အချိန်နဲ့ နေရာက ၁၉၈၇-၈၈ နှောင်းပိုင်းကာလ၊ မြန်မာပြည်အလယ်ပိုင်းနယ်မြို့လေး တစ်ခုရဲ့ ဘူတာလေးမှာလော်ကယ် ရထားကြီးတစ်စီးဆိုက်ရောက်လာချိန်ပေါ့၊
ရိုးရိုးတန်းတွဲလေးထဲမှာ လူတွေက ကျပ်ညှပ်နေလေရဲ့၊
အဲ့တွဲထဲမှာမှ အသက် ၃ နှစ်ကျော် ၄ နှစ်အရွယ်ကလေးနဲ့ အသက် ၅ နှစ်အရွယ် သားယောက်ျားကလေးတွေ
သူတို့အမေဖြစ်ဟန်တူတဲ့ အသက် ၄၀ နားကပ်နေတဲ့ အမျိုးသမီးတစ်ဦးက သူ့သား ၂ ယောက်ကိုကြည့်လိုက် ၊ ပါလာတဲ့ ပစ္စည်းတွေ၊ ခြင်းတွေတောင်းတွေကိုကြည့်လိုက်နဲ့ ပင်ပန်းနေလေရှာရဲ့၊ အမျိုးသမီးရဲ့စိတ်ထဲတွေးနေတာက အရှေ့မြောက်ခြမ်းက စစ်ထွက်နေတဲ့ စစ်ထွက်ယောကျာ်း သူ့လင်သား အကောင်းပကတိနဲ့ပဲ တပ်ကို ပြန်ပါလာပါ့မလား၊ ရှေ့တန်းဝင်မဲ့ ရက်ကို မှန်းဆလို့သာ လာခဲ့ရတယ်၊ စာမလာသတင်းမကြား၊ ငါ့အလွမ်းမပေါ်စေရပါဘူး ဒီသားတွေရှေ့လို့ တွေးနေဟန်တူသဗျ။ စစ်သားမိန်းမ တွေရဲ့ အာဝေနိကဒုက္ခတွေကို ခံစားနေရဟန်တူတယ်။
ထားပါတော့ ဒီအမျိုးသမီးထည့်လာတဲ့ ခြင်းတွေထဲမှာ အဆင့် ၃ ဆင့်လောက်နဲ့ ကြွေရည်သုတ် ချိုင့်လည်းပါရဲ့ ၊ ငါးပိတွေကို စက္ကုပတ်ခံသိပ်ထားတဲ့ နို့မှုန်ထည့်တဲ့ ဘူးလည်းပါရဲ့၊ ငါးခြောက်တွေကလည်း ထိုးထိုးထောင်ထောင်ပါလေရဲ့ အောက်ပြည်အောက်ရွာက တက်လာတဲ့သူမှန်းသိသာသကိုး ၊ အနံတော့မထွက်အောင် မနည်းဖုံဖိလို့ ထည့်လာတဲ့ အမျိုးဖြစ်ဟန်တူတယ်၊ သတင်းစာစက္ကူပတ်တွေကို မြင်ရလို့ပေါ့၊
ပျဉ်းလို့တောင် မနားရဲ့တဲ့ မြို့ကနေ ကျော်လာတော့ အမျိုးသမီးမှာလည်း သူဆင်းရမဲ့ဘူတာကို ရောက်တော့မယ်လို့စိတ်အေးနိုင်ပေမယ့် နောက်ထပ် အပူတွေက ရှိနေသေးတယ်
ဒီတောင်းတွေ ဒီပလုံးတွေနဲ့ ဒီသား ၂ ယောက်နဲ့ ဘယ်လိုရထားပေါ်ကဆင်းရမလဲ ဆိုတဲ့ အပူ၊ အောက်ပြည်အောက်ရွာက ယူလာတဲ့ စားစရာတွေလက်ဆောင်ပစ္စည်းလေးတွေ (အဖိုးမတန်ပေမယ့် သူ့ရင်ထဲကစေတနာတွေပါတယ်) ကို တကွဲတပြားမဖြစ်အောင်ကြံဆောင်ရမှာလေ
အဲ့ဘူတာလေးကလည်း တွဲလော်ကယ်က ရပ်မပေးဘူး၊ ဘရိတ်လေးခဏတော့ ချိန်မှာ အပြေးအလွှားဆင်းရတဲ့ အမျိုးကိုး ။
သူ့သားငယ်လေးကတော့ သူစီးထားတဲ့ ကတ္တီပါဖိနပ်အသေးလေးကို မကြာမကြာကြည့်လေရဲ့ (ဒီကလေးမြတ်နိုးရှာတယ်ထင်ပါ့) ရထားလည်း ဥသြကို အတော့ဆွဲလို့ ဘူတာမှာ တော့လေရဲ့
မိန်းမသား ခမျာလည်း တောင်းနဲ့ ခြင်းတွေ ပလုံးတွေကို အောက်က အထမ်းသမား ကူလီတစ်ယောက်ကို ပြတင်းပေါက်ကနေ ခေါင်းပြူလို့ အကူအညီတောင်းလို့ ကပြာကယာ ကမ်းပေးလေရဲ့ ၊
သားအကြီးလေးကလည်း သူ့အမေလက်ကိုဆွဲလို့ အသာကူရှာလေရဲ့ ။
အဲ့အချိန်မှာပဲ အမေလုပ်သူက သားအငယ်လေးကို စွေ့ကနဲ့ ကောက်ပွေ့လို့ ပြတင်းပေါက်ကနေဖြတ်ကျော်ကမ်း ပြီး ဘူတာစင်္ကြန်က အလုပ်သမားလက် အမြန်သာထိုးအပ်လေတယ် ။
ထိုစဉ်ခဏမှာ သားငယ်ရဲ့ နီတာရဲဖိနပ်က ပြတင်းဘောင်နဲ့ ညှိလို့ ရထားပေါ်ကို တစ်ဖက်ကျွတ်ကျန်ခဲ့ပါလေရော
အမေလုပ်သူက မမြင်ပေမယ့် သားလုပ်သူက မြင်တာပေါ့။
အမေမှာလည်း သားအကြီးလက်ဆွဲလို့ ကျန်တဲ့ ပစ္စည်းတွေ မလို့ ရထားတွဲပေါ်ကနေ ခုန်ဆင်းပါလေရောလား
သားအငယ်ကောင်ရင်ထဲ မြင်ပေမယ့် ထွက်နေတဲ့ ရထားကို လက်ညှိုးထိုးလို့ ငိုရှာတယ် ရှိုက်ကြီးတငင့်ငိုရှာလေတယ်
အမေခဗျာ ကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ဖက်ကို မြင်မှ ´ဟင် ငါ့သားဖိနပ် ၊ ရထားပေါ်ကျန်ခဲ့ပါလားဟဲ့ ´ ဆိုပြီး စိတ်ထဲ ၀မ်းနည်းမိရှာသတဲ့ ။
သူ့ခမျာလည်း ထွက်နေတဲ့ ရထားပေါ် ပြန်တက်လိုက်ဖို့လည်း အားမရှိ၊ ရထားတွဲထဲက လူတွေကိုလည်း ကလေးဖိနပ်ပစ်ချပေးဖို့ ပြောရန်အချိန်ကလည်း မရှိ ကလေးကလည်း ငိုနဲ့ နွေနေပူရဲ့ နေဟာ ပူလှသကိုး
လင်သားက စစ်ထွက်၊ ကလေး ၂ ယောက်နဲ့ အမေ တစ်ယောက်က လင်သားရှိရာ တပ်ကိုအလာ ဒီတပ်ရှိရာမြို့နားရောက်မှ ဒီဖိနပ်လေးတစ်ဖက်က ကြံကြံဖန်ဖန် ကျွတ်ကျခဲ့ရတာကိုး၊
အမေလုပ်သူလည်း သူ့သားလက် ၂ ဖက်ကို တင်းတင်းဆွဲလို့ ဘူတာစင်္ကြန်မှာ အထမ်းသမားကို ပိုက်ဆံအိတ်ပါးပါးထဲကနေ ငွေစတစ်ချို့ရှင်းပေးလို့ ပေါ့၊ ပါးစပ်ကလည်း ငါ့သားလေး၊ အမေမှားပါတယ် သားရယ်လို့ တဖွဖွရွတ်နေလေရဲ့၊
သူ့သားငယ်က လော်ကယ်ရထားပေါ် သူ့ဖိနပ်လေးတစ်ဖက်ကျွတ်ကျလို့ ရထားဆိုတဲ့ အမျိုးကို စိတ်ထဲမှာ မုန်းတော့သကိုး။
ငယ်စဉ်က ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ဖက်ကိုလည်း စိတ်မှာစွဲနေတာ နောင်နှစ်ပေါင်း ၃၀ လောက်နီးပါးပဲ၊
ခုချိန်များ အဲ့ဖိနပ်လေးတစ်ခြမ်းပြန်များရရင် ခုစီးနေတဲ့ ဖိနပ်တွေ နဲ့ အကုန်တောင်လဲ လိုက်ချင်ရဲ့လို့ တစ်ခါတစ်ရံစိတ်ထဲက မြည်တမ်းရှာလေရဲ့။ ။
- ဒီပိုစ့်လေးကို အဆုံးသတ်ရရင် ဖိနပ်ကျန်ခဲ့တဲ့ ကလေးက ဒီပိုစ့်လေးရေးတဲ့ ကျွန်တော်ပေါ့၊ ရံဖန်ရံခါ ကလေးဘ၀ကိုစိတ်ကလည်လည်သွားရင် အဲ့အချိန်တုန်းက ကျွန်တော့်ဖိနပ်လေးတစ်ခြမ်းကို ကျွန်တော်ခုထိ လွမ်းသဗျာ။ ခုအချိန် အိမ်ပြန်တိုင်းလည်း အသက် ၇၀ နီးပါးရှိတဲ့ ကျွန်တော့်အမေကို အသက် ၃၃ နှစ်ရှိတဲ့ သူသားကဒီအကြောင်းလေး ပြောပြောလို့ အမေခဗျာလည်း ငယ်စဉ်တောင်ကျေးတုန်းကဘ၀တွေကို သတိရလို့မျက်ရည်အ၀ဲသားနဲ့ ငါ့သားရယ်၊ အဲ့တုန်းက အမေမှားတာပါကွယ်လို့ တောင်းပန်ရှာဆဲပါပဲ၊
-စကားမစပ် ရထားစီးနေရင်းနဲ့ ကျွန်တော့် ဖိနပ်လေးတစ်ဖက်တွေ့ခဲ့ရင် ရထားပေါ်ကနေ ပစ်ချပေးလိုက်ပါလို့ တောင်းပန်ပါတယ်ဗျာ (အမေ့မေတ္တာနဲ့ ကျွန်တော့်ကတ္တီပါ ဖိနပ်လေးတစ်ဖက်အား ခံစားရေးဖွဲ့သည် FG )