဲ့ ဗွက်ထဲနင်းလို့ ဆန်အိတ်တွေ ထမ်းချပြန်တော့လည်း မငြီးမငြူပါပဲ။ သူတို့မျက်နှာပေါ်မှာ ဒုက္ခသည်တွေအတွက် စိတ်မကောင်းတဲ့၊ ကိုယ်ချင်းစာတဲ့ ခံစားချက်တွေကို သိသိသာသာတွေ့နေရပါတယ်။ ကိုယ့်အိမ်မှာဆိုရင် စားပြီးသားပန်းကန်တောင် ဆေးဖော်ရမယ်မထင်တဲ့ ဒီလိုပုံစံနဲ့ ဒီလိုစိတ်ဓါတ်လေးတွေလည်း ရှိသေးသားပဲလို့ အမြင်တမျိုးနဲ့ ပြန်ကြည့်မိတဲ့အခါမှာတော့ ကိုယ့်ကားပေါ်ကလူငယ်တွေသာ မဟုတ်ပဲ ကားတန်းကြီးထဲက ကားတိုင်းလိုလိုမှာ လူငယ်တွေနဲ့ပြည့်နေတာ၊ ပျော်ပျော်ကြီးပူးပေါင်းလုပ်အားပေးနေတာကို အပြန်လမ်းတလျှောက် အားတက်စရာမြင်ရပါတယ်။ ကျွန်မအတွက်တော့ အမြင်တခုပြောင်းသွားတဲ့အတွက် နာဂစ်ကပေးသွားတဲ့ ကံကောင်းခြင်းလက်ဆောင်လို့သာ စွဲနေမိတာပါပဲ။
Clik here to view.

- ၂၀၀၉ ခုနှစ် နိုင်ငံရေးအကြောင်းလေ့လာမိတဲ့အချိန်မှာတော့ ဒါတွေဟာ သာမာန်အဖြစ်အပျက် အတွေ့အကြုံတစ်ခုထက် အများကြီးပိုတယ်ဆိုတာကို တိတိကျကျသိရပါတော့တယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ လို့ဆိုလိုက်ရင် လူမကြိုက်တဲ့စစ်အစိုးရရဲ့ အခြေခံဥပဒေကိုသာ ညွှန်းဆိုတတ်ပေမယ့် နာဂစ်ရဲ့လက်ဆောင်မွန်ဖြစ်တဲ့ လူမှုအဖွဲ့အစည်းများနိုးကြားလာခြင်းဆိုတာကို အသိအမှတ်ပြုတဲ့လူ အင်မတန်နည်းပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့လိုတယ်လို့ မကြာခဏပြောတတ်တဲ့ ဆရာနေ၀င်းမောင်ကတော့ ၂၀၀၈ကို ပုံစံတမျိုးနဲ့ မှတ်တမ်းတင်ပါတယ်။
- အခြေခံကျကျပြန်တွေးကြည့်ရင်တော့ မြန်မာလူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်အောင်မြင်မှုတွေကို လေးလေးစားစားအသိအမှတ်မပြုပဲ ဖယ်ထုတ်ထားခြင်းခံခဲ့ရတာ နှစ်ပေါင်းရာနဲ့ချီခဲ့ပါပြီ။ ဘုရင်ခေတ်ကလည်း ဘုရင်နဲ့ ဆွေတော်မျိုးတော်များသာ တော်ကြောင်းတတ်ကြောင်း၊ ရဲရင့်ကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယ နိုင်ငံတော်ကြီးတွေတည်ထောင်ခဲ့ကြောင်းသာ တဖွဲ့တနွဲ့ပြောခဲ့ကြတာ။ တကယ်တော့ ဒီလိုအင်အားကြီးနိုင်ငံတော်ကြီးတွေကို ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေမပါပဲ ဘုရင်တပါးတည်း ဆောက်ချင်လို့ရတာမှမဟုတ်တာပဲ။ လွတ်လပ်ရေးကို ရယူခဲ့တော့လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်၊ အာဇာနည် ၉ ဦးလို့ ခေါင်းစဉ်တပ်ပေမယ့်လည်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပြည်သူတို့ရဲ့ အခန်းကဏ္ဍကို အလေးထားဖော်ပြခဲ့ခြင်း မရှိပြန်ပါဘူး။ နောက်ပိုင်း နှစ် ၅၀ လုံးလုံးမှာလည်း တပ်မတော်ကသာ ရယူပေးခဲ့တဲ့၊ ကယ်တင်ပေးခဲ့တဲ့ နိုင်ငံတော်ကြီးဖြစ်ရပြန်ပါတယ်။ အခုကျတော့လည်း ခေတ်အဆက်ဆက် ကျောင်းသားများကသာ ဦးဆောင်ခဲ့ပြန်ပါသတဲ့။ အသာစံလည်းအတူ၊ အနာခံလည်းအတူ၊ ဖ၀ါးခြေထပ်လိုက်ပါခဲ့ရတဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ့်အရေးပါမှုကို ကိုယ်တိုင်သိရှိနားလည်မထားခဲ့ကြပါဘူး။ အုပ်ချုပ်သူလည်းကြိုက်တာလုပ်၊ ငါတို့လည်းကြိုက်တာလုပ်မယ်လို့ သဘောထားခဲ့တာချည်းပါ။ ပြန်လည်းမပြော၊ နားလည်းမထောင်ပေါ့လေ။ ဒါကြောင့်လည်း ဘုန်းတော်ဘွဲ့နဲ့ သူရဲကောင်းကိုးကွယ်တဲ့အလေ့အထသာ ထွန်းကားခဲ့တာပါ။ ဥပမာပြရရင် အီဂျစ်နိုင်ငံက သမိုင်းဝင် ပိရမစ်များကို ဖာရိုဘုရင်များက နှုတ်မိန့်နဲ့သာစေခိုင်းခဲ့တာဖြစ်ပြီး တကယ်တမ်းလက်တွေ့တည်ဆောက်ရတာက အီဂျစ်လူမျိုးကျေးကျွန်များပါ။ ဒါကို မြန်မာပြည်သားလူ့အဖွဲ့အစည်းများအနေနဲ့ ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။
Clik here to view.

- ဗြိတိန်နိုင်ငံရဲ့ နမူနာကိုပြန်ကြည့်ရင် အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းတဲ့အတွက် ပေါင်ငွေ ၂ သန်းကို အစိုးရကိုယ်တိုင်က လှူဒန်းပေးရပါတယ်။ မူဆလင်နိုင်ငံမို့ ငြင်းလို့၊ ကက်ရှ်မီးယားဒေသမှာ စီးပွားရေးအလားအလာမရှိလို့ မပေးပဲနေလို့မရပါဘူး။ တဆက်တည်းမှာပဲ တနိုင်ငံသားလူမျိုးခြားများကိုတောင် စာနာစိတ်ထားတတ်တဲ့အသိုင်းအ၀ိုင်းဟာ ကိုယ့်နိုင်ငံသားအချင်းချင်းကို ဘယ်လောက်အထိအလေးဂရုပြုမလဲလို့ ညီမျှခြင်းချကြည့်လို့ရနိုင်ပါတယ်။ ဒီလိုပြည်သူပြည်သားတွေကို အုပ်ချုပ်ရတဲ့အစိုးရအဖို့ ကုလားထိုင်မြဲရလေအောင် ဘာတွေလုပ်မလဲလို့ မေးစရာမလိုပါဘူး။ ဒါကြောင့်လည်း မဲဆွယ်ပွဲတွေမှာ ကျန်းမာရေးဘာတွေလုပ်ပေးပါ့မယ်၊ လူမှုဖူလုံရေး ဘယ်လိုတွေပြင်ပေးပါ့မယ်၊ ပင်စင်စားတွေအတွက်၊ သက်ကြီးရွယ်အိုအတွက်၊ ကျောင်းပညာရေးအတွက်နဲ့ နားမဆန့်အောင်ကြားရမြဲဖြစ်ပါတယ်။ မဲဆန္ဒရှင်များကလည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲထက် ချပြတဲ့မူဝါဒတွေအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေကို ချိန်ဆလို့ မဲပေးကြမြဲဖြစ်ပါတယ်။
- ထွန်းသစ်စမြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲမှာလည်း ဘယ်ပါတီလဲ၊ လွှတ်တော်ထဲမှာလည်း ဘယ်ပါတီကတင်တဲ့အဆိုလည်း၊ ဆုံးဖြတ်ရာမှာလည်း ကိုယ်ကျိုးစီးပွားထိခိုက်မှုရှိ၊ မရှိနဲ့သာ မဲပေးမြဲပါ။ ၂၀၁၀ ဟာလူမပြောင်း၊ မူပြောင်းတဲ့ နိုင်ငံရေးအရွေ့လို့ဆိုကြပေမယ့် လွှတ်တော်ထဲတင်သာမက လွှတ်တော်ပြင်ပမှာပါ မူကိုမကြည့် လူကိုသာကြည့်ဆဲပါ။ လူကိုမခင်ရင် မူကိုပြင်ဖို့စိတ်မကူးကြပါဘူး။ ဘောလုံးပွဲတွေမှာလို ဘောလုံးကိုမကန်ပဲ လူကိုကန်တဲ့အကျင့်ကလည်း စွဲနေပါသေးတယ်။
- အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို တပေါင်းတည်းချုပ်ကိုင်ခဲ့တဲ့ အာဏာရှင်စနစ်ကို နှစ် ၅၀ ခံစားခဲ့ပြီးတဲ့နောက် အပြောင်းအလဲမှာ ပြန်လည်တောက်ကြွားလာတဲ့ စတုတ္တမဏ္ဍိုင်ရယ်လို့ ၀င့်ဝင့်စားစားပြောနေကြတာလည်း တွေ့နေရပါတယ်။ သုံးချောင်းထောက်နဲ့ ယိုင်နေလို့ လေးချောင်းဝင်ထောက်ကူရတဲ့ သဘောပေါ့လေ။ တကယ်တမ်းကတော့ ခေတ်တွေ စနစ်တွေဘယ်လိုပြောင်းပြောင်း ဆင်းရဲတွင်းမှပြောင်းလဲခဲ့ခြင်းမရှိတဲ့ ပဉ္စမ မဏ္ဍိုင်ရဲ့ ပူးပေါင်းပါဝင်မှုကသာ အခရာပါ။ အခုတော့ မဲဆွယ်ခါနီး၊ ဂျာနယ်အသစ်ထုတ်ခါနီး၊ စီမံကိန်းတင်ခါနီး၊ ဈေးရောင်းခါနီးမှသာ ပြည်သူ့အတွက်ဆိုတဲ့အသံကို နေ့မြင်ညပျောက်ကြားနေရပါတယ်။ သို့ပေမယ့်လည်း စင်ပေါ်တက်ပြီး မင်းသားကပဲဖြစ်ဖြစ် မျောက်ကပဲဖြစ်ဖြစ် ဘယ်လိုပဲကသည်ဖြစ်စေ စင်အောက်က ပရိတ်သတ်ကို စာနာငဲ့ညှာခြင်းမရှိရင် ဒလိမ့်ခေါက်ကွေးပြုတ်ကျမြဲပါ။
Clik here to view.

- နိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်အင်အားကို ကိုယ်နားလည်ပြီးအသုံးချနိုင်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိအမြင်ကျယ်ဖို့၊ စုစည်းညီညာပူးပေါင်းပြီး ဆထက်ထမ်းပိုး ကြိုးစားဖို့လိုပါတယ်။ ဒါမှလည်း ဘယ်ဟာတွေတော့ လိုအပ်နေပါတယ်၊ လုပ်ပေးရန်ရှိ၊ မရှိသိလိုပါတယ်ခင်ဗျာဆိုတဲ့ လွှတ်တော်ထဲက အသည်းယားစရာမေးခွန်းတွေအစား ဒါတွေလိုတယ်၊ လုပ်ပေးပါလို့ ရဲရဲတင်းတင်းတောင်းဆိုဝန့်တဲ့ အနေအထားကို ရောက်ပါလိမ့်မယ်။ လမ်းမပေါ်မှာလည်း နိုင်ငံရေးဖျာခင်းလိုသူတွေ ဦးဆောင်ကျင်းပတဲ့ ဆန္ဒပြပွဲတွေအစား လူ့အဖွဲ့အစည်းတခုလုံးအတွက် တကယ်လိုအပ်တဲ့ တောင်းဆိုပွဲတွေ၊ စားပွဲပေါ်ညှိနှိုင်းဆွေးနွေးပွဲတွေကို တနိုင်ငံလုံးကိုယ်စားပြုဆောင်ရွက်နိုင်ပါလိမ့်မယ်။ အရေအတွက်အားဖြင့်လည်း ပြည်သူ သန်း ၅၀၊ တပ်မတော်သား ၅ သိန်း၊ အုပ်ချုပ်သူ တစ်ထောင်ထက် မပိုပါဘူး။ ရေများရေနိုင်၊ မီးများမီးနိုင်ဖြစ်ဖို့ လိုပါတယ်။ ပရဟိတစိတ်ဓါတ်ဆိုတာ တကိုယ်ရည်အကျိုး၊ ကိုယ့်အဖွဲ့အကျိုးကိုနောက်ထားလို့ အများအကျိုးကို ဦးတင်တတ်တဲ့စိတ်ဓါတ်မျိုးဖြစ်တာမို့ လူ့အဖွဲ့အစည်းတခုလုံးမှာ အတ္တထက် ပရ ရှေ့ဆောင်လာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးအထွေထွေမှာ ပြန်လည်ဦးမော့လာမှာ ဖြစ်ပါကြောင်း။