ဘာသာရေးနှင့် ဆက်နွယ်ခြင်း
--------------------------------
နာဆာဟာ မူဆလင်ပေမဲ့ နိုင်ငံရေးနဲ့ ဘာသာရေးကို မရောထွေးခဲ့ပါဘူး။ ဒါကပဲ သူ့ကို နောက်ပြန်ဆွဲခဲ့ပါတယ်။ သူအာဏာရအောင်ပံ့ပိုးခဲ့တဲ့ ပါတီငယ်လေးတွေထဲမှာ မူဆလင်ညီအစ်ကိုများပါတီကစပြီး နာဆာကို အပြင်းအထန်ဆန့်ကျင်လာပါတော့တယ်။ ဒါကြောင့် နာဆာဟာ ၁၉၅၄မှာ လူတစ်ထောင်ကျော်ဖမ်းဆီးခဲ့ပြီး ၆ ဦးကို သေဒဏ်စီရင်ပြီး ဖြိုခွဲခဲ့ပါတယ်။ အဖမ်းခံရသူများထဲက ဆေရစ် ကျုတပ်လို့ခေါ်တဲ့ ပိန်ချည့်ချည့်တစ်ယောက်က လမ်းပေါ်က ဆိုင်းဘုတ်များဆိုတဲ့ စာအုပ်ကို ထောင်ထဲမှာရေးသားခဲ့ပါတယ်။ ဒါဟာ အခြေခံရှေးရိုးစွဲအစ္စလာမ်ဝါဒရဲ့ ကနဦးအစပါပဲ။
ဒီစာအုပ်ထဲမှာ ကျုတပ်က နာဆာနဲ့ အစိုးရအဖွဲ့ကို အစ္စလာမ်အစစ်မဟုတ်ဘူးလို့ ရှူံ့ချခဲ့ပါတယ်။ ဒါ့အပြင် ခေတ်မီအာရပ်အစိုးရအားလုံးရဲ့ အပြစ်အနာတွေကိုလဲ ထောက်ပါတယ်။ ကျုတပ်ရဲ့အမြင်မှာ ပိုမိုကောင်းမွန်ယဉ်ကျေးတဲ့ အာရပ်အဖွဲ့အစည်းဟာ အစ္စလာမ်စည်းကမ်းကျင့်ဝတ်တွေကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့တဲ့ ၁၈၈၀ နှစ်များဆီမှာ အခြေတည်ပါတယ်။ အာဏာရှင်တွေက လူထုနဲ့ ပိုမိုဝေးကွာလာပြီး ပိုမိုဖိနှိပ်လာတာနဲ့အမျှ ရှေးရိုးစွဲဝါဒကလဲ ကြီးထွားလာခဲ့ပါတယ်။ အနည်းဆုံးတော့ မူဆလင်ညီအစ်ကိုများနဲ့ အဖွဲ့ဟာ လူတွေကို ဘ၀အဓိပ္ပါယ်တစ်ခုပေးစွမ်းနိုင်ကြပြီး ဘယ်အာရပ်ခေါင်းဆောင်မှ မလုပ်ခဲ့ဖူးတဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့် ရည်ရွယ်ချက်ကိုပါ ပေးစွမ်းနိုင်ခဲ့ကြပါတယ်။
ဖိုအက် အာဂျမီရေးသားတဲ့ အာရပ် အနာဂတ်အန္တရာယ် စာအုပ်ထဲမှာ ရှေးရိုးစွဲဝါဒီတို့ရဲ့ လှုပ်ရှားမှုဟာ လူထုကိုပါ ပါဝင်လာအောင်ဆွဲဆောင်သိမ်းသွင်းနိုင်ပါတယ်။ နိုင်ငံရေးမှာ အုပ်ချုပ်သူတို့က ပြည်သူတွေမပါဝင်အောင်ဖယ်ထုတ်နေပြီး မရေရာတဲ့အနာဂတ်ဖြစ်နေချိန်မှာ ဒီဝါဒက ရိုးရာအစဉ်အလာနဲ့ချိတ်ဆက်ပြီး အရိုင်းစိတ်ကို လျော့ကျစေပါတယ်။ ဒီဝါဒဟာ အာရပ်တွေကို အင်အားရှိတဲ့ အတိုက်အခံတို့ရဲ့ အသံကို ပေးအပ်နိုင်ခဲ့ပါတယ်။
တဖက်မှာလဲ အစ္စလမ်ကို ဆန့်ကျင်ယှဉ်နိုင်မယ့်အရာနဲလှပါတယ်။ လွင်တီးခေါင်လို ဖြစ်နေတဲ့အာရပ်နိုင်ငံရေးလောကမှာ နိုင်ငံရေးပါတီ၊ မီဒီယာလွတ်လပ်ခွင့်နဲ့ အတိုက်အခံတို့အတွက် နေရာမရှိပါ။ ဒါကြောင့်လဲ ဗလီတွေဟာ နိုင်ငံရေးဆွေးနွေးရာနေရာတွေဖြစ်လာပြိး အခြေခံဝါဒီအဖွဲ့တွေဟာ အပြောထက်ပို အလုပ်ပြနိုင်ခဲ့ပါတယ်။ မူဆလင်ညီအစ်ကိုများအဖွဲ့၊ ဟားမတ်အဖွဲ့နဲ့ ဟစ်ဇဘိုလာအဖွဲ့တို့ဟာ လူမှုရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အတိုင်ပင်ခံအကြံဥာဏ်ပေးမှုတွေနဲ့ ယာယီအိမ်ယာဆောက်လုပ်မှုတွေကို လုပ်ဆောင်ပေးနိုင်ခဲ့ကြပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းကို တန်ဖိုးထားသူများအနေနဲ့ကတော့ ဒီလို မလွတ်မလပ်တင်းကြပ်တဲ့အုပ်စုတွေက အရပ်ဖက်အဖွဲ့အစည်းဖြစ်နေတာကို အတော်စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။
ဥရောပမှာ ဖက်ဆစ်ပါတီတွေပေါ်ပေါက်ခဲ့ပုံကို လေ့လာသူ ပရင်စတန်တက္ကသိုလ်က ပညာရှင် ရှာရီဘားမန်းကို ဒီကိစ္စမှာ တူညီတာတွေများမရှိဘူးလားလို့ မေးကြည့်မိပါတယ်။ ဖက်ဆစ်တွေက လူမှုရေးတာဝန်တွေယူတဲ့အခါ အင်မတန်ထိရောက်လေ့ရှိပါတယ်။ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက အခြေခံဝန်ဆောင်မှုတွေ၊ ဥပဒေအတိုင်းဆောင်ရွက်မှုတွေ လုပ်ပေးနိုင်စွမ်းမရှိတဲ့အခါမှာ ဒီအဖွဲ့တွေက၀င်လုပ်ပေးကြပါရော။ အစ္စလမ်နိုင်ငံတွေမှာတော့ ဘာသာရေးဆိုင်ရာ ဥပဒေတွေက အဆင်သင့်ဖြစ်နေပါတယ်။ ဒါကြောင့်လဲ ဒီအုပ်စုတွေကောင်းစားနေတာ အံ့သြစရာမဟုတ်ပါဘူး။ အစ္စလာမ်အခြေခံဝါဒီတွေဟာ အဲဒီဒေသမှာ လွှမ်းမိုးတယ်ဆိုတာ နာဇီတွေ၊ ဖက်ဆစ်တွေ၊ အမေရိကန်မှာ အပေါစားလူကြိုက်များအောင်လုပ်တဲ့ နိုင်ငံရေးဝါဒီတွေနဲ့ သဘောခြင်းအတူတူပါပဲ တဲ့။
၁၉၇၉ မှာ ခိုမေနီက အီရန်မှာ ရှားဘုရင်ကိုဖယ်ရှားပြီးနောက် အခြေခံဝါဒီတွေ ပိုအားကောင်းလာခဲ့ပါတယ်။ အီရန်တော်လှန်ရေးကနေ လူထုအခြေပြုအဖွဲ့တွေဟာ အင်အားကြီးတဲ့အုပ်ချုပ်သူကို အနိုင်ရနိုင်တယ်လို့ ပြသခဲ့ပါတယ်။ ပညာရေးနဲ့ ခေတ်သစ်နည်းပညာတွေဟာ ပြိုကွဲနေတဲ့လူ့အဖွဲ့အစည်းကို မီးထိုးပေးနိုင်တယ်ဆိုတာကိုပါ မြင်နေရပါတယ်။ ၁၉၇၀ လောက်အထိမှာ အာရပ်အများစုဟာ စာမတတ်ကြပဲ ကျေးလက်တောရွာနဲ့ မြို့ငယ်လေးတွေမှာ နေထိုင်ခဲ့ကြပါတယ်။ လမ်းမပေါ်မှာပဲ အစ္စလာမ်ဘာသာကို သင်ယူခဲ့ကြပါတယ်။ အစ္စလာမ်က သီဆိုခွင့်၊ အနုပညာဖန်တီးခွင့်၊ မတူကွဲပြားခွင့်နဲ့ သည်းခံမှုတွေကို အထူးသဖြင့်အီရန်မှာ ခွင့်မပြုခဲ့ပါဘူး။ ၁၉၇၀ နောက်ပိုင်းမှာ ရွာသားတွေ ရွှေ့ပြောင်းနေထိုင်ကြတဲ့အခါ သူတို့ရဲ့ ငယ်စဉ် ဘာသာရေးအလေ့အကျက်တွေဟာ စွဲမြဲမနေတော့ပါဘူး။ တချိန်ထဲမှာပဲ သူတို့ဟာ အစ္စလာမ်ဘာသာအသစ်ကို အခြေခံဝါဒီတွေက သင်ကြားတာခံရပါတော့တယ်။ ကိုးကွယ်ယုံကြည်မှုဟာ သမိုင်းအတွေ့အကြုံတွေပေါ်မှာ အခြေမခံတော့ပဲ စာအုပ်ကြီးထဲကအတိုင်း တသွေမတိမ်း လိုက်နာဖို့ ဟောပြောကြပါတယ်။ ဒါဟာ ကျေးရွာအခြေပြု အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာရေးအဖွဲ့ရဲ့ အစ္စလာမ်က ဆန့်ကျင်တာပါပဲ။
အီရန်မှာ ခိုမေနီဟာ သူ့ဟောပြောချက်တွေကို ကက်ဆက်နဲ့သွင်းပြီး ရှားဘုရင်ကိုဆန့်ကျင်ဖို့ တစ်နိုင်ငံလုံးကို ဖြန့်ချီခဲ့ပါတယ်။ ဒါပေမဲ့လဲ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာ ခိုမေနီတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဟိုမရောက်ဒီမရောက် ခေတ်မှီခြင်းကြောင့် ပျက်စီးနေတဲ့ သူတို့လောကကို စိတ်ပျက်ကုန်ခမ်းနေတဲ့ ပညာတတ်တွေကလည်း အနောက်တိုင်းက အဆိတ်ခပ်တယ်ဆိုတဲ့အမြင်မျိုးနဲ့ ဆန့်ကျင်တဲ့စာအုပ်တွေရေးသားခဲ့ကြပြီး ခေတ်မီသူများကို ဘိုကြက်ချေး၊ အခြေအမြစ်မရှိတဲ့ကောင်လို့ ရှူံ့ချခဲ့ကြပါတယ်။ လန်ဒန်၊ ပဲရစ်မှာနေတဲ့ ပညာတတ်တွေကလည်း အမေရိကန်တွေရဲ့ ဘာသာမဲ့မှု၊ အသုံးအစွဲကြီးမှုတွေကို ဝေဖန်ပြီး အစ္စလာမ်ကို ချီးမွမ်းခဲ့ကြပါတယ်။ ဒါတွေက အာရပ်ကမ္ဘာမှာ အဆင်းရဲဆုံးလူတန်းစားကို ရိုက်ခတ်တာမဟုတ်ပဲ တောမရောက် တောင်မရောက် ရွာသားတွေ၊ အနောက်တိုင်းမှာ စာသင်တဲ့ အလုပ်လုပ်တဲ့လူတန်းစားတွေရဲ့ရင်ဘတ်ထဲကို တိုက်ရိုက်ထိသွားပါတော့တယ်။
အစ္စလာမ်ဟာ ယုံကြည်သက်ဝင်မှုကို ဦးစားပေးလွန်းတဲ့ ဘာသာတစ်ခုဖြစ်တာကြောင့် အင်အားနည်းသူတွေကို အင်အားများလာအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ မူဆလင်စစ်စစ်ဆိုတာဘာလဲလို့ မေးခွန်းထုတ်ဖို့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိခဲ့ပါဘူး။ ကျုတပ်ရေးခဲ့တဲ့ ရှေးရိုးစွဲဝါဒဟာ ဒီအကွက်ကို အသုံးပြုခဲ့ပါတယ်။ သူတို့က လူတွေကို မူဆလင်ဘာသာဝင်ကောင်းတွေ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချလိုက်ပါတယ်။ ဒါဟာ မူဆလင်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါနဲ့ပဲ အစိုးရရော၊ ပညာတတ်တွေရော၊ လူမှုရေးခေါင်းဆောင်တွေပါ ကျဆုံးရပါတော့တယ်။ သဘောထားအလယ်အလတ်ရှိကြတဲ့ မူဆလင်တွေကတော့ အဝေဖန်ခံရ၊ အခြေခံဝါဒီဖက်ဆစ်တွေရဲ့ အတိုက်အခိုက်ခံကြရပါတယ်။ အိုင်ယာလန်မြောက်ပိုင်းက အလယ်အလတ်သဘောထားရှိသူတွေလိုပဲ သူတို့စိတ်ထဲရှိတာပြောလိုက်ရင် ဘာဖြစ်မလဲလို့ ကြောက်နေကြရပါတယ်။
အန္တရာယ်များတဲ့ ကစားပွဲကို ဖန်တီးသူကတော့ အကြီးဆုံးဖုတ်ကောင်ဖြစ်တဲ့ ဆော်ဒီအာရေဗျပါ။ ၀ါဟာဘီဝါဒကို ဘာသာရေးကျောင်းတွေမှာသင်ဖို့ ထောက်ပံ့ပေးပြီး သူ့ရဲ့နာမည်ပျက်ကို ဖုံးဖို့ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဒီကျောင်းတွေကနေ ပညာမတတ် တတတ်၊ မူဆလင်မဟုတ်တဲ့သူတွေကို သံသယမျက်လုံးနဲ့ ကြည့်တတ်တဲ့ သဘောထားတင်းမာတဲ့ မူဆလင်ပေါင်းများစွာ မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒီအမြင်မှာ အမေရိကန်ဆိုတာ မာန်နတ်ပါပဲ။
ဒီအခြေခံရှေးရိုးစွဲဝါဒဟာ အာရပ်ဒေသမှာတင်မကပဲ ပါကစ္စတန်လိုနေရာမျိုးကိုပါ ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဇီယာအူဟတ် အုပ်ချုပ်ခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ အတိုက်အခံတွေကို နှိပ်ကွပ်ခဲ့တာမို့ သူ့ကိုထောက်ခံမယ့်သူလိုလာပါတယ်။ ဒါကြောင့် အခြေခံရှေးရိုးစွဲဝါဒီတွေကို ဆက်သွယ်ပြီး ဆော်ဒီငွေကြေးနဲ့ ဗလီဆရာအထောက်အပံ့ကိုယူတဲ့ ဘာသာရေးကျောင်းတွေကို တနိုင်ငံလုံးဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒါက ဇီယာအူဟတ်ကို ခဏတစ်ဖြုတ် တရားဝင်ဖြစ်စေခဲ့ပေမဲ့ ရေရှည်မှာတော့ ပါကစ္စတန်ရဲ့ လူမှုအဆောက်အဦးကို အောက်ခြေကနေလှိုက်စားခဲ့ပါတယ်။
အခြေခံရှေးရိုးစွဲဝါဒ ဘာကြောင့်ခေါင်းထောင်လာသလဲဆိုရင် အဓိကအကြောင်းကတော့ နိုင်ငံရေးအဆောက်အအုံတွေ အာရပ်လောကမှာ လုံးဝပျက်စီးခဲ့လို့ပါပဲ။ မူဆလင်ရေပေါ်ဆီတွေဟာ အရှိတရားကို မမြင်ချင်ယောင်ဆောင်နေကြပါတယ်။ ဗလီတွေမှာ စည်းဝေးတဲ့အခါ လက်ရှိအာဏာရှင်တွေရဲ့ တာဝန်မကျေပွန်မှုတွေကို ဆွေးနွေးမယ့်အစား အစ္စလာမ်နဲ့ ပတ်ဝန်းကျင် ဆိုတဲ့ခေါင်းစဉ်မျိုးကိုသာ ဆွေးနွေးကြပါတယ်။ အလယ်အလတ်သဘောထားသူတွေက အမြင်မတူပေမဲ့လည်း အမျိုးသမီးတွေ၊ ပညာရေး၊ စီးပွားရေးနဲ့ ခေတ်မီနေထိုင်မှုကို ခါးခါးသီးသီးဆန့်ကျင်သူတွေကြောင့် အစ္စလမ်ဘာသာဟာ အဆိပ်ခပ်ခံခဲ့ရပါတယ်။ ဒါကို ကျွန်တော်ကိုယ်တိုင် အိန္ဒိယမှာတွေ့ခဲ့ဖူးပါတယ်။ ကျွန်တော်ကလေးဘ၀မှာ ပျော်စရာကောင်းပြီး သက်တောင့်သက်သာရှိလှတဲ့၊ ကွဲပြားမှုတွေကို လက်ခံပြီးအရောင်စုံတဲ့ အစ္စလမ်ဝါဒဟာ တင်းကြပ်တဲ့ ယုံကြည်ကိုးကွယ်မှု၊ တစ်ရံမလပ် စောင့်ကြည့်စစ်ဆေးခံနေရတဲ့ ဘာသာအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ အမေရိကန်က ဘာတွေကူညီနိုင်မလဲဆိုတာ အောက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့ မူဆလင်တွေကိုယ်တိုင်က ဒါကိုလက်မခံဘူး၊ သူတို့ကိုယ်တိုင် မရပ်တန့်နိုင်ဘူးဆိုရင် ပြင်ပလူ ဘယ်သူမှကယ်နိုင်မယ် မဟုတ်ပါဘူး။ ( ဆက်ရန် )