
အနောက်တောင်လေ မုတ်သုန်မိုးနဲ့အတူ မြေပြင်တခုလုံး နီနီစွေး ပြန့်ကြဲနေတဲ့ စိန်ပန်းပွင့်ဖတ်လေးတွေကို စိတ်ရှည်လက်ရှည် ကောက်ယူပြီး အပေါင်းဖော်တသင်းနဲ့ အိုးပုတ်၊ ချိုးရုပ်တမ်း ကစားခဲ့တာတွေ… ကဆုန် မိုးသေး မြက်သားမွေးချိန် ဆိုတော့.. တနွေလုံး အပူရှိန်ပြင်းပြင်းအောက်မှာ ခြောက်သရောင်း အားပြတ်လုနီးနီး ပင်ပန်းကြီးစွာ အသက်ဆက်ခဲ့ရသော စိမ်းစိုနုထွေးအိခါစ မြက်ခင်းတွေပေါ် ဖွဖွလေးနင်း ပျော်ခြင်းဖွဲ့ ကခုန် ရွှင်မြူးခဲ့တာတွေ… မြေသား မို့အက်အက်လေးတွေကို ငန်းပြားနဲ့ ထိုးစိုက်ကော်လိုက်တိုင်း ဘွားခနဲ ကိုယ်ရောင်ပြတတ်လာတဲ့ ဖွေးဖွေးဖြူ မြေပဲစို့ နုနုလေးများ တူးဖော်ခဲ့ကြတာတွေ….။
ငယ်ဘဝမှာ ကိုယ်နဲ့ အကျွမ်းတဝင်ရှိခဲ့ဖူးတဲ့ ဒီမြင်ကွင်းလေးတွေဟာ အချိန်ကာလတွေ ဘယ်လောက် ကြာကြာ အတွေးအိမ်ထဲမှာ မေ့ပျောက်သွားဖို့ မဖြစ်နိုင်တဲ့ ပန်းချီကားချပ်လေးတွေအဖြစ် ထာဝရတည်ရှိနေမှာပါ။
နောက်ပြီးတော့… အဲဒီလို မိုးတပြိုက်နှစ်ပြိုက် ရွာသွန်းခါစ ထယ်ရေးပြင်ချိန်မှာ နွားပျောက်ရှာရတာကလည်း နှစ်စဉ်ကြုံနေကျ အလုပ်တခု။ နွားပျောက်ဆိုရာမှာ သူများခိုးယူလို့ ပျောက်တယ်ဆိုတာထက် တရွာတကျေးက ဝယ်ယူထားတဲ့ နွားတွေဟာ မိုးဦးချအချိန်ရောက်ရင် ချည်တိုင်ဟောင်းကို အောက်မေ့ သတိရတတ်တယ်လေ။ တချို့နွားတွေဆို ကိုယ့်လက်ထဲရောက်တာ ၂ နှစ် ၃ နှစ် ရှိနေတာတောင်မှ ပိုင်ရှင်ဟောင်းထံ အရောက်ပြန် သွားကြတာတွေ ရှိတယ်။ ဧရာဝတီမြစ်အနောက်ဖက်ကမ်း ကိုင်းသမားတွေဆီက ဝယ်လာတဲ့ နွားတွေဟာ မြစ်ကို ဖြတ်ကူးပြီး ပြန်ပြေးကြတာ။

ကျနော်က တပ်မှာအမှုထမ်းတာမို့ ရွာကို အလည်ပြန်လေတိုင်း အာမီရမ် လက်ဆောင်လေး ပါသွားရင် ရွာအပြန် အင်မတန် မျက်နှာပန်းလှ သဗျ။ ဦးကြီး ဦးလေး ညီအစ်ကို ဘော်ဒါအားလုံး ကျနော့်နားမှာ ဝိုင်းဝိုင်းကိုလည်လို့….။ ‘ဟ.. ကောင်ကြီး မင်းပုံက အရင်အတိုင်းပါပဲလား’ ဆိုတာတမျိုး… ‘အံမာ.. ငါ့တူတောင် မောင်က တသွေးအမွးနဲ့ ဝလို့.. အသားတွေလည်း ဖြူလာပါလား ဟ’ ဟူ၍ငါးကျီးခြောက်ရောင် အသားကို တမင်မျက်လွှဲ ပြီးတဖုံ အမျိုးမျိုးစုံအောင် နှုတ်ခွန်းဆက် စကားတွေ ဆိုတတ်ကြလေရဲ့။
ညနေပိုင်း နေကွယ်လု ပါးဟက်ညိုချိန် ကျရင်တော့ မျက်စမပစ် လက်ရိပ်မပြရဘဲ ကြိုတင်ချိန်းဆိုမထားတဲ့ နေရာကို အလျှိုအလျှို ရောက်လာတတ်ကြပါရော။ ဒေသထွက် အမြည်းလေးတွေ သူတမျိုး ကိုယ်တဖုံ ပုဆိုး ခါးပုံစလေးတွေထဲထည့် ယူလာကြတယ်။
စကားစပ်မိလို့ အာမီရမ် ပုံပြင်လေးတခု ပြောလိုက်ရအုံးမယ်။ ကျနော်ငယ်ငယ်က အဖြစ်ပျက်လေး။ ရေတပ်ထဲ ရောက်နေတဲ့ ကျနော့်အစ်ကို ရွာပြန်လာတုန်းမှာ သူယူလာတဲ့ အာမီရမ် ၃ ပုလင်းကို ရွာကလူတွေ ဝိုင်းဖွဲ့စာရင်း ရှင်းကြတာ တက်တက်ပြောင်သွားတယ်။ လူတွေလည်း အတော် မူးကုန်ကြပြီ။ မှောက်တဲ့လူမှောက်၊ ဆန်ပြုတ် ရောင်းသူရောင်းနဲ့။
သူတို့ထဲမှာ အစောကြီး အိပ်ပျော်သွားပြီး တရေးနိုးလာတဲ့ ဘကြီးက အိပ်နေသူ တဦးကို အတင်းနှိုးပြီး မေးတယ်။ ‘အာမီရမ် ကျန်သေးလားတဲ့’ …။ အားလုံး လက်ကျန်ရှင်းတမ်း ပြတ်ပြီလို့ ပုလင်းခွံတွေ ထောင်ပြ ပေမဲ့ ဘကြီးက မယုံဘူး။ သူ့စိတ်ထဲမှာ ‘ငါလို အရက်ချိုးတောင် နည်းနည်းသောက်ပြီး မူးသွားတာ ဒင်းတို့က အကုန်သောက်ပစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး’ ပေါ့..။ ဒါနဲ့ပဲ အိမ်ထဲအနှံ့ ရှာပုံတော် ဖွင့်ရာကနေ ပုလင်းတလုံး ပါလာတယ်။ ‘ဒီမှာ မတွေ့ဘူးလား အာမီရမ် ပုလင်းကြီး .. မင်းတို့ ငါ့ကို လျှိုလို့မရဘူးကွ’ လို့ ပြောရင်း ကောက်ကာ ငင်ကာ ဖန်ခွက်တလုံးဆွဲပြီး ၃ ပက်ခန့် ခပ်သွက်သွက် ငှဲ့ထည့်ကာ ရေမရောဘဲ မော့ချလိုက် တယ်။ ‘ဟားးးး…. ကောင်းလိုက်တဲ့ အာမီရမ် ရင်ထဲကို ပူသွားတာပဲ’ လေချဉ်တချက် အေ့ပြီး ပြန်အိပ်ပျော် သွားရှာရော။
နောက်နေ့ တမနက်လုံး ဘကြီး ပါးစပ်က တအေ့အေ့ အဟားဟား နဲ့ မနားတမ်း လေဒဟောပျို့နေတော့တယ်။
ရေအိမ်တက်ပြန်တော့လည်း ကျလိုက်တဲ့ သန်ကောင်တွေ မနည်းဘူး ဆိုပဲ။ ညတုန်းက အာမီရမ် အမှတ်နဲ့ ဓာတ်ဆီပုလင်းကြီး မှားသောက်မိလိုက်တာ တားချိန်တောင် မရလိုက်ဘူး တဲ့။ အဲလို အဲလို။
ထားပါတော့လေ..။ ကျနော်ကိုယ်တိုင် မီလိုက်တဲ့ ဝိုင်းလေးအကြောင်း ဆက်ကြရအောင်။
ဝိုင်းစတော့မယ် ဆိုကတည်းက ရေအပြည့်ထည့်ထားတဲ့ သဲကောမြေအိုးတလုံး အနားမှာ ကျနော်ယူချထား လိုက်တယ်။ သူတို့ထက်စာရင် ရပ်တကာနယ်လှည့် ဝိုင်းအတော် စုံစုံလင်လင်လေး နွှဲဖူးထားတဲ့ အတွေ့အကြုံ ကြောင့် ရေမရောရင် ‘အသေစောမယ်’ ဆိုတဲ့ ဆောင်ပုဒ်လေး ကျနော် လက်ကိုင်ထားဖြစ်လာတာပါ။ ဒါကို ဝိုင်းတော်သားတချို့က ဘဝမကျချင်ဘူး ဖြစ်နေတယ်။ ‘ဟယ်… မင့်ဟာက အရက်သောက်မှာလား ရေသောက် မှာလား’ ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကလိတိတိ ရိသဲ့သဲ့ လုပ်ကြပြန်တယ်။ သူတို့က ထွေးညိုဆိုရင် ရေနွေးခရားထဲ အပြည့်ထည့် ဝမ်းစတုတ်ခ် နဲ့ အပြတ်ဆွဲ ကြသူတွေကိုး။
အရက်ခွက်လေး စက်ဝိုင်း ၃ ပတ်လောက် လည်သွားချိန်မှာ သူငယ်ချင်း တဦး ထပ်ရောက်လာတယ်။ ကျနော့် ငယ်ပေါင်း ကြွက်ဖလောင်း ဆိုတဲ့ ကောင်လေ..။ သူ့ ပုခုံးမှာ ဒူးလေးလိုလို ဘာလိုလို ဟာကြီးတခု သိုင်းလွယ် ထားပြီး ဝါးကျည်ထောက်ထဲမှာလည်း ဖဲထီးကိုင်းသံချောင်းနဲ့လုပ်ထားတဲ့ မျှားတွေထည့်ထားတယ်။ ခြေထောက်မှာ တောဘွတ်ဖိနပ်ကြီး စီး၊ သူ့နဖူးပြင်ထက် Head Slight ခေါ်မလား ဓာတ်မီးခွက်တခု ခေါင်းမှာတပ်လို့… တွတ်ပီ ခရေဇီများ ဖြစ်သွားပြီလား အောက်မေ့ ရတယ်။
သူက အိမ်ပေါ်တက်လာပြီး ကျနော့်ဘေးမှာကပ်ထိုင် ကျနော့်ပခုံးကို သိုင်းဖက် သူ့လက်ကလေးနဲ့ ဂုတ်ပိုးကို ဖျစ်ညှစ် နှိပ်နယ်ပေးရင်း ‘သူငယ်ချင်းရာ မင်းရောက်နေမှန်း ခုနမှ ငါသိတာကွ.. အဲဒါနဲ့ အလုပ် မသွားခင်လေး တွေ့ရအောင် ဆိုပြီး ဝင်လာတာ’ ဆိုတော့.. သူ့ကို ရမ်တခွက် ငှဲ့ပေးလိုက်ရင်းက ‘မင်းက ညကြီးမင်းကြီး ဘယ်ကိုသွားပြီး ဘာတွေလုပ်မလို့လဲ’ သိချင်ဇောနဲ့ မေးလိုက်မိတယ်။
‘ငါ.. မြွေလိုက်(မြွေဖမ်း) သွားမလို့…’
‘ဟေ…………..’
‘ဟုတ်တယ်ကွ ဒီကောင် မြွေဖမ်းရောင်းတာနဲ့ အတော် ဟုတ်နေတာ’
ဦးလေးညို ကပါ ဝင်ထောက်ခံနေတော့ ကျနော် အံ့သြရုံမက ကြက်သီးပါဖြန်းသွားမိတယ်။
‘ဘာ… မြွေကို စီးပွားဖြစ် ရောင်းရတယ်’
‘အေးလကွာ.. အခု ဒီမှာ မြွေဈေးကွက် ရှိတယ်ကွ… မနက်ကျရင် မင်းဈေးထဲ လျှောက်ကြည့်ပါလား’ တဲ့။
ကျနော့် စိတ်ထဲမှာတော့ မကြံကောင်းမစည်ရာ စကားတွေ ကြားနေရသလိုပါပဲ။ ကျနော် ရွာမှာရှိတုန်းက မြွေလိုက်စားတဲ့လူတချို့ ရှိပါတယ်။ သူများ ရောင်းဖို့မဟုတ် သူတို့ကိုယ်တိုင် ချက်စားဖို့လောက်ပဲ ရှာကြတာ။ ကျနော်တို့လည်း မြွေနဲ့ ပက်ပင်းကြုံလို့ ကိုယ်ကဦးတဲ့အခါ ရတဲ့မြွေသားကို ချက်စားဖူးပါတယ်။ ဒါပေမဲ့ ခုလို ဈေးကွက်တင်တဲ့ဟာက ကြားတောင် မကြားခဲ့ဘူးပါ။ ဘီပီအိုင် ဆေးဝါးထုတ်လုပ်ရေးအတွက် အဆိပ်ရှိမြွေ တွေ ရှာဖွေတဲ့သတင်းနဲ့ ကင်ဆင်ရောဂါကုသဖို့ မြွေပွေးသား အလိုရှိတဲ့ သတင်းတွေတော့ ကြားခဲ့မိပါတယ်။
ကျနော်တို့နယ်မှာ မြွေဆိုးပေါတယ်။ အရင်ကဆို ရွာနဲ့ဝေးတဲ့နေရာက ကိုင်းတောမြေလွတ်တွေကို ခုတ်ထွင် ရှင်းလင်းပြီး လယ်မြေတိုးချဲ့လုပ်ကိုင်သူတွေ ရှိကြတယ်။ လေးငါးနှစ် အထိုင်ကျတဲ့အခါ လယ်တဲလေးတွေ ထိုးပြီး သွားနေသူတွေလည်း ရှိပါတယ်။ နောက်တော့ ‘ဠဟကြီးကုန်း’ ‘စိန်မြိုင်သာယာ’ စသဖြင့် ကျေးရွာသစ် တွေပေါ်ပေါက်လာတယ်။
တနှစ်တနှစ် ထယ်ထိုးရင်း.. မြက်ရိတ်ရင်း.. ကောက်ရိတ်ရင်း.. လမ်းသွားလမ်းလာရင်း.. မြွေကိုက်ခံရတဲ့ ဦးရေ မနည်းလှပါ။ ဝမ်းစာရေးအတွက် နွားနဲ့ဖက်ရုန်းရင်း ဘဝဆုံး ရသူ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ၊ ဖတဆိုး ဖြစ်သွားရသူတွေ ရွာမှာ အများကြီးရှိပါတယ်။ လယ်မဲ့ယာမဲ့တွေ အဖို့ မိသားစု ထမင်းတအိုးအတွက် ခက်ခက်ခဲခဲ အသက်လုရှာဖွေရတဲ့ အချိန်တွေပါ။

ဒါနဲ့ ကြုံတုန်း ဗဟုသုတ ဖြစ်အောင် သူငယ်ချင်းထံမှာ မြွေရှာ မြွေဖမ်းနည်းလေး စပ်စုမိတဲ့အခါ…
‘ပြောရရင်တော့ သူငယ်ချင်းရေ… အိမ်က စထွက်ကတည်းက မတောင်းကောင်းတဲ့ ဆုကို တောင်းပြီး ထွက်ရတာကွ.. ဒီညတော့ အကောင်ကြီးကြီး နဲ့ များများတွေ့ပါစေပေါ့။ လယ်ကွင်းထဲရောက်ပြီ ဆိုတာနဲ့ အရပ် ၈ မျက်နှာ မနားတမ်း လိုက်ရှာရတယ်။ ဒီအချိန်က မြွေမိတ်လိုက်ချိန်ဆိုတော့ တကောင်တွေ့ရင် ဘေးမှာ ၃/၄ ကောင် အနည်းလေး ရှိနေတတ်တယ်။ ဓာတ်မီးအလင်းရောင် အောက်မှာ သူတို့မျက်လုံးတွေက ရဲနေတာပဲ။ အဲဒါ ကိုယ်နဲ့ အနီးဆုံး အကောင်ကို မျှားနဲ့အရင်ပစ်ရတယ်၊ ပြီးမှ ခပ်လှမ်းလှမ်းက အကောင်တွေကို ပစ်ယူရတာ။ တွေ့တဲ့ မြွေအုပ်က သိပ်မများဘူးဆိုရင် လယ်သုံးလေးကွက်ကျော်မှာရှိနေတဲ့ တခြားတယောက် အသိမပေးတော့ဘူး၊ ကိုယ်တယောက်တည်း နိုင်အောင်လုပ်ယူတယ်။ ၅၀ သားအထက် အလေးချိန်ရှိတဲ့ အကောင်ဆို ဈေးပိုရတယ်လေ။ ဒီတော့လည်း မက်လုံးရှိတာပေါ့ကွာ..။ သရဲတွေဘာတွေ ကြောက်ရမှန်းလည်း မသိတော့ ဘူး။ သင်္ချိုင်းကုန်းမှာ အိပ်ခဲ့တဲ့ညတွေ မနည်းတော့ဘူးဟ….’
‘မင်းနှယ့်ကွာ… မထိတ်သာ မလန့်သာကြီး… မြွေပေါက်မခံရဘူးလား’
‘ခံရတဲ့ အခါလည်း ရှိတာပေါ့ကွာ.. တခါကဆိုရင် ရှေ့မှာမြင်နေတဲ့အကောင်ကို ငါ မုဆိုးဒူးထောက် ထိုင်ပြီး ပစ်နေတုန်း ဘေးကတကောင် ပြေးခဲတာ ခံရဖူးတယ်။ တော်သေးတာပေါ့ကွာ.. မြေပွေးက ခွေးဆွဲဆွဲတာ ဆိုတော့ တောဘွတ်ကို မကျော်လို့.. ဒီလိုပဲ သူငယ်ချင်းရေ အစတုန်းတော့ ခပ်ကြောက်ကြောက်နဲ့ လုပ်တာပဲ နောက်ပိုင်း ပိုက်ဆံလေးရမှန်းသိတော့လည်း ဒါတွေ မတွေးအားတော့ပါဘူးကွာ… ကဲ သွားအုံးမယ်ကွာ နက်ဖြန်ညနေမှ တွေ့ကြမယ်ဟေ့..’
ပြောပြောဆိုဆို ဆေးလိပ်မီးညှိပြီး ဆင်းသွားတဲ့ သူငယ်ချင်းကို ကျနော်လည်း မတားနိုင်ခဲ့ပါ။
နောက်တနေ့ မနက် ဈေးထဲမှာ ဟင်းချက်စရာသွားဝယ်ရင်း ငါးစိမ်းတန်းဘက်ကို အရောက်မှာ ကြွပ်ကြွပ် အိတ်နဲ့ ထုပ်ထားတဲ့ အိခွေခွေ အကောင်ကြီးတွေ တွေ့မှ ကျနော့်စိတ်ထဲ သံသယရှင်းသွားတော့တယ်။
ဗုဒ္ဓဘာသာဝင် တဦးမို့ သူတပါးအသက် သတ်တာကို နှစ်နှစ်ကာကာ အားမပေးလိုသော်လည်း ကျေးလက် လူနေမှုဘဝမှာ ထိထိခိုက်ခိုက် ဆိုးကျိုးဖြစ်စေတဲ့ မြွေဆိုးအန္တရာယ် ကင်းရှင်းရေးအတွက် တတပ်တအား အထောက်အကူပြုနေတဲ့ မြွေဖမ်းခြင်း အလုပ်ကိုတော့ (ဘာသာရေးအဆုံးအမတရားကို မသိလိုက် မသိဖာသာ မျက်ကွယ်ပြုရင်း) အားပေးရပါတော့မယ်။
နေမင်းသူ
၂၈-၀၄-၂၀၁၃