အုပ်ချုပ်သူများ
----------------
၁၉၅၀ တုန်းက အီဂျစ်ကို သမ္မတ နာဆာအုပ်ချုပ်ခဲ့ပါတယ်။ အာရပ်တွေကို ကိုလိုနီနိုင်ငံတွေနဲ့ ရှင်ဘုရင်တွေက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပါတယ်။ သူတို့လိုချင်တဲ့ လွတ်လပ်ရေးကိုရပြီးတဲ့နောက် ခေတ်မီတဲ့ နာဆာဟာ ကယ်တင်ရှင်အသစ်ဖြစ်လာပါတယ်။ သူ့ကို ဗြိတိသျှအုပ်ချုပ်စဉ် ယဉ်ကျေးမှုပေါင်းစုံရောယှက်ရာ အလက်ဇန္ဒားမြို့မှာ မွေးဖွားခဲ့ပြီး အနောက်တိုင်းအဆန်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်မှာ အမှုထမ်းခဲ့ပါတယ်။ သူ့ရဲ့သေသပ်လှပတဲ့ ၀တ်စားဆင်ယင်မှု၊ စတိုင်ကျလှတဲ့ နေကာမျက်မှန်နဲ့ပုံစံဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ခွန်အားရှိပုံပေါ်ခဲ့တာမို့ အီဂျစ်ပြည်ရဲ့ ခြသေ့င်္ကြီးလို့ တင်စားခံရပြီး အာရပ်ကမ္ဘာတစ်ခုလုံးအတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့ပါတယ်။
နာဆာက အာရပ်နိုင်ငံရေးဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ဆိုရှယ်လစ်စနစ်နဲ့ အာရပ်ညီညွတ်ရေး စတဲ့ အယူအဆအသစ်တွေနဲ့ ပစ်သွင်းရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ရေနံကရတဲ့ငွေဟာ ရွှေဥ ဥပေးတဲ့ ငန်းကြီးမဖြစ်ခင်တုန်းက အီဂျစ်ဟာ အရှေ့အလယ်ပိုင်းရဲ့ တစ်ဦးထဲသောခေါင်းဆောင်ပါ။ ဒါကြောင့်လဲ နာဆာရဲ့ အမြင်ဟာ ဒေသတစ်ခုလုံးကို လွှမ်းမိုးခဲ့ပါတယ်။ ဆီးရီးယား၊ အီရတ်စတဲ့ ပင်လယ်ကွေ့အာဏာရှင်တွေအကုန်လုံးက တစ်ညီထဲ နာဆာပြောသလို လိုက်ပြောခဲ့ကြတာပါ။ နာဆာကို အထင်ကြီးလို့ချည်းတော့မဟုတ်ပဲ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဟာ ခေတ်မီလိုစိတ်ပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့အားထုတ်သမျှ အာဏာရှင်တို့ဟာ အယူလွဲတွေနဲ့ တစ်လွဲတွေအကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဆိုရှယ်လစ်စနစ်ဟာ ဗျုရိုကရေစီကို မွေးဖွားပြီး မတိုးတက်ပဲ အိုင်နေစေပါတယ်။ ဗဟိုထိန်းချုပ်မှုအမှားတွေကို ပြင်ပေမဲ့လည်း စီးပွားရေးကတော့ ဘယ်တုန်းကမှ ရှေ့မတိုးခဲ့ပါဘူး။ ပြည်ထောင်စုတွေဟာ အာဏာရှင်စနစ်တွေဖြစ်ကုန်ပါတယ်။ တတိယကမ္ဘာ့နိုင်ငံတွေဟာ ဆိုဗီယက်လမ်းစဉ်ကို လိုက်လာကြပါတယ်။ အာရပ်ညီညွတ်မှုပြိုကွဲခဲ့ပြီး ကိုယ့်တစ်နိုင်ငံစာ အကျိုးစီးပွားအခွင့်အရေးတွေကိုပဲ စိတ်ဝင်စားလာကြပါတယ်။ အဆိုးဆုံးကတော့ အစ္စရေးစစ်ပွဲတွေကြောင့် ၁၉၆၇ နဲ့ ၁၉၇၃ တို့မှာ အာရပ်နိုင်ငံတွေ အရှက်ကွဲခဲ့ရပါတယ်။ ၁၉၉၀မှာ ဆက်ဒမ်ဟူစိန်က ကူဝိတ်ကိုကျုးကျော်ခဲ့ပြီး အာရပ်အိပ်မက်ကို ဖျက်ဆီးခဲ့ပါတော့တယ်။
ဒီနေ့ အီဂျစ်ကိုကြည့်ပါဦး။ နာဆာရဲ့ ကတိစကားတွေဟာ အိပ်မက်ဆိုးတွေလို ဖြစ်နေပါပြီ။ အစိုးရဟာ အတိုက်အခံတွေကို ခြေမှုန်းဖို့နဲ့ အရပ်သားတွေကို လည်ပင်းညှစ်ဖို့ပဲ စွမ်းဆောင်နိုင်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀အတွင်းမှာ အီဂျစ်စီးပွားရေးဟာ လူဦးရေနှစ်ဆတိုးလာတာနဲ့အမျှ အငတ်ဘေးဆိုက်လာပါတယ်။ အလုပ်လက်မဲ့ ၂၅ ရာနှုန်းရှိပြီး ၉၀ ရာနှုန်းလောက်က ကောလိပ်ဒီပလိုမာ ရပြီးသားပါ။ အစ္စရေးမှာ နှစ်စဉ် စာအုပ် ၄၀၀၀ ထွက်ပေမဲ့ အာရပ်တို့ရဲ့ ပညာတတ်များစုစည်းရာဖြတ်တဲ့အီဂျစ်ဟာ စာအုပ်ပေါင်း ၃၇၅ အုပ်သာထုတ်လုပ်နိုင်ပါတယ်။ အီဂျစ်တွေအားလုံးဒါကိုသိကြပါတယ်။ ဒါကြောင့်လဲ နိုင်ငံခြားသားတွေကို ဆန္ဒပြကြတာပါ။
တုန်လှုပ်စရာကောင်းတာကတော့ အီဂျစ်ဟာ သူ့အိမ်နီးချင်းတွေထက် သာနေသေးတာပါ။ ဆီးရီးယားဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း နှစ်သောင်းငါးထောင်လောက်ဟာ အာဏာရှင်ရဲ့သတ်ဖြတ်ခြင်းကိုခံရနိုင်ပါတယ်။ နှစ် ၃၀ အတွင်းမှာ အီရတ်ဟာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ရတာ၊ အနုပညာသည်တွေ ရှင်သန်ခွင့်ရတာ၊ ဂျာနယ်လစ်တွေက ဆက်ဒမ်ဟူစိန်ရဲ့ ဘ၀င်လေဟပ်မှုတွေကို ကလောင်ကစားခွင့်ရတာ စတဲ့ခေတ်အမီဆုံးနိုင်ငံအဖြစ်ကနေ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
လက်ဘနွန်နိုင်ငံမှာဆိုရင်လည်း တစ်ခါက အရှေ့ပိုင်းရဲ့ ပါရီမြို့လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဘေရွတ်မြို့ဟာ အခုတော့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ ငရဲတွင်းတမျှ ဖြစ်နေပါပြီ။ အာရပ်နိုင်ငံတွေဟာ လွန်ခဲ့တဲ့နှစ် ၃၀ ကလောက် လွတ်လပ်မှုမရှိတော့ပဲ မမျှော်မှန်းနိုင်လောက်အောင် ကဏ္ဍစုံမှာ ပြောင်းပြန်ဖြစ်နေခဲ့ပါပြီ။ ကမ္ဘာမှာတော့ ဒီလိုလွတ်လပ်မှုဆုံးရှူံးတဲ့နိုင်ငံက အနည်းငယ်သာကျန်ပါတော့တယ်။
အာဖရိက အာဏာရှင်တွေကို လောဘရှိတယ်လို့ ပြောကြမယ်ဆိုရင် အရှေ့အလယ်ပိုင်းကတော့ ရလေလိုလေ အိုတစ္ဆေ လို့ ဆိုရပါမယ်။ အစ္စရေးရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ အာရပ်ရဲ့ ကျရှူံးမှုတွေဟာ ရှက်ဖွယ်လိလိဖြစ်ကုန်ပါတယ်။ အပြစ်အနာတွေရှိနေပေမဲ့လည်း ဒီသဲကန္တာရထဲမှာပဲ အစ္စရေးဟာ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ပြီး ခေတ်မီလူ့အဖွဲ့အစည်းနဲ့ နည်းပညာထွန်းကားတဲ့စီးပွားရေးနဲ့ အနုပညာဆန်တဲ့ ယဉ်ကျေးမှုပြည့်ဝတဲ့ ဘ၀ကိုရောက်ရှိနေပါတယ်။ အစ္စရေးရဲ့ ၀င်ငွေဟာ ဒီနေ့ဆိုရင် အနောက်နိုင်ငံအတော်များများနဲ့ ယှဉ်နိုင်နေပါပြီ။
ဆင်းရဲမွဲတေမှုကြောင့် ကျရှူံးရတယ်ဆိုရင် ကျန်တာတွေကတော့ ချမ်းသာလို့ကို ကျရှူံးရတာပါ။ ၁၉၇၀ ကစပြီး ရေနံကြောင့် အင်အားကြီးလာတဲ့အခါ အာရပ်တို့ရဲ့ မျှော်လင့်ချက် ဒုတိယအကြိမ်ရှင်သန်ရတယ်ပေါ့။ နာဆာအိပ်မက်ပျက်သွားခဲ့ပြီး ဓါတ်ဆီအိပ်မက်ကတော့ အောင်မြင်လိမ့်မယ်ထင်ခဲ့ပေမဲ့လည်း မဖြစ်ပြန်ပါဘူး။ နှစ် ၃၀ လုံးလုံး ရေနံဈေးတက်မှုကြောင့် ရခဲ့တဲ့အကျိုးအမြတ်တွေက ရေပေါ်ဆီလူချမ်းသာ လူတန်းစားတစ်ရပ်ကိုသာ မွေးဖွားပေးခဲ့ပါတော့တယ်။ သူတို့ဟာ ကမ္ဘာကို အထက်တန်းလွှာအနေနဲ့ လည်ပတ်နေလိုက်ကြတာ။ ကျန်အာရပ်တွေကတော့ ဒါကို မခံစားကြရပါဘူး။
အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား သတင်းစာကာတွန်းတွေကို ကြည့်ပါဦး။ စော်ကား မော်ကား၊ လူမျိုးရေးခွဲခြား၊ ပုံပျက်ပန်းပျက်၊ အကျင့်ပျက်ခြစားမှုတွေ အားနည်းချက်တွေကို ပုံဖော်နေပါတယ်။ ကူဝိတ်နဲ့ ဆော်ဒီအာရေဗျကို ကယ်တင်ပေးထားလို့ အာရပ်တွေက ကျေးဇူးတင်ရမယ်လို့ အမေရိကန်အများစုက ထင်မှတ်နေပေမဲ့လည်း တကယ်တော့ အာရပ်တော်ဝင်မိသားစုများကိုသာ ကယ်တင်ခဲ့တာပါလို့ အာရပ်အများစုက ထင်မှတ်နေကြပါတယ်။ ဒါဟာ အကြီးအကျယ်ကွဲလွဲချက်ပါပဲ။
ပင်လယ်ကွေ့မှာ ရေနံကရသမျှဟာ မယုံနိုင်လောက်အောင် လုံးပါးပါးကုန်ပါတယ်။ ဥပမာ တစ်ခုကတော့ အာရပ်မင်းသားဟာ အသက် ၂၅ နှစ်အရွယ်မှာ ဒေါ်လာသန်း၃၀၀ တန်တဲ့နန်းတော်ကြီးကို ဆောက်ပါတယ်။ AT & T ကုမ္ပဏီနဲ့ တယ်လီဖုန်းလိုင်းစာချုပ်ချုပ်ခွင့်အတွက် တစ်ဘီလီယံ ကော်မရှင်ရပါတယ်။ နိုင်ငံရေးအရတိုးတက်ဖို့ထက် ကြွယ်ဝမှုဟာ အနှုတ်လက္ခဏာတွေကိုသာ ဆောင်ကျဉ်းလာပါတော့တယ်။ ပင်လယ်ကွေ့အစိုးရတွေကို ပိုချမ်းသာ ပိုအာဏာရှိစေတာနဲ့အမျှ ဖိနှိပ်မှုတွေ ပိုများလာပါတယ်။ အာရပ်လူ့အဖွဲ့အစည်းဟာ ရွှေလှောင်အိမ်ထဲမှာ စိတ်ပျက်လက်ပျက်၊ ခါးသီးမှုတွေ၊ အလိုမပြည့်မှုတွေနဲ့ ပြည့်လျှံနေတဲ့လူငယ်တွေဖြစ်ကုန်ပါတယ်။ အဲဒီထဲက တစ်ချို့ကတော့ အာဖဂန်မှာ အိုစမာဘင်လာဒင်နဲ့အတူ အလုပ်သွားလုပ်ကြပါတယ်။ ( ဘင်လာဒင်နဲ့ အပေါင်းအပါတွေဟာ ဆော်ဒီအာရေဗျက လာကြတာပါ။ )
၁၉၈၀ နှောင်းပိုင်းမှာ တကမ္ဘာလုံးဟာ အာဏာရှင်ဟောင်းတွေဖြစ်တဲ့ မော်စကို၊ ပါရာဂွေး၊ တောင်ကိုးရီးယား၊ အရှေ့ဂျာမဏီတို့ကို အာရုံစိုက်နေတုန်းမှာပဲ အာရပ်တွေဟာ ကြာငြောင်းလှပြီဖြစ်တဲ့ အာဏာရှင်တွေ၊ ခြစားနေတဲ့ ဘုရင်တွေနဲ့ လုံးလည်လိုက်နေပါတယ်။ ၁၉၆၀ တုန်းက ကတိတွေပေးခဲ့တာလည်း မောနေပါပြီ။ လူကြိုက်မများတော့ပါဘူး။ ဥပဒေမဏ္ဍိုင်လဲ မခိုင်မာတော့ပါဘူး။ အဲဒီလိုနိုင်ငံအများစုဟာ အမေရိကန်နဲ့ ရင်းနှီးကြပါတယ်။
( ဆက်ရန် )
http://www.thedailybeast.com/newsweek/2001/10/14/the-politics-of-rage-why-do-they-hate-us.html