မအောင်မြင်သော အကြံအစည်များ
--------------------------------------
ဆယ်နှစ်ကျော်လောက်တုန်းက ကျွန်တော်ဟာ ပညာတတ်အာရပ်လူကြီးတစ်ယောက်နဲ့ စကားပြောဖူးပါတယ်။ ကျွန်တော်က အရှေ့အလယ်ပိုင်းအစိုးရတွေရဲ့ ညံ့ဖျင်းပုံ၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကို လွတ်လပ်ခွင့်မပြုပုံတွေကို ဝေဖန်ခဲ့တယ်။ ပြီးတော့ အာရှက စင်္ကာပူ၊ ဟောင်ကောင်၊ တောင်ကိုရီးယားတို့ကိုကြည့်စမ်းပါ။ ဘယ်လောက်တောင် အံ့မခန်းအောင်မြင်နေကြသလဲလို့ ပြောမိပါတယ်။ လူကြီးလူကောင်း ယဉ်ကျေးသိမ်မွေ့တဲ့ ပညာတတ်ကြီးက မတ်ကနဲ ဖြစ်သွားပြီး ခပ်ဆတ်ဆတ်ပြန်ပြောပါတယ်။ သူတို့ကိုကြည့်လေ၊ သူတို့က အနောက်တိုင်းကို အတုခိုးနေတာပဲ။ သူတို့မြို့တော်တွေဟာ ဟူစတန်၊ ဒါးလပ်စ်တို့ကို အပေါစားပုံတူကူးထားတာပဲ။ ဒါဟာ တံငါရွာတွေအတွက်တော့ မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေရှိခဲ့တဲ့ ဒေသတွေထဲက တစ်ခု။ ငါတို့ကတော့ အနောက်တိုင်းရဲ့ ခပ်နိမ့်နိမ့် ဆင်ခြေဖုံးတစ်ခု အဖြစ်မခံနိုင်ဘူး တဲ့။
ဒီလို အနောက်တိုင်းနဲ့ ပတ်သက်လို့ အထင်လွဲမှားနေတာဟာ အာရပ်တို့ရဲ့ အဓိကအကျဆုံးပြသနာပါပဲ။ ဒါကြောင့်လဲ စီးပွားရေးတိုးတက်ဖို့ နိုင်ငံရေးပွင့်လင်းဖို့ ခက်နေရတာပါ။ ခေတ်မီတိုးတက်တယ်ဆိုတာကို အနောက်ပုံစံပြုခြင်း၊ အမေရိကန်ပုံစံပြုခြင်းလို့ တရားသေ စွဲမှတ်ယူထားပြီး ဒီအကြောက်တရားဟာ အာရပ်ယဉ်ကျေးမှုတစ်ခုလုံးကို သွက်ချာပါဒလိုက်စေပါတယ်။ ကြည့်ရတာ AIDS တွေ၊ စီးပွားရေးနဲ့ နိုင်ငံရေးမပြေလည်မှုတွေရှိနေတဲ့ အာဖရိကလောက်တောင်မှ အာရပ်တွေဟာ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတာကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးသလိုပါပဲ။ အနည်းဆုံးတော့ အာဖရိကန်တွေဟာ ကမ္ဘာ့စီးပွားရေးကို လက်ခံကြပါတယ်။ အာရပ်ကတော့ ခြေတစ်လှမ်းတောင် မစရသေးပါဘူး။
မေးခွန်းတစ်ခုကတော့ တချိန်က ခေတ်မီခြင်းကို ကြွေးကြော်ခဲ့တဲ့ဒေသဟာ ဘယ်လိုလုပ် ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပါလိမ့်။ အာရပ်တွေဟာ အရစ္စတိုတယ်ရဲ့ ဒသနတွေကို လေ့လာခဲ့တယ်။ ကိန်းဂဏာန်းတွေကို တီထွင်ခဲ့တယ်။ ၁၉ ရာစုမှာ နပိုလီယံက အီဂျစ်ကို အောင်ပွဲခံဝင်လာတော့ ဒေသခံတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ခန့်ထည်လို့ပါ။ သမိုင်းသုတေသီ အဲလ်ဘတ်ဟူရနီရဲ့ မှတ်တမ်းအရ ၁၉ ရာစုမှာ ဥရောပရဲ့ နိုင်ငံရေး၊ လူမှုရေး အတွေးအမြင်တွေ အရှေ့အလယ်ပိုင်းဒေသကို လွှမ်းခြုံခဲ့တယ်လို့ ဆိုပါတယ်။
၁၉ -၂၀ ရာစုလောက်မှာ ကိုလိုနီပြုခံရတာမို့ ဗြိတိသျှအင်ပါယာနဲ့ ဆက်ဆံရေး ကသိကအောက်ဖြစ်ခဲ့ပေမဲ့လည်း အာရပ်အထက်လွှာကတော့ အနောက်တိုင်းကို သဘောကျဆဲပါ။ ဘုရင်လောင်းတွေ၊ ဗိုလ်ချုပ်လောင်းတွေဟာ အလက်ဇန္ဒရားမှာရှိတဲ့ ဗစ်တိုရီးယားကောလိပ်ကို တက်ရောက်ပြီး ဗြိတိန်လူကြီးလူကောင်းတွေရဲ့ ပြောဆိုပြုမူဆက်ဆံပုံတွေကို သင်ကြားကြပါတယ်။ အများစုက အောက်စဖို့ဒ်၊ ကမ်းဘရစ်ခ်ျ နဲ့ ဆန်းဟတ်စ် တက္ကသိုလ်တွေကို သွားလေ့ရှိပါတယ်။ ဒါဟာ ဂျော်ဒန်မိသားစုရဲ့ အလေ့အထပါ။ အခုတော့ ဟောကစ်နဲ့ လောရန်စီဗီးလ်ကို သွားနေကြပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ တံခါးတွေဖွင့်ဖို့ ကြံစည်ခဲ့ကြတာ အီဂျစ်၊ လက်ဘနွန်၊ အီရတ်နဲ့ ဆီးရီးယားတို့ပါ။ ဒါပေမဲ့လည်း ဘုရင်တွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာဆိုတော့ ဒီအကြံအစည်တွေဟာ ပျောက်ကွယ်သွားခဲ့ပြီး အခုတော့ အနောက်တိုင်းဆန်ခြင်း ( ဗိုလ်ကြက်ချေး ) ဆိုတာသာ ကျန်ပါတော့တယ်။
နာဆာရဲ့ ခေတ်မီရေးအတွေးအခေါ်ဟာ အနောက်တိုင်းကလာတာပါ။ ၁၉၆၂ ကရေးဆွဲခဲ့တဲ့ အမျိုးသားရေးလက္ခဏာများဆိုတာ လက်ဝဲယိမ်း ပညာတတ်များက ပဲရစ် ဒါမှမဟုတ် လန်ဒန်မှာရေးဆွဲခဲ့တာပါ။ ( တတိယကမ္ဘာခေါင်းဆောင်အများစုနည်းတူ နာဆာဟာ ပဲရစ်နဲ့ ဗြိတိန်တို့ရဲ့ အမျိုးသားနိုင်ငံရေးသမားစာအုပ်တွေကို စွဲလမ်းနှစ်သက်ခဲ့ပါတယ်။ ) သူ့ရဲ့ စီမံကိန်းကြီးကလဲ ဥရောပဟန်နဲ့ပါ။ ၁၈၇၀ အီတလီနဲ့ ဂျာမဏီတို့ပေါင်းစည်းခဲ့စဉ်က အမျိုးသားရေးဝါဒဖြစ်တဲ့ ဘာသာစကားတစ်မျိုးထဲ နိုင်ငံတစ်ခုထဲဆိုတဲ့ အတွေးအယူပါ။
အမေရိကန်တွေကတော့ ခေတ်မီသမျှ အားလုံးကောင်းတယ်၊ အမေရိကန်အတွက်ပိုကောင်းတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ အာရပ်တို့အတွက်တော့ ခေတ်မီတယ်ဆိုတာ တစ်ခုပြီး တစ်ခုဆုံးရှူံးခံရသလို ဖြစ်နေပါတယ်။ ကျင့်သုံးခဲ့သမျှ စနစ်တွေအားလုံး တဖက်ပိတ်တွေဖြစ်ကုန်ပါတယ်။ တခြားနိုင်ငံတွေက ဆုံးရှူံးမှုတွေကို ပြန်လည်ထိန်းညှိနိုင်ကြပေမဲ့ အာရပ်အာဏာရှင်တွေကတော့ ပိတ်မိနေကြပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကလဲ နိုင်ငံရေးအရ မသက်သာခဲ့ပါဘူး။ အီရန်ကို ခေတ်မီအောင် ကြိုးပမ်းခဲ့တဲ့ ရှားဘုရင်ကလဲ ၁၉၇၉ မှာ ပြင်းထန်တဲ့ တော်လှန်ရေးကို ကြုံတွေ့ခဲ့ရပါတယ်။ အရှေ့အာရှရဲ့ အလုပ်ကြိုးပမ်းမှု၊ ရင်းနှီးမြှပ်နှံမှုတွေနဲ့ စာရင် ရှားဘုရင်ဟာ ရေနံဝင်ငွေနဲ့ ခေတ်မီခြင်းကို ၀ယ်ခဲ့မိသလို ဖြစ်ခဲ့ပါတယ်။
ခေတ်မီအောင်ကြိုးပမ်းတယ်ဆိုတာ လူသန်ကြီးတွေ၊ ရေနံငွေတွေ ရှိနေရုံနဲ့ မရသေးပါဘူး။ ကက်ဒီလက်ဇိမ်ခံကားတွေ၊ ရေပန်းတွေ၊ မက်ဒေါ်နယ်ဆိုင်တွေကို တင်သွင်းလာတာက လွယ်ပါတယ်။ ခေတ်မီလူ့အဖွဲ့အစည်းတစ်ခုရဲ့ အတွင်းအနှစ်သာရဖြစ်တဲ့ လွတ်လပ်တဲ့ဈေးကွက်၊ နိုင်ငံရေးပါတီများ၊ တရားဥပဒေစိုးမိုးရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဆိုတာတွေကို ပုံစံချဖို့ကတော့ ခက်ခဲနက်နဲပြီး အန္တရာယ်လည်း များပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေဟာ ခေတ်မီတိုးတက်ခြင်းကို ကုန်စည်တွေ၊ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ လုပ်အားနဲ့ ရရှိတယ်ဆိုတာတောင် ဘယ်အရာမှ ပြည်တွင်းထုတ်ကုန်၊ ပြည်တွင်းဖြစ်အခုထက်ထိ မဟုတ်သေးပါဘူး။ နိုင်ငံရေးအတွက်တော့ အစိုးရတွေဟာ ပြည်သူတွေနဲ့ အပေးအယူလုပ်ကြပါတယ်။ မင်းတို့ကို ချမ်းသာအောင်ထားမယ်၊ ငါတို့ကတော့အာဏာဆက်ယူထားမယ် ဆိုတာမျိုးပါ။ ဒါဟာအမေရိကန်တော်လှန်ရေး ဆောင်ပုဒ်ဖြစ်တဲ့ အခွန်မပေးရင် ကိုယ်စားမပြုဆိုတာကို ပြောင်းပြန်လှန်ထားသလိုပါပဲ။
ကမ္ဘာလုံးချီ ခေတ်ပြောင်းလာခြင်းဟာ အာရပ်ကမ္ဘာကို ထူးဆန်းတဲ့နည်းနဲ့ ရိုက်ခတ်လာပါတယ်။ ဒီလူ့အဖွဲ့အစည်းဟာ ခေတ်မီခြင်းနဲ့ ရိုက်ခတ်ခံနိုင်လောက်အောင် တံခါးဖွင့်ထားပေမဲ့ ဒီလှိုင်းလုံးတွေကို တက်စီးနိုင်လောက်အောင် ပွင့်လင်းသေးတာမဟုတ်ပါဘူး။ ရုပ်မြင်ပြပွဲတွေ၊ အသင့်စားအစားအစာတွေနဲ့ အချိုရည်ဗူးတွေကို တွေ့မြင်နိုင်ကြပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက အခွင့်အလမ်းတွေ၊ လွတ်လပ်ဖြေလျော့မှုတွေနဲ့ ပိုမိုပွင့်လင်းမှုတွေကိုတော့ မမြင်ရပါဘူး။ အာရပ်ကမ္ဘာမှာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ အနောက်တိုင်းထုတ်ကုန်ကြော်ငြာလောက်သာပါပဲ။ တချို့ကဆို ဈေးဝယ်ထွက်ဖို့လောက်သာ အဓိပ္ပါယ်ပေါက်ပါတယ်။ အာဏာရှင်တွေအတွက်တော့ မတည်ငြိမ်မှုတွေနဲ့ အန္တရာယ်များတဲ့ အခင်းအကျင်းလို့ နားလည်ကြပါတယ်။ ဒါနဲ့ပဲ အာရပ်တွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို မြင်သာမြင် မကြင်ရဖြစ်ကုန်ပါရော။
အမေရိကားဟာ ဒီအပြောင်းအလဲတွေရဲ့ အလယ်ဗဟိုတည့်တည့်မှာရှိနေပြီး ဒါတွေဟာ ရပ်တန့်လို့မရပါဘူး။ နယ်စပ်တွေပိတ်ထားရင် စာအနေနဲ့ ၀င်လာပါမယ်။ စာတွေကို ပိတ်ရင် အသင့်စားအစားအစာနဲ့ ဂျင်းဘောင်းဘီဖျော့ဖျော့တွေနဲ့ ၀င်လာပါမယ်။ သွင်းကုန်တွေပိတ်ရင် ဂြိုလ်တုရုပ်မြင်ကတဆင့် ၀င်ပါမယ်။ အမေရိကန်တွေဟာ ကမ္ဘာ့အရင်းရှင်အနေနဲ့ သက်တောင့်သက်သာဖြစ်နေကြပြီး ဒါကိုတွန်းလှန်နိုင်မယ့် အင်အားမရှိသေးပါ။
ခေတ်ဟောင်းနဲ့ ခေတ်သစ်မှာ ခြေတစ်ဖက်စီချထားရလို့ စိတ်ရှူပ်ထွေးနေတဲ့ အာရပ်လူငယ်တွေဟာ ပိုမွန်မြတ် ရိုးစင်းတဲ့ အပြောင်းအလဲတွေကို ရှာဖွေခဲ့ကြပါတယ်။ အခြေခံရှေးရိုးစွဲဝါဒက ဒီလိုလူငယ်မျိုးတွေကို နေရာတိုင်းမှာ ဖမ်းစားတော့တာပါပဲ။ တစ်ကမ္ဘာလုံးဆိုပါတော့။ ပါလက်စတိုင်းပြသနာ ကိုယ့်ပြသနာလို့ ထင်နေတဲ့ အင်ဒိုနီးရှားတွေကို တွေ့နေရပါပြီ။ ( နှစ် ၂၀ လောက်တုန်းက အင်ဒိုနီးရှားမူဆလင်တွေဟာ ပါလက်စတိုင်းဆိုတာ ဘယ်ဆီနေမှန်းတောင် မသိခဲ့ပါဘူး။ ) တချို့ကတော့ အနောက်နိုင်ငံတွေမှာ ကျောင်းတက်ရင်းနဲ့ကို သင်ယူလာကြပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၀င်တိုက်ခဲ့တဲ့ ပထမလေယာဉ်ကို မောင်းနှင်ခဲ့တဲ့ မိုဟာမက်အက်တာဟာ ဟမ်းဘတ်ကျောင်းဆင်းအင်ဂျင်နီယာ တစ်ယောက်ပါ။
အာရပ်လောကမှာ အက်တာလို လူမျိုးတွေအများကြီးနဲ့ ပြသနာက တစ်ခုထဲမဟုတ်ပါဘူး။ ကမ္ဘာလုံးချီပြောင်းလဲမှုကြီးဟာ ဆိုးရွားနေတဲ့ ရွှေ့ပြောင်းနေထိုင်မှုကြီးကြောင့် ပိတ်မိကုန်ပါတယ်။ အာရပ်နိုင်ငံအများစုရဲ့ လူဦးရေထက်ဝက်ဟာ အသက် ၂၅ နှစ်အောက်ပါ။ တောရွာတွေက ဒီလူငယ်တွေဟာ မိဘတွေထက်ပညာတတ်ပြီး မြို့တက်အလုပ်ရှာကြတဲ့အခါ လူဦးရေထူထပ်မွန်းကြပ် ဆူညံတဲ့ ကိုင်ရို၊ ဘေရွတ်၊ ဒမားစကပ်စတဲ့ မြို့ကြီးတွေ ဒါမှမဟုတ် ရေနံတွင်းတွေကို ရောက်လာကြပါတယ်။ ဒီလို နေရာသစ်မှာ ခေတ်မီခြင်းရဲ့ အမှောင်ဘက်ခြမ်းဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှုများပြီး၊ မယုံနိုင်လောက်စရာ အမျိုးသမီးတွေ ခေါင်းမဆောင်းပဲ ဘတ်စကားစီးကြ၊ ကော်ဖီဆိုင်မှာ စားသောက်ကြ၊ ယောက်ျားတွေနဲ့ ဘေးချင်းယှဉ်အလုပ်လုပ်ကြတာတွေကို တအံ့တသြကြုံကြရပါတော့တယ်။
ဂဏာမငြိမ်တဲ့ လူငယ်တွေ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းရောက်လာကြတာ ဘယ်တိုင်းပြည်မှာမဆို သတင်းဆိုးပါ။ စီးပွားရေးကလဲမကောင်း၊ လူမှုဖူလုံရေးကလဲညံ့တာနဲ့ပေါင်းလိုက်တဲ့အခါ ဆန္ဒပြပွဲတွေပေါ်လာပါတော့တယ်။ အတိတ်တုန်းကတော့ ဒီအခြေအနေကနေ တော်လှန်ရေးအဖြေကို ရှာဖွေလေ့ရှိခဲ့ကြပါတယ်။ အာရပ်မှာတော့ ဒီပြသနာဟာ ပုံစံတစ်မျိုးနဲ့ အစ္စလာမ်ဘာသာထွန်းကားရေးဆီကို ဦးတည်လာပါတော့တယ်။ ( ဆက်ရန် )