by NayHtet HtetAung (Notes) on Friday, May 24, 2013 at 3:05pm
ရှင်သန်နေဆဲ အတွေးပုံရိပ်များ ရာမဇာတ်တော်ကြီးဟာ အန္ဒိယနှင့် အရှေ့ တောင်အာရှမှာ အလွန်ကျော်ကြားတဲ့ ဂန္တဝင်ဇာတ်လမ်းရှည်ကြီး ပါ။အဲဒီဇာတ်လမ်း ရှည်ကြီးကိုဖတ်မိချိန်ကစပြီး ဒီနေ့အထိမတူညီနိုင်တဲ့ အတွေးတွေကို အမျိုးမျိုးပြောင်းလဲပြီး တွေးတော ခံစားမိပါတယ်။ ကိုယ့်ဖာသာဖတ်ပြီး ကိုယ်တွေးချင်သလိုတွေးတောတာဟာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒါပေမယ့်လည်း တစ်ထိုင်တည်း တွေးဖြစ်ခဲ့တဲ့အတွေးမျိုးမဟုတ်ဘဲ အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲလာတဲ့အတွေးနှင့် အမြင်များဖြစ်နေ တော့ နည်းနည်း လေးပြောပြချင်မိပါတယ်။
ကျွန်မစဉ်းစားသလို စဉ်းစားပေးမယ့် လူတွေလည်းရှိသလို လက်မခံနိုင်တဲ့လူတွေ လည်း ရှိကြမှာပါပဲ။ ဂန္တဝင်ဇာတ်လမ်းကြီးကို စဖတ်မိကတည်းက ဒီနေ့အထိ ဇာတ်လမ်း၊ဇာတ်ကွက်နှင့် ဇာတ်ကောင်တွေဟာ ကျွန်မဘဝရဲ့ အတွေးကမ္ဘာနှင့် စဉ်းစားခန်းတွေမှာ မကြာခဏဝင်ရောက်စိုးမိုးလေ့ရှိကြပါတယ်။ ကျွန်မမြီးကောင်ပေါက်အရွယ်ကပေါ့...သစ်ရွက်လှုပ်ရင်တောင် ရယ်ချင်တယ်ဆိုတဲ့ အရွယ်မှာ အချစ် အကြောင်းကိုလည်း စဉ်းစားခန်းဝင်တတ်နေပါပြီ။ အဲဒီတုန်းက..ရာမမင်းသားနှင့် မယ်သီတာရဲ့ချစ်ခြင်းကို ခွဲဖို့ ကြိုးစားတဲ့ ဒဿဂီရိကို အမုန်းကြီးမုန်းခဲ့ဖူးပါတယ်။မယ်သီတာနှင့်ရာမတို့ ဇာတ်သိမ်းမှာ ပေါင်းဖက်ပြီး ဒသဂီရိအပေါ် အောင်ပွဲဆင်နိုင်မှန်း သိနေပေမယ့်လည်း ဒဿဂီရိဝင်နှောင့်ယှက်တဲ့အခန်းတွေဖတ်နေရချိန်မှာ...ရာမနှင့်သူ့ဘက်တော်သားတွေ ရှုံးမှာကိုပဲ စိုးရိမ်နေမိ ပါတယ်။ဇာတ်သိမ်းမှာတော့ မယ်သီတာက အပျိုစင်စစ်ကြောင်း သစ္စာဆိုပြီး မီးပုံကြီးထဲကို ဆင်းပြတော့ မီးပုံကြီးကကြာပွင့်ကြီး ဖြစ်သွားတာကိုဖတ်ပြီး ကြည်နူးစွာခံစားမိပါတယ်။သူတို့နှစ်ယောက်မှာ.. အထူးသဖြင့်မယ်သီတာရဲ့ အချစ်ကို သိပ်ပြီးလေးစား အားကျမိခဲ့ပါတယ်။ ၁၇နှစ်ကျော်လာတဲ့ ဒီဘက်မှာတော့ ကျွန်မရဲ့ မြီးကောင်ပေါက် အရွယ်က အတွေးတွေဟာ ပြောင်းလဲကုန် ကြပါတယ်။ဒဿဂီရိဟာထင်သလောက်ဆိုးရဲ့ လား...?သူ့ ရဲ့ အသက်၊စည်းစိမ်၊ထီးနန်း၊ဆွေမျိုးမိသားစု၊တိုင်းနိုင်ငံတွေအားလုံးကို ပုံအောအရှုံးခံပြီး မယ်သီတာကိုချစ်တာဟာ တန်ရဲ့လား....?ဒဿရဲ့အချစ်ကပဲ ပိုပြီးတော့များ တန်ဖိုးရှိနေသလား...? ဒဿဂီရိဟာ သိပ်ကိုသနားစရာကောင်းနေပြီလား...?ရာမကရော မယ်သီတာကို တကယ်ချစ်ရဲ့လား...? ဒဿဂီရိလောက်တောင်ချစ်ရဲ့ လား...? စတဲ့မေးခွန်းအတွေးတွေဟာ ခေါင်းထဲကိုအစီအရီပြေးပြီးဝင်လာကြပါတယ်။ မယ်သီတာမှမဟုတ်ဘူး ကျွန်မဟာလည်းအပျိုစင်အစစ်တစ်ယောက်မို့လို့ ဒီကိစ္စအမှန်ကို သစ္စာဆိုပြီး ဧ၇ာမမီးပုံကြီးထဲကို ခုန်ချလိုက်ရင်ရော တကယ်မီးမလောင်ဘဲ နေပါ့မလားးး????? ဆိုတဲ့မေးခွန်းတွေက လူကိုရီဝေမူးမိုက်စွာစဉ်းစား တတ်လာအောင်ထိ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။ လူတစ်ယောက်ကို ဝါးမြိုပစ်မယ့် ဧရာမမီးပုံကြီးထဲကို အရှင်လတ်လတ်ဆင်းသွားရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့အဖြစ်ဟာ ကြည့်ကောင်းစရာ ကြည်နူးစရာမဟုတ်ဘူးဆိုတာကိုလည်း သိမြင်လာပါပြီ။ရာမမင်းသားဟာ မယ်သီတာအပေါ်အချစ်စစ် အချစ်မှန်နဲ့ ချစ်ရိုးမှန်ရင် ဒီလိုရက်စက်တဲ့ စမ်းသပါမှုမျိုးကြီးကို လုပ်ဖို့မသင့်ဘူးလို့လည်း ထင်လာမိပါတယ် ။ဒါဟာမိန်းကလေးတစ်ယောက်အပေါ်ကို အနိုင်ကျင့်မှုသက်သက်ပဲ လို့လည်းယူဆလာမိပါတယ်။ မယ်သီတာဘက်က ဖောက်ပြန်တာမဟုတ်ဘဲ ဒဿဂီရိက အတင်းအဓမ္မခေါ်ဆောင်သွားခံရတဲ့ ကိစ္စမှာ မယ်သီတာ အပျိုမစစ်တော့ရင်တောင် ရာမမင်းက ခွင့်လွှတ်သည်းခံပေးသင့်တယ်လို့လည်း ခံစားလာမိပါတယ်။ အသက်၂၀ပိုင်းကိုဝင်လာခါစမှာပဲ အတွေးအမြင်တွေက လျှင်မြန်စွာပြောင်းလဲကုန်ကြပြန်ပါတယ်။ မိန်းကလေး တစ်ယောက်ရဲ့ဘဝမှာ အသိဥာဏ်ပညာကိုရှေ့တန်းမတင်ဘဲ စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းခဲ့မယ်ဆိုရင် ပေဆပ်ရမယ့် တန်ဖိုးဟာ ပေါ့သေးသေးမဟုတ်ဘူးဆိုတာကိုလည်း သိမြင်လာခဲ့ပါတယ်။ ဒဿဂီရိဟာ အချစ်သူရဲကောင်းကြီး များလား????? ရာမမင်းသားဟာ တကယ်ချစ်တတ်သူမှဟုတ်ရဲ့လား???? မယ်သီတာဟာ ဘာအပြစ်မှမရှိတဲ့ သနားစရာလေး ပါလား????....စတဲ့အတွေးတွေဟာ လုံးဝမရှိတော့ပါဘူးးး။ရာမဇာတ်တော်ကြီးထဲက ဘယ်သူ့ရဲ့အချစ်ကိုမှလည်း အားမကျမိ တော့ပါဘူး။ ဘယ်ဇာတ်ကောင်ကိုမှလည်း အထင်မကြီးတော့ပါဘူး။မိဖုရားဖွားစောလို၊ ဖွားဦးဇွန်းတို့လို အသိဥာဏ်ပညာကြီးမား ပြီး စဉ်းစားတွေးခေါ် စီမံခန့်ခွဲတတ်တဲ့ သတ္တိရှိပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်စွမ်းရှိတဲ့ အမျိုးကောင်း သမီးတွေကိုပဲ အားကျလာမိပါတော့တယ်။ အဲ့ဒီအတွေးတွေ ဝင်လာကတည်းက ကျွန်မဟာ စိတ်ကူယဉ်ပုံရိပ်ထဲက ချစ်သူကိုလည်း မောင်းထုတ်ပစ်လိုက်ပါတယ်။အပြင်လက်တွေ့ဘဝမှာလည်း ချစ်သူဆိုတာကို မရှာဖြစ်တော့ပါဘူး။အဲဒီအစား မိတ်ဆွေ သူငယ်ချင်းတွေကိုပဲ ပိုမိုရှာဖွေလာခဲ့ပါတယ်။လူတွေနဲ့လည်း စကားတွေ အများကြီး ပြောဖြစ်လာပါတယ်။စာအုပ်တွေနဲ့ပဲ အချိန်တွေကုန်နေရာကနေ လူတွေနဲ့အတူ တကယ့်လက်တွေ့ပြင်ပကမ္ဘာကို လေ့လာစူးစမ်းချင်စိတ်တွေဟာ ထိန်းလို့မရအောင် ပေါ်ပေါက်လာပါတယ်။ လောကကြီးအကြောင်းကို ဒီ့ထက်ပို သိအောင်လုပ်ရင်း ဘဝအတွေ့အကြုံနဲ့ ဗဟုသုတဆိုတာတွေကို ပိုမိုရှာဖွေလာချင်ခဲ့ပါတယ်။တက္ကသိုလ်မြေမှာ လူမှုရေးအသင်းတွေ၊ အားကစားအသင်းတွေဝင်ပြီး အဲဒီအဖွဲ့အစည်းတွေနဲ့ ဒေသန္တရခရီးတွေ သွားလာရင်း ကိုယ့်ကိုယ်ကိုနဲ့ အခြားလူတွေကို ဘယ်လိုကောင်းကျိုးတွေ ဖြစ်ထွန်းလာအောင် လုပ်ပေးရမလဲဆိုတာကို အမြဲစူးစမ်းလေ့လာခဲ့မိပါတယ်။ ရေတွင်းငယ်ဟာ သမုဒ္ဒရာမဟုတ်မှန်း သိလာတဲ့ ဖားသူငယ်လေးလိုပဲ ခံစားလာခဲ့ရပါတယ်။ ကျွန်မရှေ့မှာ ဒုက္ခရောက်ပြီး ခိုကိုးရာမဲ့နေကြတဲ့ လူတွေကို သတိပြုတတ်လာချိန်မှာ ကူညီချင် ပေမယ့်လည်း ဘယ်လိုကူညီရမှန်း မသိခဲ့ပါဘူး။ကူညီနိုင်တဲ့ အင်အားနဲ့ အခြေအနေလည်း မရှိပါဘူး။အဲဒီလိုအခါတွေမှာ ကျွန်မဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ လူသားတွေအပေါ် ကူညီနိုင်တဲ့ စောင့်ရှောက်ထောက်ပံ့နိုင်တဲ့ အရည်အချင်းတွေရော အရေအတွက်တွေပါ ရှိလာအောင်ကြိုးစားလုပ်ကိုင်ရမယ်ဆိုတာ ပိုသိလာပါတယ်။ဒီလိုနဲ့ စမ်းတဝါးဝါး ကြိုးစားသင်ယူရင်း နောက်၃၊၄၊၅နှစ်ကြာလာတဲ့အချိန်မှာတော့ ကျွန်မဟာ ဘယ်လိုတွေတွေးပြီး ဘာတွေလုပ်ကိုင်နေမလဲဆိုတာ မသိနိုင်သေး ပေမယ့် သေချာတာကတော့ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဟာ ကိုယ့်ကိုယ်ကိုရော သူများတွေကိုပါ အကျိုးပြုစေရမယ်ဆိုတဲ့ အချက်ကို လက်ကိုင်ထားပြီး ရှင်သန်နေထိုင်သွားမယ်ဆိုတာ သေချာနေပါတယ်။(မှတ်ချက်။ ။ အချိန်နဲ့အမျှ အတွေးအခေါ်အယူအဆတွေက ပြောင်းလဲနေပါတယ်။ ယခုနောက်ပိုင်းအတွေးများ မပါဝင်သေးပါ။) နေထက်ထက်အောင်