by Seaman Nayminthu (Notes) on Sunday, April 28, 2013 at 3:11pm
Image may be NSFW.
Clik here to view.
‘သုံးခွန်းတွန်မှချိုး… ဒေါင်ဒေါင်မြည်မှ အိုး’ ငယ်စဉ်တောင်ကျေးကလေးဘဝ ကတည်းက လူကြီးသူမတွေ အကြားမှာ အထက်က စကားအသုံးအနှုန်း လေးကို ကျနော်တို့နားထဲမှာယဉ်ပါးခိုအောင်း နေခဲ့သည်။ ချိုးငှက်မှန်လျှင် ကူသံ သုံးခွန်းဆင့်ကာ တွန်ရသည်။ တ ကူကူး ကူး …. ဟူ၍။
ထို့အတူ အိုးကောင်းအိုးသန့်ရွေးချယ်ရာ၌လည်း အက်ရာစင်ရာများ ကင်းရှင်းရသည့်အပြင်အိုးနှုတ်ခမ်းဝကို လက်ဆစ်ဖြင့် တီးခေါက်ကြည့်ပါက ဒေါင်ဒေါင်မြည်သံကြည်လွင်ရှင်းနေပါမှ စင်းလုံးချောကောင်းမွန်သည့် အိုး အဖြစ် လက်ခံအတည်ပြုတတ်ကြသည်။
…………………………………………………………………………….
‘သုံးလွန်းတင်မှကြိုး’ ဟူသော အသုံးအနှုန်းကိုတော့ ကြိမ်ဖန်များစွာ ကျနော်ရင်းနှီးခွင့်ရခဲ့သည်။ နွေလည်နေ့ခင်း နေရှိန်ပြင်းသည့်အခါ မိဘတွေက အပြင်မှာ သွားကစားခွင့်မပြု။ အိမ်အောက်သို့မဟုတ် အိမ်ဘေး သစ်ပင်ရိပ်မှာပင် ဆော့ကစားကြရသည်။ ထိုရာသီမျိုးတွင် ကျနော်တို့အဖေမိုးတွင်းလယ်ထွန်ချိန်သုံးဖို့ ကြိုးကျစ်လေ့ရှိသည်။ ဆောင်းဦးပေါက်အချိန်တွင်ခုတ်ယူစုဆောင်းထားသော ကပ်စေးနှဲလျှော်၊ ချဉ်ပေါင်လျှော် များကို နွေရာသီအလုပ်ပါးသည့်အချိန်၌ ကြိုးကျစ်ခြင်း ဖြစ်သည်။ ထွန်ကျင်းကြိုး၊နွားမောင်းကြိုး၊ တံပိုးကြိုး အကုန်ကျစ်ရသည်။
ကြိုးကျစ်သည့်အခါလွန်းအိမ်ဖွဲ့ထားသော ကြိုးစတဖက်ကို တိုင်တလုံးမှာချည်ပြီးလျှင် ကိုယ်လိုချင်သည့်ကြိုး အရှည်ပမာဏကို တိုင်းတာယူပြီးနောက် အဖေက အနီးအနားမှာ ရှိနေသည့် ကျနော့်အားကြိုးစ ခေါက်မည့် နေရာမှ ခေတ္တကိုင်ထားစေကာ ကြိုးနှစ်လွန်းကို လိမ်ကျစ်တော့သည်။ ကြိုးရှည် အဆုံးသို့ ရောက်သောအခါနောက်တလွန်းထပ်ကျစ်ထည့်ရင်း ကျနော့်ကိုပြကာ ပြောပြတတ်ပါသည်။
‘ဒီမှာ သားရ… ကြိုးဆိုတာသုံးလွန်တင်မှ ကြိုး ကွ… ခုန နှစ်လွန်းကျစ်ထားတဲ့နေရာနဲ့ အခု သုံးလွန်းကျစ်ထားတဲ့နေရာ ယှဉ်ကြည့်လိုက်စမ်း… ကွာမနေဘူးလား’ တဲ့။
ရှည်မျှောမျှော ပြေလျော့လျော့နှစ်လွန်းတင်ကြိုးနှင့် အလွန်းချင်းထပ် တင်းကျပ်တုတ်ခိုင်လှသောသုံးလွန်းတင်ကြိုး.. ကြိုးနှစ်မျိုးကို နှိုင်းယှဉ်ကြည့်တော့ သေသပ်လှပမှုရောတောင့်တင်းခိုင်မာမှုမှာပါ ဘယ်လိုမှ မတူနိုင်တာကို လက်တွေ့မျက်တွေ့သိရှိခဲ့ရဖူးသည်။
……………………………………………………………………..
“ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်။”
တပ်မတော်ထဲ ရောက်သည့်အခါ အထက်ပါ ‘ရဲဘော်စိတ်’ ဟူသည့် ဖွင့်ဆိုချက်ကိုရေလဲပုဆိုးပမာ မကြာခဏ ရွတ်ဆို ပြောကြားသံတွေနှင့် ယဉ်ပါးခဲ့ရပြန်သည်။
သို့သော်…
ထိုရဲဘော်စိတ် ဆိုသည်ကို မသိစိတ်မှာသညာသဘောဖြင့် ကိန်းအောင်းမှတ်မိနေသည် ဆိုခြင်းထက် မည်မျှလောက် ပိုမိုလေးနက်မှုရှိကြပါသနည်း။ ထို စကားရပ်တခု တခုချင်း၏ လေးနက်သော အဓိပ္ပါယ် နှင့် ဆိုလိုချက်မည်သို့ရှိသနည်း မေးလာခဲ့သည် ရှိသော် ဘယ်လိုအဖြေပေးကြမည်နည်း။
ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင်ကျနော်ကိုယ်တိုင်ပင် ယခုကဲ့သို့ အတွေးဈာန်ဝင် နှစ်မြှုပ် မစဉ်းစားမိခဲ့တာအမှန်ပါ။ သူများပြောလျှင် ပြောလိုက်သည်။ သူများမေးလျှင် ဖြေလိုက်သည့် အဆင့်ထက်မပိုခဲ့ပေ။ သိပ်ပြီး အလေးအနက် မထားမိသည့်အတွက် ထိုအသုံးအနှုန်းကို ပြောဆိုသံကြားရတိုင်းလည်းကြက်သည်းမွှေးညှင်း ထလောက်အောင် အူလှိုက်သဲလှိုက် မခံစားခဲ့ရပါ။
မည်သို့ဆိုစေ မသိစိတ်မှာ ကိန်းနေသည့်အသိတရား ဖြစ်သည့်အလျောက် မိမိကိုယ်တိုင် သတိမထားမိသော ‘ရဲဘော်စိတ်’ ၏ တန်ခိုးအာနိသင်ကိုမထင်မှတ်သည့် နေရာ၊ မမျှော်လင့်သည့် အခြေအနေများ ကြုံကြိုက်လာ သည့်အခါများတွင်ဒုတ်ဒုတ်ထိ ခံစား ရသည်များ ရှိပေသည်။
ဒီစာကိုရေးနေရင်း အဖြစ်အပျက်တခုကိုသတိရမိသည်။ တခါက သေနတ်ပစ်ဖောက် ရမ်းကားမှုဖြင့် အရေးယူ ပြစ်ဒဏ်ချမှတ်ခံထားရသောတပ်ကြပ်တဦးကို ပုသိမ်နယ်ဘက် အကျဉ်းထောင်သို့ ပို့ဆောင်ရန် စီစဉ်နေချိန်ဖြစ် သည်။ကင်းသမားထံမှ သေနတ်ကို လုယူပစ်ဖောက်လိုက်ခြင်း ဖြစ်သည်။ ၄င်းတပ်ကြပ်မှာ တပ်ထဲ၌ အရွတ်တုံး ဟု ပြောရလောက်အောင် အမှုပွေသူဖြစ်၏။သူ့ကိုယ်ရေးရာဇဝင် တခုလုံး မင်နီတွေပြည့်နေသည်။ သူ့စိတ်ထဲ မထင်လျှင် မထင်သလို လုပ်တတ်သူဖြစ်သည်။
ထောင်သို့မပို့ဆောင်မီညနေခင်းတွင် သူက သူနှင့်ရင်းနှီးသော တပ်ကြပ်ကြီးတဦးကို အကူညီတောင်းသည်။ ပုသိမ်သို့သွားရာလမ်းခရီးတလျှောက် ရေယာဉ်ပေါ်မှာ ခရီးသည်တွေအကြား လက်ထိပ်ခတ်လျက်နှင့် သွားရမှာ သူရှက်နေပုံရသည်။ထို့ကြောင့် သူ့ကိုလက်ထိပ်မခတ်ဘဲခေါ်ဆောင်သွားရန်လိုက်ပါပို့ဆောင်မည့် တပ်ထိန်းစစ်သည်အား ပန်ကြားပေးဖို့ ပြော၏။
လူချင်း မည်မျှပင်ရင်းနှီးကျွမ်းဝင်စေကာမူလိုက်လျော၍ မဖြစ်နိုင်သော တောင်းဆိုချက် ဖြစ်သည်။ သူတပါး၏ တာဝန်ကို စွက်ဖက်ရာရောက်သည့်အပြင်လမ်းမှာထွက်မပြေးပါဘူးဟု ယုံကြည်ရန် မည်သို့မျှ မဖြစ်နိုင်။ လမ်းမှာ ရပ်နားမည့်သင်္ဘောဆိပ်တွေ အများကြီးရှိသည်။ သည်ကြားထဲ အပေါ့သွားမည် အကြောင်းပြလျက် လက်ထိပ်ဖြေပေးစဉ် တရားခံထွက်ပြေးသွားသော အမှုတခုက ပူပူနွေးနွေးပင် ရှိနေသေး၏။
သို့သော် အခါခါတောင်းပန်တိုးလျှိုးပြောလာသည်က တကြောင်း၊ ကိုယ်တိုင် စိတ်မကောင်းဖြစ်ရသည်ကတကြောင်း ကြောင့် တပ်ထိန်းဆရာနှင့် တိုင်ပင်ကြည့်သည့်အခါ မဖြစ်နိုင်ကြောင်းသာတုန့်ပြန်လေသည်။ လက်မလျှော့တမ်း အကြိမ်ကြိမ် စည်းရုံးပြောဆိုပြီး ကတိတွေအလီလီပေးပါမှ တပ်ထိန်းဘက်က အသံထွက် လာသည်။ ‘ခင်ဗျား သူငယ်ချင်းအပေါ်ဒီလောက်သံယောဇဉ်ကြီးနေရင်လည်း သူထွက်ပြေးရင် ခင်ဗျားအချုပ် ထဲဝင်မယ်လို့ ခံဝန်လက်မှတ်ထိုးပေး..ဒါပေမဲ့ သင်္ဘောပေါ်ရောက်မှ ဖြုတ်ပေးမှာနော်’ ဆိုသဖြင့် တရားခံရှေ့ မှာပင်လက်မှတ်ထိုးပေးလိုက်သည်။
နောက်တနေ့ တရားခံနှင့်တပ်ထိန်းထွက်ခွာသွားတော့ တပ်ကြပ်ကြီးခမျာ ပင့်သက်ရှူ ရင်မနေရပြီ။ ဘယ်အချိန်တရားခံထွက်ပြေးပြီ ဟူသော သတင်းကြားရမလဲ စောင့်စားနေရ၏။
၂ ရက်လောက်ကြာတော့ တပ်ထိန်းစစ်သည်ပြန်ရောက်လာ၏။ ခရီးစဉ်အားလုံး ချောချောမွေ့မွေ့ရှိကြောင်း ပြောကာတရားခံရေးပေးလိုက်သော ကျေးဇူးတင် စာလွှာကို တပ်ကြပ်ကြီးထံ အပ်တော့မှ ခမျာသက်မချခွင့် ရလေသည်။ ထိုဖြစ်စဉ်လေးက ရဲဘော်အချင်းချင်းကြားမှာ ထားရှိသောရဲဘော်စိတ်ကို လက်တွေ့ပြသလိုက် ခြင်းဖြစ်လေသည်။
အသက်သွေးချွေးတွေယုံယုံကြည်အပ်နှံပြီး ၊ အခက်ခဲတွေကို သေမတူရှင်မကွာ ဖြတ်သန်း ခဲ့ကြသူများ ပီပီ တပ်မတော်တွင်းမှာဆက်လက်တာဝန် မထမ်းဆောင်ကြတော့သည့်တိုင် အချင်းချင်း ပေါ်မှာထားရှိခဲ့ကြတဲ့ မေတ္တာတရား၊ သံယောဇဉ်တရား ၊ အချင်းချင်းပေါ်မှာ တည်နေတဲ့ သစ္စာတရားတို့ကို ဘဝတွေ နဲ့ ရင်းပြီးတောင်ယုံကြည်မှု ထားရှိတတ်ကြသည် ။
တပ်မတော်သားတဦးအဖို့ စစ်မှုထမ်းကာလမှာအတိုင်းအတာ ကန့်သတ်ချက်ရှိသည်။ သို့သော် ရဲဘော်စိတ် က စစ်မှုထမ်းခြင်းဘောင်ကိုကျော်လွန်၏။ ရာသက်ပန် ခိုင်မြဲနေနိုင်သည်။
အွန်လိုင်းမှာ တပ်ထဲကအကြောင်းတွေကျနော်ရေးသားသည့်အခါ တပ်မတော်ထုအတွင်း အတိုင်းတာတခုထိ ပျံ့နှံ့ရောက်ရှိသွားသည်။ အွန်လိုင်းပေါ်မှာလုပ်ဖော်ကိုင်ဘက်ဟောင်း တချို့နှင့် ပြန်ဆုံရတာလည်း ရှိသည်။ တပ်ပြေးတဦးဖြစ်သောကျနော့်အပေါ်မှာ သူတို့ထားသော သဘောထားက ရှင်းလင်းပါသည်။ ‘မင်းစာရေးတဲ့အခါ တပ်မတော်ပြိုကွဲ ရေးကိုဦးမတည်မိ စေနဲ့ တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးမရှာနဲ့ ကျန်တာအားလုံးကိုယ်ယုံကြည်သလို ရေးလို့ရတယ်’ ဟု သတိပေးစာတချို့ ပေးပို့တာရှိခဲ့သည်။
တပ်မတော်အတွင်းမှာကြုံတွေ့ရင်ဆိုင်ခဲ့ရသော မတရားမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေကို ကျနော်တို့အားလုံးမြင်တွေ့ သိရှိခဲ့ရပြီး ဖြစ်ပါသည်။ သည့်အတွက် အမှန်အတိုင်း ဖော်ထုတ်ရေးသားခြင်းကိုကန့်ကွက်ပြောဆို လိုခြင်း မရှိကြပါ။ အာဏာရှင်စရိုက်နှင့် တပ်မတော်လုံးထွေးပစ်မှာကို မလိုလားကြခြင်းသာဖြစ်သည်။
ဤသည်ပင်လျှင် ကျနော်တို့အမှုမဲ့အမှတ်မဲ့ သဘောထားနေခဲ့မိသဖြင့် သတိမမူ ဂူမမြင် ဖြစ်နေခဲ့ရသော ‘ရဲဘော်စိတ်’ ၏ အစွမ်းသတ္တိ ပေလား တွေးတောစရာပင်။ ထို့အပြင် ‘ရဲဘော်စိတ်’ ဟူသည်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းသဘောထက် ကျင့်ဝတ်ပိုင်ဆိုင်ရာ စောင့်ထိန်းလိုက်နာမှုဖြစ်နိုင်ပါသည်။
တကယ်ဆိုတော့ အာဏာရှင်စနစ်ဆိုသည်မှာတပ်မတော်၏ မွေးရာပါမဟုတ်။ ဧည့်သည်မျှသာလျှင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ပြည်တွင်းပြည်ပ နိုင်ငံရေးအခင်းအကျင်းနှင့် အမျိုးသားအင်စုများ အစည်းပြေနေချိန်ကို အခွင့်ကောင်းယူ၍ ခေါင်းထောင်လာသော ရလဒ် ဆိုးကျိုးအဖြစ် ရှုမြင်မိပါသည်။အာဏာရှင်စနစ် လွှမ်းမိုးသော ကာလတလျှောက် လက်တဆုပ်စာ စစ်အာဏာရှင် များနှင့်အကျင့်ပျက် စစ်ဝန်ထမ်းတချို့ စားပေါက်ချောင်နေချိန်မှာ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ပြီးအဆင်းရဲအပင်ပန်းခံကာ စစ်မှုထမ်း ခဲ့သော တပ်မတော်သား အများစုရှိနေသဖြင့်သာဒီတပ်မတော်ကြီး တည်တံ့နေတာဟု ကျနော်ယုံကြည် မိပါသည်။
ယခုလို အာဏာရှင်စနစ်နေဝင်ချိန်မှာရိုးသားဖြူစင်သော တပ်မတော်သားတို့၏ ညီညွှတ်မှုအားဖြင့် စနစ်ဟောင်းမှ အကြွင်းအကျန် အကျင့်ဆိုး၊စရိုက်ဆိုးများကို ဆက်လက်ဖယ်ရှားရပေအုံးမည်။
ထို့ကြောင့် ယခင်ကတည်းကရှိနေပြီးဖြစ်သော တပ်မတော်၏ အစဉ်အလာကောင်းများကို စောင့်ထိန်းလျက် တပ်မတော်သားအချင်းချင်းအကြားမေတ္တာကြိုး၊ သံယောဇဉ်ကြိုး၊သစ္စာစောင့်သိမှုကြိုး.. ကြိုး သုံးကြိုး ပေါင်းစု ယှက်နွယ်ထားသော ‘ရဲဘော်စိတ်’ ဖြင့်အပြန်အလှန် ဖေးမကူညီ လက်တွဲသွားမည် ဆိုပါက မြန်မာပြည်သူ တရပ်လုံး မျှော်လင့်တောင့်တနေသောဒီမိုကရေစီ ပန်းတိုင်ခရီးဟာဖြင့် အဝေးကြီး မဟုတ်နိုင်ပါကြောင်း။
နေမင်းသူ
၂၈-၀၄-၂၀၁၂