လုပ်ပိုင်ခွင့်အာဏာကို တလွဲအသုံးချမှုက နေရာတိုင်းမှာရှိတာပေါ့ဗျာ။မာန်ကြွ မာန်ထနေတဲ့ အရွယ် လူငယ်လူရွယ်တွေမှာဆို ဆိုပိုဆိုးတာပေါ့။ တစ်လွဲသုံးတဲ့ လူတွေ အလွန်အကျွံ့ သုံးတဲ့သူတွေ မရှိဘဲ နေပါ့မလားဗျာ..သိပ်ရှိတာပေါ့။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ DSA မှာတော့ ဒီလိုလူမျိုးတွေကို သောက်ပဲ့လို့ ခေါ်လေ့ရှိတယ်။ ကိုယ့်ဖာသာ စ လုံးနဲ့ ဖတ်ကြပါဗျာ။ ဒါမျိုးလူတွေသည်လည်း ဗိုလ်လောင်းစည်းကမ်းအရ အပြစ်ပေးအရေးယူတာ ခံရရင်မခံရ၊ ကံကောင်းထောက်မစွာ ဗိုလ်လောင်းဘဝမှာ အရေးယူမခံရဘဲ လက်တွေ့နယ်ပယ်ရောက်သွားတဲ့အခါမှာလည်း သောက်ပဲ့ဆိုတဲ့ နာမည်တစ်လုံးနဲ့ နောက်ကျည်မှန်တာများတယ်။
နောက်ကျည်မှန်တယ်ဆိုတာ ပဲ့လွန်းလို့ အာဏာပါဝါပြလွန်းလို့ တိုက်ပွဲဖြစ်တဲ့အခါ လက်အောက်က ပစ်တာ။ ကျည်ဆန်က ရန်သူပစ်တာမဟုတ်တော့ ရှေ့ကမဝင်ဘဲ ကျောနောက်က ဖောက်ဝင်တယ်။ ဒါကိုခေါ်တာ နောက်ကျည်မှန်တယ်ဆိုတာ။ သေနတ်ကိုင်ထားတဲ့ မတစ်ထောင်သားတွေကို အုပ်ချုပ်ရတဲ့အလုပ်သည် ခေါင်းဆောင်မှုမမှန်ရင် နားကားသွားမှာပေါ့။ မသာဘယ်ဈေးလည်းပဲ။ ကံကောင်းလွန်းလို့ နောက်ကျည်မမှန်ရင်လည်း တပ်ထဲမှာ သောက်ပဲ့ဆိုတဲ့ နာမည်နဲ့ ကျော်ဇောပြီး လူရာဝင်တယ်မရှိပါဘူး။ ကြီးကြီးငယ်ငယ် ဘယ်သူမှလေးစားတာမဟုတ်ဘူး။ လူမလေး ခွေးမခန့်။ ဒီလိုလေးတော့ရှိပါတယ်။
ကျနော်တို့ DSA မှာ အထက်အောက်အပြစ်ပေးတယ်ဆိုတာ အတိုင်းအတာရှိတယ်၊ အထူအပါးရှိတယ်၊ အဖိအဖော့ ရှိတယ်၊ အနုအရင့်ရှိတယ်။ ဗိုလ်လောင်းစည်းကမ်းရှိတယ်။ သိပ်ကောင်းတဲ့ Guardian System ဆိုတာရှိတယ်။ စီနီယာများသည် အငယ်တွေကို အမိအဘလို အကိုလို စောင့်ရှောက်တယ်။ ကျနော်တို့ အငယ်ဘဝကဆို မုန့်ဖိုးကို မကုန်ဘူး။ ဂါဒီယမ်တွေ၊ IP တွေ၊ နယ်သားတွေ တစ်ယောက်ပြီးတစ်ယောက် မုန့်ခေါ်ကျွေးကြလို့။ ဗိုလ်လောင်း ပထမနှစ်ဆိုတာ အမြဲဗိုက်ဆာနေတဲ့ကောင်တွေ။ ဘယ်လောက်စားစားဝတယ်ရယ်ကို မရှိဘူး။ ပင်ပန်းတာကိုး။
မနက် ဘရိတ်ဖက်စ် မှာ ကျနော့် ထွေးပန်းကန်ထဲမှာ အမြဲကြက်ဥ ၃ လုံး၊ စီကြော် ၃ ခုလောက်ရှိတယ်။ စီနီယာတွေက သူမစားဘဲ ပင်ပန်းလှတဲ့ အငယ်တွေကို ကျွေးတယ်။ တပ်စုစားပွဲ၊ တပ်ခွဲစားပွဲ၊ ဂါဒီယမ်ကျွေးပွဲ စုံလို့။ သင်္ကြန်ဆို စီနီယာတွေကို ရေချိုးကန်ထဲပစ်ချကြနဲ့ ဒီလိုပျော်စရာတွေလည်းရှိတယ်။ အဲ့..အပြစ်ရှိလို့ အပြစ်ပေးရင်လည်း နဖူးကချွေး ခြေမကျတယ်ဆိုတာ အသာလေး။ အပြင်းပြေ ကစားသလောက်ပဲရှိတယ်။ အဲ့သလို အထူအပါး၊ အဖိအဖော့၊ အထိန်းအကွပ်နဲ့ ပညာသားပါပါလေးသွားတယ်။ အထက်မှာပြောတဲ့ သောက်ပဲ့များအတွက်ကတော့ နေရာတိုင်းမှာ စည်းကမ်း ကလနားရှိသလို ဗိုလ်လောင်းမှာလည်း ဗိုလ်လောင်းစည်းကမ်းရှိတယ်။ ဖြစ်ရင်တော့ ထောင်ကျ၊ ထွက်ပဲ။ ဖြစ်စဉ်တွေလည်းရှိတယ်။ အရေးယူတာတွေမှ တပုံကြီး။ Senior Junior ထိန်းကျောင်းတဲ့ System ကို ကျင့်သုံးတဲ့ ဘယ်စစ်တက္ကသိုလ်မှာမဆို ဖြေရှင်းနေရတဲ့ ကိစ္စတွေဖြစ်တယ်။
ဒီလို ဒီလို သင်ကြားလေ့ကျင့်ပြီးတဲ့အခါမှာ ခန္ဓာကိုယ် စိတ်ဓာတ် မာကျောတဲ့နေရာမှာ ဒေါင်ဒေါင်မြည်တဲ့ Product တွေထွက်လာတယ်။ အဲ့ဒီ့ System က တစ်ခုလုံးမဟုတ်ဘဲ တစ်ဝက်တစ်ပျက်ပဲကွက်ပြီး ဗိုလ်လောင်းမဟုတ်တဲ့ သင်တန်းကျောင်းတစ်ခုကို ရောက်သွားပုံရတယ်။ အင်္ဂါမစုံဘူး။ Power Abuse တွေ ဖြစ်ကုန်တယ်။ အမှန်က စစ်သားအားလုံး စစ်တိုက်ဖို့ တာဝန်ရှိတာမှန်ပေမယ့် တိုက်ခိုက်ရေးအတွက် ရည်ရွယ်တာမဟုတ်တဲ့ သင်တန်းတစ်ခုမှာ မရှိသင့်တဲ့ System တစ်ခုက၊ အပြည့်အဝလည်းမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ပဲ သွားရောက်နေတာပဲ။ ပြဿနာက အဲ့ဒီ့မှာစတာပဲ။ ဥပဒေအတိုင်း ဆက်သွားပါလိမ့်မယ်။ ဖြစ်စဉ်ကတော့ ဒါပါပဲ။ ဒါပေမယ့် ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတာတွေက များတယ်။ ဒါအဆန်းမဟုတ်ဘူးလို့ ကာနေတာလည်း အဖြေမဟုတ်ပါဘူး။ ဇာတ်လမ်းတွေ အကုန်ရှုပ်ကုန်မှာပေါ့ဗျာ။
ဒါကို အခွင့်ကောင်းယူပြီး အရင်ထဲက ဖောင်းထုချင်နေတဲ့ သကောင့်သား၊သမီး များကလည်း မဆိုင်တာတွေ ဆွဲထည့်ပြီး ကောင်းကောင်းကြီးဖောင်းထုတယ်။ အဲ့လူတွေကို တစ်ခွန်းပဲမေးချင်တာက ခင်ဗျားတို့ ပြောသလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့ တပ်မတော်က ဘာကြောင့်ခုချိန်ထိ မြန်မာနိုင်မှာ တစ်ခုတည်းသော အခိုင်မာဆုံး အင်အားအကောင်းဆုံး စည်းလုံးညီညွတ်မှုအရှိဆုံး အင်စတီကျူးရှင်းတစ်ခု ဖြစ်နေတာလဲ။ အဲ့ဒါက အဖြေပါပဲ။ ခင်ဗျားတို့ ပြောသလိုဖြစ်နေမှတော့ တပ်ပျက်သွားတာကြာပြီပေါ့ဗျာ။ သူပုန်ကို စစ်ရှုံးတာကြာပြီပေါ့ဗျာ။ စစ်တိုက်ဖို့ မတစ်ထောင်သား၊ ယောက်ျားတွေချည်း ဖွဲ့စည်းထားတဲ့ကျောင်းတွေမှာ ပန်တြာတော့သင်ပေးလိမ့်မယ်မဟုတ်ဘူး။ လူ့ သဘောသဘာဝအရ ကောင်းတဲ့သူများပါသလို အထက်မှာပြောသလို သောက်ပဲ့ များလည်းပါလာတာပဲ။ အဲ့လို လူမျိုးပေါင်းစုံအတွက် စစ်စည်းကမ်း၊ ဗိုလ်လောင်းစည်းကမ်းရှိပါတယ်။ ဥပဒေနဲ့ ကိုင်တွယ်ရတဲ့ အဆင့်မှာ ဥပဒေနဲ့ ကိုင်တွယ်ပါလိမ့်မယ်ဗျာ။ ရှေ့နေတွေဝိုင်းကာမှ ထောင်လုံးလုံးကျတယ် ဆိုတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ပါကြောင်းဗျာ။ ။
(သူငယ်ချင်းတွေလည်း လာမေးကြလွန်းလို့ ဒီစာကိုရေးပါတယ်၊ နားလည်မှုနဲ့ စဉ်းစားချင့်ချိန်နိုင်ကြပါစေဗျား။)